မကွေးနဲ့ ပဲခူးတိုင်းထဲက စစ်ကောင်စီ တပ်စခန်း ၄ ခုကို AA သိမ်းပိုက်... စစ်ကောင်စီတပ်သား ၄ ဦးကို IPDF က လက်ရဖမ်းဆီး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၈ ဖေဖော်ဝါရီ ၂၀၂၅
ရခိုင်-မကွေး၊ ရခိုင်-ပဲခူး ဆက်စပ် ဒေသတွေက စစ်ကောင်စီ တပ်စခန်း ၄ ခုကို AA (အာရက္ခတပ်တော်) နဲ့ PDF ပူးပေါင်းတပ်က သိမ်းပိုက်လိုက်တယ်လို့ Western News က ဖော်ပြပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်း လမ်းပေါ်က တပ်စခန်း ၃ ခုဖြစ်တဲ့ မထုံး၊ အထက်တုံးကြီးနဲ့ အောက်တုံးကြီး စခန်းကို ဖေဖော်ဝါရီ ၁၆ မှာ တပြိုင်တည်း သိမ်းပိုက်တာဖြစ်ပြီး ဒီစခန်းတွေဟာ နတ်ရေကန် ဗျူဟာကနေ ထွက်ပြေးလာတဲ့ စစ်သားတွေ စခန်းချထားတဲ့ နေရာလို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ တောင်ကုတ်-ဥသျှစ်ပင် လမ်းပေါ်ရှိ ပန်းကန်ကွဲ တပ်စခန်းကိုလည်း AA နဲ့ ပူးပေါင်းတပ်က တချိန်တည်း သိမ်းပိုက်လိုက်ပါတယ်။ စခန်းသိမ်းပွဲမှာ စစ်ကောင်စီ တပ်သားတွေရဲ့ အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းမိတယ်လို့ ဆိုပါတယ်။
ဥသျှစ်ပင် အနီးက ပန်းကန်ကွဲ တပ်စခန်းဟာ ကပစ ၆ (ကာကွယ်ရေးပစ္စည်းစက်ရုံ) နဲ့ နီးတဲ့အတွက် အင်အား အများအပြား ချထားပြီး အခိုင်အမာ ခံစစ်ပြင်ထားတဲ့ စခန်းလို့ ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ခုခံခဲ့သေးတယ်လို့ ဖော်ပြပါတယ်။
AA နဲ့ ဧရာဝတီတိုင်းက PDF တွေက မကျီးဇင်ဒေသကို သိမ်းပိုက်ပြီး ငသိုင်းချောင်းမြို့က အမတ ၃၄၄ ကို ထိုးစစ်ဆင်နေချိန်မှာ ပဲခူး-မကွေး ရှိ အရေးကြီး တပ်စခန်းတွေကို AA နဲ့ ပဲခူး-မကွေး PDF ပူးပေါင်းတပ်တွေက တပြိုင်တည်း သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင်...
- ကလေး- ဂန့်ဂေါ ကားလမ်းပေါ်ရှိ စစ်ကောင်စီစခန်း နောက်ထပ် ၃ ခုကို CDF - KKG နဲ့ ဒေသခံ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပြီး လက်နက် အများအပြား ရရှိ...
- ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ရေပူ ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ PNO (ပအိုဝ်း ပြည်သူ့စစ်) အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို IPDF နဲ့ ပူးပေါင်းတပ်က ကြားဖြတ် တိုက်ခိုက်ရာမှာ ၅ ဦးသေ၊ ၄ ဦးကို လက်ရဖမ်းမိ၊ လက်နက် ၅ လက် ရရှိ...
- ဖြူးမြို့နယ်၊ ဖြူး-ဇေယျဝတီ ကြားက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဆားဂွန်း စစ်ကောင်စီ ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...
- စစ်မှုမထမ်းမနေရ အမိန့်ကြောင့် ဖမ်းဆီးခံရပြီး တပ်ထဲရောက်သွားတဲ့ စစ်သားသစ် ၃ ဦး KNLA တပ်ရင်း ၉ ထံ လက်နက်နဲ့အတူ အလင်းဝင်လာ...
- တရုတ်အစိုးရရဲ့ ကြားဝင် စေ့စပ်မှုအရ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ PSLF/TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်နေစဉ်မှာ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ဒေသ နမ္မတူနဲ့ ကွတ်ခိုင်ကို လေယာဉ်နဲ့ ဗုံးကြဲ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment