Friday, October 25, 2024

ရာဇဝင်ထဲက ကန်ချနပူရီ...သို့မဟုတ် ... စစ်ပွဲတွေကို ပြတိုက်ထဲတည့်ပြီး ပြစားတဲ့ခေတ် ဘယ်တော့ရောက်မလဲ...

 ရာဇဝင်ထဲက ကန်ချနပူရီ...သို့မဟုတ် ...

စစ်ပွဲတွေကို ပြတိုက်ထဲတည့်ပြီး ပြစားတဲ့ခေတ် ဘယ်တော့ရောက်မလဲ...

ကန်ချနပူရီလည်း မဲဆောက်လိုပဲ မရောက်ဖြစ်တာ ၂၀၁၃ ကတည်းကဆိုတော့ ၁၁ နှစ်ရှိနေပြီ။ ချင်းမိုင်က အပြန် မော်ချစ်ကနေ စိုင်တိုက်မိုင် (တောင်ပိုင်းကားဂိတ်- မော်ချစ်က မြောက်ပိုင်းကားဂိတ်) ကို တက္ကစီငှား သွားမိပါတယ်။ နောက်မှသိရတာက မော်ချစ်မှာလည်း ကန်ဘော်လီ (ထားဝယ်လေသံဖြစ်ဖတ်ရန်) သွားတဲ့ ဘတ်စ်တွေ ရှိပါတယ်တဲ့...

ဒါပေမယ့် ဘတ်စ်တွေက အရင်ခေတ်လို အကြီးစားတွေမဟုတ်တော့ဘူး။ လွတ်တိုးလ် အလတ်စားတွေဖြစ်ကုန်ပြီ။ ကြာချိန်ကတော့ ၂ နာရီကျော်ကျော်လေး။ ကန်ဘော်လီရောက်ရင် အရင် ABSDF ရဲဘော်တွေ တည်းနေကြ VL Guest House မှာ တည်းမလား၊ အလှူရှင်တွေ တည်းနေကြ မျက်နှာချင်ဆိုင်က River Kwai ဟိုတယ်မှာ တည်းမလား...

ကြိုတင် ဘိုကင် လုပ်မထားဘူးဆိုတော့ အခု ကန်ဘော်လီရောက်ခါနီးမှ အင်တာနက်ပေါ်လိုက်ရှာ၊ River Kwai Bridge ဟိုတယ်လား၊ ရီဆွတ်လား မသိဘူး။ (ကန်ချနပူရီမှာက River Kwai  အမည်တွေက အတော်များသား) မြစ်ဘေးမှာ ဘန်ဂလိုတွေနဲ့ ဆိုတော့ ဓာတ်ပုံထဲမှာ မိုက်တယ်။

“ဆဝါဒီ ခပ်” အခန်းယူမယ် ... ဘယ်လောက်လဲ... ဆိုတော့ ဟိုတယ် ရီဆက်ရှင်မှာ ဖုန်းကိုင်သူက ထားဝယ်သားဖြစ်နေတယ်။ ဆိုလိုတာက ခေတ်ပြောင်းသွားပြီ၊ ကန်ချနပူရီလည်း မဲဆောက်လောက် မြန်မာ မများရင်တောင် စာရေးသူတို့ နေခဲ့ဖူးတဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ မတူတော့ဘူး...

ဟိုတယ်ရောက်သွားတော့ ချောင်းဘေးနား (River Kwai မြစ်ဘေးမှာ) မှာ တကယ်အေးဆေးပြီး တရားတောင်ထိုင်လို့ရအောင် ငြိမ်သက်တဲ့ ဘန်ဂလိုလေးတွေရှိနေပါတယ်။ ရေကူးကန်တောင် ပါသေး...။

