ထီးထာရွာလေးသို့ သတိရခြင်း... (မူကြမ်း)
(၁၄- ၄- ၂၀၂၅)
(၁)
“ထီးထာဗျုစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်နေပြီ၊ စစ်တပ်က လေကြောင်းပစ်ကူသုံးနေလို့ စခန်းသိမ်းနိုင်ရေး နည်းနည်းကြန့်ကြာနေတယ်”လို့ မနေ့က သတင်းတွေဖတ်ရတော့ တချိန်က ထီးထာရွာလေးအကြောင်း ခေါင်းထဲမှာ ပြန်ပေါ်လာပါတယ်။
တကယ်ဆို ထီးထာရွာကို စာရေးသူ ပထမ ဆုံးအခေါက်ရောက်ခဲ့ဖူးတာ ၁၉၈၈ အောက်တိုဘာလဆန်းလို့ထင်ပါတယ်။ တောထဲရောက်ပြီး တလဝန်းကျင်အကြာမှာ ဘန်းချောင်း (အခုသတင်းထဲမှာပါတဲ့ ကျောက်ထုစခန်းဖက်ကနေ) ကနေ ထီးထာဖက်ရောက်လာတာပါ။ နောက်ဆုံးရောက်ခဲ့ဖူးတာ ၁၉၉၇ ဖေဖေါ်ဝါရီ ၂၀ ဝန်းကျင် မင်းသမီးခစန်းခွာစစ်အချိန်ဆိုတော့ ပြန်မရောက်တာ ၂၈ နှစ်ရှိသွားပြီပေါ့။
၂၀၁၃ တုန်းက ABSDF ကျောင်းသားစခန်းဟောင်းနေရာမှာ အာဇာနည်ဗိမာန် လုပ်မယ်ဆိုပြီး အဲဒီဒေသဆီ တခေါက်ရောက်ဖြစ်ခဲ့ပေမယ့် ထီးခီး-အလယ်စတိုလမ်းကနေ ဝင်တာကြောင့် ထီးထာကို မဝင်ဖြစ်လိုက်ဘူး။
---
(၂)-
၁၉၈၈ အောက်တိုဘာကနေ ၁၉၉၇ ဖေဖေါ်ဝါရီအထိ ၁၀ နှစ်တာအတွင်း ထီးထာရွာလေးဆီ စာရေးသူအပါဝင် ABSDF ကျာင်းသားတွေ (ကရင်အခေါ် ကျိုးဖိုးတွေပေါ့) မကြာခနရောက်ဖြစ်ကြ...
ထီးထာ အထက်တန်းကျောင်းရှေ့က နော်ဖောကေလာ လဖက်ရည်ဆိုင်မှာ လက်ဖက်ရည်တခွက်နဲ့ လဖက်သုတ်တပွဲလောက်ကို ရဲဘော် ၁၀ ယောက်လောက် ဝိုင်းရှယ် သုံးဆောင်ပြီး သကာလ ထီးထာကျောင်းက မူကနော်တွေကို ငေးကြည့်ခဲ့ကြဖူးတဲ့အကြောင်း...
