Friday, October 25, 2024

မဲဆောက်မြို့ က Off line သတင်းများ...(1)

 မဲဆောက်မြို့ က Off line သတင်းများ...

(၁)- ဘန်ကောက်မြို့က မြန်မာဆိုင်များ...

မနက်ဖန် မဲဆောက်အရောက်ဆင်းရမယ်ဆိုတော့ ပထမ ဆုံးလုပ်ရမှာက ဆက်သွယ်ရေး

အဆက်မပြတ်စေဖို့ ထိုင်း Sim-card ဝယ်ရမယ်။ အခုက နော်ဝေဖုန်းနဲ့ဆိုတော့ ဟိုတယ်က ထွက်သွားရင် အင်တာနက်က မရတော့ဘူး။ ဒီတော့ တိုးရစ်ဖုန်းကတ် ဝယ်ထည့်ရပါတယ်။ ၇ ရက်စာအတွက် ဘယ်လောက်၊ ၁၄ စာဆိုရင် ၈၀၀ ဘတ် လားမသိဘူး။

ဆဲဗင်းအဲလဗင်းတခုမှာ အဲဒါကို ဝယ်ထည့်လိုက်မှ ၂၄ နာရီ အင်တာနက်က အိုကေ ပြ။

ပြီးတော့ နေ့လယ်စာစားရင်း ဘော်ဘော်တဦးနဲ့တွေ့မယ်ဆိုပြီး စီအမ်ပါရဂွန်ဆီ ချီတက်၊ စားသောက်ဆိုင်တခုမှထိုင်ပြီး ပွားနေတာကို စားပွဲထိုးတစုက နားစွင့်နေတာ သတိထားမိ။ “မြန်မာလိုပြောတာကို နားစွင့်နေရင် အဲဒါ မြန်မာတွေပဲ” -တဲ့၊ ဘော်ဘော်ကြီးက ပြောပါတယ်။

ဒါနဲ့ စားသောက်ဆိုင်ဝတ်စုံကို စမတ်ကျကျဝတ်ထားတဲ့၊ မြန်မာအလုပ်သမားနဲ့လုံးဝမတူတဲ့ လူငယ်တဦးကို မြန်မာလိုမေးလိုက်တယ်- မြန်မာလား- ဆိုတော့... “မဟုတ်ဘူး- ကျနော်က မွန်” တဲ့။ သတင်းထောက်လုပ်ပြီး မေးခွန်းမှန်အောင် မမေးတတ်တာ သတိထားမိ။ “မြန်မာနိုင်ငံကနေ ဒီမှာ အလုပ်လာလုပ်နေကြတာလား”- ဒါမျိုးမေး ရမှာ...။

ညနေပိုင်းမှာတခါ မြန်မာသတင်းသမားတဦးနဲ့တွေ့ဖို့ စင်ထရယ်ဝေါဆီ ရောက်ပြန်ပါတယ်။ စားသောက်ဆိုင်မတွေ့တာနဲ့ Food Center မှာပဲ အလွယ်ဝင်ထိုင်၊ ဘာစားရင်ကောင်းမလဲ...ဆိုတော့ ဝက်ခြေတောက်ပြုတ် မိုက်တယ်တဲ့။

“ခေါက်ခါမူ- ဘယ်လောက်လဲ”- ဆိုပြီး ထိုင်းလိုမပီတပီပြောတော့ “အကိုတို့က မြန်မာတွေလား၊ မြန်မာလိုပြောလို့ရတယ်” ဆိုပြီး ဆိုင်ရောင်းနေတဲ့ ကောင်မလေး ၂ ယောက်က ပြောပါတယ်။ မြန်မာတွေလား-ဆိုတော့ “ဟုတ်တယ်-ဒီမှာ မြန်မာတွေ အများကြီး” တဲ့...။