အင်း... ဘန်ကောက်-မဲဆောက်-ချင်းမိုင်မှာ မနားတန်း ဒိုးနေရင်းနဲ့ ဇိမ်ခံဖို့ အချိန်မရလိုက်ဘူးဆိုတော့... ရွာနားနီးနီး (ထားဝယ်နဲ့အနီးဆုံး ထိုင်းဖက်ကမြို့)  ကန်ဘော်လီ ရောက်တုန်း ဇိမ်ခံအူးမှပါ... ဆိုပြီး ရေကူးဖို့ ပြင်ကာရှိသေး...။

“ကျနော်တို့ရောက်နေပြီ အကို။ တံတား ဒီဖက်ကမ်းက ချွေးတပ်စခန်း ဆိုင်ကို လာခဲ့ပါ”...တဲ့။

အင်း... ဇိမ်ခံရေး စီမံကိန်းက ပျက်ပြန်ပြီ။ ပတ္တရား ပင်လယ်ကမ်းခြေသွားပြီး အနားယူရေးလည်း ပျက်ပြီ။ ဘာကြောင့်လဲဆို အချိန်က မရတော့ဘူး။ မနက်ဖန် အော်စလိုပြန်ရတော့မှာလေ...

ဟိုတယ်ကနေ ၅ မီနစ် လမ်းလျောက်တာနဲ့ River Kwai Bridge ကိုရောက်ပါတယ်။ ဒီတံတားကို ဒုတိယ ကမ္ဘာစစ်တွင်းကာလ ၁၉၄၂-၄၃ တုန်းက ဆောက်ခဲ့တာပေါ့။ အဲကာလမှာ ဂျပန်က ယာယီစစ်နိုင်ထားသူဆိုတော့ စစ်ရှုံးတဲ့ အဂ်လိပ်နဲ့ မဟာမိတ် စစ်သုံ့ပန်းတွေကို ခိုင်းပြီးဆောက်ထားတာ။... အဲ.. မြန်မာပြည်က အရပ်သား ချွေးတပ်သားတွေက အများစုပေ့ါလေ...

ဒါပေမယ့် တံတားဘေးနားက စစ်သချိုင်းမှာတော့ သေဆုံးသွားတဲ့ မဟာမိတ်စစ်သားတွေရဲ့ ဂုတ်ဂူတွေကိုပဲတွေ့ရပြီး မြန်မာချွေးတပ်သားစာရင်းတွေ၊ အုတ်ဂူတွေတော့ မရှိပါ။ အခုဆို ဒီတံတားသက်တန်းက ၈၂ နှစ်ရှိနေပြီ။ အင်း... ဒုကတိယကမ္ဘာစစ်ပြီးတာလည်း နှစ် ၈၀ ပြည့်တော့မယ်လေ...။ (ဒုတိယကမ္ဘာစစ်နဲ့အတူ စတင်ခဲ့တဲ့ မြန်မာပြည်တွင်းစစ်ကတော့ အခုထိ မပြီးသေး...)

ဒုတိယကမ္ဘာစစ်တုန်းက ရဲဘော်သုံးကျိပ်စစ်ကြောင်းတခုဟာ ဂျပန်တွေနဲ့အတူ ဒီမြို့ကိုဖြတ်ပြီး အများတောင်ကြားကနေ တနသာင်္ရီမြစ်အတိုင်း (အခုတော့ ထီးခီး-ထားဝယ်လမ်းအတိုင်းပေါ့) ဆန်တက်၊ တောင်သုံးလုံးအရောက်မှာ ဗိုလ်ဗထူးတို့လို လူငယ်တွေကို စည်းရုံး၊ မြန်မာ့လွတ်လပ်ရေး ရအောင်ရုန်းကန်ခဲ့ဖူးပါတယ်။

