သားပိုက်ကောင်နယ်မြေမှ ဆဝါဒီခပ် ဒေသသို့...
(၁)- သြစီက မပြန်ခင် သားပိုက်ကောင်တော့ မြင်ဖူးမှဖြစ်မယ်...
ဆစ်ဒနီမှာ ၅ ရက်တာခရီးစဉ်ပြီးတော့ မဲဘန်းဖက်သွားမလား... နီးနီးနားနား ကင်ဘရာလောက်ပဲသွားပြီး ထိုင်းဖက်လှည့်မလား...။ မဲဘန်းက လေယာဉ်နဲ့ဆို ခနလေးနဲ့ ရောက်ပေမယ့် ကားနဲ့ဆို ၁၀ နာရီကျော်မောင်းရမှာ။ အေးဆေးသွားမယ်ဆို တညအိပ်ပေါ့...။
အဲဒါတွေ ခနနေအူး... လောလောဆယ်က သြစီရောက်ပြီး သားပိုက်ကောင် မမြင်ဖူးဘူးဆိုရင် မဟုတ်သေးဘူး။ တိရိစ္ဆန်ရုံထဲက မဟုတ်တဲ့ တကယ့်သားပိုက်ကောင်ရှိတဲ့နေရာ လိုက်ပြပါဆိုတော့ ဆစ်ဒနီကိုရေပေးနေတဲ့ ကန်ကြီးတခုနား... နေပူစာလှုံနေတဲ့ သားပိုက်ကောင် တအုပ်ကို မြင်ခွင့်ရခဲ့ပါတယ်။
ဗီဒီယိုတွေထဲ တွေ့ဖူးတာက သြစီမှာ သားပိုက်ကောင်တွေက (နေရာတိုင်းတော့ မဟုတ်လောက်ဘူး) လူနေအိမ်တွေကြားအထိ သွားနေတာ။ သူတို့ကို သွားစရင် ခြေတောက်နဲ့ ကန်တာ စသဖြင့် တွေ့ဖူးထားပေမယ့် ဒီသားပိုက်ကောင်တွေက အဲလို မဟုတ်ဘူး...။
ခပ်နီးနီးတောင် သွားလို့မရဘူး... လူနဲ့ဝေးရာကို ထွက်သွားလေရဲ့...။ ကိုယ်လည်း အကန်ခံရမှာစိုးလို့ နီးနီးမသွားရဲဘူး... ခြံစည်းရုံး တဖက်ခြားပြီး ဓတ်ပုံသွားရိုက်တာပါ။ ဒါပေမယ့် အနီးကပ် မမြင်လိုက်ရတော့ သိပ်အားမရဘူးရယ်...။ အဲတော့ သားပိုက်ကောင်တံဆိပ်ပါတဲ့ သြစီ ဝိုင်တွေပဲသောက်ရင်း ကျေနပ်ရမှာပေါ့...
မဲဘန်းခရီးစဉ်ကလည်း တကယ်ဆို ရဲဘော်ဟောင်းတွေနဲ့ တွေ့ချင်ရုံသက်သက်...။
ရှေ့မှာ မေးခွန်းထုတ်သလိုပါပဲ... ငွေကုန်ခံ ခရီးသွားပြီး အေးဆေးအနားယူပါလား... ရဲဘော်ဟောင်းတွေနဲ့တွေ့တာက ဘာများအရေးကြီးလို့လဲ...
