မဲဆောက်မြို့က Off Line သတင်းများ (၂)
(၁) ရွှေကုက္ကိုက အပြန်...
မဲဆောက်မှာ Off line သတင်းတွေများလွန်းလို့ ဘာမှရေးပြလို့မရဘူးဆိုရင်လည်း သိပ်မဟုတ်သေးပြန်ဘူး။ ”ရေဒီယိုက လွှင့်သွားတဲ့သတင်းထက် မလွှင့်ပဲ ချန်ထားတဲ့သတင်းက ပိုစိတ်ဝင်စားဖို့ကောင်းနေတယ်” လို့အပြောခံရနိုင်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ရေးတာတောင် Self- censorship သိပ်များနေရင် ဘယ် အလုပ်ဖြစ်တော့မလဲ...
တလောက ဖတ်ရတဲ့သတင်းတွေအရဆိုရင် သံလွင့်မြစ်နဲ့ ထိုင်းနယ်စပ်တကျောရှိ စစ်ကောင်စီစခန်းအားလုံးကို KNLA - တပ်မဟာ ၅ နဲ့ မဟာမိတ်တွေက အလုံးစုံသိမ်းပိုက်လိုက်ပြီ၊ သံလွင်မြစ်ကြောင်းတခုလုံးမှာ စစ်ကောင်စီ ကင်းစင်သွားပြီ... ဒီလို သိထားရပါတယ်။
ဒါပေမယ့် အခု ကျနော်ထိုင်ငေးနေတဲ့ သောင်ရင်းမြစ်ဘေးတလျောက်မှာတော့ စစ်ကောင်စီရော၊ စစ်ကောင်စီရဲ့ မဟာမိတ်တွေလို့ပြောနိုင်တဲ့ BGF တွေရော အများကြီးရှိနေဆဲဖြစ်ပါတယ်။ ရွှေ့ကုက္ကိုလိုမြို့သစ်တွေ ဒီနေရာမှာရှိနေခြင်းကိုက မြဝတီတိုက်ပွဲ ဘာကြောင့် အဖျားရှုးသွားသလဲ...ဆိုတဲ့ အချက်တွေအတွက် အရေးကြီး အထောက်အထားဖြစ်မယ်ထင်ပါတယ်။
BGF တွေကို KNU က ဘယ်လိုသဘောထားသလဲ...။ KIA ကတော့ ကန်ပိုက်တီ၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ စတဲ့မြို့တွေမှာရှိတဲ့ BGF တွေကို ဆက်တိုက် ထိုးစစ်ဆင်နေတာတွေ့ရပါတယ်။ ERO တွေရဲ့ မူဝါဒတွေက တဖွဲ့နဲ့တဖွဲ့ မတူကြဘူးလား...
BGF ကို မဟာမိတ်အဖြစ် စည်းရုံးဖို့ KNU ဘက်က စဉ်းစားနေဆဲလား...။ မာနယ်ပလောခေတ်၊ ဗိုလ်ချုပ်မြခေတ်ကလို ကရင်လက်နက်ကိုင်အဖွဲ့တွေအားလုံး KNU အောက်မှာ တစုတစည်းတည်းပြန်ဖြစ်ဖို့ကတော့ မလွယ်သေးဘူးထင်ပါတယ်။
