ဇင်းမယ်မှ ကန်ချနပူရီသို့...
(၁) ချင်းမိုင်မြို့က သတင်းသမားများ...
မဲဆောက်ကအပြန် ကန်ချနပူရီဖက်မသွားခင် ချင်းမိုင်ကိုလည်း ခန ဝင်ဖြစ်ပါသေးတယ်။ ဒီမြို့မှာတော့ ABSDF ရဲဘော်ဟောင်းတွေအပြင် မီဒီယာသမား စီနီယာတွေ၊ ဂျုနီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးဆန်းစစ်ဝေဖန်သူတွေ အတော်များများနဲ့တွေ့ဖြစ်ပါတယ်။
မီဒီယာသမားတွေဆိုတဲ့အတိုင်း ဘက်ပေါင်းစုံကအမြင်တွေကို သူတို့ဆီမှာ ကြားရပါတယ်။ တူညီတဲ့အမြင်တခုကတော့ နိုင်ငံတကာ အလှူရှင်တွေက မြန်မာမီဒီယာတွေကို ဘတ်ဂျက်ပေးတာ နည်းလာတယ်၊ တင်းကျပ်လာတယ်ဆိုတဲ့ အချက်ပါ။
“တော်လှန်ရေးသမားတွေကို လက်နက်ကိုင်ရင် အလှူငွေမပေးဘူးဆိုသလိုမျိုး မီဒီယာသမားတွေကိုလည်း လက်နက်ကိုင်တဲ့ ပုံတွေ၊ လက်နက်ကိုင်တိုက်ပွဲကို အားပေးတဲ့သတင်းတွေရေးရင် အလှူငွေ မပေးဘူး” ဆိုတဲ့သဘောမျိုး အလှူရှင်တွေစိတ်ထဲရှိနေတယ်လို့ အလူရှင်တွေနဲ့ ဆပ်စပ်ဆောင်ရွက်နေတဲ့ မီဒီယာ အကြံပေးတဦးက ဆိုပါတယ်။
လက်နက်ကိုင်တော်လှန်ရေးလုပ်နေပါတယ်ဆိုမှ... အနောက်တိုင်းအလှုရှင်တွေကလည်း ဘယ်လိုစဉ်းစားနေကြတာလဲ...။ ...“သူတို့ကသာ ငါးပြား-ဆယ်ပြား လှူဖို့အရေး ဘာပြင်ပေးပါ- ညာပြင်ပေးပါပြောနေတာ။... ဟိုဖက်က လူတွေက ဘာမှမပြောပဲနဲ့ လက်နက်တွေ ပုံပေးနေတာ မတွေ့ဘူးလား”...တဲ့ ... စီနီယာသတင်းသမားတဦးက အနောက်အုပ်စုနဲ့ ရုရှား-တရုတ်တို့ရဲ့ ရပ်တည်ချက်ကို ယှဉ်ပြီး ပြောသွားပါတယ်။
ထားတော့... ဒါတွေက ရှေရှည်ဆွေးနွေးပြီး အလှူရှင်တွေကို စည်းရုံး ေတာင်းဆိုတိုက်ပွဲဝင်ရမှာ။ လောလောဆယ်ကြားရတဲ့ ထူးခြား ဖြစ်စဉ် ၂ ခုကို တင်ပြချင်ပါတယ်။
ပထမ တခုက..“ကျနော်တို့ နယ်တွေဖက်မှာ ဖုန်းမရ- အင်တာနက်မရဖြစ်နေတာ လနဲ့ ချီ နေပြီ၊ အဲဒီဒေသတွေအတွက် သတင်းစာစောင် အပတ်စဉ်ဖြန်ဝေဖို့ စီစဉ်နေတယ်”. ..တဲ့။ မွန်-တနသာင်္ရီဖက်က သတင်းသမားတဦးကပြောပါတယ်။