မေးခွန်းသာထုတ်ပြီး အဖြေကမရှိ... တွေ့ချင်တာပဲ သိ-ဆိုသလိုဖြစ်နေလေမလား...။ ကိုယ့်စခန်းက ရဲဘော်ဟောင်းတွေအပြင် ဘုရားသုံးဆူနဲ့ သေဘော့ဘိုးစခန်း မာလာဆောင်က နွေဦးတီတီ-မမ တွေကိုလည်း တွေ့ခဲ့ရပေါ့။
သူတို့လည်း ဆစ်ဒီနီက ရဲဘော်တွေလိုပဲ နွေဦးရန်ပုံငွေအတွက် တကယ့်ကို တက်ကြွစွာ ဆောင်ရွက်နေသူတွေပါ။ သူတို့မှာလည်း ကိုယ်တွေလိုပဲ...အစိုးရက ၂ ရပ်။ ဗဟိုအစိုးရနဲ့ ဒေသအစိုးရ...။ ဆိုလိုတာက NUG ဗဟိုကိုလည်း ထောက်ပံ့ရ... ကိုယ်ဒေသ ကိုယ့်မြို့နယ်က LPDF တွေကိုလည်း ထောက်ပံ့ရနဲ့ အတော်အလုပ်များနေကြတာ...။
မဲဘန်းက ဆစ်ဒနီထက် နည်းနည်းပိုနွေးသလား... မှန်းလို့တော့မရဘူး။ မကြာခန
မိုးရွာလေ့ရှိပါတယ်။ သေချာတာကတော့ သြစီရာသီဥတုဟာ နော်ဝေလိုမဟုတ်။ အခု
ဆောင်းမကုန်ခင်တောင် ၁၀ နဲ့ ၂၀ ကြားရှိနေတာဆိုတော့ နွေဦးဆိုရင် စိုက်ပျိုးရေး အတော်ဖြစ်ထွန်းမယ့် နေရာ...
မဲဘန်းနဲ့ ကင်ဘရာကြားမှာတွေ့ရတဲ့ စိုက်ခင်းတွေက မနည်းလှဘူး။ အချို့နေရာတွေဆို နွေဦးမှာစိုက်ဖို့ မြေပြင်ကို ပြုပြင်နေဆဲ။ မက်မန်းသီး၊ ပန်းသီး၊ စပျစ် စသဖြင့် သစ်မျိုးစုံစိုက်ပျိုးပြီး နိုင်ငံတကာကို တင်ပို့နေတာ။ အရှေ့တောင်အာရှ - တောင်အာရှက အလုပ်သမားတွေကို ထောင်နဲ့ချီ နှစ်စဉ် ခေါ်သုံးနေတာ... ။ တကယ့် စိုက်ပျိုးရေး ဖြစ်ထွန်းတဲ့နိုင်ငံပေါ့...။
အပြန်မှာတော့ မြို့တော် ကင်ဘာရာရဲ့ လွှတ်တော်အဆောက်ဦထဲ ခနဝင်ခဲ့ပါတယ်။
သူများနိုင်ငံမှာ လွှတ်တော်ထဲဝင်တာ ဘာမှမလိုဘူးရယ်။ နိုင်ငံခြားသားလား၊ ဒေသခံလားတောင် မခွဲပါဘူး။ လေယာဉ်ကွင်း Check In မှာ လုံခြုံရေးစစ်သလို စက်တွေကို ဖြတ်သွားလိုက်ရုံပါပဲ။
နေပြည်တော်ရောက်တုန်းက လွှတ်တော်ထဲ ဝင်ချင်တယ်ဆိုပြီး ဂိတ်ဝမှာသွားပြောမိတာ ပြန်အမှတ်ရမိပါတယ်။... ဘယ်အဖွဲ့ကလည်း၊ ဘယ်သူ့ခွင့်ပြုချက်ပါလဲ... လွှတ်တော်ထဲ ဘာဝင်လုပ်မှာလဲ...ဆိုပြီး လုံခြံရေးက မေးခွန်းပေါင်းများစွာ မေးနေလေရဲ့။ ကံမကောင်းရင်အဖမ်းခံရတော့မလိုလိုနဲ့... တခါမှလည်း ဝင်ခွင့်မရတာကို ပြန်သတိရမိ...။
