Tuesday, June 2, 2026

ဗိုလ်မှူးကြီး ဗထူးရဲ့ ဇာတိရွာ လေးသွန်းခံသို့ ရောက်ခဲ့စဉ်က...

 ဗိုလ်မှူးကြီး ဗထူးရဲ့ ဇာတိရွာ လေးသွန်းခံသို့ ရောက်ခဲ့စဉ်က...


(၂ ဇွန် ၂၀၂၆) 



ဒီနေ့ ဇွန် ၂ ရက်ဟာ လွတ်လပ်ရေးတိုက်ပွဲဝင် ဗိုလ်မှူးကြီး ဗထူးကွယ်လွန်ခြင်း ၈၁ နှစ်ပြည့်နေ့၊ ဗိုလ်ဗထူးနေ့အဖြစ် ထားဝယ် သပိတ်ကော်မီတီ-  Democracy Movement Strike Committee-Dawei က ဆောင်းပါးတပုဒ်ရေးတင်ထားတာ ဖတ်မိတော့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေအတွင်း ဗိုလ်ဗထူးရဲ့ မွေးရပ်မြေ လေးသွန်းခံရွာလေးဆီ ရောက်ခဲ့ဖူးတာကို ပြန်သတိရမိပါတယ်။

---


(၁) - သမိုင်းစာအုပ်ထဲက ဗိုလ်ဗထူး...


ဒုတိယ ကမ္ဘာစစ်ဖြစ်နေစဉ်ကာလ ၁၉၄၁ နှစ်လယ်လောက်မှာ ဂျပန်ပြန် ရဲဘော်သုံးကျိပ်တပ်တွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်၊ ကန်ချနပူရီကတဆင့် (အခု ထီးခီး- မင်းသမီး- ထားဝယ်လမ်းပေါ်က) အများသွားတောင်ကြားလမ်းကိုဖြတ်ပြီး တသာင်္ရီမြစ်အတိုင်း ချီတက်ကာ မေတ္တာရွာဆီ ရောက်လာ၊ အဲဒီကတဆင့် တောင်သုံးလုံးရွာ (တောင်သုံးလုံးရွာမှာ BIA ကျောက်တိုင်ရှိနေဆဲ) ကိုရောက်...


နောက် ထားဝယ်မြို့ကိုသိမ်းပိုက်ပေါ့။ ထားဝယ်ကိုမသိမ်းခင် တောင်သုံးလုံးရွာ အရောက်မှာ ဗိုလ်ဗထူးဖြစ်လာမယ့် လူငယ်လေး အပါဝင် ထားဝယ်လူငယ် အတော်များများ BIA ထဲဝင်ကြ...


ဂျပန်နဲ့ပေါင်းပြီး ဗြိတိသျှကို တော်လှန်ကြ... တနသာင်္ရီတိုင်းနဲ့ မြန်မာပြည်အောက်ပိုင်း လွတ်လပ်ရေးရ...။ နောက် ဒုတိယ ကမ္ဘာစစ်နှောင်းပိုင်းရောက်လာတော့ ဗြိတိသျှနဲ့ပေါင်းပြီး ဂျပန်ကို ပြန်တော်လှန်ကြ... ၁၉၄၈ မှာ မြန်နိုင်ငံ လွတ်လပ်ရေးရ...


လွတ်လပ်ရေးမရခင် ဂျပန်ကို စတင်တော်လှန်စဉ် ၁၉၄၅ ဇွန်လ ၂ ရက်၊ အောင်ပန်းမြို့မှာ (အခုတော့ ဗထူးတပ်မြို့လုပ်ထား) ဗိုလ်ဗထူး ငှက်ဖျားမိပြီး ကွယ်လွန်...


ဒါတွေက ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကျောင်းစာအုပ်ထဲက မှတ်မိသလောက်အချက်အချိုု့နဲ့ ဂိုဂယ်ခေါက်ပြီး ပြန်ရေးထားတာ။

---


(၂) - ဗိုလ်ဗထူးရဲ့ မွေးရပ်မြေက မြေပြင်အနေအထား...


နယ်ချဲ့တော်လှန်ရေးသမိုင်းမှာ အဲဒီလိုအရေးပါတဲ့ ဗိုလ်ဗထူးကို ကျောင်းသင်္ခန်းစာအတွင်း တခမ်းတနားရေးထားပေမယ့် သူ့ မွေးရပ်မြေဇာတိ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာမှာ ဘာမှမရှိ။ (ဗထူးတပ်မြို့မှာတော့ အရင်ကတည်း ရုပ်ထုရှိဟုဆို)


ဘာကြောင့်မရှိတာလဲ...