ကျနော့်အတွက်တော့ အထူးအဆန်းပါပဲ။ ကမ္ဘာကြီးပေါ်မှာ စာအုပ်စာစောင်ဖတ်သူမရှိတော့ဘူး။ အားလုံးက အင်တာနက် (မြန်မာဆို FB ဖေစ်ဘုတ်ပေါ့) ဖြစ်နေချိန်မှာ ဒေသကွက်ပြီး ဘယ်လို နောက်ပြန်ဆုတ်သွားတာလဲ...။
အရင် စာရေးသူတို့ တောထဲနေစဉ်ကတော့ ရေဒီယိုသာရှိ အင်တာနက်မရှိ- တယ်လီဖုန်း
မရှိဆိုတော့...“ဒေါင်းအိုးဝေနဲ့ ခေတ်ပြိုင်” စာစောင်တွေကို အားကိုးရတာပေါ့။ ဒါတောင် အဲစာစောင်တွေက ရွာထဲမရောက်ပဲ ရှေ့တန်း ခွဲရုံးတွေမှာ ပုံနေတာတွေအများကြီး။
ပြီးတော့ ခေတ်ပြိုင်နဲ့ ဒေါင်းအိုေ၀ ဘယ်ဟာက ပိုပြီး စာရွက်အရည်အသွေးကောင်းသလဲ...ရွာသားတွေကြား ငြင်းခုန်ကြတယ်ဆိုတဲ့ ဇတ်လမ်းတွေလည်းရှိခဲ့ပါတယ်။ အခုကတော့ PDF တွေက ရွာတိုင်းလိုလိုမှာ ရှိနေတာဆိုတော့ ဒီတကြိမ်စာစောင်ဖြန့်တာ အလုပ်ဖြစ်မယ်ထင်ပါတယ်။
ဒါက ဖြန့်ဝေရေးကိစ္စ...။ ဒုတိယ တခုက ...ရပ်တည်ရေးကိစ္စလို့ ပြောသင့်တယ်ထင်ပါတယ်... ။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း လက်နက်ကိုင်တဲ့ ပုံ၊ လက်နက်ကိုင်တိုက်တဲ့အကြောင်း သတင်းတွေထည့်ရင် (အလှုရှင်နဲ့ ဆိုရှယ်မီဒီယာပိုင်ရှင်တွေရဲ့အမြင်မှာတော့ အကြမ်းဖက်မှုအားပေးတဲ့ပုံတွေပေါ့) အလှူရှင်တွေက ဘတ်ဂျက်မပေးဘူးတဲ့...
မပေးရင်နေကွာ. ယုံကြည်တာ ကိုယ့်ဘာသာ ဆက်လုပ်မယ်ဆိုတဲ့ မီဒီယာအဖွဲ့အချို့ဟာ... အခုဆိုရင် Youtube, FB စတဲ့ ဆိုရယ်မီဒီယာကရတဲ့ ဝင်ငွေလေး (ဝင်ငွေလေးဆိုပေမယ့် ပိတ်သတ်များရင် များသလိုရပါတယ်) နဲ့ ရပ်တည်နေရတယ်ဆိုလို့ ဆိုပါတယ်။
ပြသာနာက ...ဆိုရှယ်မီဒီယာက ဝင်ငွေရတယ်ဆိုတာဟာ ပိတ်သတ်ကြည့်နုန်းပေါ်
မူတည်ပြီးပေးတယ်ဆိုတာ FB သုံးနေသူတိုင်းလိုလို သိပြီးသားဖြစ်မှာပါ။
အဲတော့ ပိတ်သတ်အကြိုက်နောက်ကိုလိုက်ပြီး Youtuber ဆန်ဆန်၊ ဆယ်လီဆန်ဆန် အိုဗာအိုက်တင်နဲ့ သတင်းတွေကို တင်ပြကြမလား... ဂျာနယ်လစ် တယောက်လို ဘက်မလိုက်ပဲ အချက်အလက်ပေါ် အခြေခံပြီး တည်တည်ငြိမ်ငြိမ်တင်ပြမလား...။
