Monday, December 22, 2025

မွေးနေ့ စကား... အဆက်...

 မွေးနေ့ စကား... အဆက်...

(၁၈ ဒီဇင်ဘာ ၂၀၂၅)
အသက် ၆၀ မှာ အောင်မြင်မှု ဘာတွေရှိခဲ့သလဲ... ဘဝရဲ့ ပန်းတိုင်က ဘာလဲ...



(၁) New year resolutions ကို မွေးနေ့မှာလည်း လုပ်သင့်သလား...
လူတွေဟာ နှစ်သစ်ကူးချိန်ရောက်ရင် တနှစ်တာကို ပြန်သုံးသပ်၊ ရှေ့နှစ်မှာ ဘာဆက်လုပ်မလဲဆိုတာ အစီစဉ်ဆွဲလေ့ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာသုံး ဝေါဟာရအတိုင်းဆိုရင်တော့ New year resolutions ပေါ့။ မြန်မာတွေ လုပ်လေ့ရှိသလား... အနောက်တိုင်းသားတွေပဲ လုပ်သလား... မသေချာ။
လွန်ခဲ့တဲ့ နှစ်တွေကတော့ နှစ်သစ်ကူးချိန်၊ ခရစ်စမတ်အချိန်မှာ ဘော်ဘော်တချို့ New year resolutions ရေးတာမျိုးတော့ ဖတ်ဖူးပါတယ်။
နှစ်သစ်ကူးချိန်မှာ New year resolutions လုပ်သလိုမျိုး... မွေးနေ့မှာလည်း လုပ်သင့်တယ်လို့ ထင်မိကြပါသလား...
တနှစ်မှာတခါ၊ မွေးနေ့ရောက်မှ လုပ်တာအပြင် နေ့စဉ် အိပ်ယာဝင်ချိန်မှာလည်း တရက်တာကို summary လုပ်သင့်တယ်လို့ ဆိုကြပါတယ်...။ ဘော်ဘော်တယောက် အဲလို ရေးထားတာတွေ့မိလို့ ... အဲလိုလုပ်နေမိတာ ၁၀ နှစ်လောက်တောင် ရှိပြီလားမသိဘူး။ (သတိရတဲ့နေ့တွေပေါ့- တခါတလေ သတိမရပါဘူး)
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း (အိပ်ချိန် ၈ နာရီနုတ်ရင် ၁၆ နာရီပေါ့) ငါဘာတွေ ဆောင်ရွက်ခဲ့သလဲ...။ အကောင်း % နဲ့ အဆိုး % ဘယ်ဟာက ပိုများသလဲ...၊ မနက်ဖန် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲပေါ့...
---
(၂) မွေးနေ့ဖက်ကို ပြန်လှည့်ရမယ်ဆိုရင်တော့...
ကျနော်တို့ မွေးဖွားရာကျေးလက်ဒေသမှာ မွေးနေ့ပွဲဆိုတာ သာမန်လူတွေကြားမှာ မကြားဖူးပါဘူး။ မွေးနေ့ပွဲ ကျင်းပတာ အနောက်တိုင်း ယာဉ်ကျေးမှုလို့ကြားဖူးပေမယ့် ကျနော်တို့ရွာမှာတော့ ရွာဦးဆရာတော်တပါးပဲ မွေးနေ့ပွဲ နှစ်စဉ်ကျင်းပနေတာ သတိထားမိပါတယ်။
မှတ်မိသလောက်ဆိုရင် အထက၊ ထားဝယ်ကောလိပ်၊ မော်လမြိုင်တက္ကသိုလ်ရောက်တဲ့အထိ၊ တက္ကသိုလ်ကနေ တောထဲရောက်၊ ထိုင်းထဲရောက်၊ နော်ေ၀ DVB ကိုရောက်ပြီးတဲ့အချိန် အသက် ၃၅ လောက်အထိဟာ မွေးနေ့ပွဲ တခါမှ မလုပ်ဖူးဘူးလို့ထင်ပါတယ်။
အဲဒီနောက်ပိုင်းတော့ မွေးနေ့မှာ သကြားလုံးဝေတာမျိုးတော့ လုပ်ဖူးပါတယ်။ နောက်ပိုင်းတော့ ယဉ်ကျေးမှုနည်းနည်းမြင့်လာပြီး... သူများမွေးနေ့ပွဲတွေမှာ “လိုအပ်သည်များ မှာစား” တာတွေ ဘာတွေ လုပ်တတ်လာပါတယ်။
အဲ... မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ကျင်းပဖြစ်တာကတော့ ... အခု ဆိုရှယ်မီဒီယာ ထွန်းကားလာချိန် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကမှ စတယ်လို့ ထင်ပါတယ်။ ... ဘယ်လို တခန်းတနား ကျင်းပလဲ...ဆိုတော့...