နောက်သတိထားမိတာတခုက ထိုင်းမှာ ပိုက်ဆံရှင်းပေးတဲ့အခါ တယ်လီဖုန်းနဲ့ စကင်ဖတ်ပြီးပေးတာ အတော်ခေတ်စားနေပြီ။ အဲဒီ Food Center မှာ တိုကင်ဝယ်တဲ့နေရာ ဘယ်နားမှန်းမသိလို့ ငွေသားပေးတော့ လက်မခံဘူး။ စကင်နဲ့မှရမယ်တဲ့... တော်သေးတယ် - ထိုင်းမှာ ၃ နှစ်လောက်ကြာနေပြီဖြစ်တဲ့ အဲဒီဘော်ဘော်မှာ စကင်ရှိနေလို့...။

“မြန်မာဆိုင်တွေကို စိတ်ဝင်စားရင် လိုက်ပြပေးမယ်” ဆိုပြီး သူက ကျနော့်ကို လမ်းပြလုပ်ပါတယ်။ အင်း- ကိုယ်တွေက အရင် ဘန်ကောက်မှာအကြာကြီးနေဖူးတယ်ဆိုပေမယ့် အခုမရောက်ဖြစ်တာ ၆ နှစ်လောက်အတွင်း ဘန်ကောက်က အတော်ပြောင်းလဲသွားပြီ။

စီအမ်ပါရဂွန်နဲ့ ချင်းလုံဘူတာကြားမှာ စကိုင်းဝေါရှိတဲ့အပြင် စင်ထရယ်ဝေါနဲ့ ပတူနမ်ကြားမှာတောင် စကိုင်းဝေါ ရှိနေပြီ။ လူတွေကတော့ အရင်လိုပဲ တိုးဝှေ့သွားနေကြတာ ဘုရားပွဲရှိသလားတောင် မှတ်ရတယ်။ ဥရောပမဲဇာက ပြန်လာသူအတွက်တော့ တောသား မြို့ရောက်ပါပဲ။

“အဲဒါ Feel ဆိုင်လေ” ရန်ကုန်ကနေ ဒီမှာ ဆိုင်ခွဲလာဖွင့်ထားတာဖြစ်မယ်-တဲ့။ ပါတူနမ်- လှေဆိပ်ဘေးနားမှာ ဆိုင်က သားသားနားနား။ ဘေးနားမှာလည်း မြန်မာ စားသောက်ဆိုင်တွေရှိတယ်။ မြန်မာလို ခပ်ကျယ်ကျယ်ပြောနေကြတာ သတိထားမိပါတယ်။

အဲဒီကနေ စကိုင်းဝေါပေါ် ပြန်တက်၊ ပန်ထင့်ပရာဇာဖက်ကို လျောက်တော့ (ပန်ထင့်ပရာဇာက အမည်ပြောင်းသွားပြီ၊ အရင်လို ကွန်ပြူတာ ဌာနချုပ်လည်းမဟုတ်တော့ပါ) မြန်မာစကားပြောသံတွေ ပိုကြားလာရ။ လမ်းဘေးဆိုင်တွေမှာ မြန်မာအလုပ်သမား အတော်များပုံရပါတယ်။

အဲဒီကနေ နည်းနည်းရှေ့တိုးလိုက်တော့ “ပုဂံမြေ” ဆိုတဲ့ မြန်မာစာနဲ့ဆိုင်းဘုတ်ရေးထားတဲ့ ဆိုင်ကြီးကို ဘန်ကောက်မြိုလယ် လမ်းမကြီးဘေးမှာ တွေ့လိုက်ရတာ တကယ့်ကို ထင်မထားဘူးရယ်။ အင်း... ခေတ်ကပြောင်းသွားပြီပဲ...။