ပိတ်သတ်အကြိုက်ဆိုတာကလည်း ခက်သား...။ အခု စာရေးသူ ထိုင်းနယ်စပ်အထိသွားပြီး- တောထဲအထိသွားပြီး ရိုက်ကူးလာတဲ့ အစီစဉ်တခုကို အော်စလိုရုံးကနေ Zoom နဲ့ လှမ်းမေးတဲ့ အစီစဉ်လောက် ကြိုက်ချင်မှ ကြိုက်တာ။ လူကြည့်များချင်မှ များတာ။
တခါ ဒေါ်လာသန်းနဲ့ချီ ဘတ်ဂျက်သုံးနေပြီး ဝန်ထမ်းအင်အား ရာနဲ့ချီရှိတဲ့ (အမေရိကန်-ယူကေ-အစိုးရတို့က ထောက်ပံ့ထားတဲ့) သတင်းဌာနကြီးတွေက ထုတ်လုပ်တဲ့အစီစဉ်ကို ပိတ်သတ် တသိန်းလောက်ပဲကြည့်ပြီး ဇီးရိုး ဘတ်ဂျက်နဲ့ တယောက်တည်းထိုင်ပြီး Zoom နဲ့ မေးထားတဲ့ အင်တာဗျုုးကို ပိတ်သတ် တသန်းလောက်ကြည့်ရင် ကြည့်နေတာမျိုး တွေ့ဖူးကြမှာပေါ့...။
ဆိုတော့ ... ပိတ်သတ်အကြိုက်ဆိုတာ မှန်းရအတော်ခက်ပါတယ်။ ဘယ်ဟာကို ကြိုက်ပါ- ဘယ်ဟာကို မကြိုက်နက် သွားပြောလို့ရတာမဟုတ်ဘူး။ အရင်ခေတ်ကလို TV က ပြမှ၊ ရေဒီယိုက လွှင့်မှ ကြည့်ရ၊ နားထောင်ရတဲ့ တဖက်သတ် မီဒီယာ ခေတ်မဟုတ်တော့ဘူး။
ပိတ်သတ်မှာ ရွေးချယ်ခွင့်တွေက အများကြီး၊ မကြိုက်ရင် ကွန့်မင်းထဲ...ဝင်ဆဲသွားလို့တောင် ရတဲ့ ခေတ်ကိုရောက်နေပြီ မဟုတ်ပါလား...
ဒီတော့... မီးလောင်တာ၊ ရေကြီးတာကို သွားကူပေးတဲ့သတင်းဆို အများက စိတ်ဝင်စားတယ်။ ဒါပေမယ့် မီးမလောင်အောင်၊ ရေမကြီးအောင် ဘယ်လိုကြိုတင်ကာကွယ်သင့်တယ်လို့ပြောရင် စိတ်မဝင်စားတော့ဘူး။
တိုက်ပွဲမှာ စစ်ကောင်စီများများသေပြီး လက်နက်များများရတဲ့သတင်းဆို စိတ်ဝင်စားတယ်။ ကိုယ့်ဖက်ကလည်း အကျအဆုံးရှိတယ်၊ ရွာတွေလည်း မီးရှိုခံရတယ်ဆိုရင် သိပ်မကြိုက်တော့ဘူး...
ဆိုတော့ သတင်းသမားတွေက ပိတ်သတ်အကြိုက် Youtuber ဆန်ဆန်၊ ဆယ်လီဆန်ဆန်
ဆက်လုပ်ကြမလား၊ ဂျာနယ်လစ်ဆန်ဆန် ဆက်လုပ်ကြမလား၊ ပိတ်သတ်မကြိုက်ရင်လည်း ဆိုရှယ်မီဒီယာက ဝင်ငွေရဖို့မလွယ်၊ ရပ်တည်ဖို့မလွယ်ဘူးဆိုတော့ အဲ ၂ ခုကြားကနေ ဝင်ငွေလည်းရ- ပိတ်သတ်ကိုလည်း ပညာပေးနိုင်တဲ့ နှစ်ဖက် အဆင်ပြေတဲ့လမ်းများ ရှာနိုင်လေမလား...