လက်ရှိအထိုင်ကို အပြောင်းအလဲ မလုပ်နိုင်သေးရင်တော့ မာနယ်ပလောခေတ်ကလိုမျိုး တပ်ပေါင်းစုမှာ ဦးဆောင်ရေး၊ တော်လှန်ရေးကို ဦးဆောင်ရေး၊ မြောက်ပိုင်းအဖွဲ့တွေနဲ့ဟန်ချက်ညီ ချီတက်ရေးတွေကတော့ နည်းနည်းခက်နေဦးမယ်ထင်ပါတယ်။
ဒါတွေက ရွှေကုက္ကိုမြို့ကို သောင်းရင်းမြစ်တဖက်ကမ်းကနေ ထိုင်ငေးရင်း တွေးမိတာတွေပါ။ ဒီထက် ပိုတွေးလို့မဖြစ်ဘူး။ “ပြောတာတော့ လူတိုင်းပြောတတ်ပေါ့။ ခင်ဗျားကိုယ်တိုင် နယ်စပ်ပြန်လာပြီး လာတိုက်ပါလား” ဆိုရင် ဒုက္ခရောက်မယ်။ အသက် ၆၀ နီးပြီဆိုတော့ ထောက်ပို့အဆင့်ထက် ပိုပြီး ကွင်းထဲဆင်းဖို့ မလွယ်တော့ပါ...။
ထောက်ပို့ဆိုမှ ... အဆင်မပြေမှုတွေ၊ အားမလိုအားမရမှုတွေ မည်သု့ိပင်ရှိနေစေကာမူ လစဉ် ဒေါ်လာ ၅၀၊ ၁၀၀ ပုံမှန် အလှူငွေထည့်နေသူ၊ ဈေးရောင်းပွဲတွေ အပတ်စဉ်ကျင်းပပြီး ရန်ပုံငွေရှာပေးနေသူ ထောင်-သောင်းချီ ရှိနေဆဲဆိုတာကို သိခွင့်ရခဲ့ပါတယ်။
တနည်းအားဖြင့် NUG-MOD ရဲ့ “တပြည်လုံး PDF၊ တကမ္ဘာလုံး PRF ” ဆိုတဲ့ဆောင်ပုဒ်က အလုပ်ဖြစ်ပုံရပါတယ်။ (PRF : People's Revolution Supply Family)။
“ခေတ်က ပြောင်းသွားပြီ ကိုယ့်လူရေ...။ အခု PRF က လစဉ်ရတဲ့ ထောက်ပံငွေ၊ အခြား ကရတဲ့ အလှူငွေနဲ့ MOD ကနေ လစဉ်ရိက္ခာခွဲတမ်းပေးထားတဲ့ PDF တပ်ဖွဲ့ဝင် ၂ သိန်းလောက်အထိရှိတယ်။ ဒါတောင် မပေးနိုင်သေးတဲ့ LPDF တွေ အများကြီးကျန်နေသေးတယ်” လို့ ၈၈ တော်လှန်ရေးကနေ လက်ရှိတော်လှန်ရေးအထိ ဆက်လက်ပါဝင်နေတဲ့ ရဲဘော်ဟောင်းတဦးက ပြောပါတယ်။
တနည်းအားဖြင့် ဝေဖန်ရေးတွေ သိပ်မလုပ်နက်... ခင်ဗျားတို့ခေတ်က စဉ်းစားပုံနဲ့ ဒီနေ့ လူငယ်တွေစဉ်စားပုံ မတူတော့ဘူး။ ခင်ဗျားလုပ်နိုင်တဲ့ ထောက်ပို့ကိုပဲ များများလုပ်၊ အလှုငွေ များများရအောင် လှုပ်ဆော်ပေးတာကိုပဲ လုပ်ပါ- ကျန်တာ သိပ်မပွားနဲ့ဆိုတဲ့ သဘောများလား...
