သြစတေလျသို့ခရီးသွာခြင်း (၂)
(၁) - Crocodile dundee ရုပ်ရှင်ထဲကထွက်ပြီး Wollongong မှာ surfing စီးခြင်း...
ဆစ်ဒနီမှာ တညအိပ်ပြီး နောက်တနေ့ မနက်မှာတော့ ပင်လယ်ကမ်းခြေတွေ သိပ်လှတယ်ဆိုတဲ့ Wollongong (ဝေါလိုဂေါင်) မြို့ဆီ သွားလည်ပါတယ်။ ဟိုက်ဝေးလမ်းတွေကနေတဆင့် ဘေးမဲ့တောကြီးတခုကို ဖြတ်သွားရတယ်လို့ ထင်ပါတယ်။
ဒီမနက်မှ သြစီမှာ ကားတွေ ဘယ်မောင်းမှန်းသတိထားမိပါတယ်။ ဥရောပမှာတော့ ယူကေ
ကလွဲရင် ကျန်နိုင်ငံအားလုံး လက်ယာကပ်မောင်းပါပဲ။ ဒါကြောင့် စပိန်မှာ စက်ဘီးသမားတွေ ထရေနင်ဆင်းရင်း တိုက်မိပြီဆို ယူကေ က ကားဆရာတွေပဲ...။ သူတို့က ဘယ်-ညာ ပြောင်းပြန်မောင်းမိတာကိုး...
ထိုင်းမှာလည်း ဘယ်မောင်းပါပဲ။ ယာမောင်း မြန်မာတွေ သိပ်ပြသာနာရှိတာ မတွေ့မိပါဘူး။ ဒါပေမယ့် ၂၀၁၃ မြန်မာပြည် ပထမ အခေါက်ရောက်စဉ်ကတော့ ဂျပန်ကနေ ဒီတိုင်း (မြန်မာအတွက် သီးသန့် မှာတာမဟုတ်) တင်သွင်းထားတဲ့ ဘတ်စ်ကားတွေက ယာဖက် ပလက်ဖောင်းမှာကပ်ရပ်ထားပြီး လူဆင်းပေါက်တွေက လမ်းလယ် ဘယ်ဖက်မှာ... အန္တရယ်များပုံ ပြောပါတယ်။
ပြောင်းရင်းနဲ့ သြစီကနေ မြန်မာပြည်ရောက်သွားပြန်ပြီ...။ ကျနော့်ကို လိုက်ပို့တဲ့သူတွေက သစ်တောသစ်ပင်တွေကိုပြချင်လို့ ဒီလမ်းကနေ ေမာင်းသွားတာလည်းဖြစ်နိုင်ပါတယ်။
ထင်းရှုးတောကနေ ယူကလစ်တောဆီရောက်လာတယ်ပြောရမလား...။ သစ်ပင်တွေက
နော်ဝေနဲ့မတူတာကတော့ သေချာတယ်။
မြန်မာနဲ့ တူသလားဆိုတော့လည်း အဲလိုလည်းမဟုတ်ပြန်ဘူး။ ယူကလစ်ပင်ကလွဲရင်
ကျန်တဲ့အပင်တွေကို ကိုယ်က သိပ်သိတာမဟုတ်။ သေချာတာကတော့ နော်ဝေမှာလို
သွားလေရာ ထင်ရူးတောချည်း တွေ့နေတာမျိုး မဟုတ်ဘူး။ ယူကလစ်အပြင်
အခြားအပင်မျိုးစုံကိုလည်း သဘာဝတောထဲ တွေ့နေရပါတယ်။
ဒီတောတန်းကိုကျော်ပြီး ထွက်လာတာနဲ့ Wollongong ရဲ့ အလှပဆုံးတောင်ကုန်းတခုဆီ ရောက်ပါတယ်။ အပူချိန်က မနက်အစောပိုင်း အိမ်ကထွက်စမှာ ၁၂ လောက်ပဲရှိပေမယ့် အခု နေ့ခင်း တနာရီလောက်မှာ ၁၈ လာက်ရှိနေပြီ၊ နေ ကလည်းသာနေတော့ အော်စလိုနွေ ထက်တောင် ပိုသာယာနေပါတယ်။