ဒါတွေကို အလှုရှင်တွေသိပြီး မြန်မာမီဒီယာလောက ခိုင်မာအောင် လုပ်ပေးသင့်တာပေါ့။ ခေတ်ပြောင်း စနစ်ပြောင်းအတွက် တိုက်ပွဲဝင်တဲ့ကာလမှာ Youtuber ဆန်ဆန်၊ ဆယ်လီဆန်ဆန် တဦးကောင်းတယောက်ကောင်းနဲ့ ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်ပါ။
မီဒီယာသမားတဦး ယုံကြည်ရာကို စံနှုန်းမီလုပ်နိုင်ဖို့အတွက် အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ပေးထားမှ ဖြစ်မှာပေါ့...
အဲ... နယ်စပ်က မီဒီယာသမားတွေ ဒီလိုအခက်ခဲတွေ့နေတယ်ဆိုရင် နိုင်ငံတကာက အစိုးရတွေက (အမေရိကန်၊ ယူကေ အစိုးရတွေက) ထောက်ပံ့မှုအပြည့်အဝပေးထားတဲ့ မြန်မာ မီဒီယာကြီးတွေက တော်လှန်ရေးကို အားပေးတဲ့သတင်းတွေ များများ လုပ်သင့်တာပေါ့။
အခု ကြည့်ရတာက ဆိုရှယ်မီဒီယာ အခြေခံ၊ ပိတ်သတ်ဦးရေးအပေါ်အခြေခံပြီး ဝင်ငွေရ တဲ့ မီဒီယာတွေကပဲ အားကောင်းမောင်းသန်လုပ်နေကြသလိုဖြစ်နေပြီး လစာပုံမှန်ရနေတဲ့ မီဒီယာအကြီးကြီးတွေက ပုဂ္ဂိုလ်တွေကတော့ တာဝန်ကျေစပါး စိုက်နေသူပဲများတယ်လို့ ချင်းမိုင်ရှိ မီဒီယာအရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဘာဖြစ်လို့လဲ... တကယ်က အဲဒီ ဝါရှင်တန်-လန်ဒန်ရောက်နေတဲ့ မီဒီယာသမားအများစုဟာလဲ စာရေးသူတို့လိုပဲ ၈၈ တုန်းက -“ဒီမိုကရေစီရရှိရေး- ဒို့အရေး“ အော်ပြီး ထွက်လာကြတာပဲ မဟုတ်လား။ “ဝါရှင်တန်ရောက်ရေး ဒို့အရေး” “လန်ဒန်ရောက်ရေး- ဒို့အရေး” အော်ခဲ့ကြတာမှမဟုတ်ပဲ...။
ဒီလိုအရေးကြီးတဲ့အချိန်မှာ အိမ်ကထွက်လာစဉ်ကထားခဲ့တဲ့ မူလ မစ်ရှင်ကို ပြန်လုပ်ကြရမှာပေါ့... “လျောက်ပြောမနေနက် အူးလေး...။ အဲလူတွေက တော်သေးတယ်။ ဟိုမှာ သူတို့ဆရာကြီးက ရန်ကုန်တောင် ရောက်နေပြီလို့ကြားတယ်” တဲ့...
ကျနော်တို့ မီဒီယာသမားတွေ မီဒီယာဖွံဖြိုးရေးအကြောင်း အကြိတ်အနယ်ဆွေးနွေးနေစဉ်မှာ ရှေ့မီနောက်မီ AB လူဟောင်း မီဒီယာသမားတဦးက ဝင်ထောက်ပါတယ်။ အင်း...ဒုက္ခပါပဲ...။ အဲဒီ ဘီးကျဲအကြောင်း မပြောချင်လို့ ချန်ထားပါတယ်ဆိုမှ...။
အဲလူဟာ ABSDF ခေတ်ဦးပိုင်းတုန်းက ခေါင်းဆောင်ပိုင်းတာဝန်ယူခဲ့တယ်လို့ ရေးထားမိတဲ့ “သူပုန်ကျောင်းသား အခန်း ၇” ကိုတောင် ပြန်ဖျက်ရတော့မလား။ ဒီလိုခေတ်ဆိုးကြီးမှာ ရန်ကုန်ပြန်ရဲတဲ့အထိ ရူးချင်ယောင်ဆောင်သွားတာမျိုးကတော့ မဖြစ်သင့်ပါဘူး။
ဒါကြောင့်ဖြစ်မှာပေါ့...။ ၂၁ GZ လူငယ်တွေက ၈၈ က ဘီးကျဲတွေကို GL လို့ ခေါ်ကြတာ။ သိပ်တာ့လည်း မလွန်ပါဘူး။ ကိုယ်လူတွေကလည်း လွန်လွန်းတာကိုး...။
ဒါပေမယ့် မျိုးဆက်တခုလုံး အဲလိုဖြစ်သွားတာမျိုးတာ့လည်း မဟုတ်ပါဘူး။ ရှေ့အခန်းမှာ တင်ပြခဲ့သလို PRF. အပါဝင် ဒီနေ့ ပြည်ပကနေ အများဆုံးအကူအညီပေးနေတာ ဒီမျိုးဆက်က လူတွေပဲ မဟုတ်ပါလား...
