Saturday, November 29, 2025

ကိုလေး(အင်းဝဂုဏ်ရည်) နှင့် အမှောင်ခေတ်မှာ ပြောရဲဆိုရဲရှိသူများအား အောက်မေ့သတိရခြင်း...

 ကိုလေး(အင်းဝဂုဏ်ရည်) နှင့် အမှောင်ခေတ်မှာ ပြောရဲဆိုရဲရှိသူများအား အောက်မေ့သတိရခြင်း...


(၂၉ နိုဝင်ဘာ ၂၀၂၅)







(၁) တခါက သူရဲကောင်းများ...


ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) အသက် (၉၁)နှစ်ဟာ နိုဝင်ဘာ ၂၂ -စနေ မနက်ပိုင်းက ကွယ်လွန်သွားပြီလို့ မန္တလေးက သတင်းသမားတဦး ပို့စ် တင်ထားတာကို မနေ့က တွေ့မိတော့...


အသက် ၉၀ ကျော်တန်း ဝါရင့်ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ သခင်တွေရဲ့ အမှောင်ခေတ်တခေတ်မှာ အလင်းပြခဲ့တာတွေကို ပြန်သတိရမိပါတယ်။


၂၀၀၀-၂၀၀၁ ခုနှစ် ဝန်းကျင်ဖြစ်မယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့ ပြည်သူတွေ DVB ရေဒီယိုကို မကြားတကြား အသဲအသန် ဖမ်းယူနားဆင်နေကြစဉ် ကာလကပေါ့...။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလိုပဲ (အဲတုန်းကတော့ နေအိမ်အကျယ်ချုပ်) ဖမ်းဆီးခံနေရဆဲ... NLD ပါတီလည်း ဘာမှလှုပ်ရှားခွင့်မရအောင် အပိတ်ဆို့ ခံထားရတဲ့ကာလ...။


တဖက်မှာကလည်း မောင်ခင်ညွှန့်နဲ့ အဖွဲ့ လက်ညှိုးညွှန်ရာ ဒုက္ခရောက်နေရတဲ့အချိန်... စစ်ထောက်လှမ်းရေးတွေ သြဇာအကြီးဆုံးအချိန်ပေါ့...။


အဲဒီလို အချိန်ကြီးမှာ ... “ဒီကောင်လေးတွေက အခုမှ စစ်ထဲရောက်တာ ဘာကြာသေးလို့လဲ...၊  အန်ကယ်တို့ တော်လှန်ရေးလုပ်စဉ်က ဒီကောင်လေးတွေ မွေးတောင်မမွေးသေးဘူး”...(စကားလုံးအတိအကျ မဟုတ်ပါ- အဲဒီသဘောဆောင်) ဆိုပြီး DVB ရေဒီယိုကနေ စစ်ထောက်လှမ်းရေးတွကို စတင်စိန်ခေါ်လိုက်သူကတော့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ ပါပဲ။


နောက်စကားစု တခုကတော့...“မင်းသမီးက ကောင်းလွန်းလို့မဟုတ်ဘူး၊ လူကြမ်းက ဆိုးလွန်းတော့ မင်းသမီးကို လူတွေက သနားကြတာပေါ့” (စကားလုံးအတိအကျမဟုတ်ပါ- အဲဒီသဘောဆောင်) တဲ့... စစ်ထောက်လှမ်းတွေ ဆိုးလွန်းတဲ့အကြောင်း သခင်သိန်း သရုပ်ဖေါ်သွားတာဖြစ်ပါတယ်။


အဲဒီနောက်... သခင်ချန်ထွန်း... ဗိုလ်တထောင် အယ်ဒီတာချုပ်ဟောင်း ဦးထိန်လင်း... ဦးအောင်မြင့် စသဖြင့် ဝါရင့်နိုင်ငံသမားရေးတွေက တဦးပြီးတဦး အဲဒီကာလ စစ်ထောက်လှမ်းရေးတွေ ဆိုးသမျှကို အရင် ကိုလိုနီခေတ်၊ ဂျပန်ခေတ် အခြေအနေတွေနဲ့ ယှဉ်ပြီးပြောသွားတာ...