အဲ... ၁၉၇၀ ဝန်းကျင်မှာတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ပြည်သူ့ပြည်ချစ်တပ်မတော် တောင်ပိုင်းစစ်ဌာနချုပ်ဆိုတာကို ဒီတံတားရဲ့ လက်ရှိ ရထားလမ်းအဆုံး...  စိုင်ယွတ်ရဲ့ ဟိုဖက်နားက နတ်အိမ်တောင်စခန်းမှာ ဖွင့်ခဲ့ဖူးပါတယ်။ အဲဒီကနေ ဆက်သွားရင်တော့ ဘုရာသုံးဆူစခန်းကို ရောက်ပါတယ်။

၁၉၈၈ မှာတော့ စာရေးသူတို့ ABSDF ကျောင်းသားတွေဟာလည်း ရဲဘော်သုံးကျိပ် ခြေရာကိုနင်းမယ်ဆိုပြီး ဒီလမ်းကြောင်းအတိုင်း အမ္မရာ (အများတောင်ကြားလမ်း) ကနေ တနသာင်္ရီမြစ်အတိုင်း မေတ္တာ-တောင်သုံးလုံးဖက် ချီတက်ခဲ့ဖူးပါတယ်။

ဟော... အခု ၂၁ မျိုးဆက်တွေက ဒီနှစ် ၈၀ ကြာ... ဒုတိယကမ္ဘာစစ်လက်ကျန် ရာဇဝင်ထဲက ဒီတံတားရဲ့ ဟိုဖက်ကမ်းက ဂျပန်ချွေးတပ်စခန်းဟောင်း နေရာမှာဖွင့်ထားတဲ့ ဆိုင်ကို လာခဲ့ဖို့ခေါ်နေပြန်ပါတယ်။

“ဒီဆိုင်မှာ မထိုင်ဘူး နွန်းဂီး၊ လူနာ ရဲဘော်တွေကို အရင်လိုက်ပြမယ်။ ကားပေါ်တက်ပါ”...တဲ့...။ ဟ... တယ်ဟုတ်ပါလား ကိုယ့်ဆရာတွေ...   “မဲဆောက်ဖက်ကလူတွေပဲ ကားရှိတယ်ထင်နေတာ” ဆိုပြီးနောက်တော့... “အထင်မကြီးနဲ့ နို့နွန်ဝေး။ ထောက်ပို့တယောက်က လူနာသယ်ဖို့ အရေးပေါ်ခန ချွေ့ထားတာ”...တဲ့။

ကန်ဘော်လီမှာလည်း ထားဝယ်သားတွေ အရင်ခေတ်ထက်  ၁၀ ဆ လောက်များနေပြီဖြစ်ပေမယ့် မဲဆောက်လိုတော့ ပေါ်တင် သွားလာလို့ အဆင်မပြေသေးဘူးနဲ့တူပါတယ်။ ကိုယ့်ဆရာတွေကိုကြည့်ရတာ နည်းနည်းတော့ လူဝကြီး (လဝ) ဆန်နေတုန်း...

ဒီလိုနဲ့ ကန်ချနပူရီနဲ့ ရတ်ချပူရီ (ကန်ဘော်လီနဲ့ လတ်ဘော်လီ) ကြားက ရပ်ကွက်လေးတခုမှာ ရဲဘော်လူနာအချို့ကိုတွေ့ခွင့်ရခဲ့ပါတယ်။ “အချို့က ဆေးရုံရက်ချိန်းစောင့်နေတာ၊ အချို့က ပြန်ခွင့်ရဖို့စောင့်နေတာ- အနာမကျက်ခင်တောင် ဒီကောင်တွေက ရှေ့တန်း ပြန်ဆင်းချင်နေကြပြီ”...တဲ့။ ကျနော်ကိုလိုက်ပို့တဲ့ တနသာင်္ရီတိုင်း ပကဖ အရာရှိက ပြောပါတယ်။

အခန်း ၃ ခန်းမှာ လူနာ ၁၀ လောက်တောင်ရှိမလားပဲ။ အချို့က မျက်စိ၊ အချို့က ခြေတောက်နဲ့လက်မှာ လက်နက်ကြီးအစမှန်တဲ့ ဒဏ်ရာတွေနဲ့။ အချို့ သက်သာသူတွေကတော့ ထမင်းချက်ဖို့ ပြင်နေတုန်း။ ဘေးခန်းမှာလည်း ထိုင်းတွေရှိနေတယ်။