အခုလို စာတွေ ရှည်လျားထွေပြာရေးပြီး... ငွေကုန်ကျေးကျ မရှိစေပဲ... လူထင်ကြီးအောင် ကျင်းပတဲ့နည်းပေါ့...
ဒါပေမယ့် ၁၅ နှစ်လုံးလုံး FB ပေါ်မှာချည်း အာဖျံကွီး လုပ်နေတာမျိုးတော့လည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဒီလိုအချိန်မှာ မြန်မာပြည် ပြန်ခွင့်ရတဲ့အတွက် အသက် ၅၀ ပြည့်မွေးနေ့ပွဲကို မွေးရပ်မြေ ကျေးလက်ဒေသက (ရှေ့မှာပြောခဲ့တဲ့ ရွာဦးကျောင်းက ဆရာတော်ဆီမှာ) ဘုန်းကြီးကျောင်းမှာ လူကိုယ်တိုင် ကျင်းပခွင့်ရတာမျိုး ရှိခဲ့ဖူးပါတယ်။
နောက် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင် ရန်ကုန် နေ့ရက်များ သာယာစဉ်တုန်းကလည်း တာဝန်ထမ်းရာ ရုံးခန်းနဲ့ ရန်ကုန်က Rooftop တွေမှာ တခွက်တဖလားမော့ပြီး Happy Birthday လုပ်ခဲ့ဖူးပေါ့။
၂၀၂၁ ကနေ အခုထိကတော့ လေလှိုင်းထဲက...ဘာအစိုးရ- ညာအစိုးရဆိုသလို ခေတ်မီနည်းပညာအထောက်အကူနဲ့ ... Zoom ပေါ်က Happy Birthday ပေါ့။
---
(၃) အဲတော့... မေးခွန်းက အဲဒီမွေးနေ့တိုင်းမှာ ရှေ့မှာပြောခဲ့သလို summary တွေ၊ New year resolutions လုပ်ဖြစ်ခဲ့သလား ဆိုတာပါပဲ။
မလုပ်ဖြစ်ပါဘူး။ လုပ်ဖို့ လိုအပ်သလားပေါ့...။
၂၀၁၃ မှာ ပထမ အကြိမ် ပြည်တော်ပြန်ခွင့်ရတော့ ကိုယ်လိုပဲ ပြည်တော်ပြန်တဦးက ပြည်တွင်းထုတ် ဂျာနယ်တခုမှာ ဆောင်းပါးရေးပါတယ်။ သူ့အတွေ့အကြုံများစွာကို ဖေါ်ပြတဲ့အထဲမှာ အချက်တခုပါလာတာက... “ABSDF ရဲဘော်တွေ၊ တောတွင်းကာလ ရဲဘော်တွေကြား တွေ့မိတာက ... နောက် ၅ နှစ်မှာ ဘာဖြစ်ရမယ်၊ အသက် ဘယ်လောက်ဆို ဘာဖြစ်နေရမယ် ဆိုတဲ့ စီမံကိန်းမျိုး မရှိကြဘူးတဲ့...”
