Wednesday, December 3, 2025

၁၆ နှစ်အောက် မကြည့်ရ...

 ၁၆ နှစ်အောက် မကြည့်ရ...


(၃ ဒီဇင်ဘာ ၂၀၂၅)




(၁) ခေါင်းစဉ်ကို ဖတ်ပြီး တမျိုးမထင်ပါနက်၊ အတွေးမချော်ကြပါနက်...


၁၆ နှစ်အောက် ကလေးတွေ ဆိုရှယ်မီဒီယာ မသုံးရဆိုပြီး သြစတေလျနိုင်ငံက  ဥပဒေထုတ်လိုက်တာကို ဆိုလိုတာပါ။ လာမယ့် ဒီဇင်ဘာ ၁၀ ရက်၊ လူ့အခွင့်အရေးနေ့ကစပြီး သြစီ ၁၀ ကျော်သက်တွေ ဆိုရှယ်မီဒီယာ (Facebook, Instagram, Snapchat, Threads, TikTok, X, YouTube စသဖြင့်) သုံးခွင့်မရှိတော့ပါ။

သုတေသနပြုချက်တွေအရ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်အကြား ကလေး ၁၀ မှာ ၇ ဦးဟာ screens (ဖုန်း ဖန်သားပြင်လို့ပြောရမလား) ကြည့်ချိန်သိပ်များနေတယ်၊ ထိခိုက်လွယ်တာတွေ ကြည့်မိတယ်၊ စိတ် ကျန်းမာရေး၊ လူကျန်းမာရေး ထိခိုက်တယ်... စသဖြင့် ကိစ္စတွေကြောင့် အခုလို တားမြစ်ပိတ်ပင်ရတာလို့ ဆိုပါတယ်။

ဒီ ဥပဒေကိုကြည့်ပြီး လူ့အခွင့်အရေးတွေ၊ လူသားတဦးချင်းအပေါ် တန်ဖိုးထားမှုတွေမှာ သြစီက ဥရောပထက်တောင် ရှေ့ပြေးသွားပြီလို့ ဆိုနိုင်ပါတယ်။ ဥရောပမှာလည်း အလားတူ ဥပဒေထုတ်ဖို့ ဆွေးနွေးသံကြားနေရပေမယ့် အခုထိတော့ ဥပဒေ ထွက်လာတာမတွေ့ရသေးပါဘူး။

ဆိုရှယ်မီဒီယာ ဌာနချုပ်တွေ ရုံးစိုက်တဲ့ အမေရိကန်ပြည်ထောင်စုမှာကော... (TikTok ကတော့ တရုတ်ပိုင်ဟုဆို) အလားတူ ဥပေဒ ထွက်လာနိုင်သလား... ဈေးကွက်ထိခိုက်မယ့်အလုပ်မျိုး အမေရိကန်နိုင်ငံရေးသမားတွေက လုပ်ရဲပါ့မလား...

ဒါတွေက BBC ရုပ်-သံ သတင်းတိုကို ကြည့်မိပြီး အတွေးပွားမိတာပါ...

အဲတော့...မေးခွန်းက ... 

အဲသတင်းက ခင်ဗျားနဲ့ ဘာဆိုင်လဲ...

မြန်မာပြည်သားတွေ- မြန်မာမီဒီယာတွေနဲ့ကော ဘာဆိုင်လို့လဲ...။

---

(၂) အခုလိုအချိန်မှာ VPNs ဖြုတ်ပေးသင့်ပြီလို့ထင်တယ်...


သြစီက ခေတ်မီလှတဲ့၊ ခေတ်ရှေ့ပြေးနေတဲ့ ဆယ်ကျော်သက်တွေ ဆိုရှယ်မီဒီယာ မသုံးသင့်ကြောင်း သတင်းကိုဖတ်လို့ကောင်းတုန်း ရန်ကုန်က မိတ်ဆွေတယောက်ရေးထားတဲ့ ဆိုရှယ်မီဒီယာရဲ့ အခြားတဖက်က ပြသာနာအကြောင်း ပို့စ်ကိုလည်း ဖတ်ရပါတယ်။

"မြန်မာမှာ လူမှုကွန်ရက် သုံးဖို့ဆိုရင် အခုအချိန်ထိ VPN ခံသုံးနေရတုန်းပဲ ... အဲ့တာကို ဖြုတ်ဖို့ အချိန်တန်ပီလို့ထင်တယ် ...” လို့ သူက ရေးထားပါတယ်။

ဒါက မြန်မာပြည်ရဲ့ အရှိတရား...။ သြစီနဲ့ ဘယ်လောက်များ ကွာခြားနေသလဲ...

လွတ်လပ်စွာပြောဆိုခွင့်ရရှိရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရဲ့ သုတေသနပြုချက်အရ မြန်မာလူဦးရေ သန်း ၅၀ မှာ သန်း ၃၀ ကျော်က အင်တာနက်သုံးတယ်လို့ ဆိုပါတယ်။ 

အဲဒီ သန်း ၃၀ ကျော်ဟာ နိုင်ငံတကာက လူသားတွေလို အင်တာနက်ကို တိုက်ရိုက် ချိတ်ဆက်သုံးစွဲခွင့်မရတဲ့အတွက် (စစ်ကောင်စီက ပိတ်ပင်ထားတဲ့အတွက်) VPNs (virtual private network) တဆင့်ခံပြီး သုံးနေရတယ်လို့ ဆိုပါတယ်။

VPNs သုံစွဲတာဟာ တည်ဆဲဥပဒေကို ချိုးဖောက်တာလို့ စစ်ကောင်စီကပြောထားတဲ့အတွက် မြန်မာပြည်သား သန်း ၃၀ ကျော်ဟာ နေရင်းထိုင်ရင်း ရာဇဝတ်သားတွေ ဖြစ်နေတယ်လို့လည်း လေ့လာသူတွေကဆိုပါတယ်။ 

အဲ... ထူးဆန်းတာက အဲဒီထဲမှာ ဥပဒေထုတ်ထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ၊ စစ်ဗိုလ်တွေကိုယ်တိုင်လည်း ပါနေပါတယ်တဲ့...။

ဆိုတော့... ခုနက ရန်ကုန်က ပို့စ် ပိုင်ရှင်ရဲ့ စာထဲမှာပါတဲ့... “VPNs ဖြုတ်ပေးဖို့ အချိန်တန်ပြီ”... ဆိုတာ ဘာကို ဆိုလိုတာလဲ...