ဒါပေမယ့် မပြောပဲကလည်း မနေနိုင်တော့... အရင် BCG (Burma Cooridation Group) ကိုပြတဲ့ စာရင်းမျိုးလား၊ BCG လို နိုင်ငံတကာအဖွဲ့တွေက နယ်စပ်စခန်းတွေကို ရိက္ခာ-ဆေးဝါး လစဉ် လာလှုပေးတာ မရှိဘူးလား မေးမိပြန်ပါတယ်။
စာရေးသူတို့ခေတ်ကဆို BCG ကပေးတဲ့ ရိက္ခာနဲ့ပဲ လစဉ် စားဝတ်နေရေးကို ဖြေရှင်းခဲ့တာရမို့လား။ ပြည်ပရောက်မြန်မာဆိုလို့ ဒေါ်ခင်ပြုံး၊ ဦးမောင်မောင်ဆွေ၊ နောက် ဦးတင်မောင်ဝင်းတို့ရဲ့ CRDB... ဒါပဲရှိတာ။ သူတို့ကလည်း လစဉ်ပုံမှန်ပေးနိုင်တာမျိုးမဟုတ်ဘူး။
အခုကတော့ ပြည်ပရောက် မြန်မာတွရဲ့အကူအညီက အံ့သြစရာကြီး။ အဲဒါနဲ့ အဓိက လည်ပတ်နေရတာ။ ဒါဆို နိုင်ငံတကာအကူအညီဆိုတာက လေ... ပဲရှိတာလား.. လက်နက်မပေးရင်တောင် ဆန်ဖိုး-ဆီဖိုးလေးတော့ ထောက်ပံ့သင့်တာပေါ့။ ဒါတွေကို နိုင်ငံတကာက ကူရင် ပြည်ပရောက်တွေရဲ့ ထောက်ပံ့မှုကို စစ်ရေးဖက်မှာ သုံးနိုင်တာပေါ့...။
ဒီလိုအခြေနေမှာ ပြည်ပကနေ တလနည်းနည်းစီ နိုင်သလောက် ချွေ့ (အကူအညီပေးတာကို ထိုင်းလိုနဲ့ ဘန်းစကားအခေါ်)နေသူတွေရှိသလို တပြားမှ မချွေ့ပဲ ဘေးထိုင် ဘုပြောနေသူတွေကလည်း ရှိနေဆဲလို့ ဆိုပါတယ်။
ပြည်ပကနေ နိုင်သလောက် ချွေ့နေရုံနဲ့တော့ မလုပ်မဖြစ်ဘူး။ ကိုယ်တိုင် နယ်စပ်ဆင်းပြီး လုပ်မှရမယ်ဆိုတဲ့ ခံယူချက်နဲ့ ပြန်လာသူ ရဲဘော်ဟောင်း အနည်းအကျဉ်းကိုလည်း မဲဆောက်မှာ တွေ့ခွင့်ရခဲ့ပါတယ်။
အဲ ...ပြည်ပရောက်တွေ အနည်းအကျဉ်း ပြန်လာနေချိန်မှာ ပြည်တွင်းက အသစ်ထွက်လာသူတွေထဲက ပြည်ပထွက်ချင်လို့ တန်းစီစောင့်နေကြသူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ထူးတာကတော့ အရင်ခေတ်ကလို မနီလွိုင်စခန်းလိုမျိုး စုရပ်နေရာကို သွားစရာမလိုပဲ မဲဆောက်က ဟိုတယ်တွေမှာ နှစ်နဲ့ချီ ထိုင်စောင့်နေကြရတယ်လို့ ဆိုပါတယ်။
နောက် အရင်လို ဘန်ကောက်မှာ လက်မခံဘူး၊ UN ရုံးကြီးတွေ၊ ရုံးလေးတွေ၊ ဆူထိစန်တွေမရှိတော့ဘူး။ အားလုံး မဲဆောက်တနေရာတည်းမှာသာ လက်ခံတာဖြစ်တဲ့အတွက် ဒီမှာ စုပြုံတိုးနေကြတယ်လို့လည်း တီးတိုးစကားသံတွေ ကြားခဲ့ရပါတယ်။
---
(၂) ကျောင်းသားဆေးခန်း- မယ်တော်ဆေးခန်းသို့...