ပြီးတော့ စာရေးဆရာ ကဗျာဆရာတွေထဲက... ဆရာကြီး ဒဂုန်တာရာက အရင်ဆုံး အင်တာဗျုး ပေးတယ်ထင်ပါတယ်။ အဲဒီနောက် မန္တလေးဖက်က အညာသားဆရာတွေဖြစ်တဲ့ ဆရာကြည်အောင်နဲ့ အခု ကွယ်လွန်သွားတဲ့ (အခြားဆရာကြီးတွေက သူ့အရင် ကွယ်လွန်သွားကြပါပြီ) ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) တို့ဟာ အဲဒီခေတ်က စစ်ထောက်လှမ်းရေးနဲ့ စစ်အုပ်ချုပ်ရေးကို ရဲရဲတင်းတင်း ဝေဖန်ထောက်ပြခဲ့သူတွေဖြစ်ပါတယ်။


တင်မိုး - ကြည်အောင် - ကိုလေး ဆိုတာ တခေတ်တခါက မန္တလေးတက္ကသိုလ်က စာပေသူရဲကောင်းတွေပေါ့။ ဆရာတင်မိုးကတော့ DVB ကို အင်တာဗျုးပေးရုံတင် မကဘူး။ DVB နော်ဝေရုံးချုပ်မှာ တာဝန်ထမ်းခဲ့သူ၊ ကဗျာတွေ၊ ဆောင်းပါးတွေများစွာနဲ့ စစ်အုပ်စုကို ထောက်ပြဝေဖန်သွားသူဖြစ်ပါတယ်။


စစ်ထောက်လှမ်းရေးတွေကို ၁၀ နှစ်ကျော်ကြာ ထိုင်ကန်တော့နေရရှာတဲ့ လူထုကြီးလည်း ဒီလို ဝါရင့်နိုင်ငံရေးသမား သခင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ ရဲရဲတောက် စကားသံတွေကို ကြားလိုက်ရတဲ့အချိန်မှာ နည်းနည်းတော့ မျက်စိပွင့်လာ... ဒီလို ပြောရဲဆိုရဲသူတွေ ရှိနေဆဲပါလားဆိုပြီး အားတက်လာပုံရပါတယ်။


ပြည်တွင်းကို တယ်လီဖုန်းခေါ်ရင် (အဲတုန်းက လက်နက်ကိုင်ဖုန်း- အင်တာနက် မပေါ်သေး၊ လိုင်းဖုန်းတောင် တရွာတလုံး မရှိသေးလို့ ဖုန်းရှိတဲ့ မြို့ကအိမ်ဆီ ရွာကလူတွေ စုပြုံလာစောင့်နေရလို့ အော်စလိုအချိန် မနက်အစောကြီး ဖုန်းထခေါ်ရတာ သတိရမိသေး) အရင်ကထက် ပြောရဲသူ ပိုများလာတာ သတိထားမိပါတယ်။

---


(၂) လူချင်းတွေ့ခွင့်မရလိုက်သော သူရဲကောင်းများ...


အခုတော့ ရှေ့မှာဖေါ်ပြခဲ့တဲ့ အမှောင်ခေတ်ထဲမှာ အလင်းပြခဲ့တဲ့ သူရဲကောင်းတွေ အားလုံး ကွယ်လွန်သွားခဲ့ပါပြီ၊ သူတို့တတွေကို တယ်လီဖုန်းထဲကနေ ကျနော် စကားပြောခဲ့ဖူးပေမယ့် လူချင်း တွေ့ခွင့်မရလိုက်ပါဘူး။


ကဗျာဆရာကြီး ဦးတင်မိုးက ကျနော် အော်စလိုကို မရောက်ခင် ရက်ပိုင်းအလိုကမှ နော်ဝေကနေ အမေရိကားဖက် ပြောင်းသွားတာပါ။


ဒီလိုနဲ့ ခေတ်တွေပြောင်းလို့... ၂၀၁၃ ခုနှစ် ဦးသိန်းစိန်ခေတ်မှာ ပထမ အကြိမ် ပြည်တော်ပြန်ခွင့်ရချိန် သခင်သိန်းဖေ၊ ဆရာဒဂုံတာရာအပါဝင် အမှောင်ခေတ်မှာ DVB ကို တလေးတစားနဲ့ အင်တာဗျုးပေးခဲ့သူတွေကို သွားတွေ့မလား စဉ်းစားပေမယ့် အချိန်မရလို့ မတွေ့ဖြစ်လိုက်ပါဘူး။