ဒါပေမယ့် ဒီက လူတွေက အနွေးထည် ကိုယ်စီနဲ့။ ၂၀၁၅- ဖေဖေါ်ဝါရီ တုန်းကသွားဖြစ်တဲ့ ဂရိက အေသင်ကိုတောင် သတိရမိ။ အေသင်က လူတွေလည်း အဲလိုပဲ။ အပူချိန် ၁၈ လောက်ရှိတာကို အနွေးထည်ကိုယ်စီနဲ့။ ကိုယ်တွေ အာ်စလိုမှာက ဖေဖေါ်ဝါရီဆို အနုတ် ၁၀ လောက်ရှိနေတာဆိုတော့ အပေါင်း ၁၈ ဆိုရင် တီရှပ်နဲ့ ဘောင်းဘီတိုနဲ့ ဖြစ်နေပြီ။ အချို့ပြောတာကတော့ အာရှလူငယ်တွေဟာ ကိုရီးယားစတိုင်လ် ဝတ်နေကြတာလို့ ဆိုပါတယ်။
တောင်ကုန်းပေါ်ကနေ ပင်လယ်နဲ့ မြို့ဖက်ကို ဓတ်ပုံလှမ်းရိုက်တော့မှ သမိုင်းဝင်တံတားဆိုတာကို သတိထားမိပါတယ်။ အဲတော့မှ -ကိုယ် အခုရောက်နေတဲ့ တာင်ကုန်းက သြစီ စက်ဘီးပွဲတွေထဲက နာမည်ကြီးပန်းဝင်တောင် wollongong hill လား မသိဘူး- ဆိုပြီး ဆိုင်းဘုတ်တွေကို လိုက်ဖတ်ရပါတယ်။
စက်ဘီးသမားတွေကို ခနတွေ့လိုက်ပေမယ့် စကားမပြောလိုက်ရဘူး။ စာရေးသူ သြစီကို
သိထားပုံကလည်း ကြည့်အူး...။ Crocodile dundee - ရုပ်ရှင်ကြည့်ရင်းနဲ့ သိထားတာ။ ပြီးရင် အခုနောက်ပိုင်း နိုင်ငံတကာစက်ဘီးပွဲ သတင်းတွေကြည့်ရင်းနဲ့ ဟိုးမှာ မြင်နေရတဲ့ တံတားတွေ၊ အခု ရောက်နေတဲ့ ကုန်းထိပ်တွေကို သိနေတာ...
သိနေတယ်ဆိုတာ ရောက်ပြီးမှ သိတာ၊ ဒီနေရာကို ရောက်ချင်လို့ လိုက်ပို့ခိုင်းတာမျိုး မဟုတ်ဘူး။ မရောက်ဖူးတဲ့ နေရာတွေ၊ လူအခံ မရှိတဲ့နေရာတွေဆိုရင်တော့ မသွားခင် ဂိုဂယ်ခေါက်ပြီး ကြိုတင်လေ့လာလေ့ရှိပေမယ့် လူခံရှိရင်တော့ ဘာမှ မလေ့လာပါ။ သူများပို့တဲ့
အတိုင်း လိုက်သွားရုံ သက်သက်ပါပဲ။
အဲတောင်ကုန်းပေါ်ကနေ မြို့ထဲဆင်းလာတော့ ကားလမ်းမနဲ့ ပင်လယ်ကြားမှာ
ဆောက်ထားတဲ့ အိမ်လေးတွေက အတော်လှပ၊ တကယ့် နေချင်စရာကြီး...။ ဟောလီးဒေး ခနနေဖို့ပြောပါတယ်။ ကိုယ်ပိုင်ဝယ်နေမယ်ဆိုရင်တော့ အတော်ဈေးကြီးမယ့် ဘောစီ