၈၈ ရဲဘော်ဟောင်းတွေ၊ ABSDF ရဲဘော်ဟောင်းတွေအကြောင်းပြောမယ်ဆိုရင် ဘယ်လိုမှ ချန်ထားလို့မဖြစ်သူတဦးကတော့ ဒေါက်တာစင်သီယာ ပါပဲ။ တနည်းအားဖြင့် ၈၈ မျိုးဆက်၊ ABSDF ရဲဘော်ဟောင်းတွေထဲ ၃၆ နှစ်တာအတွင်း လူထုအကျိုးရှိအောင် ဆောင်ရွက်နိုင်ဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင် ဒေါက်တာစင်သီယာကလွဲပြီး အခြားလူ ပြစရာမရှိပါ။
ဒေါက်တာစင်သီယာကို ကျနော်စတွေ့ဖူးတာ ၁၉၈၈ အောက်တိုဘာလကုန်ပိုင်း မဲဆောက်က ဗိုလ်မှူးစိုးစိုးအိမ်မှာ (သူပုန်ကျောင်းသား အခန်း ၇ ကိုရှုပါ)။ သူနဲ့အတူ နော်ထူး၊ ကိုစိန်ဟန်၊ ကိုဝဏ တို့ရှိပါတယ်။
ကျနော်တို့က ABSDF နယ်မြေကော်မီတီမှာ နိုင်ငံရေးငြင်းခုန်လို့ကောင်းနေစဉ် သူတို့ ၄ ဦးက မဲဆောက်လေယာဉ်ကွင်းနဲ့ သိပ်မဝေးတဲ့ ဗွက်တောထဲက တဲအိမ်တခုမှာ အရေးပေါ်ဆေးခန်းဖွင့်ဖို့ အလုပ်ရှုပ်နေခဲ့ပေါ့။
အခု ၃၆ နှစ်ကြာပြီးပြန်တွေ့တော့ ကျောင်းသားဆေးခန်းက အရင်နေရာမှာမဟုတ်တော့ဘူး။ ဟိုး အမှတ် ၂ တံတားဆီအသွား လမ်းဘေးက ကျယ်ဝန်းတဲ့ ခြံကြီးတခုထဲမှာ။ တကယ့် ဆေးရုံကြီးဖြစ်နေပြီ။ အရင် ဗွက်တောထဲက အိမ်ကို တိုးချဲ့ပြီး ဆေးရုံ၊ ဆေးခန်းတွေ ဖြစ်သလိုဆောက်ထားရတာမျိုးမဟုတ်တော့ဘူး။ တကယ့်ကို စနစ်တကျဖြစ်နေပြီ။
အဝင်ဝမှာ လုံခြုံရေးဂိတ်၊ အဲဒီဘေးနားမှာ ဈေးဆိုင်တန်းနဲ့ အအေးဆိုင်ကတွေက တောဘုရားပွဲထက် ပိုစည်ပါတယ်။ လိုင်းကားဂိတ်နဲ့ ဆိုင်ကယ်ဂိတ်လည်းရှိပါတယ်။ ထိုင်းဆိုင်ကယ်သမားတွေတောင် မြန်မာလို တော်တော်ပြောတတ်နေတာတွေ့ရ...
အထဲဝင်လိုက်တော့ ပထမ ဆုံးတွေ့ရတာ ဧည့်ခံဆောင်၊ ပြင်ပလူနာဆောင်၊ (ပြင်ပလူနာစာရင်းမှာ ၅၅၀ လားမသိဘူး-တွေ့လိုက်ရ) အတွင်းလူနာဆောင်၊ မျက်စိလူနာ၊ ခလေးမွေးခန်း၊ ဒဏ်ရာရ... စသဖြင့် အဆောင် ၂၀ ကျော်မလား... စနစ် တကျ အကွက်ချဆောက်ပေးထားတာ။