အဲဒီအချက်ကို ဖတ်မိပြီး... ငါလည်း နောက် ၅ နှစ်မှာ ဘာဖြစ်ရမယ်၊ အသက် ၅၀ မှာ ဘာဖြစ်နေရမယ်ဆိုပြီး စီမံကိန်း ရှိခဲ့ဖူးသလား... ပထမ ဆုံးအကြိမ် စဉ်းစားမိပါတယ်။
မူလတန်းကျောင်းသားဘဝ၊ အလယ်တန်းကျောင်းသားဘဝမှာတုန်းက ငါ ကြီးလာရင် ဘာဖြစ်ရမယ်လို့ ရည်မှန်းချက် တခုခု ချထားမိတာမျိုးရှိကြပါသလား...။ ကျနော်တော့ မရှိခဲ့ဘူးလို့ ထင်တာပဲ။
“လူရည်ချွန်ဖြစ်အောင် ကျနော်ကြိုးစားမည်” ဆိုတဲ့ သီချင်းနဲ့ အဲဒီလိုဖြစ်အောင် ကြိုးစားကြတဲ့ လူငယ်များစွာ မဆလ ခေတ်မှာ ကြီးပြင်းလာ...။ ကိုယ်တောင် ဒုတိယ နှစ်မှာလား မသိဘူး။ လူရည်ချွန်တွေနဲ့အတူ အညာစစ်ကိုင်းဖက် (အခု တိုက်ပွဲဖြစ်နေတဲ့ နေရာတွေထင်တာပဲ) တလတာ လုပ်အားပေး သွားခဲ့ဖူးပေါ့။
ကျနော်တို့ခေတ်က ဆရာဝန်ဖြစ်ဖို့ဆိုတာ စာတော်ရုံနဲ့မရ၊ ကျောင်းစရိတ်လည်း တတ်နိုင်မှ...။ ဒီအနောက်နိုင်ငံတွေမှာလို ကျောင်းသားချေးငွေ စနစ်က ရှိတာမဟုတ်ဘူး။ မိဘ ဆင်းရဲ-ချမ်းသာပေါ် မူတည်ပြီး သား-သမီးတွေရဲ့ ဘ၀ ရှင်သန်ပုံက ကွဲပြားသွားရတာမျိုး...။
ရွာကအခြေအနေကိုပဲ ပြန်ကောက်ရရင် ကျနော့်အရင် ၁၀ တန်းအောင်သူ ရွာမှာ ၂ ယောက်ပဲရှိပါတယ်။ ဒါတောင် ကမြောကင်းတံတားပြီးလို့ စက်ဘီးနဲ့ ထားဝယ်မြို့ပေါ်ကျောင်းတက်နိုင်တာမျိုး...၊ အဲဒီမတိုင်ခင်ကဆို ကူးတို့ဆိပ်ကနေ လက်လှော်လှေနဲ့ နေ့စဉ် ကူးပြီးသွားရတာမျိုး။ ရန်ုကုန်-ဒလလို ဇက်တွေ ရှိရင်တော့ မဆိုးဘူးပေါ့။
ဆိုလိုတာက... ၄ တန်းအောင်၊ ၈ တန်းအောင် ရေးတတ်-ဖတ်တတ်ရင် တော်ပြီဆိုတဲ့ ခေတ်မှာ မွေးဖွားလာသူ၊ ၁၀ တန်းအောင်တဲ့အထိ ကျောင်းတက်ဖို့တောင် မသေချာပါဘူး။ ကံကောင်းထောက်မစွာနဲ့ တက္ကသိုလ်အထိ ရောက်သွားတယ်လို့​ေတာင် ဆိုနိုင်ပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီး မိဘတွေ ပြောတာကိုကြားဖူးတာက...“ငါတို့လို နေပူထဲ ပင်ပင်ပန်းပန်း အလုပ်မလုပ်ရအောင်၊ ပန်ကာအောက်မှာနေပြီး အလုပ်လုပ်နိုင်အောင် နင့်ကို ကျောင်းထားပေးတာ”...