သူတို့ကိုကြည့်ရတာ အေးဆေးပဲ... ကိုယ်တွေခေတ်ကလို အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲ၊ မြန်မာစကားမပြောရဲတဲ့ ခေတ်မဟုတ်တော့ဘူး။ သာမန်ထိုင်းတွေတောင် မြန်မာ့အရေးကို ပိုနားလည် လက်ခံလာတဲ့သဘောလား...။

အဲဒါပြီးတော့ ရဲဘော်လူနာတွေတင်ထားတဲ့ ဆေးရုံတခုဆီ ကျနော်တို့ရောက်လာပါတယ်။ “သူက ... ဘယ်တိုက်ပွဲမှာ ထိတာလေ။ ညာဖက်ခြေတောက် ဖြတ်လိုက်ရတယ်၊ အနာက မကျက်သေးဘူး။ ရွာပြန်ဖို့ချည်းပြောနေတယ်” လို့ ပကဖ တာဝန်ရှိသူက မိတ်ဆက်ပေးပါတယ်။

ဘယ်ရွာကလည်းဆိုပြီးမေးကြည့်တော့ ကိုယ့်မြို့နယ်၊ ကိုယ့်ရွာနဲ့ သိပ်မဝေးတဲ့အရပ်က... “လူဆိုတာ ဒေသစွဲရှိတယ်” ဆိုတာ တကယ်ဖြစ်မယ်ထင်တယ်။ မဲဆောက်- မယ်တော်ဆေးခန်းမှာတုန်းက ခြေတောက်ဖြတ်ထားရတဲ့ PDF လူငယ်တဦးကို ဆေးမှုးကိုအောင်ဖေ လက်ညှိုးထိုးပြစဉ်က ကိုယ့်စိတ်ထဲ “‌သြော်”- ဆိုတာထက်ပိုပြီး သိပ်ခံစားမှု မဖြစ်မိ။

သတင်းသမားတဦးအနေနဲ့ သတင်းဖြစ်စဉ်တခုကို မြင်လိုက်ရတာထက် မပိုဘူးလို့ ပြောရမလား။ အခုတော့ စိတ်က အဲလိုမဟုတ်တော့ဘူး။...“ငါတို့နယ်က လူငယ်တွေတောင် ဒီလိုဖြစ်နေပြီလား။ အဲဒီနယ်က လူတွေကို ကယ်တင်မယ်ဆိုပြီး တောခိုလာတဲ့ ငါက... ဒီလူတွေကို ဘာမှ မကူနိုင်ဘူးလား၊ ငါ တာဝန်ကော ကျေရဲ့လား”... ဒီလို စိတ်ခံစားချက် ဖြစ်လာပါတယ်။

“ကလေးတွေတောင် အသေခံတိုက်နေမှတော့ ကျမတို့လည်း ဒီတိုင်းထိုင်နေလို့ ဘယ်ဖြစ်မလဲ။ အလုပ်ကထွက်ပြီးတော့ ဒီမှာ စကားပြန်လာလုပ်ပေးနေတာ ၂ နှစ်လောက်ရှိပြီ” တဲ့...။ အရင်က ထိုင်းမှာ ၁၀ နှစ်ကျော်နေပြီး ဦးသိန်းစိန်ခေတ်မှာ ထားဝယ်ကိုပြန်...။ အခု အာဏာသိမ်းတော့ ပြန်ထွက်လာတဲ့ ထိုင်း စကားကျွမ်းတဲ့ ထားဝယ်သူတဦးက ပြောပါတယ်။