ရပ်ကွက် ဖြစ်မယ်ထင်ပါတယ်။
မြို့ဟိုဖက်အထွက်မှာတော့ တရုတ်ဘုန်းကြီးကျောင်းတခုရှိပါတယ်။ အာရှသားတွေအတော်များများ သွားလယ်ကြတယ်ထင်ပါတယ်။ ဒီဒေသမှာ အာရှ တိုးရစ်တွေ စိတ်ဝင်စားတဲ့ နေရာတခုပေါ့။ ကိုယ့်အတွက်တော့ သတ်သတ်လွှတ် နေ့လယ်စာ စားရတာ၊ အသားတုတွေ စားရတာ အခုထိ အမှတ်ရနေပါတယ်။
အဲဒီကအပြန် တောင်ကုန်းထိပ်တခုကနေ ပင်လယ်ပြင်ကိုလှမ်ကြည့်ရတဲ့ ရှုခင်းကလည်း
သိပ်လှပါတယ်။ ဘေးနားက ကမ်းခြေမှာ လူငယ်အချို့ ရေကူးနေတာတွေ့ရပေမယ့်
ကိုယ်တွေမှာက ရေကူးဖို့ ဘာမှပြင်လာတာ မရှိဘူး။ ပြီးတော့ ကိုယ်ကသာ ရေကူးချင်နေတာ ကိုယ့်ကိုလိုက်ပို့တဲ့လူတွေက... ဆောင်းရာသီကြီး ရေကူးစရာလား- ဆိုပြီး မေးချင်နေပုံ။
ဟိုဖက်နားမှာတော့ surfing - ရေလွှာလျောစီးနေတဲ့ လူငယ်တွေ အများကြီး။
အချို့လူငယ်တွေက ကိုယ်တွေရှေ့ကနေဖြတ်ပြီး ကျောက်တုံး ကျောက်ဆောင်တွေပေါ်ကို
ဖိနပ် မပါပဲဖြတ်သွား၊ ကျောက်တုံးကြားကနေ ပင်လယ်ထဲ စီးသွားတာက အားကျစရာ...
အားကျစရာဆိုမှ သြစီမှာနေပြီး surfing (ရေလွှာလျောစီး) လည်းမစီးတတ်၊ နော်ဝေမှာနေပြီး စကီး (နှင်းလျော်စီး) လည်း မစီးတတ်။ နော်ေ၀ ရောက်စက စီးသင်ဖို့ပြင်ပါသေးတယ်။ - အသက်ကြီးပြီး အူးလေး- အဲဒါတွေ သွားမလုပ်နက်၊ အရိုးကျိုးသွားရင် လူငယ်တွေလို ပြန်ဆက်ဖို့ မလွယ်ဘူး...တဲ့။ အဲဒါနဲ့ မသင်ဖြစ်ဘူး။
တနေ့က ကြည့်မိတဲ့ BBC သတင်းတပုဒ်မှာတော့ သြစီဟာ surfing လုပ်ငန်းကနေ တနှစ်ကို သြစီဒေါ်လာ သန်း ၂၀၀၀ အထိ ဝင်ငွေရနေတယ်လို့ ဖေါ်ပြပါတယ်။ ကျွန်းနိုင်ငံဆိုတော့ ကမ်းခြေတွေကလည်းများ၊ ရာသီဥတုကလည်း ဆောင်း (နှင်းကျ-အေးခဲ- ရေကူးလို့မရ) ရာသီမရှိဘူးဆိုတော့ တနှစ်ပတ်လုံး surfing စီးနိုင်၊ ဆိုင်ကယ်စီးနိုင်၊ စက်ဘီးစီးနိုင်တဲ့ ဒေသပေါ့...။
---
(၂) ဟောလီးဒေးသွားတာလား... မိတ်ဟောင်းဆွေဟောင်းတွေကိုလိုက်တွေ့တာလား...