သစ်ရိပ် ဝါးရိပ်တွေလည်းရှိတော့ သိပ်မပူဘူး...။ အကျယ် ၁၀ ဧကလောက်ရှိမလားပဲ။ ဒီဖက်မှာ ဆေးသင်တန်းနဲ့ နိုင်ငံခြားသား ဆရာဝန်တွေ၊ လုပ်အားပေးတွေတည်းတဲ့အဆောင်၊ အစည်းဝေးခန်းမ စသဖြင့် ၂ ထပ် တိုက်ဆောင်တွေ တကယ့်မြို့ထဲက ရပ်ကွက်တခုလို။
ဒီဖက် ကားပါကင်ဘေးနားမှာတော့ ရဲခဲတိုက်နဲ့ ခြေတုလက်တု ဌာန။ “ခြေတုလက်တု ဌာနက ပိတ်ထားတာကြာပြီ၊ အခုတော့ ပြန်ဖွင့်မှရမယ်ဆိုပြီး ပြင်ပ ဆေးအဖွဲ့တဖွဲ့က ပြင်ဆင်မှု ပြန်လုပ်နေတယ်” လို့ ကျနော်ကို လိုက်ရှင်းပြနေတဲ့ ဆေးမှုးကိုအောင်ဖေ ကပြောပါတယ်။
အရင် ငြိမ်းချမ်းရေးခေတ်မှာ (၂၀၁၂ နဲ့ ၂၀၂၁ ကြားကာလ) မိုင်းထိသူမရှိတော့ဘူး၊ တိုက်ပွဲလည်း မရှိတော့ဘူးဆိုတော့ ဒီဌာနကို ပိတ်လိုက်တာ ၁၀ နှစ်ကျော်နေပြီလို့ ပြောပါတယ်။
“ဟိုမှာတွေ့လား၊ အဲဒါ အခု PDF ထဲက လူငယ်တဦးပေါ့၊ သူ ခြေတု လိုလိမ့်မယ်” လို့ ကျနော်တု့ိရှေ့က ဖြတ်လျောက်သွားတဲ့ ဂျိုင်းဒေါင့်နဲ့ လူငယ်တဦးကို ကိုအောင်ဖေက လက်ညှိုးထိုးပြီး ပြောပါတယ်။ ကြည့်လိုက်တော့ ဘယ်ဖက်ခြေ ဒူးအောက်ပိုင်းဖြတ်ထားရပြီး ပတ်တီးစည်းထားတဲ့ လူငယ်တဦး...။
“အရင် ဦးအောင်မင်းလာခေါ်တုန်းကသာ လိုက်သွားရင် သေပြီပေါ့။ ဒီလိုဘယ်လုပ်နိုင်တော့မလဲ...” ဆိုပြီး ကိုအောင်ဖေရဲ့ ဧည့်ခံကြိုဆိုရေးအဆောင်ကို ရောက်လာတဲ့ နော်ထူး ကပြောပါတယ်။
ရထားဝန်ကြီး ဦးအောင်မင်းရဲ့ သံလမ်းမဲ့ ငြိမ်းချမ်းရေးရထားကြီး မဲဆောက်ဘူတာမှာ ဆိုက်တုန်းက ဆွဲခေါ်သွားတာတွေ နည်းတာမှမဟုတ်ပဲ၊ ဒေါက်တာစင်သီယာကိုလည်း မြန်မာနိုင်ငံဆီ ပြန်လာပါ၊ ဘာလုပ်ပေး-ညာလုပ်ပေးမယ်ပြောသွားတာ မှတ်မိကြအူးမှာပေါ့...
အခုတော့လည်း ဒါတွေဒါတွေ ပြီးခဲ့ပါပြီ...။ ဟိုအဆိုတော်တယောက်ပြောသလို -သူ့အလုပ် သူလုပ်- ကိုယ့်အလုပ်ကိုယ်လုပ်- ရုံပါပဲ။ ဘယ်သူတွေဘာပြောပြော ကိုယ်ယုံကြည်တာ ကိုယ်ဆက်လုပ်နေတဲ့ ဒေါက်တာစင်သီယာလောက် လူထုကို အကျိုးပြုပေးနိုင်တာ ဘယ်သူရှိလို့လဲ...