“စကားပြန်ကလည်း အရေးကြီးတယ်လေ၊ ကျနော်တို့က အကိုတို့လောက်တောင် ထိုင်းစကား မကိန်ဘူး၊ ကိစ္စရှိရင် မက်ဆင်ဂျာကနေ စကားပြန်နဲ့ တချိန်လုံးပြောနေရတာ”...တဲ့။ မက်ဆင်ဂျာကို ဝါကီတော်ကီဖွင့်သလို တချိန်လုံးဖွင့်ပြီးပြောနေရတဲ့ လူနာတွေကို တာဝန်ယူကူညီပေးနေရတဲ့ ရဲဘော်ကြီးက ကျနော့်ကို ထိုင်းစကား “ကိန်” တယ်ထင်ပြီး အထင်ကြီးနေပြန်...

“ဟိုလူနာက မနေ့ကမှ ရောက်လာတာ။ ... တိုက်ပွဲမှာ ထိတာလေ၊ အကိုတောင် သတင်းလွှင့်လိုက်သေးတယ်မို့လား။ သူက အခုထိ သတိပြန်လည်မလာသေးဘူး”...တဲ့။ ကုတင်ပေါ်မှာ သတိမေ့နေတဲ့ လူနာကိုလက်ညှိုးထိုးပြီး ပကဖ အရာရှိက ပြောပါတယ်။ သူ့ဒဏ်ရာက ခြေတွေ လက်တွေမှာမဟုတ်ပဲ ဝမ်းဗိုက်နဲ့ ကျောကုန်းမှာ...။

လူနာခန်းကနေ အပြင်ခနထွက်လာတော့ ထားဝယ်သူ ၂ ဦးနဲ့ လာတိုးနေပြန်ပါတယ်။ “ကျမတို့ ဘာကူညီပေးရမလဲ၊ ကျမက သူ့ (လူနာ) အမ၊ သူက ကျမသူငယ်ချင်း၊ အခုပဲ သတင်းကြားလို့ အလုပ်တရက်ခွင့်ယူပြီး ဘန်ကောက်ကနေ ဆင်းလာတာ” ...တဲ့။

အင်း... ကမ္ဘာကြီးက ပိုကျဉ်းလာတယ်ဆိုတာ အမှန်ဖြစ်မယ်။ ဟိုး...တနသာင်္ရီတိုင်း ပင်လယ်ကမ်းစပ်က ရွာတရွာမှာ တိုက်ပွဲဖြစ်လို့ ဒဏ်ရာရတဲ့ လူနာကို ထိုင်းအထိ သယ်လာ၊ ဒီမှာ ဆေးရုံတင်ထားချိန်မှာ သူ့အမျိုးတွေက ဘန်ကောက်ကနေ ဆင်းလာကြည့်တယ်ဆိုတာ စာရေးသူတို့ ခေတ်က ဘယ်လိုမှမဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှုပါ။

ရှိလည်းမရှိခဲ့ဖူးပါဘူး။ ၁၉၈၈ တောစခိုတဲ့အချိန်ကနေ ၂၀၁၃ မှာ အိမ်ပြန်လည်ခွင့် ရတဲ့အထိ မိသားစုနဲ့ ဘာအဆက်အသွယ်မှမရှိ။ (တယ်လီဖုန်း- အင်တာနက် ခေတ်မဟုတ်တာလဲပါမယ်) ရဲဘော်လူနာအချို့ ဒီဆေးရုံကို အလားတူ တင်ခဲ့ဖူးပေမယ့် ဒဏ်ရာရချိန်၊ နေမကောင်းလို့ ဆေးရုံတက်နေချိန်မှာ အမတွေ၊ ညီမတွေ လာတွေ့တယ်ဆိုတာ မယုံနိုင်စရာကြီး...။

ခေတ်ကပြောင်းသွားပြီလေ။ နည်းပညာခေတ်ဆိုတော့ ခုနက ခြေတောက်ဖြတ်ထားရတဲ့ လူနာလေးတောင် လက်ကိုင်ဖုန်းပွတ်ပြီး ရှေ့တန်းက သူရဲဘော်တွေနဲ့ ချက်တင်- လုပ်နေတာ သတိထားမိပါတယ်။