“ဒီတကြိမ်ထွက်ပြေးလာတာက ခင်ဗျားတို့ခေတ်ကလို ဒို့အရေး အော်သူတွေချည်းမဟုတ်ဘူး၊ ငွေထုပ်ပိုက်ပြီး ထွက်လာသူတွေလည်း အများကြီး”...ဆိုတဲ့ အင်တာဗျုးတခုမှာ အကဲခတ်တဦးပြောခဲ့တာကို ပြန်ကြားရောင်မိ။

ကိုယ်တို့ ခေတ်ကလို ရဲဖမ်းမှာစိုးလို့ မြန်မာလိုကျယ်ကျယ်မပြောရဲ... မြန်မာအချင်းချင်း မြန်မာလိုလာမေးတာကိုတောင် “မြန်မာမဟုတ်ဘူး- ဖိလစ်ပိုင်ပါ” -ဆိုပြီး မြန်မာလိုပြန်ပြောမိတဲ့ ရဲဘော်ဟောင်းတယောက်ကိုတောင် ပြန် သတိရ...။

အဲဒီဆိုင်ရဲ့မျက်နှာချင်ဆိုင် ပလက်ဖောင်းကနေ နဲနဲဆက်လျောက်ပြီး လမ်းသွယ်တခုထဲ ဝင်သွားတော့... “ရိုးရိုးလေးမှာ ဆုံကြစို့” တဲ့...။ ကျိုက်ထီးရိုးများ ပြန်ရောက်သွားသလား ...။ အဲဆိုင်နောက်မှာလည်း နောက်ထပ် မြန်မာစားသောက်ဆိုင်တွေ ရှိသေးတယ်...။

ဒါက ဒီနားဝန်းကျင်က စားသောက်ဆိုင် ၅ ခုလောက်ပဲရှိသေးတာ...။ အခြားနေရာတွေမှာ

အများကြီးရှိသေးတယ်။ ငါးခြောက်- လဖက်သုပ် စသဖြင့် နိုင်ငံခြားရောက် မြန်မာတွေလိုချင်တဲ့ ပစ္စည်းတွေကိုလည်း မဲဆောက်အထိ သွားဝယ်စရာမလိုတော့ဘူး။ ဘန်ကောက်က

ကြိုက်တဲ့နေရာ ဝယ်လို့ရတယ်။ MBK မာဘိုခရောင်းထဲမှာတောင် မြန်မာဆိုင်တွေ

အများကြီးရှိတယ်လို့ သူက ဆိုပါတယ်။

(အစားစာတွေ အဝယ်များသွားလို့ လေယာဉ် ပေါင်ပိုထိရင်လည်း မပူနက်၊ ဘန်ကောက်လေဆိပ် ထွက်ခွာအထပ် အစွန်ဆုံးမှာ စာတိုက်ရှိတယ်။ တကီလို ဘတ် ၃၀၀ နဲ့ပို့လိုက်ရင် ၁၀ ရက်အတွင်း ဥရောပ-အမေရိကား- အကုန်ရောက်တယ်၊ မြန်မာပစ္စည်းမှာချင်သူများ အမြန်ဆက်သွယ်ပါ) 

အင်း... ဒါတောင် မြန်မာတွေဝယ်ထားတဲ့ ကွန်ဒိုမီယံဆိုတာတွေကို သွားလည်ခွင့် မရလို့ ... ထိုင်းမှာ ကွန်ဒိုဝယ်တဲ့စာရင်းထဲ မြန်မာတွေ ထိပ်ဆုံးရောက်နေတယ်ဆိုပြီး သတင်းခေါင်းစဉ် ဖြစ်နေတယ်မဟုတ်လား...။

မြန်မာဆိုင်တွေက သားနားတယ်လို့ထင်ရပေမယ့် သူတို့ဆိုင်ဆီသွားရတဲ့လမ်းက နဲနဲတော့ ရေမြောင်းပုတ်အနံ့ရတယ်။ ဥရောပမဲဇာမှာက လေ သိပ်သန့်တော့ ဒါမျိုးဆို အဆင်မပြေဘူး။ အလဂျီ - ထွက်ချင်တယ်။