တကယ်က နော်ထူးတို့၊ ဆရာမစင်သီယာတို့နဲ့တွေ့ရင် ဆေးခန်းအကြောင်း၊ နိုင်ငံရေးအကြောင်း သိပ်မပြောဖြစ်ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ရဲဘော်ဟောင်းတွေထဲက ဘယ်သူက ဘယ်နိုင်ငံရောက်သွားသလဲ၊ ဘယ်သူက ဘာလုပ်နေသလဲ...စသဖြင့်ပြောရင်းနဲ့ အချိန်ကုန်တာ များပါတယ်။
ဒီနေ့ကတော့ ဆရာမစင်သီယာက မအားဘူး။ အစည်းဝေးတွေဆက်တိုက်ရှိနေတော့ အင်တာဗျုးပေးဖို့ မအားတဲ့အပြင် အရင်လို ခနလေး လာတွေ့စကားပြောဖို့တောင် မအားဘူးဖြစ်နေပါတယ်။
မအားဆို အခု ဒီဆေးခန်းက အရင် -ကျောင်းသားဆေးခန်း-ခေတ်ကလို “ကွီနီး-ပါရာ၊ တက်ထရာ” လောက်နဲ့ သွားနေတာမျိုး မဟုတ်တော့ဘူး။ ဝန်ထမ်းအင်အား ၄၀၀ ကျော်နဲ့ အတွင်းလူနာ ၁၀၀ ကျော်၊ ပြင်ပလူနာ ၅၀၀ ကျော်ကို ကုသပေးနေတာ၊ စာသင်ကျောင်းလည်း ဖွင့်ထားသေးတယ်လို့ ဆိုပါတယ်။
ဒီတော့ ဆရာမစင်သီယာက ကုသရေးထက် စီမံခန့်ခွဲရေးတွေနဲ့ ပိုအလုပ်များနေတယ်လို့ နော်ထူးက ကွမ်းတဝါးဝါးနဲ့ ရှင်းပြပါတယ်။
လူနာတွေထဲမှာတော့ မြဝတီ၊ ကော့ကရိတ်၊ ဘားအံဖက်ကလူတွေအပြင် ဟိုး.. အညာ စစ်ကိုင်း-မုံရွာဖက်က လူတွေကိုပါ တွေ့ရပါတယ်။ အခမဲ့ကုသပေးတဲ့အပြင် နေစရာ၊ စားစရာပါ စီစဉ်ပေးထားတော့ နယ်စပ်အပြင် မြန်မာနိုင်ငံအတွင်းပိုင်းက လူတွေပါ ဒီအထိ လာရောက်ကုသနေကြတာလို့ သိရပါတယ်။
အင်း... ဒီဆေးခန်းကလည်း နိုင်ငံတကာ အလှူငွေနဲ့ လည်ပတ်နေရတာပါပဲ။ ၃၆ နှစ်ကြာ တစိုက်မတ်မတ်လုပ်လာတာ အတော်အောင်မြင်နေပြီဆိုတော့ အိမ်ရှင် ထိုင်းနိုင်ငံအပါဝင် နိုင်ငံတကာရှိ ဆေးဖက်ဆိုင်ရာအဖွဲ့တွေ၊ အစိုးရတပိုင်းအဖွဲ့တွေက အဓိက ကူညီပေးထားတာပါ။
ဆိုတော့ အလှူငွေ ၅၀၀၊ ၁၀၀၀ လောက်သာထည့်နိုင်တဲ့ ခင်ဗျားလာလည်လို့ ဒီဆေးခန်းအတွက် ဘာထူးမှာလဲ...၊ အဲလိုလည်း မဟုတ်သေးဘူးလေ...။
တခါတလေမှာ ငွေထက် တန်ဖိုးကြီးတဲ့၊ မမြင်ရတဲ့ စွမ်းအားတွေ၊ ခွန်အားတွေဆိုတာ ရှိတတ်ပါတယ်။ အထူးသဖြင့် တော်လှန်ရေး ရဲဘော်တွေကြား အချင်းချင်း တွေ့ဆုံမှု၊ အားပေးမှူ၊ အသိအမှတ်ပြုလေးစားမှုဆိုတာ အရေးကြီးပါတယ်၊ ဒါကိုလည်း ရဲဘော်ဟောင်းတွေ အခချင်းချင်းပဲ ပိုနားလည်တယ်လို့ ထင်မိပါတယ်။ ။
0 comments:
Post a Comment