ဆယ်တန်းအောင်ပြီး ရုံးစာရေးလောက်၊ မူလတန်းပြ ကျောင်းဆရာလောက် ရရင် တော်ပြီဆိုတဲ့ သဘော...။
ဒါပေမယ့် သိတယ်မို့လား... အဲဒီခေတ်က တက္ကသိုလ်တက်ချင်တဲ့ ရောဂါကလည်း မသေးလှဘူး။ တက္ကသိုလ်တက်ချင်တယ်ဆိုတာကလည်း ဒီ အနောက်နိုင်ငံတွေမှာလို အလုပ်ကောင်းကောင်း၊ လစာ ကောင်းကောင်း ရချင်လို့ မဟုတ်ပြန်ဘူး။
လူပြိန်းကြိုက် အချစ်ဝတ္တုတွေဖတ်ပြီး တက္ကသိုလ်မှာ လူတွယ်ကျယ်သွားလုပ်ချင်တာမျိုး...။ “တက္ကသိုလ်ကျောင်းသားဘဝဟာ ဘဝမှာ ပျော်ဖို့အကောင်းဆုံးအချိန်” လို့ ဆိုကြတာကိုး...
အဲဒီလို ပျော်လို့ကောင်းတုန်း... ဝုန်းဆို... ငွေစက္ကူအရေးခင်းဖြစ်၊ ၈ လေးလုံး အရေးတော်ပုံဖြစ်... နံရံတွေ၊ ဆိုင်းဘုတ်တွေကို ခဲနဲ့ထု... စစ်သားတွေက ကျည်အစစ်နဲ့ ပြန်ထုတော့... လက်နက်ကိုင်တော်လှန်ရေးလုပ်မှရမယ်ဆိုပြီး...တောခိုလိုက်တာ အခုထိ အိမ်ပြန်မရောက်နိုင်တော့တဲ့ ဘဝ...။
---
(၄) နိုင်ငံခြားရောက်တော့ကော ပညာဆက်သင်ဖြစ်သလား...
အဲလို ဘဝပျက်- ရည်မှန်းချက်ပျက်...(တကယ်က အဲလိုလည်း မဟုတ်ပါဘူး) ဘဝတွေ- ရည်မှန်းချက်တွေအပျက်ခံပြီး လူထုတရပ်လုံး လွတ်မြောက်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့တာမျိုးပါ။
ဒါမေပယ့် တော်လှန်ရေးတခုအောင်ဖို့ဆိုတာ အသက်ပေးရုံနဲ့မရ၊ စွန့်လွတ်အနစ်နာခံနိုင်ရုံနဲ့ မရ၊ သတ်မှတ်ချက်တွေ အသီးသီးပြည့်မီမှ၊ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနဲ့လည်း ကွက်တိလိုက်ပါနိုင်မှ အောင်မြင်တာမျိုး...
အဲတော့... အဲဒီ တောတွင်းကာလကို ကျော်လွန်ပြီး နိုင်ငံရပ်ခြားရောက်တဲ့အခါမှာကော ပညာဆက်သင်ဖြစ်သလား...၊ မောင်ရင်ရဲ့ ရည်မှန်းချက်က ဘာလဲ...။ ငယ်ငယ်က ရည်မှန်းချက်ကို ပြန်အကောင်ထည်ဖေါ်ဖို့ စိတ်မကူးမိဘူးလား...
“အူးလေးကလည်း... ကျနော်တို့နိုင်ငံခြားရောက်တာက တက္ကသိုလ်ကျောင်းသားအရွယ် နိုင်ငံခြား ပညာတော်သင်အဖြစ် ရောက်လာတာမဟုတ်ဘူးလေ”...။ ဒုက္ခသည်အဖြစ် ရောက်လာတာ၊ အလုပ်သမားတွေအဖြစ် ရောက်လာတာ...