”မြန်မာ Rooftop Bar” လည်းရှိတယ်ဆို၊၊ ချင်းလုံ ဘူတာနားဆိုလားမသိဘူး”၊ အဲပေါ်သွားပြီး လေကောင်းလေသန့်ရှုမှဖြစ်တယ်ဆိုပြီး ဂိုဂယ်ခေါက်ကြည့်တော့ ဟုတ်တယ်။ Mandalay Rooftop Bar- တဲ့။

ဒါပေမယ့် မသွားဖြစ်လိုက်ပါဘူး။ ည ၉ နာရီလောက်မှာ ချိန်းထားတဲ့ ထိုင်းအခြေစိုက် ရဲဘော်ဟောင်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး သိမြင်နှံစပ်သူတွေပါ ဝင်တဲ့ ဘော်ဘော်တစုက ချင်းလုံအလွန် တဘူတာက စားသောက်ဆိုင်မှာ စောင့်နေတာတဲ့...။

ဒီရဲဘော်တွေက မတွေ့လို့မဖြစ်ဘူး။ သူတို့က မြေပြင်မှာနေသူတွေဆိုတော့ အွန်လိုင်းပေါ်က သတင်းတွေအပြင် မြေပြင်သတင်းတွေ၊ Off Line သတင်းတွေ၊ ဘက်ပေါင်းစုံက အမြင်တွေ သူတို့ဆီက အများကြီး သိခွင့်ရနိုင်တယ် မဟုတ်ပါလား...။

အဲဒီဆိုင်မှာလည်း မြန်မာတွေ များသလားမမေးနက်။ စားဖိုးမှူးတွေ၊ စားပွဲထိုးတွေအပြင် ကျနော်တို့ စားပွဲနား လာတောင်းတဲ့ ကလေးသူတောင်းစားကအစ မြန်မာဖြစ်နေလေရဲ့...။

“ခင်ဗျားက မဲဆောက်ကို ဘတ်စ်ကားစီးပြီး ဆင်းမလို့လား..၊ နိုင်ငံခြားပြန်ကြီးကလည်းဗျာ.. လေယာဉ်နဲ့သွားပါလား” တဲ့...။ လေယာဉ်ဈေးက ဒေါ်လာ ၁၅၀ လောက်ရှိတယ်၊ ဘတ်စ်က ဘတ် ၅၀၀ လောက်နဲ့ရတယ်မို့လား.။ ... အူးလေးဒေကလည်း ကိုယ့်ကိုများ ပရောဂျက်ရလို့ ခရီးသွားနေတယ်များ ထင်နေလား မသိဘူး။ ခရက်ဒစ်ကတ်က လင့်မင့်-ရှိတယ်လေ.. ဆရာဒေ.။

ဒါပေမယ့်... အခုက ည ၁၀ နာရီလောက်ရှိနေပြီ၊ မနက်ဖန် ညနေ ၅ နာရီ မဲဆောက်မှာ

အင်တာဗျုးလုပ်ဖို့က ချိန်းထားပြီးသား..ဆိုတော့ လေယာဉ်နဲ့မသွားရင် ဘယ်မီတော့မလဲ...။

“မပူနက်အူးလေး... မနက်စောစော မော်ချစ်ကနေ ဘတ်စ်နဲ့ တာ့ခ်ကို ဆင်းလာခဲ့၊ အဲဒီမှာ ခင်ဗျားကိုကြိုပြီး မဲဆောက်ဆင်းရင် တနာရီအတွင်းရောက်တယ်” တဲ့...။

မဲဆောက်ကို သူ့ကားနဲ့ လိုက်ပို့ပေးမယ်ပြောထားတဲ့ အူးလေးတယောက်က ချင်းမိုင်ကနေ ဖုန်းဆက်လာတယ်။