အင်း... ခရီးသွားဆောင်းပါးရေးရင်နဲ့ နိုင်ငံရေး ဝေဖန်ချက်တွေကို ဖြစ်ကုန်ပြီ...။ ဒီလူတွေအကြောင်းပြောရတာ... အကုသိုလ်များပါတယ်...။ ချင်းမိုင်တောင် (Doi Suthep) ပေါ် တက်ပြီး ဘုရားဖူး... ဆုတောင်း လုပ်အူးမှပါ။ ဒီဘုရားက ဆုတောင်းပြည့်တယ်လို့ ပြောကြတယ်မဟုတ်လား...
“တော်လှန်ရေး အမြန်အောင်ပါစေ။ ထောက်ပို့ငွေ များများလှူနိုင်ပါစေ” ဒီလို ဆုတောင်းရမှာလား... ။ ... ဆုတောင်းတိုင်းသာ ပြည်စုံနေမေယ်ဆိုရင် ... ဘာလို့ လူငယ်တွေက အသက်အသေခံပြီး တိုက်နေဖို့လိုတော့မလဲ... ။ အားလုံး ဘုရားပေါ်တက် ဆုတောင်းတာပဲ လုပ်နေကြတော့မှာပေါ့...
သေချာတာကတော့ ဒီတောင်ပေါ်မှာ ရာသီဥတုက အေးစိမ့်စိမ့်ရှိနေဆဲ... လေကောင်းလေသန့်တွေရှိနေဆဲ...။...ဆိုတော့... ခုနက အပူတွေကို ခနလောက်တော့ အေးချမ်းသွားစေတာ၊ ခနလေး မေ့ထားလို့ရလိုက်တာတော့ အမှန်ပါပဲ။
အင်း... စိတ်ညစ်စရာတွေချန်ထားပြီး ချင်းမိုင်ရောက်တုန်း လျောက်လည်အူးမှပါ...။ ချင်းမိုင်ကို စာရေးသူ စရောက်ဖူးတာ ၁၉၈၉ ဒီဇင်ဘာလို့ ထင်ပါတယ်။ အဲတုန်းကလည်း မဲဆောက်ကအပြန် ချင်းမိုင်ကိုဖြတ်ပြီး ကန်ချနပူရီဖက်သွားဖို့ ထောက်လှမ်းရေး လက်မှတ် လာယူတာ...