“ဘန်ကောက်၊ မဟာချိုင်၊ စူရတ်မှာ ထားဝယ်တွေချည်းပဲ နို့နွန်ဝေး၊ သူတို့ဆီက ထောက်ပို့နဲ့ပဲ ကျနော်တို့ ရပ်တည်နေရတာ။ ဆေးကုသစရိတ်ကလွဲရင် ကျန်တဲ့လိုအပ်ချက်အားလုံး သူတို့ဆီပဲ အပူကပ်နေရတာ”...တဲ့။ ပကဖ ရဲဘော်ကြီးက ဆက်ရှင်းပြနေပါတယ်။

စာရေးသူတို့ခေတ်က မရှိခဲ့ဖူးတဲ့ ထောက်ပို့တပ်မဟာကြီးပေါ့။ တပ်မဟာ တခုစာထက်တောင် အင်အားပိုများမယ်ထင်ပါတယ်။ တနသာင်္ရီတိုင်းမှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေရဲ့ ၈၀% လောက်က ထိုင်းကို ရောက်နေကြတယ် မဟုတ်ပါလား...

ကားတစီးလုံးတောင် လူနာသယ်ဖို့ လာပေးထားတယ်ဆိုတော့ ဒီလူတွေရဲ့ စေတနာနဲ့ စိတ်ဓာတ်ကို ခန့်မှန်းလို့ရနိုင်ပါတယ်။ ခုနက စကားပြန်အမျိုးသမီးပြောသလို -“ကလေးတွေက အသေခံ တိုက်နေချိန်မှာ ကျမတို့က ဒီတိုင်းနေလို့ ဘယ်ဖြစ်မလဲ.၊.. ဒီကောင်တွေကို ပြုတ်ကျအောင် ဝိုင်း တိုက်မှဖြစ်မှာပေါ့”...ဆိုတဲ့ စိတ်ထားက အားလုံးမှာ ကိန်းအောင်းနေကြတယ် ထင်ပါတယ်။

ညနေပိုင်းမှာတော့ နယ်စပ်ဖက် ပိုနီးတဲ့ရွာလေးတခုဆီသွားပြီး တနသာင်္ရီတိုင်း တာဝန်ရှိသူတွေနဲ့တွေ့ဖြစ်ပါတယ်။ ဒီလူတွေကို အွန်လိုင်းအစည်းအဝေးတွေမှာ မကြာခန တွေ့နေပေမယ့် လူချင်းတွေ့တာ ဒါ ပထမ ဆုံးအကြိမ်ပါ။ အွန်လိုင်းကတွေ့တာနဲ့ လူချင်းတွေ့တာ အရသာချင်း အတော်ကွာတယ်ပြောရမလား...

“ဒို့ကို ကလည်း စခန်းသိမ်းတာ မခက်ဘူး၊ ကျနော်လိုချင်တဲ့ လက်နက် ၁၀၀ လောက်နဲ့ ကျည်အပြည့်သာ ဖြည့်ပေး၊ အခု ချက်ခြင်းသိမ်းပြလို့ရတယ်၊ ကျည်ပဲ အဓိက လိုတာ” ...ဆိုပြီး မကြာသေးခင်ကမှ ပဲဒက်စခန်းသိမ်းတိုက်ပွဲမှာ လက်စွမ်းပြခဲ့သူကြီးက ကျနော့်ကို ပြောပြနေလေရဲ့...

... ခင်ဗျား လူမှားနေပြီထင်တယ်။ အဲဒါ ကျနော့်ကိုပြောရမှာမဟုတ်ဘူး။ ကျနော်က ထောက်ပို့တပ်သားအဆင့်ပဲရှိတာ။ ထောက်ပို့တပ်မဟာမူး ပန်ဆယ်လိုနဲ့ ဆယ်လီတွေကို ပြောရမှာ... ဆိုပြီးနောက်တော့ ... 