သြစီက မောင်ကျောင်းတွေရဲ့အပြောတိုင်းဆိုရင်တော့ မြို့တော်နေရာအတွက် ဆစ်ဒနီနဲ့ မဲဘန်းတို့ အကြိတ်အနယ်ပြိုင်ရင်း ကြားက ကင်ဘာရာကို ပေးလိုက်တာလို့ ဆိုပါတယ်။ နေပြည်တော်နဲ့တူတယ်ပြောရမလား... စစ်ဗိုလ်တွေလုပ်ချင်သလိုလုပ်နေတာကို ပြောတာမဟုတ်ဘူး။ ရန်ကုန်နဲ့ မန်းလေးကြားမှာ ရှိတဲ့သဘော... လူဦးရေသိပ်မများ- အဆောက်ဦတွေ သိပ်မများ...နိုင်ငံတကာ လေယာဉ်တွေ ဆင်းခွင့်မပေးတာ...စသဖြင့်ကို ဆိုလို...။
၁၀ ရက်အတွင်း ၃ မြို့ရောက်တယ်ဆိုတော့ မဆိုးဘူးပြောရမယ်။ ဒါတောင် ရဲဘော်ဟောင်းတွေ အစုံတွေ့ရတာမဟုတ်သေး။ ကျနော်တို့စခန်းက အချို့ရဲဘော်တွေက ဆစ်ဒနီ၊ ကင်ဘာရာ၊ မဲဘန်းမှာ ရာသီဥတုအေးလို့ဆိုပြီး အာရှနဲ့ရာသီဥတုပိုတူတဲ့ Brisbane မြို့ကို ပြောင်းသွားကြလေရဲ့...။
သူတို့က အေးတယ်ပြောတဲ့နေရာမှာတောင် အခုဆောင်းကုန်ခါနီးမှာ ၂၀ လောက်ရှိနေတယ်ဆိုရင် အေးရှားနဲ့တူတဲ့ဆိုတဲ့နေရာတွေမှာ ၂၅ လောက်တောင်ရှိနေလေမလား...။ နောက် အချိုု့ရဲဘော်တွေက ဟိုး... အာရှနဲ့ပိုနီးတဲ့ Perth မှာ သွားနေကြတယ်ဆိုပါတယ်။
ဒါပေမယ့် ထူးထူးခြားခြား အရှေ့တီမောနဲ့ ပိုနီးတဲ့၊ တကယ့်ကို အာရှရာသီဥတုရှိတဲ့ ဒါဝင် Darwin ဖက်မှာတော့ မြန်မာတွေ သွားနေတဲ့သတင်း မကြားရသေးပါဘူး။ ကိုယ်ကလည်း အချိန် ၁၀ ရက်တည်းဆိုတော့ ၃ မြို့ရောက်တာတောင် အတော်ကံကောင်းနေပြီ။
အွန်လိုင်းပေါ်ကနေ ChefZaw Ye နေ့စဉ်ကြွားဝါနေတဲ့ Brisbane မြို့က မြန်မာစားသောက်ဆိုင်က သူ့လက်ရာကို သွားအားပေးချင်ပေမယ့် အချိန်မရတော့ပါ။ ဒါပေမယ့် အဲမြို့မှာ ၂၀၃၂ ကျရင် အိုလံပစ်ပွဲ ကျင်းပဖို့ရှိတယ်။ ရောက်အောင်လာခဲ့ပါဆိုပြီး ဘော်ဘော်တွေကမှာနေလေရဲ့... ။ အင်း.. နောက် ၈ နှစ်မှ ဆိုတော့... ခရီးစရိတ် စုလိုက်ပါအူးမယ်...။
ပြန်ချုပ်ရရင် သြစီခရီးစဉ်က သိပ်တန်ပါတယ်။ ရာသီဥတုကကောင်း... အဲ မိတ်ဆွေတွေကလည်းကောင်း... အေးရှားတွေကလည်းများ- အစားအသောက်ကလည်းစုံ၊