ဒုတိယနေ့မှာတော့ ဆစ်ဒနီရောက်ရင် မဖြစ်မနေသွားရမယ့် (ဓာတ်ပုံရိုက်ရမယ့်)
အော်ပရာဟောက်စ်နဲ့ တံတားကြီးဖက်ရောက်ပါတယ်။ ဆစ်ဒနီမှာ ကားကျပ်တဲ့အတွက်
ကားတဝက်စီး၊ မြို့ပတ်ရထား တဝက်စီးပြီး မြို့ထဲ ရောက်လာပါတယ်။
ရထားတွေ၊ ဘူတာတွေ၊ ငွေပေးစနစ်တွေက ခေတ်မီတယ်ပြောရမလား...။
ရထားလက်မှတ်ဝယ်စရာမလိုဘူး။ ဘူတာဝင်ပေါက်ကမှာ ခရက်ဒစ်ကတ် ကပ်လိုက်ရုံနဲ့
ငွေ အော်တိုဖြတ်ပြီး လူ ဝင်လို့ရပါတယ်။ လက်မှတ်တွေ- ေငွလက်ခံဖြတ်ပိုင်းတွေ ထွက်မလာတော့ ဘယ်လောက်ဖြတ်သွားမှန်းတော့ မသိဘူးရယ်။ (နောက်ပိုင်း ဘဏ်မှာပြန်ကြည့်တော့ တခါဖြတ် တဒေါ်လာ ဝန်းကျင်လောက်ပဲရှိပါတယ်)
နောက် သတိထားမိတာက အေးရှားတွေ များသလားမမေးနဲ့။ တောင်အာရှနဲ့စာရင်
အရှေ့တောင်အာရှက ပိုများမယ်ထင်ပါတယ်။ လူဖြူတွေက လူနည်းစုလားလို့တောင်
ထင်မိပါတယ်။ (ကိုယ်သွားမိတဲ့နေရာက အေရှားများတဲ့နေရာချည်း ဖြစ်နေတာကြောင့် လည်းဖြစ်နိုင်ပါတယ်)။
အာရှဆိုင်တွေကလည်း အများကြီး။ အဂ်လိပ်စကားကိုလည်း အသံထွက်မမှန်၊ သဒါမမှန်နဲ့ ပြောချင်သလို ပြောနေကြတာ...။ တကယ်တော့ ဘာသာစကားဆိုတာ တယောက်နဲ့ တယောက်ကြား နားလည်ဖို့ အဓိက မဟုတ်ပါလား။
ညနေပိုင်းတခုမှာတော့ ဗီယက်နမ်ဈေး ဆိုတာကိုရောက်သွားပါတယ်။ တကယ့် ဗီယက်နမ်ကို ရောက်သွားသလိုပါပဲ (တကယ်က ဗီယက်နမ်ကို စာရေးသူ မရောက်ဖူးသေးပါ)။ လူဖြူ တယောက်စ နှစ်ယောက်စကလွဲရင် အားလုံး အေးရှားတွေချည်း၊ ဗီယက်နမ်က ၉၉ % လောက်ရှိမယ်ထင်ပါတယ်။ ကိုယ်တွေကိုတောင် ဗီယက်နမ်ထင်ထင်ပြီး ဗီယက်နမ်စကား လာပြောနေလေရဲ့...
ဆိုလိုတာက အေးရှား သိပ်များတယ်။ ဥရောပနဲ့ မတူဘူး (နော်ဝေနဲ့မတူဘူး)။ လူဖြူတွေကြားမှာ ကိုယ်တွေ အထီးကျန်ဖြစ်နေတယ်လို့ မခံစားရဘူး။ အေးရှား ဆိုင်တွေကလည်း အများကြီး၊ သြစီကိုရောက်နေတာမဟုတ်ပဲ ထိုင်းကိုများ ရာက်နေသလားလို့တောင် ခံစားမိပါတယ်။
ဒါက အေးရှားများတဲ့အကြောင်း ဆက်စပ်ရေးမိတာ။ ခုနက ဆစ်ဒနီမြို့လယ် အော်ပရာဟောက်စ် အကြောင်း ဆက်ပြောရရင် စိတ်ထဲမှာ ထင်ထားသလောက် အော်ပရာဟောက်စ်က မကြီးကျယ်သလိုပါပဲ၊ ပြီးတော့ တံတားကလည်း ကိုယ်ထင်ထားသလောက် မကြီးကျယ်နေပြန်ဘူး။ ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေထဲကပုံနဲ့ အပြင်ပုံ ဒီလောက်တာ့ ကွာမှာပေါ့လေ...
