အသက် ၆၀ ဆို အိုပြီလား...
(၁) နိဒါန်း...
ကျနော်ရဲ့ ၁၆ နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းပေးသူ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း အရင်ဆုံးပြောပါရစေ...
(ဆောရီး- ပထမ စာကြောင်းက မျက်မှန်မပါပဲ ရိုက်မိလို့ပါ... ၆၁ နဲ့ ၁၆ ပြောင်းပြန်ဖြစ်သွား)
တကယ်က “အသက် ၆၀ ဆို အိုပြီလား”...ဆိုတာကို မနှစ်ကတည်းက ရေးဖို့ စိတ်ကူးထားတာပါ။ ဒါပေမယ့် ...သိတယ်မို့လား... အိုတဲ့ အကြောင်း သိပ်မပြောချင်ကြဘူးလေ...။
ဒီနှစ်ကတော့ ကိုယ့်ထက်အသက်ကြီးတယ်လို့ထင်ထားပေမယ့် တနှစ်မက ကိုယ့်ထက် အသက်ငယ်နေသူ (AB ဆေးကျောင်းသားကြီး) တဦးက အိုခြင်းရဲ့အကြောင်းတွေ... စီကာပတ်ကုံးရေးထားတော့... အင်း- ကိုယ်လည်း...“ငါ မအိုသေး” ဆက်လုပ်နေလို့မဖြစ်ဘူး... အရှိတရားလေးတော့ လက်ခံအူးမှပါဆိုပြီး... အိုခြင်းကို ဝန်ခံရတော့မယ် ဆိုပါတော့...။
အသက် ၆၀ အကြောင်းပြောရင် ... ပထမ ဆုံးသတိရမိတာက...“အသက် ၆၀ နီးပါးအရွယ် အဖိုးအိုတဦး”...ဆိုတဲ့ ဝါရှင်တန်အခြေစိုက် မီဒီယာကြီးတခုရဲ့ အသုံးအနှုန်းပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဲလို သုံးဖူးတယ်ထင်ပါတယ်- အဲတုန်းကလည်း အဲဒီ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ရေးမိပါသေးတယ်...။
အဲဒီ သတင်းဌာနက အယ်ဒီတာအတော်များများက ဘော်ဘော်တွေဆိုတော့ နောက်ပြီး ရေးမိတာပါ...။ ဒါပေမယ့် အခု ၂ နှစ်လောက်ကြာတဲ့အခါမှာတော့ အဲလို နောက်စရာ သတင်းဌာနက မရှိတော့ဘူး... (မောင်မောင်ထရန့် တဂိုးနဲ့ ရာထူးတိုးကုန်ကြပြီ)
သင်္ခါရသဘောကို လက်တွေ့ပြသွားခြင်းလား...
“တည်မြဲခြင်းဆိုတာ တကယ်တော့ မတည်မြဲဘူး”...ဆိုပြီး သံဝေဂ ယူရမလား၊ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်ကတည်းက ရှိနေတဲ့ အစိုးရပိုင် သတင်းဌာနကြီးတခု ဒီလို ပျောက်သွားလိမ့်မယ်လို့ ဘယ်သူက ကြိုတွေးမိမှာလဲ...။
ကိုယ်တွေ အလုပ်ပြုတ်လို့ အဆင်မပြေဖြစ်ရင် “မအလ” ကြောင့်ဆိုပြီး ဆဲ လို့ရသေးတယ်။ သူတို့မှာ ဘယ်သူကို သွား ဆဲရမှန်းမသိ...။ သံဝေဂယူဖွယ် - တရားရဖွယ်ပါပဲ။
..နေပါအူး... တရားသဘော သိပ်များသွားပြီ၊ ပုတီးပဲ ကိုင်ရတော့မလိုလိုဖြစ်ကုန်ပြီ...ပုတီးကိုင်လ်ု့တော့မဖြစ်ဘူး...ဟင်နစီလေး သောက်ပြီးရေးမေတာဆိုတော့... 