“ဟုတ်တယ်ဗျာ။ ကျနော်တို့ဖက်ကို ဆယ်လီတွေ၊ ထောက်ပို့တွေ၊ ဗဟိုတာဝန်ရှိသူတွေဖက်က အာရုံစိုက်တာ နည်းနေတယ်။ ဝိုင်းကူပေးကြပါအူး။ အခု ကျည်တသိန်း ကမ်းပိမ်းတောင် မှန်းချက်က မပြည့်သေးဘူး”...ဆိုပြီး သူက ငြီးပါတယ်။

မဟာမိတ်အခြေအနေကို မေးကြည့်တော့ ကိုယ်ထင်ထားတာနဲ့ သိပ်မကွာပါဘူး။ မြဝတီဖက်မှာ မြဝတီနဲ့ ရွှေကုက္ကုကို ချန်ထားပြီး တိုက်ပွဲဖေါ်နေသလိုမျိုုး ဒီဖက်မှာလည်း ထီးခီးနဲ့ စီးပွားရေးဇုန်တွေ၊ လမ်းကြောင်းတွေကို ချန်ထားပြီး တိုက်ပွဲဖေါ်နေတာဆိုတော့...

အခု KIA က တိုက်သလို...ညီနောင် ၃ ဖွဲ့ တိုက်သလိုမျိုး ...ဘုရင်နောင် ဖောင်ဖျက်တိုက်တာမျိုး၊ မြို့သိမ်းတိုက်ပွဲတွေဖေါ်ဆောင်တာမျိုးကတော့ တနသာင်္ရီတိုင်းမှာ ဒီနှစ်အတွင်း မြင်ရဖို့ မရှိသေးပါ...။

“အကိုကလည်း လွတ်မြောက်နယ်မြေတွေအများကြီးရှိနေပြီ၊ ကျနော်တို့နဲ့အတူ လိုက်ခဲ့ပါလား၊ လမ်းတောင်လျောက်စရာ မလိုဘူး။ ကားစီးပြီး ထားဝယ်-ပုလော-တနသာင်္ရီ အကုန်သွားလို့ရနေပြီ”... တဲ့။ ပကဖ ရဲဘော်ကြီးက ကျနော်ကို အတင်းဆွဲခေါ်နေပါတယ်။

ကိုယ့်မှာကလည်း ရှေ့မှာ သူများတွေကိုနောက်ပြီး ပြောခဲ့သလို...“အော်စလိုရောက်ရေး ဒို့အရေး” အော်ပြီးထွက်လာသူ မဟုတ်ဘူးဆိုပေမယ့်လည်း အဲဒီကို ပြန်ရအူးမှာ...။ လောလောဆယ်တော့ မဖြစ်သေးဘူး။ နောက်တခေါက်ပေါ့...။

ဒါပေမယ့် သေချာတာကတော့ ဒီခရီးစဉ်ကနေ လူငယ်တွေရဲ့ ပေးဆပ်မှုနဲ့ လက်တွေ့ အခက်အခဲတွေကို ရင်ထဲအထိ ခံစားလိုက်ရပါတယ်။ ၈၈ တုန်းက ဒို့အရေးအော်ပြီး ထွက်လာသူတွေ တတိယ နိုင်ငံတွေမှာ ဒီတိုင်း ငြိမ်နေလို့ ဘယ်ဖြစ်မလဲ။ နယ်စပ်ပြန်ပြီး မကူနိုင်ရင်တောင် လစဉ်အလှူငွေလေးတော့ တိုးထည့်လာအောင် လှုပ်ဆော်မှ ဖြစ်မယ်... ဒီလို စိတ်ထဲဖြစ်လာပါတယ်။