ဘာသာစကားကလည်း အဂ်လိပ်လိုဆိုတော့ (နော်ဝေမှာ နှစ် ၂၀ ကြာတဲ့အထိ
နော်ဝေစကား မရသေး တာလည်းပါမယ်) ဒီလောက်ကောင်းတဲ့နေရာကို ဘာကြောင့်
စောစောကတည်းက လာမလည်မိတာလဲလို့ ကိုယ့်ဘာသာ မေးခွန်းထုတ်မိပါတယ်။
“ဒီကိုပြောင်းလာခဲ့လေ... ရေခဲတောထဲမှာ ဘာလို့ နေနေတာလဲ” တဲ့... ဘော်ဘော်အချို့က မြှောက်ပေးပါတယ်။ သူတို့မေးမှ ကိုယ်လည်းစဉ်းစားမိပါတယ်။ ဘာကြောင့် နော်ဝေမှာ နေနေတာလဲ...။ စရောက်ခါစကတော့ DVB မှာတာဝန်ထမ်းဖို့- တော်လှန်ရေး မီဒီယာမှာ တာဝန်ထမ်းဖို့ဆိုပြီး ABSDF က တာဝန်ပေးလို့ ရောက်လာတာ။
နောက်တချက်က စာအုပ်အတုနဲ့လာတာဆိုတော့ မြန်မာပြည်လည်း ပြန်မရ- ထိုင်းပြန်ဖို့ ကလည်း စာအုပ်က အခိုင်အမာ မရှိသေး... စသဖြင့် အကြောင်းပြန်ချက်တွေနဲ့... နှစ် ၂၀ ကျော်ကြာ သောင်တင်။
ဟော... အခု DVB ခေတ်လွန်သွားတော့လည်း နော်ဝေကနေ မပြန်နိုင်သေး။ မပြန်နိုင်ဆို NLD အစိုးရခေတ်မှာ မြန်မာပြည်မှာ ၃ နှစ်လောက် ပြန်နေလိုက်သေးတယ်လေ။ စစ်တပ်က အာဏာသိမ်းတော့ နော်ဝေပဲ ပြန်ပြေးရတာပါပဲ။ ကိုယ့်ကို လက်ခံထားတာကလည်း ဒီနိုင်ပဲ ရှိတာကိုး။
အခုတော့ စဉ်းစားရပြီ...(ဘော်ဘော်အချို့ပြောကြသလို အူးလေးက ပင်စင်အသက်လည်းနီးလာပြီဆိုတော့ကာ...) အသက်ကြီးပြီဆိုတော့ ရာသီဥတုပိုနွေးတဲ့ သြစီကို ပြောင်းလာရင် ပို ကောင်းမလား...
အင်း... လောလောဆယ်တော့ မြန်မာနဲ့ ပိုနီးတဲ့ ထိုင်းကို သွားလေ့လာ လိုက်ပါအူးမယ်လေ...။
(သြစီခရီးစဉ်အတွင်း နေထိုင်စားသောက်ရေး၊ သွားချင်တဲ့နေရာတွေလိုက်ပို့ရေး
ဆောင်ရွက်ပေးတဲ့ သြစီက အမျိုးတွေကို ကျေးဇူးအထူးတင်ကြောင်း ဒီနေရာကနေ
မှတ်တမ်းတင်ပါတယ်)
----
(၂)- ဘန်ကောက်မှာ ဆဝါဒီခပ်အပြင် - နိဟောင် နဲ့ မင်္ဂလာပါ ဆိုတဲ့ အသံတွေပါ ကြားနေရရပြီလား...
ဘန်ကောက်လေဆိပ်ကိုရောက်တော့ ညနေ ၅ နာရီဝန်းကျင်၊ ဒီတခါထူးခြားတာက
လေယာဉ်အဆင်းမှာ ဆိုက်ရောက်-ထွက်ခွာ ဖောင်တွေ မဖြည့်ရဘူး။ ဆိုတော့ ပါ့စ်ပို့စ် ကွန်ထရိုးရောက်မှ တန်းစီတိုးပြီး ဖြည့်ကြရမှာလား...