စာက မသွက်တော့ဘူး...။ တကယ်ပြောချင်တာက အဲဒီ သတင်းဌာနက အယ်ဒီတာတွေလည်း ကိုယ့်ထက် အသက်ကြီးတယ်လို့ ထင်ထားပေမယ့် တကယ့်က ကိုယ်လောက် အသက်မကြီးကြသေးဘူး၊ အခုထိ ၆၀ မပြည့်သေးသူတွေက အများစုပါဆိုပြီး ပြောမလို့ပါ။
----
(၂) အိုခြင်းတရားကို ဘယ်အချိန်မှာ သတိထားမိသလဲ...
အိုခြင်းတရားကို ကြုံရတဲ့အချိန် တယောက်နဲ့ တယောက် မတူကြဘူးလို့ ထင်ပါတယ်။ (ဆေးပညာအရ ဘယ်လိုသတ်မှတ်ထားလဲတော့ မသိပါ။ မိမိ အတွေ့အကြုံကိုသာ ရေးပြခြင်းဖြစ်ပါတယ်)
ရှေ့မှာပြောခဲ့သလို တယောက်က ၆၀ မပြည့်ခင်မှာတင် အိုခြင်းရဲ့ ထိတွေ့မိမှုတွေအကြောင်းပြောနေပေမယ့် တယောက်က ၆၀ ကျော်တဲ့အထိ အိုခြင်းဆိုတာ ဘာမှန်းမသိသေး။
အိုတယ်ဆိုတာ ရုပ်ပိုင်း- စိတ်ပိုင်း ၂ ခုစလုံး အိုသွားတာမျိုးလား...။
အဲ... စိတ်ပိုင်းဆိုင်ရာက တယောက်နဲ့တယောက်မတူနိုင်တဲ့အတွက် စိတ်တော့ မအိုသေးဘူးထင်တာပဲ...။
ဒါဆို ရုပ်က အိုပြီလား...။
အင်း... ၆၀ မပြည့်ခင် ၂ နှစ်လောက်စပြီး “ငါ အိုစပြုပြီလား မသိဘူး” ဆိုပြီး စိတ်ထဲ ပထမ ဆုံးအကြိမ်ခံစားမိပါတယ်။
နွေရာသီ စက်ဘီးထရေနင်ဆင်းရင် ကီလို ၃၀ လောက်ကို တနာရီဝန်းကျင်အတွင်း ဝင်အောင် စီးနေရာကနေ ... တဖြေးဖြေးနဲ့ တနာရီ နည်းနည်းကျော်လာပါတယ်။
အဲ... ပိုသိသာတာက တောင်ကုန်းတွေကို သူ့အလိုလို ရှောင်လာပါတယ်။ အရင်ကဆို တွေ့သမျှတောင်ကုန်းတိုင်း ကုန်းထိပ်ရောက်ခါနီးရင် စပရင့် ထ ကိုင်တာပါပဲ၊ နောက်တော့ အဲဒါလည်း အော်တို မလုပ်တော့ပါဘူး။ ကားရှုပ်တဲ့ လမ်းတွေဖက်လည်း အော်တို မသွားရဲတော့ပါဘူး။
ကိုယ့်ကိုကျော်စီးသွားသူတွေကိုလည်း အရင်လို အမီ မလိုက်တော့ပါဘူး။ “သူ့ နှုန်းနဲ့ သူပဲပေါ့။ စပိက အဓိကမဟုတ်ဘူး။ ချွေးထွက်ဖို့က အဓိက” ဒီလို ဖြစ်လာပြီး- အင်း... ငါတော့ နည်းနည်း အိုစပြုပြီနဲ့တူပါတယ်- ဆိုတာကို ကိုယ့်ဘာသာ လက်ခံလာတယ် ဆိုပါတော့...။
ဒါက... လမ်းမပေါ်က လေ့ကျင့်ခန်း။
နေ့စဉ်ဘဝမှာကော အိုခြင်းကို ဘယ်လိုတွေ့ရသလဲ...။
အရင်က အနုတ် ၁၀ လောက်ကို မမှုဘူး။ ဒီလိုပဲ ဆောင်းတွင်းအတွင်းခံမပါ၊ ဆောင်းဖိနပ်မပါ လျောက်သွားနေတာ ဘာမှမဖြစ်ဘူး။ အခုက နည်းနည်းအေးရင် ခြေတောက် အကျောနာသလိုလို၊ လက် အကျောနာသလိုလို ဖြစ်လာပါရော့လား...။