သူပြောတဲ့အစီစဉ်က မဆိုးဘူး။ ဒီလိုနဲ့ ပရောဂျက်မရှိ- ခရစ်ဒစ်ကတ်သာရှိ ဖြစ်နေတဲ့ သူပုန်လူထွက် သတင်းသမားဟာ မဲဆောက်က ဘတ်နှစ်ရာ (မူရင်းအမည်က ဘန်းနူယံ- မြောက်ပိုင်းဈေးဆိုလား- မြန်မှုပြုတော့ ဘတ် ၂၀၀ ဈေးဖြစ်သွား) ဟိုတယ်ကို အချိန်မီ ရောက်သွားခဲ့ပေါ့...။

---

(၂) ရာဇဝင်ထဲက မဲဆောက်...

---

မဲဆောက်ဆိုတာ မြန်မာ့တော်လှန်ရေးနဲ့ သမိုင်းတလျောက်လုံး ဆက်စပ်နေတဲ့မြို့...။

ဟိုး...ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် ရဲဘော်သုံးကျိပ်တပ်တွေ ဂျပန်နဲ့အတူ ဝင်စဉ်ကတည်းက မဲဆောက်ကနေ စစ်ကြောင်းတခု ဝင်တယ်လို့ စာအုပ်တွေထဲ ဖတ်ရ ပါတယ်။

ပြီးတော့ ဝန်ကြီးချုပ်ဟောင်း ဦးနု ဦးဆောင်တဲ့ ပြည်ချစ်ပါတီ ခေတ်ကလည်း မဲဆောက်ဟာ အဓိကနေရာ တခုဖြစ်ခဲ့ပါတယ်။ နောက်... ၁၉၈၈ စာရေးသူတို့ တောခိုစဉ် ABSDF ကာလတုန်းကလည်း မဲဆောက်ဟာ အဓိနေရာတခုပါ။

အရင်က ရွာသာသာအဆင့်သာရှိတယ်ဆိုတဲ့ မဲဆောက်ဟာ အခု အတော်ကိုပြောင်းလဲ

တိုးတက်သွားပြီ။ ဒီမြို့ကို စာရေးသူ နောက်ဆုံးရောက်ဖူးတာ သမ္မတ ဦးသိန်းစိန်ရဲ့ခေတ်ပြောင်းကာလ ပထမဆုံး ပြည်တော်ပြန်ချိန် ၂၀၁၃ ခုနှစ် ဇွန်လတုန်းက။ အဲဒီနောက်ပိုင်း

မြန်မာပြည် တနှစ်တခေါက်ပြန်ပေမယ့် Transit လေယာဉ်ကွင်းရှိရာ ဘန်ကောက်-

ချင်းမိုင်ပဲ ရောက်ပြီး မဲဆောက်ကို အခုမှတခါ ထပ်ရောက်တာပါ။

မြန်မာပြည် ပြန်ခွင့်မရခင်တုန်းကတော့ နှစ်စဉ်နီးပါး ရောက်ဖြစ်ပါတယ်။ အဲ... အဲဒီမတိုင်ခင် ၁၉၈၈-၉၀ ဝန်းကျင်ကတော့ မဲဆောက်မှာ တနစ်နီးပါး ABSDF တာဝန် ထမ်းဖူးခဲ့ပေါ့...

ဆိုလိုတာက အဲဒီ ၈၈ ကနေ အခု ၂၀၂၄ ကြားမှာ မဲဆောက်က လုံး၀ ပြောင်းလဲသွားပြီ။ ရွာသာသာအဆင့်ကနေ တကယ့် နယ်စပ်ကုန်သွယ်ရေးမြို့ကြီးတခုဖြစ်သွားပြီ။ ဟိုက်ဝေး လမ်းတွေကလည်း အများကြီး၊ မြို့ပြင်ရပ်ကွက်သစ်တွေကလည်း အများကြီး။ မြဝတီ- ချစ်ကြည်ရေး တံတားနားမှာလည်း အိမ်ယာသစ်တွေက အများကြီး...