၂၀၁၄ ခုနှစ် ဒုတိယအကြိမ် အပြန်မှာတော့ ဆရာကြီးတွေ အတော်များများက ဆုံးပါးကုန်ပြီ၊ မန္တလေးဖက်ရောက်တော့ ဦးပိန်တံတားအနီးက တောင်လေးလုံးကျောင်းတိုက်ဆီသွားပြီး ဆရာဒဂုံတာရာနဲ့ ဆရာတင်မိုးတို့ရဲ့ ကျောက်စာတိုင်တွေကို အလေးပြုခဲ့တာ အမှတ်ရနေပါတယ်။


ဆရာကြီးဒဂုံတာရာဆိုရင် လူချင်းသာ မတွေ့ဖူးတာ- သူ့ စာပေသြဇာက သိပ်လွှမ်းမိုးတယ်ပြောရမလား... “အောင်ဆန်း သို့မဟုတ် အရိုင်း” ပါဝင်တဲ့ ရုပ်ပုံလွှာစာအုပ်ထဲက သရုပ်ဖေါ်ရေးဟန်တွေက အခုထိ ကျနော့်ကို လွှမ်းမိုးနေဆဲ။


ပြီးတော့ “ရန်သူမရှိ - မိတ်ဆွေသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဖြစ်တယ်” ဆိုတဲ့ နိုင်ငံရေးအယူအဆ...“ပြည်ထောင်စုဆိုတာ...  ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်ပြည် စသဖြင့် တိုင်းပြည်ငယ်အသီးသီးက စုပေါင်းနေထိုင်ကြတဲ့ စနစ်ပေါ့” တဲ့...။


အဲဒါ...ဖက်ဒရယ်ဆိုတဲ့စကားလုံးကိုတောင် လူအများစုက မပြောရဲသေးတဲ့အချိန်မှာ သူက ပြောသွားတာ၊


အခုတော့ ဆရာတာရာအပါဝင် သခင်တွေ၊ စာရေးဆရာတွေဟာ ငြိမ်းချမ်းရေးကိုလည်း မြင်ခွင့်မရ၊ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း တွေ့ခွင့်မရပဲနဲ့ ကွယ်လွန်ကုန်ကြပါပြီ။


... ဆရာတော် ဦးပညာ ကျောင်းဆောင်နဲ့ မျက်နှာချင်းဆိုင် လမ်းတဘက်မှာတော့ ဆရာကြီးဦးညိုမြ၊ ဆရာမြသန်းတင့်၊ မဟာဆွေ၊ တက္ကသိုလ်မောင်စောလွင်၊ ငွေဥဒေါင်းတို့အတွက် သစ်ပင်၊ ကျောက်စာတိုင်နဲ့ ထိုင်ခုံတွေရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။


ကဗျာဆရာ၊ စာရေးဆရာကြီးတွေကို လေးစားတဲ့အနေနဲ့ အခုလို အမှတ်တရ ကျောက်စာတိုင်တွေ၊ သစ်ပင်တွေ၊ ပြတိုက်တွေ လုပ်ထားနိုင်တာ မဆိုးဘူးပြောရမယ်။ ဒါပေမယ့် ဒါဟာ တာဝန်ရှိ၊ တာဝန်သိ အစိုးရမင်းတွေက လုပ်ပေးထားတာမျိုးမဟုတ်ဘူး။


ဆရာတော် ဦးပညာနဲ့ မန္တလေးဝန်းကျင်က စာပေချစ်သူတွေက သူ့တို့အသိနဲ့ သူတို့ တနိုင်တပိုင် လုပ်ထားကြတာမျိုးပါ။


အဲဒီ တောင်လေးလုံးကျောင်းကနေ ပြန်ထွက်လာတော့ ၂၀၀၂ ခုနှစ်၊ ကားဒစ်တက္ကသိုလ်မှာ သတင်းစာပညာ သင်တန်းတက်စဉ်က ကျနော် ရောက်ခဲ့ဖူးတဲ့ Stratford မြို့ရှိ အင်္ဂလိပ် ပြဇတ်ရေးဆရာကြီး ရှိတ်စဖီးယား Shakespeare ရဲ့ မွေးဖွားရာ နေအိမ်ကို ပြန်မြင်ရောင်မိပါတယ်။


အင်္ဂလိပ်တွေ ဘယ်လိုများ စနစ်စကျ ထိန်းသိမ်းထားသလဲ ဆိုတာ အံ့သြစရာကြီး ။ နှစ်ပေါင်း ၄၅၀ ကြာတဲ့အထိ အရင်ပုံစံအတိုင်း ထိမ်းထားပြီး ပြတိုက်အဖြစ် ပြသထားနိုင်တာ မြန်မာပြည်နဲ့စာရင် မယုံချင်စရာကြီး...။

----


(၃) အမှောင်ခေတ်ခြင်း အတူတူ အခု စကမ ခေတ်မှာ လူကြီးတွေ ဘာကြောင့်မပြောရဲကြတာလဲ...