တကယ်ကပြောင်းသွားပြီ။ အဲဒါတွေ ဖြည့်စရာမလိုတော့ဘူး။ ဒီက ပါ့စ်ပို့စ် ကွန်ထရိုးက ဥရောပနဲ့ သြစီလို စာအုပ်ကို အော်တို စကင်ဖတ်တာမဟုတ်။ လက်ဖဝါးကို စကင်ဖတ်တာတဲ့...။ လက်မှာချွေးပြန်နေရင် အတော်ကြာတဲ့အမျီုး...။ ပြီးတော့ တုံးထုမှ အားရတဲ့အဆင့်မှာ ရှိနေတုန်း...
“ဘယ်နှစ်ရက်နေမှာလဲ”...တဲ့ လဝက မတ်မတ်က မေးပါတယ်။ ၂ ပတ်ပဲ နေမှာဆိုတော့
ဘာလို့ ၂ လ မနေတာလဲတဲ့...။ အင်း.. မတ်မတ်ထိုင်းတွေ သဘောကောင်းပုံများ...။
ဟိုအရင် စာအုပ်အတုကိုင်ပြီး ခရီးသွားစဉ်က ရင်ခုန်ခဲ့ဖူးတာ၊ လဝက က ငါ့ကိုဖမ်းပြီး ရန်ကုန်ပြန်ပို့ရင် ဒုက္ခပဲဆိုတဲ့ ခေတ်ကိုတောင် ပြန်သတိရမိ...။
သုဝဏဘူမိလေဆိပ်နဲ့ ဘန်ကောက်မြို့ထဲကိုတော့ အရင်လို Airport Link နဲ့ ဒိုးတာပေါ့။ တယောက်မှ ၄၅ ဘတ်တည်းရယ်။ တက္ကစီးရင် ၄၀၀ လောက်ကျမယ်။ လမ်းမှာ ဘယ်လောက် ကားကြပ်မယ် မမှန်းနိုင်။ အဲ... ရထားပေါ်ရောက်တော့ တရုတ်ဘာသာနဲ့
နုတ်ဆက်နေပါလား...
ဒါလည်း အသစ်ဖြစ်ပေါ်မှုပါပဲ။ ၂၀၁၇ ထိုင်းကိုနောက်ဆုံးရောက်တဲ့ခရီးစဉ်တုန်းက
တရုတ်ဘာသာနဲ့ပြောတာ သတိမထားမိပါ။ အခုက ထိုင်း၊ အဂ်လိပ်၊ တရုတ် ၃ ဘာသာနဲ့
အင်ဖွန်မေးရှင်းတွေကိုပြောနေလေရဲ့...။
မြန်မာတွေဆိုပြောမှာပေါ့... ထိုင်းတွေ တရားအားထုတ်နေပြီလို့...။ ဒါပေမယ့် ဒါဟာ စီးပွားရေးပဲလေ...။ စိတ်ခံစားချက်နဲ့ စီးပွားရေးလုပ်ငန်းကို ခွဲထားနိုင်တဲ့ ဘီးဇီးနက်မိုင်းဆက်- ထိုင်းတွေမှာ ရှိနေပြီလို့ ပြောရမလား...။
ဒါပေမယ့် ထိုင်းသတင်းစားဆရာတဦးရေးဖူးတဲ့ ဆောင်းပါးထဲက အတိုင်းဆိုရင် တရုတ်တိုးရစ်တွေဟာ အုပ်စုလိုက်လာကြတာဖြစ်ပြီး တရုတ် အဲဝေးနဲ့ ဆိုက်လာတယ်။
လေဆိပ်ရောက်တာနဲ့ တရုတ်ဘစ်က လာကြိုသွားတယ်။ တရုတ် ဟိုတယ်မှာတည်းတယ်။ တရုတ် စားသောက်ဆိုင်မှာ စားတယ်။ တရုတ်တန်းမှာ ဈေးဝယ်တယ်။