ကိုယ်တွေက လက်နက်ကိုင်တော်လှန်ရေးသမားသာဆိုတယ် (ထီးထားရွာထဲသွားရင်တော့ လက်နက်မပါကြပါဘူး။ ကျိုးဖိုးတွေက နောက်တန်းမှာ လက်နက်မကိုင်ဘူး) ကိုယ့်ဘာသာ ကျောင်သားလို့ခံယူထားဆဲ- လဖက်ရည်ဆိုင်ထိုင်တာကို အရသာတွေ့နေဆဲကာလပေါ့။
အဲဒီ ထီးထာရွာနဲ့ ကျိုးဖိုးတွေရဲ့ အမရာစခန်း (မင်းသမီးစခန်း) က ၃ ကီလိုလောက်ဝေးပါတယ်။ အခုခေတ် PDF လူငယ်တွေဆိုရင်တော့ ဆိုင်ကယ် သို့မဟုတ် ကားနဲ့သွားကြမှာပေါ့။ ကိုယ်တို့ခေတ်ကတော့ တပ်ရင်းတခုလုံးမှ ဆိုင်ကယ်တစီး (ဒါတောင် အမြဲတန်းလိုလိုပျက်နေတာ) နဲ့ စက်လှေတစီးပဲရှိတာ။
ဒီတော့ ဖုန်ထူထူမှာ နေပူခံပြီး သစ်မှောင်ခိုလမ်းအတိုင်း ကုန်းကြောင်းလျောက်ပေါ့။ စခန်းကနေ ဒီတိုင်းထွက်လို့က မရပြန်၊ ဘာအကြောင်းပြ- ညာအကြောင်းပြပြီး စခန်းပြင်ထွက်ခွင့်လက်မှတ်ကလည်း ယူရသေး...။
အဲဒီထီးထာရွာကို မဝင်ခင်မှာ အမရာကတက်လာတဲ့လမ်းနဲ့ ထီးခီးကနေ ဆင်းလာတဲ့လမ်းက ရွာအဝင် KNDO ကုန်းနားက စစ်ဆေးရေးဂီတ်မှာ ဆုံပါတယ်။ ဒီဖက်ချမ်းမှာက တနသာၤရီမြစ်၊ အဲဒီမြစ်ဘေးမှာ ရွာတည်ထားတာ။ KNDO ကုန်းကနေ ဆင်းလာရင် ထောင် ရောက်မယ်၊ ပြီးရင် ထီးထာရွာထဲရောက်မယ်၊ အိမ်တွေက ထိုင်းစတိုလ် ဆောက်ထားကြတာ။
အိမ်ခြေ ၂၀၀ ကျော်၊ ၃၀၀ လောက်ရှိမလားပဲ... သန်ခေါင်းစာရင်းကောက်သလို နေရာအနှံ့ သွားလို့ရတဲ့ခေတ်မဟုတ်တော့ စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ ဆေးရုံတွေ လောက်ပဲ ကျိုးဖိုးတွေက အသွားများပါတယ်။ မူကနော် တွေကလည်း အဲဒီအရပ်တွေမှာပဲ များတယ်ဆိုတော့ကာ...။
---
(၃)
အခု ၂၈ နှစ်ကြာပြီးချိန်မှာတော့ ထီးထာဗျုဟာစခန်းကို (၁၉၉၇ ဖေဖေါ်ဝါရီမှာ တော်လှန်ရေးတပ်တွေ ဒီရွာကနေ ဆုတ်ပေးလိုက်ရပြီးနောက် စစ်တပ်က စခန်းချထားတဲ့နေရာ) တော်လှန်ရေးတပ်တွေက ပြန်တိုက်နေပြီ၊ မကြာခင် သိမ်းနိုင်တော့မယ်- ဒီလို သတင်းတွေ ဖတ်ရပါတယ်။
သတင်းတွေကို ဆက်စပ်လိုက်ဖတ်ကြည့်တော့ ထီးထာဗျုဟာ ဟာ ဒီဒေသမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီစခန်းပါပဲ။ (ထီးခီးကို သိမ်းပိုက်တဲ့သတင်း မကြားမိပေမယ့် သိမ်းထားပြီပြီလို့ သတင်းခုမှာတွေ့ရ) အရင်နှစ်တွေက ဘန်းချောင်ဖက်က ကျောက်ထုစခန်း၊ ပြီးတော့ နယ်စပ်ဖက်က မောထာ၊ အောင်သာဝရ၊ ကမာပုလောစခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
ဆိုတော့ ထီးထာဗျုဟာကုန်းကို သိမ်းပြီးရင် မေတ္တာကနေ ထိုင်းနယ်စပ်အထိ စစ်ကောင်စီ ကင်းစင်သွားပြီ၊ တနည်းအားဖြင့် စာရေးသူတို့ တောစခိုတဲ့ ၈၈ ကာလလို လွတ်မြောက်ဒေသ အကျယ်ကြီး ပြန်ဖြစ်သွားပြီဆိုတဲ့သဘောဖြစ်ပါတယ်။