အဲခေတ်က ချင်းမိုင်ရောက်ရင် အနွေးထည်ဝတ်ထားရတယ်။ ရာသီဥတုက အေးစိမ့်စိမ့်။ တောင်ကြီးဆောင်းတို့၊ ဟားခါးဆောင်းတို့လိုပေါ့။ ဒါမေပယ့် အခုတော့ ခုနက တောင်ပေါ်ကလွဲရင် ချင်းမိုင်တမြို့လုံးဟာ ဘန်ကောက်လိုပဲ ပူစပ်ပူလောင်ဖြစ်နေပြီ...။
ခုနက... စာရေးသူ တွေ့ဆုံ-စကားပြောနေတဲ့ နောက်တိုး သတင်းသမားအများစုက (နောက်တိုးဆိုတာက အခု ၂၁ အာဏာသိမ်းမှ အသစ်စက်စက်ထွက်လာသူတွေကို ဆိုလိုတာ၊ အရင် ၈၈ က အပြင်ထွက်ပြီး ဦးသိန်းစိန်ခေတ်မှာ ပြန်ဝင်- အခု ပြန်ထွက်လာသူတွေ မပါသေး) မြို့ပြင်ရပ်ကွက်တွေမှာ နေတာ များပါတယ်။
မြို့ပြင်ဆိုတော့ ဈေးသက်သာတာပေါ့။ မဲဆောက်နဲ့စာရင် ချင်းမိုင်က အများကြီးဈေးသက်သာတယ်တဲ့... မယုံချင်စရာကြိး။ မဲဆောက်ဟာ မြန်မာတွေကို တကယ့် အချဉ်ဖမ်းနိုင်တဲ့ နေရာကြီး။၊ ဈေးကွက်ကြီးဖြစ်နေတယ်လို့ သူတို့က ဆိုကြပါတယ်။
ထိုင်းရဲတွေတောင် မဲဆောက်မှာ တာဝန်ကျဖို့အရေး ဘတ် သိန်းနဲ့ချီ လာဘ်ထိုးပြီး ကြိုးစားနေကြတယ်လို့ မြန်မာတွေက ပြောနေကြလေရဲ့...။
အဲ... ချင်းမိုင်က သတင်းသမားတွေကြားမှာတော့ မဲဆောက်ကလူတွေလို ဘီယာသောက်တာထက် အစိုးရ-အရက်လို့ နာမည်ကြီးနေတဲ့ -ရေဂျင်စီ-က ပိုခေတ်စားနေပါတယ်။...စားသောက်ဆိုင်တိုင်းမှာ အဲဒီ ရေဂျင်စီ မှာလို့ရတယ်။ မြန်မာ စားသောက်ဆိုင်တွေလား... ရှိတာပေါ့။ သတင်းသမားတွေ ဖွင့်ထားတဲ့ စားသောက်ဆိုင်တောင် ရှိပါတယ်ဆို...။
အရင် ၁၉၉၀ ဝန်းကျင်ကဆိုရင် မြန်မာဆိုလို့... ပြည်ချစ် လက်ကျန်အချို့၊ ကျိုးဖိုး အချို့နဲ့ “ထိုင်းယိုင်” လို့ ခေါ်ကြတဲ့ ရှမ်းပြည်က ဆင်းလာတဲ့ အလုပ်သမားတွေပဲရှိတာ။ အခုကတော့ ထာ့ဖယ်ဂိတ်တို့ ညဈေးတန်းတို့မှာတောင် မြန်မာလို အော်ကျယ်အော်ကျယ် ပြောနေကြပြီ...။
တောင်ပေါ်ကဆင်းလာသူတွေထက် မြေပြန့်ကတက်လာတဲ့ မြန်မာတွေတောင် ပိုများနေပြီလား မသိဘူး။ ရန်ကုန်-မော်လမြိုင်ဖက်က လူတွေအပြင် ဟိုး... အောက်ပြည်အောက်ရွာ မြိတ်-ထားဝယ်ဖက်ကလူတွေ ချင်းမိုင်မှာ အများကြီးရောက်နေတာ အံ့သြစရာကြီး...
ခုနက သတင်းသမားတွေထဲမှာ ထားဝယ်သားတွေ တွေ့ရတဲ့အပြင်.. ထားဝယ်သားတဦးဖွင့်ထားတဲ့ (Burma iCon) စားသောက်ဆိုင်မှာလည်း ထားဝယ်တွေကို ထပ်တွေ့ရပြန်ပါတယ်။
ဟိုး...ပင်လယ်ဝက ထားဝယ်တွေ ကော့သောင်း-ရနောင်းကိုကျော်ပြီး... ထီးခီး-ကန်ချနပူရီ ကိုကျော်ပြီး ဘယ်လိုလုပ် တောင်ပေါ်ဒေသ ချင်းမိုင်အထိ ရောက်လာကြတာလဲ...။
(စာ သိပ်ရှည်သွားမှာစိုးလို့... ကန်ချနပူရီ ခရီးစဉ်ကို မနက်ဖန်မှ ဆက်တင်ပါမည်)။
0 comments:
Post a Comment