ဒါကို Zero budget တိုးရစ်ဇင်လို့ ခေါ်တယ်ဆိုပါတယ်။ ဆိုတော့ အဲဒီ တိုးရစ်တွေဆီက အိမ်ရှင် ထိုင်းအတွက် ဘာတွေကျန်ခဲ့သလဲ... အမှိုက်တွေပဲ ကျန်ခဲ့တယ်ဆိုပါတယ်။ အင်း... စဉ်းစားစရာပဲ...။ ဒါ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရေးတဲ့ ဆောင်းပါးပါ။
အခုတော့ နည်းနည်းတိုးတက်လာပြီထင်ပါတယ်။ အခု တရုတ်အချိုု့ ရထားပေါ်မှာ ကျနော်နဲ့အတူ ရှိနေတယ် မဟုတ်ပါလား။ တရုတ်အားလုံး သူပြောသလို သွားတာ၊ နေတာ မဟုတ်လောက်တော့ဘူး။ နိုင်ငံတကာအမြင်ရှိတဲ့ တရုတ်လူငယ်တွေလည်း ရှိနေပြီပေါ့။ ဒါပေမယ့် အများစုကတော့ အရင်တိုင်းရှိနေဦးမယ်ထင်ပါတယ်။
မြန်မာလည်း ဘာထူးလဲ...။ ဒီမှာက လေယာဉ်ကွင်းကနေ ဝင်လာလို့ စာရင်းဇယားအတိအကျ ရှိသေးတယ်။ မြန်မာမှာ နယ်စပ်ကနေ ဝင်လာတာ ရှမ်း-မြောက်စစ်ပွဲ စဖြစ်တော့ ဖမ်းပြီး ပြန်ပို့တဲ့ တရုတ်နိုင်ငံသား ၅ သောင်းကနေ တသိန်းကြားရှိတယ်ဆိုလား...
၂၀၁၉ တုန်းက မန်းလေးက ဟိုတယ်တခုမှာ စာရေးသူ မနက်စာ စားနေစဉ် တရုတ်
တိုးရစ် ၃၀ လာက် ဘစ်ပေါ်ကဆင်းပြီး ဟိုတယ်ထဲ ဝင်လာတာတွေ့ဖူးပါတယ်။
မနက်စာစားနေတဲ့ ကိုယ်ရယ်၊ အဖြူ ၃ ကောင်လောက်ရယ်ကို ရှိနေတယ်လို့တောင် သဘောမထားဘူး။ တရုတ်ဘာသာ အော်ကြီးဟစ်ကျယ်ပြောနေလေရဲ့...။
ဒါက မြန်မာတွေ၊ ထိုင်းတွေမို့ နှိမ်တဲ့ သဘောနဲ့ အဲလိုပြောနေတာမဟုတ်ဘူး။ ဥရောပနိုင်ငံတွေမှာလည်း တရုတ်တိုးရစ်တွေရဲ့ အပြုအမူတွေကို အတော်ဝေဖန်နေကြပါတယ်။
ဒါပေမယ့် ဈေးကွက်စီးပွားရေးခေတ်ဆိုတော့ လူများစုကြီး၊ အမြဲတန်း လူများစုဖြစ်နေမယ့် တရုတ်တွေကို အလေးထားရမှာပေါ့...။ တရုတ် တိုးရစ်တွေမလာရင် စီးပွားပျက်ကုန်မယ်လေ...။ သြစီတို့ နော်ဝေတို့တောင် တရုတ်အစိုးရနဲ့ ပြေလည်အောင် ပြန်ဆံနေရတယ်မို့လား...