အဲတော့... အခု ၂၀၂၅ နိုဝင်ဘာဟာ ၂၀၀၅ နိုဝင်ဘာနဲ့ အခြေအနေ ဘာကွာလို့လဲ...။ ၂၀၀၅ တုန်းကလည်း စစ်တပ်က အာဏာသိမ်းထားချိန်၊ စစ်ထောက်လှမ်းရေးတွေ အာဏာပြနေချိန်... ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ဖမ်းဆီးခံထားရချိန်၊ NLD ပါတီ ဘာမှလှုပ်ရှားခွင့်မရတဲ့ အခြေအနေပါပဲ။


အခု ၂၀၂၅ နိုဝင်ဘာမှာလည်း စစ်တပ်က အာဏာသိမ်းထားချိန် (အာဏာသိမ်း စစ်ဗိုလ်အမည်တွေကတော့ ပြောင်းသွားတာပေါ့) စစ်ထောက်လှမ်းရေးတင်မက ရှိသမျှ စစ်သားအကုန် အာဏာပြနေချိန်... ဒေါ်အောင်ဆန်းစုကြည်ကို (အကျယ်ချုပ်မဟုတ်တော့) ထောင်ထဲထည့်ထားချိန်၊ NLD ပါတီ ဘာမှလှုပ်ရှားခွင့်မရတဲ့ အခြေအနေပါပဲ...


ဒီလိုအခြေအနေမျိုးမှာ ဒါတွေဟာ တရားမျှတမှု မရှိဘူး၊ စစ်တပ်က ထင်ရာစိုင်းနေတယ်... .. “ဒီကောင်လေးတွေက အခုမှ စစ်ထဲရောက်တာ ဘာကြာသေးလို့လဲ... အန်ကယ်တို့ တော်လှန်ရေးလုပ်စဉ်က ဒီကောင်လေးတွေ မွေးတောင်မမွေးသေးဘူး”...လို့ ပြောရဲသူ၊ ပြောနိုင်သူ ဘယ်သူရှိသလဲ...


ဘာကြောင့် မပြောရဲကြတာလဲ...


အသက် ၉၀၊ ၁၀၀ တန်း (ဒုတိယကမ္ဘာစစ်ဖြစ်တာ ၁၉၄၅ ဆိုတော့ အဲဒီခေတ်ကို အသက် ၂၀ မှာ မီခဲ့သူဟာ အခု အသက် ၁၀၀ ရှိနေပါပြီ) သခင်တွေ၊ တော်လှန်ရေးသမားဟောင်းတွေ မရှိတော့လို့လား...


မအလ တွေ၊ လဖက်ခြောက်တွေထက် အသက် ၂၀ လောက်ကြီးတဲ့ လူတွေ၊... အသက် ၈၀ တန်းတွေထဲမှာ ပြောရဲဆိုရဲရှိသူတွေ မရှိကြတော့ဘူးလား...


ပြည်ပကလူတွေချည်း ပြောရဲ နေလို့မဖြစ်သေး။ သခင်သိန်းဖေတို့ ခေတ်ကလို ရန်ကုန်-မန္တလေးကလူတွေပါ ထ ပြောရဲဖို့ လိုလာနေပြီဖြစ်ပါတယ်။


လူတွေ အဲလိုပြောရဲဆိုရဲဖြစ်လာပြီး သိပ်မကြာခင်မှာ ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတတ်တာကိုလည်း သတိထားမိပါတယ်။


ဒါကြောင့် အခုချိန်မှာ ရှေ့မှာ တင်ပြခဲ့တဲ့ သခင်သိန်းဖေကနေ ကိုလေး (အင်းဝဂုဏ်ရည်) အထိ အမှောင်ခေတ်ထဲမှာ လူထုကို လမ်းပြသွားတဲ့ သူရဲကောင်းတွေကို အထူး သတိရအောက်မေ့နေမိပါတယ်။. ။ 


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More