အရင်က နေခဲ့ဖူးတဲ့ ABSDF နယ်မြေကော်မီတီရုံးရှိရာ ရပ်ကွက်ဘေးက၊ ကျနော်တို့ ဟင်းဖိုးမရှိရင် သွားခူးနေကြ လမ်းဘေး ကဇွန်းခင်းလည်း မတွေ့တော့ဘူး။ ဟိုက်ဝေးလမ်းဖောက်လိုက်လို့ အဲနေရာတွေကို မမှတ်မိတော့။ အဲ... အရင်ခေါက်တွေက မဲဆောက်ရောက်ရင် ဝင်တွေ့နေကြ လေယာဥ်ကွင်းမားက ဒေါက်တာစင်သီယာ ဆေးခန်းတောင် အရင်နေရာမှာ မရှိတော့ဘူး...။ဟိုး....မြို့ပြင် အမတ် ၂ တံတားဖက်ပြောင်းသွားပြီ။ အရင်ခေတ်က ကျနော်တို့ ကျိုးဖိုးတွေကို ခရီးသွားခွင့်လက်မှတ်ထုတ်ပေးတဲ့ ဗိုလ်မှူးစိုးစိုးအိမ်ကိုလည်း မမှတ်မိတော့ဘူး...

ဒါပေမယ့် မပူပါနက်... ဒီနေ့ ခေတ်သစ်လူငယ်တွေက ကျနော်တို့ခေတ်ကလို KNU လက်မှတ်ပါမှ မဲဆောက်တခွင် ခရီးသွားနိုင်တာမျိုးမဟုတ်တော့ဘူး။ ၁၀ နှစ်စာ လက်မှတ်တွေ၊ အလုပ်သမားလက်မှတ်တွေ၊ အနည်းဆုံးတော့ ရဲကြေး ဘတ် ၃၀၀ ပေးထားရင် တလစာ (ည ၈ နာရီကနေ မနက် ၅ နာရီအတွင်းတော့ မရ) လွတ်လပ်စွာ

သွားလို့ရနေတယ်လို့ ဆိုပါတယ်။

မဲဆောက်မှာ တွေ့ရမယ့် ရဲဘော်ဟောင်းတွေက အများကြီးဆိုပေမယ့် သြစီမှာတွေ့သလို တနေရာတည်းမှာ ခေါ်တွေ့ဖို့အဆင်မပြေဘူး။ ညနေပိုင်းတွေ့ရင် ဘီယာဖိုး (မဲဆောက်သားတွေအကြိုက်က ရေဂျင်စီ ဆိုပေမယ့်) မတတ်နိုင်တဲ့အပြင် နောက်နေ့မနက်မှာ အင်တာဗျုးတွေက ရှိနေတော့ အရက်သမားမျက်နှာနဲ့ ကင်မရာရှေ့ထွက်လို့မဖြစ်...။ 

သတင်းကို စာနဲ့ရေးသူတွေက ပြသာနာမရှိပေမယ့် အရုပ်ပြ- အသံဖတ်ပြရသူတွေဆို ညာလို့မရဘူး။ ဟိုနေ့ကတောင် အသံလွှင့်ဌာနကြီးတခုက တယောက် အရက်သမားမျက်နှာဖြစ်နေတယ်ဆိုပြီး ဝေဖန်ခံရတာ တွေ့လိုက်သေး။

ဒီတော့ ဘေးကင်းရန်ကွာ- ဘတ်ဂျက်လည်းချွေတာတဲ့အနေနဲ့ ဘီယာဆိုင်အစား လဖက်ရည်ဆိုင်ကိုသွား၊ ညနေပိုင်းအစား မနက်ပိုင်းမှာ ပွားကြတာကြတယ်ဆိုပါတော့...။