ဘေးနားက တရုတ်တွေကို မျက်နှာထားတင်းတင်းနဲ့ သွားကြည့်လို့မဖြစ်သေး။ ပြုံးပြပြီး- နိဟောင် ဖြစ်ဖြစ်- ရှဲရှဲ ဖြစ်ဖြစ် လုပ်ထားအူးမှ။ ပြီးတော့ တရုတ်စကားကိုလည်း လေ့လာထားအူးမှ...
အင်း... သိပ်မတွေးနက်... သိပ်မငေးနက်...ဟိုမှာ Phaya Thai (BTS) ဘူတာကိုရောက်ပြီ။ မိနစ် ၃၀ ကွက်တိပါပဲ။ ဒီဘူတာကနေ BTS- မိုးပျံရထားဆက်စီးမလား... အထုပ်အပိုးက ကြီးတယ်ဆိုတော့ သိပ်အဆင်မပြေ။ သူက ကျောပိုးအိတ်တလုံးနဲ့မှ အဆင်ပြေတာမျိုး။ ဒီတော့ အောက်ဆင်း- တက္ကစီငှား- သို့မဟုတ် တုတ်တုတ်ပေါ့...။ သိပ်အရင်လိုရင်
ဆိုင်ကယ်ငှားလည်းရတယ်... ကားတွေကြား စီးရဲရင်ပေါ့...။
ဘန်ကောက် ဟိုတယ်ဈေးတွေက တက်ကုန်ပြီ။ MBK- မာဘိုခရောင်းဝန်းကျင်မှာ
ဒေါ်လာ ၁၀၀ ကျော်တွေချည်း။ အဲဒီ ၁၀၀ ကျော်တွေကြားထဲက ၅၀ တန်လောက်ကို
ရှာပြီးတည်းပေါ့... တညလေးအိပ်မှာကို ဘာလို့ မတန်တဆပေးရမှာလဲ...။
“အူးလေးကလည်း ဟောလီးဒေး လာတယ်ပြောပြီး ဇိမ်လေးနဲ့နေဦးမှာပေါ့”... လို့
မပြောနက်...။
အရှေ့ကနေ အနောက်ကိုလာတယ်ဆိုတော့ (ဆစ်ဒနီနဲ့ ဘန်ကောက်က အချိန် ၃ နာရီ
ကွာတယ်) ည ၁၀ နာရီလောက်ကတည်းက အိပ်ပျော်သွားပြီး မနက် ၆ နာရီမှာ နိုးပါလေရော...။ အင်း.. .စောစောစီးစီး ဘာဆိုင်မှ မဖွင့်သေး။ ရာသီဥတုနွေးတုန်း လမ်းလေးဘာလေး ထွက်လျောက်အူူးမှ...
ဘန်ကောက်လမ်းတွေက လူစည်ကားသလို လမ်းဘေး ခွေးတွေကလည်းရှိတယ်ဆိုတော့ ဘယ်နား သွားလျောက်မှာလဲ...။ စကိုင်းဝေါ ပေါ်လား...။ ဒါဆို စီအမ်ပါရဂွန်အထိ
မြေကြီးပေါ်ကနေ အရင် လျောက်ရအူးမှာ။ မဖြစ်သေးဘူး။ ချုလာ တက္ကသိုလ်ဆို
လူရှင်းလောက်တယ်။
ဒါပေမယ့် အဆင်မပြေဘူး။ လမ်းဘေး ခွေးတကောင်၊ နှစ်ကောင်ရှိနေတော့ ခွေးတွေ
မျက်စိနောက်ပြီး ထ ကိုက်ရင် ဒုက္ခရောက်နေအူးမယ်။ MBK ဘေးမှာ အားကစားရုံကြီးရှိနေတာကို ... အဲထဲ ဝင်ပြေးပေါ့...။ ဒါပေမယ့် ဝင်ပေါက်က ဘယ်မှာလဲ...။ တကယ့်ဝင်ပေါက်က MBK ဘူတာခြေရင်းမှာ ရှိနေမှန်း မသိလိုက်ဘူး။
