Friday, February 21, 2025

ခလရ ၂၃၆ ကို သိမ်းပိုက်ကြောင်း KIA အတည်ပြု... ဟုမ္မလင်းက SNA ၉ ဦး ပြည်သူ့...


ခလရ ၂၃၆ ကို သိမ်းပိုက်ကြောင်း KIA အတည်ပြု... ဟုမ္မလင်းက SNA ၉ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ... နောက်ဆုံးရ တိုက်ပွဲသတင်းများ …

၂၂ ဖေဖော်ဝါရီ ၂၀၂၅

ဗန်းမော်မြို့ရှိ စကခ ၂၁ အနီးက  ခလရ ၂၃၆ တပ်ရင်းဌာနချုပ်ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ ပူးပေါင်းတပ်တွေက ဖေဖောါဝါရီ ၂၀ မနက်ပိုင်းမှာ အပြီးသတ် သိမ်းလိုက်ပြီလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို အတည်ပြု ပြောကြားပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး လက်နက်များစွာ သိမ်းမိတယ်၊ စစ်သား ၇၀ ခန့် လက်နက်ချတယ်ဆိုတဲ့ သတင်းတွေကိုတော့ ဗိုလ်မှူးကြီး မှတ်ချက်မပေးပါဘူး။

မနေ့က ထပ်ဝင်လာတဲ့ သတင်းတွေအရ စကခ ၂၁ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူများထဲ အရာရှိကြီးတွေပါ ပါတဲ့အတွက် ရဟတ်ယာဉ်နဲ့ လာခေါ်ရာမှာ အဲဒီ ရဟတ်ယာဉ်ကို KIA က ပစ်တဲ့အတွက် မြေပြင်ကို မဆင်းဘဲ ပြန်ပြေးသွားတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဒီလို စစ်မြေပြင်မှာ အထိနာနေတဲ့ စစ်ကောင်စီဟာ ဗန်းမော်မြို့ တဘက်ကမ်း ဧရာဝတီ မြစ်ဘေးရှိ ရေလဲ ကျေးရွာက စစ်ရှောင်စခန်းကို မနေ့ နေခင်း ၁၂ နာရီခန့်မှာ လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် စစ်ရှောင် ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- နောင်ချိုမြို့ လောက်ဖန်း ကျေးရွာကို စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် အရပ်သားတဦးသေ၊ ၄ ဦး ထိခိုက်ဒဏ်ရာရ...

- အမ်း-ပဒါန်း လမ်းပေါ်ရှိ ပျဉ်းဝ ကားလမ်း၊ သိန်းလေးဆယ် အကွေ့မှာ စစ်ကောင်စီတပ်နဲ့ ACDF (အရှိုချင်းကာကွယ်ရေးတပ်) ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားပြီး ခဲယမ်းအချို့ သိမ်းမိ...

- သရက်မြို့နယ်ရှိ ကပစ (၁၂) က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို အထက်မင်းလှ PDF ကတိုက်ခိုက်ရာမှာ စစ်သား ၈ ဦး သေပြီး ၄ ဦး ဒဏ်ရာရ...

- ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနဲ့အဖွဲ့ဟာ အညာဒေသနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသ အခြေစိုက် ကျောင်းသားတပ်မတော် စစ်ကြောင်း ၃ ခုဆီသွားရောက်ပြီး တပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံတဲ့အပြင် အဲဒီဒေသမှာရောက်နေတဲ့ NUG  ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ပါ တွေ့ဆုံဆွေးနွေး...

- ဟုမ္မလင်းမြို့နယ် အခြေစိုက် SNA (ရှမ်းနီပြည်သူ့စစ်) အမှတ် ၇၅၃ တပ်ရင်းက ပြည်သူ့စစ် ၉ ဦး လက်နက်တွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ ဟုမ္မလင်းမြို့နယ် ‘ပကဖ’ က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More