အဲဒီလိုပွားဖို့ အခု ကျနော်တို့ထိုင်နေတဲ့ဆိုင်က -“မင်္ဂလာပါ စားသောက်ဆိုင်”။  မနက်စာအတွက် မြန်မာစားစရာတွေ အကုန်ရတယ်။ ဆိုင်ကလည်းအကျယ်ကြီး... ၆ ယောက်ထိုင်စားပွဲ အလုံး ၂၀ ကျော်မှာ လူတွေအပြည့်၊ နန်းကြီးသုပ်တပွဲမှာတာ နာရီဝက်နီးပါး စောင့်ရတယ်။ လူများလွန်းလို့  စားဖိုမှုးတွေ- စားပွဲထိုးတွေ လက်မလည်ဘူး...

“အခုက ခေတ်ပြောင်းသွားပြီ။ ခင်ဗျားတို့ခေတ်ကလို -လမ်းမသိရင် စံလွန့် (ဆိုက်ကား) ခေါ်သွားပါလား- ဆိုတဲ့ ထီးထမ်း လမ်းလျောက်ခေတ်မဟုတ်တော့ဘူး။ ဟိုမှာတွေ့လား ကိုယ်ပိုင်ကားတွေ- ကားပါကင် နေရာတောင် မရှိတော့ဘူး” လို့ အငှားဆိုင်ကယ်နဲ့ ရောက်လာတဲ့ ရဲဘော်ဟောင်းတယောက်က ဆိုပါတယ်။

ခေတ်ပြောင်းသွားပြီဆိုမှ ဆိုက်ကားစီးနေစရာလား... ခေတ်နဲ့အညီ တိုးတက်လာမှုတွေကို လက်ခံရမှာပေါ့...။ ထောက်ပို့တွေ အားကောင်းတဲ့ခေတ်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့...။ အခု ထိုင်နေတဲ့ဆိုင်တောင် ထောက်ပို့အတွက် ဖွင့်ထားတယ်ဆိုလား... ဒါပေမယ့် ဆိုင်ပိုင်ရှင်နဲ့တော့ စကားပြောခွင့်မရခဲ့ပါဘူး။

ဒါက မနက်ပိုင်းအတွက် လဖက်ရည်ဆိုင်၊ ညနေပိုင်းအတွက်လည်း မြို့ဟိုဖက်နားရှိ ရေကန်ကြီးတခုဘေးနားမှာ အတော်သားနားတဲ့ -MOM (Memories of Maesot) - စားသောက်ဆိုင်တခုရှိသေးတယ်။ ၂ ခေါက်လောက်ရောက်ခဲ့ပေမယ့် ဆိုင်ရှင်နဲ့ တွေ့ခွင့်မရခဲ့ပြန်ဘူး။

သေချာတာကတော့ ဒီဆိုင်တွေမှာ မြန်မာများစွာ၊ မြန်မာနဲ့ဆက်စပ်ဆောင်ရွက်နေတဲ့ နိုင်ငံတကာ မိတ်ဆွေများစွာကိုတွေ့နိုင်ပါတယ်။ ချိန်းမထားပဲတောင် တွေ့နိုင်ပါတယ်။ အဲ...သူတို့ဆီကနေ အွန်လိုင်းမှာ နေစဉ်ကြားနေရတဲ့သတင်းနဲ့ မတူတဲ့ Off Line သတင်းတွေ၊ ပိတ်ကားနောက်ကွယ်က ဖြစ်ရပ်မှန်များစွာကို ကြားရ- မြင်ရနိုင်ပါတယ်။

Off Line သတင်းတွေဆိုတော့ ဒီနေရာမှာ ရေးပြလို့မရဘူးပေါ့...။ လူငယ်တွေပြောသလို CB ကနေ ဆက်သွယ်ပါလို့ပြောရမလား...“ခင်ဗျားတို့ သတင်းသမားတွေက အွန်လိုင်းချည်း လုပ်မနေနက်... မြေပြင်ကိုဆင်းပြီး Off Line သတင်းတွေလည်း နားထောင်ပါအူး...” ဆိုပြီး မဲဆောက်သား ရဲဘော်တယောက်ကတော့ အကြံပေးပါတယ်။