သူများပြေးနေတာနောက်လိုက်ရင်းနဲ့ တကယ့်လေ့ကျင့်ရေး ဘောလုံးကွင်းထဲရောက်သွား.. ။ လူ ၁၀၀ လောက်တောင်ရှိမလား မသိဘူး။ ထိုင်းတွေအပြင် တောင်အာရှတွေ၊ လူဖြူ တဦးစ နှစ်ဦးစကိုလည်း တွေ့ရပါတယ်။ အင်း... အများစုက လူငယ်တွေ...။
သြစီမှာ ၁၀ ရက်လောက် အိပ်လိုက်-စားလိုက်-သောက်လိုက် လုပ်ထားတယ်ဆိုတော့ ဝိတ် နည်းနည်းကျအောင် ကွင်း ၅ ပတ်လောက် ပြေးမယ်ပေါ့...။ တကယ်တန်းပြေးတော့
တပတ်တောင် ဟောဟဲ ဖြစ်နေပြီ။ “အသက်ကြီးပီလေ အူးလေး” လို့ အပြောခံရမယ့်ပုံပါပဲ။
ဒီလို အားကစားကွင်းထဲပြန်မရောက်တာ ၁၉၈၈ မြန်မာပြည်က ထွက်လာပြီးကတည်းကဆိုတော့ ၃၆ နှစ်ရှိနေပြီ။ အဲဒီအချိန်ကတော့ စက်ဘီးမစီးခင် သွေးပူအဖြစ် ဘော်လုံးကွင်းကို ၃ ပါတ်လောက် အရင်ပြေးနေကြ...။ အင်း... အခုတော့ နုစဉ်တုန်းကလို မဟုတ်တော့p...
မနက် ၆ နာရီခွဲလောက်ကိုတောင် အပူချိန်က ၃၃ လောက်ရှိနေတယ်ဆိုတော့ ချွေးက
ထွက်သလား မမေးနက်။ ဝိတ်ကျ မကျက နောက်မှ။ လောလောဆယ် ချွေးထွက်မလွန်အောင်နားမှဆိုပြီး ဟိုတယ်ပြန်၊ ရေချိုး...။
ပြီးရင် သြစီမှာတုန်းက မကူးရသေးတဲ့ ပင်လယ်ရေသွားကူးမယ်။ ပတ္တယား သို့မဟုတ်
ဟွာဟင် ကမ်းခြေမှာ ၃ ရက်လောက်သွားပြီး အေးဆေး အနားယူမယ်... ဒါမှ ဟောလီးဒေး ထွက်တာ အဓိပါယ်ရှိမယ်ပေါ့...။
အဲဒီလိုလုပ်ဖို့ Plan A, Plan B ဆွဲနေတုန်း... “အူးလေး... မနက်ဖန် မဲဆောက်အရောက် ဆင်းလာခဲ့ပါ။ အချိန် ၃ ရက်ပဲရလို့ မဲဆောက်ခရီးပြီးမှ ကျန်တာ ခင်ဗျားဘာသာ ဆက်လုပ်ပါ”...တဲ့။ မဲဆောက်နဲ့ နယ်စပ်တခွင်သွားရင် ကားနဲ့လိုက်ပို့ပေးမယ့်အပြင် အင်တာဗျုးအတွက် ကင်မရာပါ ရိုက်ပေးမယ်ပြောထားတဲ့ အူးလေးတယောက်ဆီက ဖုန်းဝင်လာပါတယ်။
အင်း... သွားပြန်ပီ။ ဟောလီးဒေးပီသအောင်... ပင်လယ်ကမ်းခြေသွားပြီး အနားယူရေး အစီစဉ်က ပျက်ပြန်ပြီနဲ့ တူပါတယ်။
-----
(မဲဆောက်မြို့က Off Line သတင်းများ- ကို ဆက်လက် ဖေါ်ပြပါမည်)
0 comments:
Post a Comment