အရင်က အနွေးပေးစက် တော်ရုံနဲ့မဖွင့်ပေမယ့် အခုက မရဘူး။ သုည မရောက်ခင်ကတည်းက အနွေးပေးစက် ဖွင့်နေရပြီ။
ကံကောင်းတာကတော့ ဆီးချို-သွေးတိုး မရှိသေး (မရှိဘူးထင်တာပဲ- တခါမှ မစစ်ရသေး၊ ဆရာဝန် ဘော်ဘော်တွေပြောတာကတော့ အဲဒီ လက္ခဏာ မင်းမှာမရှိပါဘူးတဲ့)၊ အစားမပျက်၊ အအိပ်မပျက်သေး။ အဲ... သွားတော့ ကျိုးပြီ- (ဈေးကကြီးတော့ ပြန်မစိုက်နိုင်တာက အိုခြင်းကို ပိုမြန်စေသလားပဲ)၊ ဆံပင် မဖြူသေး...(အော်ရဂျင်နယ်နော်- ဆေးဆိုးထားတာမဟုတ်ဘူး။ ဘေဘီအွီုင်း လိမ်းထားတာကလွဲရင်)
ဒီလိုနဲ့... အခု ၆၁ နှစ်ရှိပြီ...
မြန်မာတဦးရဲ့ သက်တန်းနဲ့ဆို အဖိုးကြီးပေါ့။ နောက်ထပ် ဘယ်လောက် နေရဦးမလဲ...။
နှစ် ၂၀ လား...။
မောင်မောင်ထရမ့်တို့တောင် အသက် ၈၀ မှာ သမ္မတလုပ်တုန်းဆိုတော့... နောက် နှစ် ၂၀ အတွင်း သမ္မတ မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ...။
အဲ... ကိုယ်ဘာသာ ပြောနိုင်တာပေါ့။ သမ္မတဖြစ်ဖို့ဆိုရင် သမ္မတ ဖြစ်အောင် လုပ်နေမှရမှာပေါ့။ ထီပေါက်ချင်ရင် အနည်းဆုံးတော့ ထီတော့ ထိုးနေရမှာပေါ့။ ထီတောင် မထိုးပဲ ထီပေါက်ချင်နေလို့တော့ ဘယ်ရမလဲ...
ဒါပေမယ့် ရာဇဝင်ထဲမှာ (ပုံပြင်လားမသိပါဘူး) တော့ ကံဇာတာပါလာရင် တားလို့မရဘူး။ ကျောက်ဖြာပေါ်မှာ အိပ်နေရင်တောင် မင်းလောင်းရှာတဲ့လူတွေက လာတွေ့သွားပြီး ဝေါယာဉ်ကြီးနဲ့ နန်းတော်ကြီးဆီ ပင့်ဆောင်သွားတယ်ဆိုလား...
ဒါကြောင့် နွေဖက်ဆိုရင်တော့ အိမ်နောက်ဖက် တောအုပ်ထဲက ရေကန်ကြီးဘေးရှိ ကျောက်ဖျာပေါ်မှာ တက်တက် အိပ်နေတာ (ဆောင်းတွင်းတော့ သွားမလုပ်နက်- ဝေါယာဉ်မလာပဲ အရေးပေါ်ယာဥ်လာလိမ့်မယ် ) အခုထိတော့ ဝေါယာဉ်သမားတွေ ကိုယ်အိပ်နေတာ မတွေ့မိသေးဘူးနဲ့ တူပါတယ်...။
---
(၃) အသက် ၆၀ မှာ ဘာတွေ ရယူပြီးပြီလဲ၊ ... ဘဝမှာ ပန်းတိုင်ဆိုတာ ရှိသင့်လား...
(ဒီအပိုင်းကိုတော့ နောက်နေ့မှ ဆက်ရေးပါအူးမည်... စာရှည်ပြီ...)
(ပုံကတော့ အိုတဲ့ပုံ မတွေ့သေးလို့ ... မအိုသေးဘူးထင်ရတဲ့ပုံပဲ တင်လိုက်ရပါကြောင်း...)







0 comments:
Post a Comment