ရေးလို့ရတဲ့ဟာကို ဆက်ရေးရမယ်ဆိုရင် မဲဆောက် ၃ ရက်တာခရီးစဉ်အတွင်း စိတ်လှုပ်ရှားဖွယ်ရီးစဉ်ကတော့ “ရွှေကုက္ကိုသို့ ခြေလှမ်း ၅၀” ခရီးစဉ်ပါ။ မဲဆောက်သား အတော်များများကလည်း ခုနက ဆိုင်မှာသာ ပွားနေကြပေမယ့် မဲဆောက်မြို့ပြင်ထွက်ပြီး ဒီလိုနေရာတွေသွားဖို့ အခက်ခဲရှိပုံရပါတယ်။

အရင်တလော မြဝတီတိုက်ပွဲဖြစ်တုန်းက စစ်ကောင်စီ စစ်သားတွေ ခိုအောင်းခဲ့တဲ့ အမှတ် ၂ တံတားကိုကျော်ပြီး သောင်းရင်းမြစ်အတိုင်း အပေါ်နည်းနည်းတက်လိုက်ရင် (သောင်းရင်းက ပြောင်းပြန်စီးတဲ့အတွက် ရေစီးအတိုင်းပြောရင်အောက်ဖက်) ဟွေးခလုတ်ရွာဟောင်းဖက် ရောက်ပါတယ်။

ဟွေးခလုတ်ကျော်ရင် အရင် ဝမ်ခဟောင်း- (ကော့မူရာ) နေရာပေါ့။ အဲဒီကနေ အပေါ်နည်းနည်းလေး ထပ်တက်တော့ အရင် ရေကျော်စခန်းဟောင်းနေရာဖြစ်မယ်ထင်ပါတယ်။ မှန်းပြောရတာ- မရောက်ဖြစ်တာ နှစ် ၃၀ ကျော်ပြီဆိုတော့ မသေချာတော့ဘူး။

အဲဒီနေရာမှာ သောင်ရင်းမြစ်ဘေး ထိုင်းဖက်ကမ်းက စားသောက်ဆိုင်တခုရဲ့ Rooftop ပေါ် တက်လိုက်တော့... “Wow...ရွှေကုက္ကိုဆိုတာ ဒီလိုကြီးလား”...။  ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာ မြင်ရတာထက် အများကြီး ပိုကြီးကျယ်ခန်းနားနေတာ တွေ့လိုက်ရပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကရင်ပြည် နယ်မှာ ရှမ်းမြောက်တို့၊ ကချင်တို့၊ ချင်းတို့၊ ရခိုင်တို့၊ ကရင်နီတို့နဲ့မတူတဲ့ အရှိတရားတခုကို တွေ့လိုက်ရတယ်လို့ပြောရမလား...

အဲ... ဒီလောက်ပဲ ပြောလို့ရမယ်ထင်တယ်။ မဲဆောက်သားတွေပြောတဲ့ ဒီဒေသရဲ့ ထူးခြားဆန်းပြား စီးပွားများကတော့ Off Line သတင်းတွေဖြစ်သွားပြန်ပြီ...။ ဆိုတော့... မဲဆောက်ခရီးစဉ်မှာ ပြန်ရေးပြလို့မရတဲ့...Off Line သတင်းတွေ အများကြီး ကြားခဲ့- မြင့်ခဲ့ရတယ်လို့ တင်ပြရင်း ခရီးစဉ်ကို ဒီမှာပဲ ရပ်မှ ဖြစ်တော့မယ်... ဆိုပါတော့...။. ။ 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More