ဟိုနား ဒီနား လယ်ပြီးပြီဆိုတော့ ညနေပိုင်းတခုမှာ ရဲဘော်ဟောင်းတွေနဲ့ တွေ့ဖို့ ချိန်းရပါတယ်။ မေးခွန်းတော့ ထုတ်ချင်စရာပါ။ -ခင်ဗျားက ေဟာလီးဒေးသွားတာလား... မိတ်ဟောင်းဆွေဟောင်းတွေ လိုက်တွေ့တာလား...
ဟောလီးဒေးရဲ့ အဓိပါယ်က ပထမပိုင်း အဖွင့်မှာ ရေးပြခဲ့သလို -တနှစ်စာ (၁၁ လစာ) ပင်ပန်းထားသမျှကို တလတာ အနားယူပြီး အားပြန်မွေးတာ။
အနားယူတယ်ဆိုတာ ဒီလို စိတ်ကူးတည့်ရာ မနားမနေ လျောက်သွားနေတာမဟုတ်။
တောင်ပေါ်မှာ၊ ကမ်းခြေမှာ ဆက်တိုက်နေပြီး ရေကူး၊ ဇိမ်ခံ စသဖြင့် အားလုံးနဲ့အဆက်ဖြတ်၊ တကယ့်ကို ၁၀၀% အနားယူရမှာ။ အဲလိုနားမှ ဘက်ထရီက အားပြန်ပြည့်မှာ...တဲ့။
အခုက မဟုတ်သေးဘူး။ စိတ်ကူးတည့်ရာ လျောက်သွားနေတဲ့အပြင် ရောက်လေရာမှာ
မိတ်ဟောင်းဆွေဟောင်း၊ ရဲဘော်ဟောင်းတွေနဲ့တွေ့ဆုံရေးကလည်း ဦးစားပေး လုပ်ငန်းစဉ်တခု။ ဒီလို ရဲဘော်ဟောင်းတွေနဲ့ တွေဆုံခြင်းကလည်း အနားယူခြင်းတမျိုုးဖြစ်နေလေသလား၊ တော်လှန်ရေး ဘက်ထရီကို အားပြန်ပြည့်စေသလား... စဉ်းစားစရာပါပဲ။
ဆစ်ဒနီမှာ အခြေချနေတဲ့ ABSDF ရဲဘော်ဟောင်းတွေက မနည်းလှဘူး။ စာရေးသူတို့
မင်းသမီးခစန်းကချည်း ၁၀ လောက်ရှိမယ်ထင်ပါတယ်။ ABSDF တခုလုံးအနေနဲ့ဆိုရင်
၃၀ ကျော် လောက်တောင်ရှိမယ်ထင်ပါတယ်။ တမြို့တည်းမှာ ရဲဘော်ဟောင်း
ဒီလောက်များတာ ဆစ်ဒနီနဲ့ မဲဘန်းပဲ ရှိမယ်ထင်ပါတယ်။
အော်စလိုနဲ့ယှဉ်ပြီးပြောနေတာပါ။ အမေရိကားက အချို့မြို့တွေမှာလည်း ဒီလိုရှိနိုင်ပါတယ်။ ဒိန်းမတ်က ဘာမင်မြို့မှာလည်း ရှိပါတယ်။ အော်စလိုမှာတာ့ ကိုယ့်စခန်းက ကိုယ်တယောက်တည်း၊ AB တခုလုံးပေါင်းရင်တောင် တပ်စိပ်တစိပ်စာလောက်ပဲရှိမယ်ထင်ပါတယ်။
မိဘ၊ ဆွေမျိုးမရှိတဲ့ ရေခြား-မြေခြားမှာ ဒီလိုရဲဘော်ရဲဘက်တွေဟာ တကယ့် ဆွေမျိးတွေပါပဲ။ အရေးအကြောင်းဆိုရင် ဒီလူတွေကပဲ အချင်းချင်း ရိုင်းပင်းကူညီနိုင်ကြတယ် မဟုတ်ပါလား...။
“သူပုန်ကျောင်းသားကြီးရယ်... မင်း ဒေါက်တာမြင့်ချိုကို ဖိတ်မယ်ဆိုရင်လည်း မနက်ပိုင်း သီးခြားဖိတ်ပါလားကွာ၊ ညပိုင်းဆို သူ့ရှေ့မှာ သောက်ရတာ အဆင်မပြေလှဘူး” တဲ့ ... ရဲဘော်ဟောင်းတယောက်က နောက်ပါတယ်။