ဒါပေမယ့် ဒီလို ဒုက္ခသည်အဖြစ်ရောက်လာသူတွေထဲမှာပဲ Phd ဘွဲရတဲ့အထိ ကျောင်းဆက်တက်သူတွေ၊ လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့အထိ ထွန်းပေါက်သွားလူတွေလည်း ရှိပါတယ်။ တောတွင်းဘဝကို ဖြတ်ရုံပဲဖြတ်ပြီး နိုင်ငံခြား မြန်မြန်ပြေးသူတွေ မြန်မြန် ကြီးပွားတယ်ဆိုပြီး ဝေဖန်သူတွေရှိပေမယ့်... စောစောပြေးတိုင်းလည်း ထွန်းထွန်းပေါက်ပေါက် မဖြစ်ပါဘူး။ တဦးချင်းစီရဲ့ ကြိုးစားမှုနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်။
ထားတော့...သူများအကြောင်းတွေ။
အသက် ၆၀ ရှိပြီဆိုတော့ ကျောင်းဆက်တက်လို့ မရတော့ဘူး။
နှစ် ၆၀ စာကို C-60 တခွေစာနဲ့ ရီဗျုး -တကြောင်းဆွဲ ဆွဲကြည့်မိတာပါ။ တစုံလုံး- မျိုးဆက် တခုစာလုံးအတွက် ကာဗာ မဖြစ်လောက်ပါဘူး။
---
(၆) ၆၀ အလွန်မှာ ဘာတွေဆက်လုပ်မလဲ... ဗီဇာ ဘယ်လောက် ကျန်သေးလဲ...
၆၀ အလွန်မှာ ဘာတွေ ဆက်လုပ်မှာလဲ...ဆိုတော့...၊ အရင်ကကော... ခင်ဗျားက ဘာတွေများ ကြီးကြီးကျယ်ကျယ် လုပ်ခဲ့ဖူးလို့လဲ... မေးစရာရှိပါတယ်။
ငယ်ငယ်က ပန်းတိုင်အတိအကျ ချထားတာမျိုး မရှိခဲ့ဘူးဆိုပေမယ့် စာတိုပေစတွေဖတ်ပြီး ကဗျာဆရာဖြစ်ချင်သလိုလို၊ စာရေးဆရာဖြစ်ချင်သလိုလိုတော့ ရှိခဲ့ဖူးပါတယ်။ ပြီးတော့ ရေဒီယိုတွေနားထောင်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ပဲ ဖြစ်ချင်သလိုလို၊ ဝန်ကြီးချုပ်ပဲဖြစ်ချင်သလိုလို ဒီလို စိတ်ကူးတည့်ရာ စဉ်းစားမိတာမျိုးတော့ ရှိတာပေါ့။
ဟော... နှစ် ၆၀ ကြာပြီးတဲ့အချိန်... ပြန်ကြည့်မိတော့ ငယ်ငယ်က စိတ်ကူးဖူးတဲ့ စာရေးဆရာဖြစ်ချင်သလိုလိုဆိုတာ (ကိုယ်တောင် သတိမထားမိဘူး) တကယ်ဖြစ်နေလေရဲ့။ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” ဆိုတာ ရေးခဲ့ဖူးတယ်လေ။
တလောက ကွယ်လွန်သွားတဲ့ (ထားဝယ်သား-တောပြန်) မော်ဒန်စာရေးဆရာတဦးရဲ့ ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်မိတော့မှ ရန်ကုန်က ပွဲအတော်များများမှာ ကိုယ်ဘေးနား ထိုင်နေသူတွေက စာရေးဆရာ၊ ကဗျာဆရာတွေပါလား...ဆိုတာ သတိထားမိ။
ဒါပေမယ့် ကိုယ့်ရဲ့ တကယ့်အသက်မွေး ဝမ်းကျောင်းအလုပ်က သတင်းသမား...။ ဒါကတော့ ငယ်ငယ်တုန်းက ဘယ်လိုမှ စိတ်ကူးထဲ မရှိခဲ့ဖူးဘူး ထင်တာပဲ။ အဲတုန်းက သတင်းထောက်ဆိုတာ မြန်မာ့အလင်းနဲ့ လုပ်သားနေ့စဉ်ပဲ ရှိလားမသိဘူး။
ကျန်းမာရေးအကြောင်းကတော့... ရှေ့အခန်းမှာ ပြောခဲ့ပြီးပြီ။ ... အဲ- ဘိုးဘွားရိပ်သာ သွားရဖို့ နီးလာပြီလား...