တချို့က ဝေဖန်နိုင်ပါတယ်။ သူများတွေက မြို့သိမ်းနေချိန်မှာ ခင်ဗျားတို့က နယ်စပ်စခန်းလေးသိမ်းတာကို ဘာကြောင့်အရေးတယူ စာဖွဲ့နေတာလဲ...ဆိုပြီး...။
ဒီလိုရှိပါတယ်- အူးလေးဒေ...။ နယ်စပ်စခန်းတွေသိမ်းပိုက်ရေးဟာလည်း KNU တွက်တော့ မြို့သိမ်းသလိုပဲ အရေးကြီးပါတယ်။ ထီးထာကို သိမ်းလိုက်နိင်ခြင်းက ထားဝယ်-ကန်ချနပူရီလမ်းနဲ့ ထီးခီးကုန်သွယ်ရေးဂိတ်ကို လုံး၀ ထိန်းထားနိုင်လိုက်တာဖြစ်ပါတယ်။
ဒုတိယ အချက်က ဒီစခန်းတွေကိုသိမ်းဖို့၊ စစ်ကောင်စီတပ်ကို အပြတ်တိုက်ဖို့ဆိုတာ ဖထီးတွေကြားမှာ သဘောတရားအရ အတော်ငြင်းခုန်ပြီးမှ လုပ်ခဲ့ရတယ်လို့ ထင်ပါတယ်။
အစောပိုင်းသတင်းတွေအရဆိုရင် မြို့နဲ့နီးတဲ့ စခန်းတွေကိုပဲ တိုက်ပါ၊ ထီးခီးကားလမ်းနဲ့ ကုန်သွယ်ရေးအတွက် နေရာတွေကို လွတ်ပေးထားပါ။ တိုက်တဲ့နေရာတိုက်- ဖက်စပ် စီးပွားရေးလုပ်တဲ့နေရာလည်းလုပ်- ဒီလို မပြတ်မသား မူဝါဒနဲ့သွားနေတာ ၄ နှစ်ကြာပြီးမှ အခုလို တိုက်လာတဲ့အတွက် ဒါဟာ စစ်ရေးအရ အပြင် နိုင်ငံရေးအရေပါ အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။
နောက်တချက်က ထီးခီး-ထီးထာဆိုတာဟာ (အများသိတဲ့ KNLA တပ်မဟာ ၄ ဒေသ) လက်ရှိ KNU ဥက္ကဌ ပဒိုကွယ်ထူးရဲ့ အခြေခံဒေသတွေပါ။ ဒီဒေသရှိ စစ်ကောင်စီတပ်ကို ရှင်းတယ်ဆိုတာဟာ KNU ဗဟိုရဲ့သဘောထားလို့လည်း ဆိုနိုင်ပါတယ်။
နောက်- တဆက်တစပ်တည်းစဉ်းစားမိတာက (စစ်တပ်ကို အပြတ်မတိုက်တာ KNLA တပ်မဟာ ၄ နဲ့ တပ်မဟာ ၇ လို့အစောပိုင်းက ဝေဖန်မှုတွေရှိတာ လူတိုင်းသိပါတယ်) တပ်မဟာ ၇ ကလည်း မာနယ်ပလောဌာနချုပ် စခန်းဟောင်းနေရာကို ဒီဇင်ဘာမှာသိမ်းတယ်၊ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်မှာ DAB တပ်ပေါင်းစု ဖွဲ့စည်းခဲ့တဲ့နေရာ ကလယ်ဒေးစခန်းကိုသိမ်းတယ်။ ဒီလိုဖြစ်စဉ်တွေဟာ တပြိုင်တည်း လိုလိုဖြစ်ပေါ်လာတာပါ။
ဒါကြောင့် တပ်မဟာ ၇ နဲ့ တပ်မဟာ ၄ တွေရဲ့ နယ်စပ်ဒေသရှိ စစ်ကောင်စီစခန်းတွေကို အပြတ်ရှင်းတာဟာ ထူးခြားတဲ့ ပေါ်လစီတိုးတက်မှုလို့ ပြောရခြင်းဖြစ်ပါတယ်။
ဒီနယ်စပ်ကစခန်းတွေသိမ်းရေးဟာ အခြားအဖွဲ့တွေက မြို့သိမ်းသလိုပဲ KNU အတွက် အရေးပါတယ်လို့ပြောရခြင်းဖြစ်ပါတယ်။
ဒီနယ်စပ်စခန်းသိမ်းပွဲတွေကနေတဆင့် KNLA နဲ့ PDF တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းလာပြီး ရခိုင်၊ ချင်း၊ အညာ၊ ကချင်၊ ရှမ်းမြောက်၊ ကရင်နီဒေသတွေလိုပဲ ကရင်နဲ့ ဆက်စပ်ဒေတွေမှာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ အရှိန်ကောင်းလာမယ်လို့ မျှော်လင့်မိပါတယ်။. ။
0 comments:
Post a Comment