ရဲဘော်တွေအားလုံးကို ပိတ်သတ်တွေ သိဖို့မလွယ်ပေမယ့် ဒေါက်တာမြင့်ချိုကိုတော့ အတာ်များများသိကြမယ်ထင်ပါတယ်။ အခု - သြစီရောက် မြန်မာတယောက်- အကြောင်း အွန်လိုင်းမှာရေးနေတာအပြင် အရင်နှစ်တွေကလည်း -တော်လှန်ရေးသမားတဦးရဲ့ ဘဝဖြတ်သန်းမှု-တွေကို အခန်းဆက်ရေးတာ၊ စာအုပ်ထုတ်တာ စသဖြင့် ဆက်တိုက်လုပ်နေသူပါ။
ဒါက လက်ရှိ အွန်လိုင်းပိတ်သတ်သိတဲ့ အလုပ်အကိုင်ကိုပြောတာ။ အရင်ကတော့ စာရေး သူတို့နဲ့အတူ ABSDF ရဲဘော်တွေပေါ့...။ ရဲဘော်ခြင်းအတူတူ ဘာကြောင့် သူ့ရှေ့မှာ အရက်သောက်ဖို့ စိုးရိမ်နေသလဲ... အဲလို မေးချင်တာလား...
အဲဒီကာလက သူက ဗဟိုအတွင်းရေးမှူး (၁) လေ၊ စည်ကမ်းကြီးသလား မမေးနက်...
အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား... စသဖြင့် ဘုန်ကြီးလိုနေလို့
“ခင်ဗျားက လူပြည်မှာ ဘာလာလုပ်တာလဲ” ဆိုပြီးတောင် အမေးခံရဖူးတယ်
ဆိုပါတယ်။
တကယ်ကတော့ နောက်ပြီး ပြောနေကြတာပါ။ ဒီလူတွေ ABSDF က ထွက်ပြီး သြစီမှာ
အခြေချနေတာတောင် နှစ် ၂၀ ကျော်နေပြီပဲ။ တောထဲက စည်းကမ်းတွေ ဘာ
လိုက်နာစရာလိုတော့မလဲ...။
ဒါပေမယ့် သေချာတာတော့ ABSDF ကာလ တာဝန်အရ လေးစားမှုတွေဟာ အခုချိန်အထိ
ရှိနေဆဲ...။ နှစ်တွေ ဘယ်လောက်ကြာကြာ ရဲဘော်ရဲဘက် ဆက်ဆံရေးက နွေးထွးနေဆဲဖြစ်တယ်ဆိုတာကို တင်ပြလိုခြင်းသာဖြစ်ပါတယ်။
တွေ့ဆုံပွဲ မှတ်တမ်းပုံထဲက ရဲဘော်အားလုံးကို ပိတ်သတ်သိဖို့မလွယ်ဘူးဆိုပေမယ့် တကယ်တော့ -“သူပုန်ကျောင်းသား” စာအုပ်ထဲက ဇတ်ကောင်တွေက အများစုပါ။ ဒေါက်တာမြင့်ချိုုက ဝမ်ခ (ကောမူးရာ) စစ်မြေပြင်မှာ ကတုတ်ကျင်းထဲ ဆေးခန်းဖွင့်သူ၊ ကိုတင်ရွှေက လက်နက်ကြီးဆရာ၊ ကိုဌေးအောင်က မင်းသမီးစခန်း ခွာစစ်မှာ အဓိက တာဝန်ယူရသူ၊ ကိုတင်ကိုက ဟွာဟင် (စခန်းသစ်) ဖက် ပထမ ဆုံးရောက်လာတဲ့ အဖွဲ့ထဲက။ ကိုကြည်ေ၀ က
မင်းသမီးကနေ သေဘောဘိုမှာ ပဒိုသင်တန်း သွားတက်သူ...။
ကျန် ရော်ဘဲတွေကတော့ ဗဟိုက လူကြီးတွေနား ဒစ်ဒစ်ဒါဒါ လုပ်သူနဲ့ ဘန်ကောက်ရုံးမှာ ဘိုလို မှုတ်သူတွေပေါ့...။