စစ်ကောင်စီက ကျင်းပမယ်ပြောထားတဲ့ ရွေးကောက်ပွဲအတုပဲဆိုဆို၊ ကျားဖြန့်ရွေးကောက်ပွဲပဲဆိုဆို ... ရွေးကောက်ပွဲတခု ကျင်းပတော့မယ်ဆိုရင် ဖြေလျော့မှုတွေ လုပ်ပေးလေ့ရှိပါတယ်။ တနေ့ကတောင် သတင်းစာဆရာတွေအပါဝင် (လွတ်ရက်စေ့ခါနီးလူတွေဟုဆိုသော်လည်း) နိုင်ငံရေးအကျဉ်းသား ၂၅၀ ကျော်ကို လွတ်ပေးလိုက်တယ် မဟုတ်ပါလား...

စစ်ပွဲတွေလည်း အချို့နေရာတွေမှာရပ်ပြီး (နေရာအများစုကို ဗုံးကြဲနေသော်လည်း) ဆွေးနွေးပွဲတွေလုပ်မယ်လို့ လေသံတွေကြားနေရတယ်မဟုတ်ပါလား။

နိုင်ငံရေးပါတီတွေလည်း (စစ်လော်ဘီ ပါတီတွေလို့ အများက ခေါ်ဆိုနေသည့်တိုင်) နိုင်ငံပိုင် မီဒီယာတွေကနေ (အများစုက ဆိုရှယ်မီဒီယာကနေ) မဲဆွယ်စည်းရုံးနေကြတယ် မဟုတ်ပါလား...

ဒီလိုအချိန်မှာ VPNs တားမြစ်ချက်ကို ဘာကြောင့် မရုတ်သိမ်း သေးတာလဲ...ဆိုပြီး ပို့စ် ပိုင်ရှင်က မေးခွန်းထုတ်ထားတာပါ။

ကဲ... ဖြေဇမ်း...စကမ ပြောခွင့်ရ ဇမလ...

---

(၃) ကမ္ဘာကြီးသည် ကျောင်းမှာလုံး၍ ... အိမ်မှာပြားသည်...  

ဒီလိုပုံနဲ့ မိုးဆက်ချုပ်ဦးမည်...


အဲတော့...သြစီက ပြဌဏ်းလိုက်တဲ့ ၁၆ နှစ်အောက်လူငယ်တွေ ဆိုရှယ်မီဒီယာ မသုံးရ ဆိုတဲ့ ဥပဒေနဲ့ မြန်မာပြည်သူတွေ၊ မြန်မာ ဆယ်ကျော်သက်တွေ၊ မြန်မာမီဒီယာတွေနဲ့ ဘယ်လို ဆက်စပ်နေသလဲ...

ဆက်တော့ ဆက်စပ်နေတယ်၊ ဒါပေမယ့် ပြောင်းပြန် ဆက်စပ်နေတယ်လို့ ပြောသင့်သလား...

ဟိုမှာက လွတ်လပ်ခွင့်များလွန်းလို့ ကန့်သတ်မှုတွေကို စဉ်းစားလာရတာ...

ဒီမှာက လွတ်လပ်ခွင့်မပေးချင်လို့ ကန့်သတ်ထားတာ...

လကမ္ဘာကို ဂြိုလ်တု လွှတ်ဖို့ကြိုးစားနေသူတွေနဲ့... နေပြည်တော်က တောတောင်တွေထဲမှာ ဂူတူးပြီး ရေနံဆီ မီးခွက်နဲ့ရှင်သန်နိုင်ဖို့ ကြိုးစားနေသူတွေကြားက ကွာခြားချက်မျိုးလား...

သြစီနဲ့ နှိုင်းရတာ နည်းနည်းဝေးပါသေးတယ်။ ...လက်ရှိ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နေပါတယ်ဆိုတဲ့ အာဆီယံ ထဲက အင်ဒိုနီးရှားလောက်ဆိုရင်ကော... မြန်မာ စစ်ဗိုလ်တွေ လိုက်လုပ်နိုင်မလား...

အင်ဒိုနီးရှားက အာဏာသိမ်း (ဖူးတဲ့) စစ်ဗိုလ်ချုပ်တွေက အာဏာသိမ်းပြီးရင် အာဏာကို ဘယ်လိုပြန်လွဲရသလဲ...ဆိုတာကို မြန်မာစစ်ဗိုလ်တွေဆီ သင်ကြားပို့ချပေးနေတယ်လို့ ကြားရတာပါပဲ...

ဟော... ပြောနေရင်း (ရေးနေရင်း)နဲ့... အင်တာနက် ပြတ်သွားပြီ...

VPNs ကျော်နည်း ခွနည်းများလုပ်ကြပါအူး...

ဟာ...ကတောက်... မီးပါ ပြတ်သွားပြီ...။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More