အထူးသဖြင့် တနသာင်္ရီတိုင်းက ရဲဘော်ကြီးတွေ... “ခင်ဗျားတို့ ကျုပ်တို့ခေတ်က မပြီးဆုံးခဲ့တဲ့ တော်လှန်ရေးခရီးကို ဒီနေ့လူတွေ ဆက်တိုက်ပွဲဝင်နေတယ်။ ကျုပ်တို့ခေတ်ကထက် အများကြီးပိုခရီးရောက်နေပြီ၊ ဒီတိုက်ပွဲကို ကူညီပေးဖို့ ခင်ဗျားတို့- ကျုုပ်တို့မှာ ပိုပြီး တာဝန်ရှိလာတယ်၊ ဒီထက်မက ပိုကူပေးနိုင်မှဖြစ်မယ်...ဒီလို နှိုးဆော်ရင်း...

... တသွင်သွင်းစီးနေတဲ့ ကွေးမြစ်ကြီးကို နှစ် ၈၀ ကျော်သက်တန်းရှိနေပြီဖြစ်တဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် သံတံတားအိုပေါ်ကနေ ဖြတ်ပြန်လာရင်း...

... အင်း ကိုယ်သာတယောက်တည်း တံတားပေါ်ချွေးပြန်နေတာ။ ထိုင်းတွေ- တိုးရစ်တွေက အေးဆေး ဆယ်ဖီဆွဲလို့ကောင်းတုန်း...။ တခါတလေ စဉ်းစားမိပါတယ်။ ထိုင်းတွေလို စဘိုင်စဘိုင် (အေးဆေး) နေနိုင်တဲ့ ဘ၀ ငါတို့ ဘယ်တော့ ရောက်မှာလဲ...လို့။

ဒီတံတားကြီးကိုပဲကြည့်...။ စစ်ဖြစ်တာက မြန်မာပြည်မှာ... သေတဲ့လူတွေက မြန်မာနဲ့ နိုင်ငံတကာ စစ်သားတွေ၊ ဒီတံတားနဲ့ သေမင်းတမန်ရထားလမ်းကို ပြစားပြီး စီးပွားဖြစ်နေတာက ကိုရွှေထိုင်းတွေ... 

ဒုတိယကမ္ဘာစစ်အပြီး နှစ် ၈၀ အတွင်း သူများနိုင်ငံတွေ ပြန်လည်ထူထောင်ရေးလုပ်လိုက်တာ ပြာပုံကနေ နိဗာန်ဘုံနီးနီးဖြစ်ကုန်ပြီ... ငါတို့နိုင်ငံက ပြာပုံဘဝကနေတောင် တခါမှ ပြန်မတက်နိုင်တော့ဘူး...

ကျိန်စာသင့်နေလို့လား... ငါတို့ရဲ့ စဉ်းစားတွေးခေါ်ပုံတွေ တခုခုလွဲနေပြီလား... ထိုင်းတွေလို စဘိုင်စဘိုင် ဘဝမျိုး ဘယ်တော့ရောက်နိုင်မလဲ...

စစ်ပွဲတွေကို ပြတိုက်ထဲသွင်းပြီး ပြစားတဲ့ခေတ် မြန်မာပြည်မှာ ဘယ်တော့ရောက်မလဲ... 

ကွေးမြစ်နဲ့ သံတံတားအိုကြီးကတော့ တံတားပေါ်ဖြတ်သွားတဲ့ ထောင်ပေါင်းများစွာသောလူတွေထဲက ဒီလူတယောက်ရဲ့ အတွေးကို ဘယ်သိနိုင်ပါ့မလဲ...။ 

တံတားပေါ်က ဖြတ်သွားတဲ့ ဇတ်ကောင်တွေ တယောက်ပြီးတယောက်၊ တခေတ်ပြီးတခေတ် ပြောင်းသွားပေမယ့် ကွေးမြစ်ရေကတော့ အရင်ကအတိုင်း ...တသွင်သွင်းစီးနေဆဲ...။.   ။

======

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More