နှစ် ၂၀ ကျော်၊ မတွေ့တာ ကြာပြီဆိုတော့ ညနေ ၅ နာရီကစတဲ့ ပွဲဟာ ၁၁ နာရီလောက်အထိ မပြီးဘူးရယ်။ ဟိုတပ်ရင်းက ဘယ်ရဲဘော် ဘယ်နိုင်ငံရောက်နေလဲ... ဟိုကောင်ကြီးက ကျန်းမာရေး မကောင်းဘူး၊ ဘယ်သူကတော့ ဘယ်နိုင်ငံမှာ၊ ဟိုအစည်းအဝေးမှာ ဘယ်သူက ဘာဆွေးနွေးခဲ့တယ်။ ဘယ်တိုက်ပွဲမှာ ဘယ်သူက ဘယ်လို တိုက်ခဲ့ကြတယ်... စသဖြင့် ... ပြောမကုန်...။
နောက်သတိထားမိတဲ့ အပြောင်းအလဲတခုက တောတွင်းကာလက လူဆိုးတွေ အခု
ဘုရားတရားနဲ့ဖြစ်နေကြပြီ၊ ဘီယာကိုတောင် အယ်ကိုဟော မပါတဲ့ ဂျင်းဘီယာ သောက်နေလေရဲ့။
တောတွင်းမှာတုန်းက အရက်မသောက်၊ ဆေးလိပ်မသောက်- သူများအရက်သောက်တာ
လိုက်ဖမ်းသူ၊ နောက်ပိုင်း ထိုင်း ထောက်လှမ်းရေးနဲ့ပေါင်းမှ အရက်သောက်တတ်လာတဲ့ ကိုယ်က အခုမှ အရက်ကြိုက်သူဖြစ်နေ၊ JD ပုလင်းကိုတောင် အော်စလိုကနေ ဆစ်ဒနီအထိ တကူး တကာ့သယ်လာမိတဲ့အထိ...
ဟော... ၁၁ နာရီထိုးနေပြီ အူးလေးဒေ...။ ရှေးဟောင်းနှောင်းဖြစ်တွေ ခနရပ်ပြီး အနာဂတ်အကြောင်းပြောမှဖြစ်မယ်။ လက်ရှိ အခင်းအကျင်းပေါ် ဘယ်လိုမြင်ကြသလဲ...။ နွေဦးတော်လှန်ရေးကို ဘယ်လိုကူညီနေကြသလဲ... ထောက်ပို့လုပ်ငန်းစဉ်ကို ဒီထက်ထိရောက်အောင် ဘယ်လိုအရှိန်မြှင့်ကြမလဲ...ဆွေးနွေးဖြစ်ပါတယ်။
တကယ်က ဒီထဲက ရဲဘော်အတော်များများက လက်ရှိ ABSDF နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့အပြင် နွေဦးတော်လှန်ရေးရဲ့ ထောက်ပို့လုပ်ငန်းကိုလည်း ထဲထဲဝင်ဝင်လုပ်နေသူတွေပါ။ ဆစ်ဒနီမှာ အပတ်စဉ် ရန်ပုံငွေ ဈေးရောင်းပွဲရှိပါတယ်။ လစဉ် ဒေါ်လာ ထောင်-သောင်းချီ
ပေးပို့နေကြတာလည်းဖြစ်ပါတယ်။
ဆိုတော့... ဒီလို ရဲဘော်ဟောင်းတွေနဲ့တွေ့... ရှေးဟောင်းနှောင်းဖြစ်တွေပြော... တော်လှန်ရေးအတွက် အတတ်နိုင်ဆုံးကူညီကြဖို့ ပြောခွင့်ရတာကလည်း စိတ်ကျေနပ်ဖွယ် တခု မဟုတ်ပါလား။ စိတ်ကျေနပ်တယ်ဆိုရင် ဒါကိုလည်း အပန်းဖြေခြင်း တခုလို့ ဆိုနိုင်မလား...။
(အပိုင်း ၃ ကို ဆက်လက် ဖေါ်ပြပါမည်)။
0 comments:
Post a Comment