မြန်မာတွေရဲ့ အစဉ်အလာ (မိရိုးဖလာ ဗုဒဘာသာနဲ့ဆိုင်မယ်ထင်)စဉ်းစားပုံအရဆိုရင်တော့ အရွယ် ၃ ပါးမှာ တတိယ အရွယ်ရောက်နေပြီ၊ ...ပုတီးကိုင်ပြီး ဘုန်းကြီးကျောင်း သွားသင့်ပြီလား...
အချို့ဘော်ဘော်တွေကတော့... သေရင်ဘာမှမပါဘူး။ ဘုရားတရားလေး လုပ်အူး...။ နောက်ဘဝအတွက် ပြင်ဆင်ချိန်ရောက်ပြီ... ဒီလိုပြောကြတာလည်း ကြားဖူးပါတယ်။
ဒီဘဝမှာတောင် ဘာမှ ပြင်ဆင်ချိန်မရပဲ အသက် ၆၀ ဘယ်လိုပြည့်သွားမှန်းမသိ ... နောက်ဘဝအတွက် ဘယ်လိုပြင်မှာလဲ...။ “သေခြင်းရဲ့ အလွန်အတွက် ပြင်ဆင်ခြင်းငှာ... ငါကိုယ်တော် ညဏ်မမီသေး”...။
ဆိုတော့ကာ...
ပစ္စုပ္ဗန်တည့်တည့်ကို ရှု၊ ...အတိတ်က အဆင်မပြေခဲ့တာတွေကိုလည်း စိတ်ညစ်ခံပြီး တွေးမနေနက် (ခက်တာက အတိတ်ကြောင်း ပြန်တွေး- ပြန်ရေးတာက အလုပ်တခုလိုဖြစ်နေ)
ဘာမှန်းမသိတဲ့ အနာဂတ်ဆိုတာကြိးကိုလည်း ကြိုတွေးပြီး စိတ်မော မနေနက်...
နေ့စဉ် လုပ်စရာရှိတာ လုပ်...
ညနေ သောက်စရာရှိတာ သောက်...
စောစောထ လမ်းလျောက်... လေ့ကျင့်ခန်းလုပ်ဖို့မပြင်းနက်...
၆၀ ကျော်သမားတွေအတွက် အရေးအကြီးဆုံးက ကျန်းမာရေးဖြစ်မယ်ထင်ပါတယ်။
ကျန်းမာရေးမကောင်းရင် ဘာမှ လုပ်လို့မရဘူး...
အဲ... ကျောက်ဖျာပေါ်မှာ ထိုင်တာကိုလည်း လက်လွှတ်လိုက်လို့ မရသေးဘူး။ မောင်မောင်ထရမ့်တောင် အသက် ၈၀ မှာ သမ္မတ ဖြစ်နေသေးတာပဲ...
အသက် ၈၀ မပြည့်ခင်မှာတော့ မြန်မာ့နိုင်ငံရေး ပြောင်းလဲလာမယ်ထင်ပါတယ်။
လက်ရှိဖြတ်သန်းမှု ပြက္ခဒိန်အရဆိုရင်... ၂၅ နှစ်မှာ တောခို၊... အသက် ၅၀ မှာ ပြန်ခွင့်တခါရ... ဆိုတော့ကာ ၆၅ နှစ် မပြည့်ခင် (၇၅ အထိတော့ မစောင့်ခိုင်းနက်) တခုခု ပြောင်းမှာ သေချာပါတယ်။
အဲတော့... ဟို ကဗျာဆရာကြီးတယောက် နေ့စဉ်ရေးနေသလို...
“အသက်ရှင်ပါ - မနက်မင်္ဂလာလို့ နှုတ်ဆက်ဖို့” ဆိုတဲ့အတိုင်း ကျန်းမာစွာ အသက်ရှင်အောင် နေထိုင်တတ်ဖို့ပဲ လိုပါတယ်။
ကဲ... ကျန်းမာရေးအတွက် လမ်းထွက်လျောက်လိုက်ပါအူးမယ်...
အားလုံး... Merry Christmas, Happy new year! ပါ။ ...တခွက် တဖလားပါ...။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More