လွတ်လပ်ရေးတိုက်ပွဲဝင် လူဟောင်းတွေနဲ့ လက်ရှိ စစ်တပ်အရာရှိတွေက ထားဝယ်နယ်ကို အလေးမထားလို့လား...။ ဒါမှမဟုတ် လေးသွန်းခံရွာဆီ သွားလာရ ခက်ခဲ့လို့လား...။


၂ ခုစလုံးဖြစ်နိုင်ပါတယ်။ ပထမ တခုကို တာဝန်ရှိသူတွေ ပြန်ပြောမှ သိရမှာဖြစ်ပေမယ့် ဒုတိယ အချက်ကတော့ လူတိုင်း လေးသွန်းခံရွာဆီ သွားကြည့်လို့ရနိုင်ပါတယ်။


လေးသွန်းခံဆိုတာ လောင်းလုံးမြို့နဲ့ ဝေးလှ ၅ မိုင်- ၆ မိုင်ပေါ့၊ ထားဝယ်မြို့နဲ့ဆိုရင် မိုင် ၂၀ လောက်ပဲရှိမှာပါ။ ဒါတောင် ကမြောကင်းတံတားဖက်ကနေ လာရင်ပြောတာ။ အရင် တံတားမရှိခင်၊ မင်းရပ်ကူးတို့ဖက်ကနေ သွားမယ်ဆိုရင်၊ ဒါမှမဟုတ် အဖြောင့်တိုင်းမယ်ဆိုရင် ၁၀ မိုင်လောက်ပဲ ဝေးမယ်ထင်ပါတယ်။


ဒါဖြင့် တာဝန်ရှိသူတွေက ဘာကြောင့် ဘာမှမလုပ်ကြတာလဲ၊ ၁၀ မိုင်ကြားမှာ၊ ၅ မိုင်ကြားမှာ တောင်တွေ၊ မြစ်တွေခြားပြီး သွားလာရ သိပ်ခက်နေလို့လား...။


အဲလိုလည်း မဟုတ်ပြန်ဘူး။ ထားဝယ်နဲ့ လောင်းလုံးကြားမှာ ထားဝယ်မြစ်ကြီးခြားနေလို့ဆိုပြီး ပြောနိုင်ပေမယ့် လောင်းလုံးနဲ့ လေးသွန်းခံကြားမှာ ဘာ အတားအဆီးမှ မရှိဘူး။


ဒါပေမယ့် ဘာကြောင့်မှန်းတော့ မသိဘူး။ ၁၉၈၈ အရေးတော်ပုံကာလမတိုင်မီ ၂၄ နှစ်တာ ထားဝယ်မှာနေခဲ့စဉ်အတွင်း လေးသွန်းခံရွာကို စာရေးသူ တခါမှ မရောက်ဖူးပါ။ 


လောင်းလုံးကိုကျော်ပြီး အောက်ရေဖြူ၊ သကျက်တော စတဲ့ ရှင်မော်အငူ ဆီသွားတဲ့ ကားလမ်းတလျောက်ရောက်ခဲ့ဖူးပေမယ့် (တခုတလော တိုက်ပွဲသတင်းတွေမှာ ခနနခ ပါနေတဲ့) ညင်းမော်ရွာကနေ မြေနီလမ်းကြမ်း- အရင်ကတော့ လှည်းလမ်းကြမ်း တိုင်း ၄ မိုင်လောက်သာဝင်ရတဲ့ လေးသွန်းခံကို တခါမှ မရောက်ဖြစ်ခဲ့ပါ။


ဆိုလိုတာက အဝေးကြီးမဟုတ်ပေမယ့် ထားဝယ်-လောင်းလုံး- ကျောက်နီမော်- ရှင်မော် ကားလမ်းမပေါ်မှာ မဟုတ်ပဲ တကူးတကာ့ ဝင်ရတဲ့နေရာဖြစ်တာကြောင့် အသွားအလာနည်းပြီး တာဝန်ရှိသူတွေဖက်က တခုခု လုပ်ပေးဖို့ တုန့်နှေးနေတာလည်းဖြစ်နိုင်ပါတယ်။

---


(၃) ဗိုလ်ဗထူး ရုပ်တုတွေ ရှိလာပြီ...



၈ လေးလုံးအရေးတော်ပုံအလွန်ကာလ၊ ၂၀၁၃ ခုနှစ်မှာ ပထမ ဆုံးအကြိမ် ပြည်တော်ပြန်ခွင့်ရတော့ ထားဝယ်ကနေ လောင်းလုံးဖက်ကိုအသွား ကမြောကင်းတံတား ထိပ်မှာ ဗိုလ်ဗထူး ကျောက်ရုပ်ကို ရုတ်တရက်တွေ့လိုက်ရတော့ အတော်အံ့သြသွားပါတယ်။


ထားဝယ်သားတွေ မျိုးချစ်စိတ်နိုးကြားလာပြီပေါ့၊ ကျောက်ရုပ်အောက်က မှတ်တမ်းစာကိုဖတ်ကြည့်တော့ ၁၉၉၁၊ ဒီဇင်ဘာလ ၁ ရက်နေ့တဲ့။ ၈၈ အလွန် နဝတ ခေတ်ကိုရောက်တာနဲ့ စစ်ဗိုလ်တွေက ထားဝယ်သားတွေကို စည်းရုံးရေး ဆင်းထားတာဖြစ်မယ်။


ဒါပေမယ့် အဲဒီအချိန်အထိ လေးသွန်းခံရွာမှာ ဘာမှမရှိသေး၊ စာရေးသူလည်း ထားဝယ်မှာနေစဉ် ၂၄ နှစ်တာအတွင်း တခါမှမရောက်ဖူးခဲ့တဲ့ လေးသွန်းခံရွာကို ၂၀၁၃ ခုနှစ် ဇွန်လထဲမှာ NLD ပါတီ စည်းရုံးရေးမှူးတွေနဲ့အတူ ပထမ ဆုံးအကြိမ် ရောက်ခဲ့ဖူးပေါ့။


ဒါပေမယ့် သိပ်မကြာဘူး။ ၂၀၁၆ ဗိုလ်ဗထူး ရာပြည့်နှစ်မှာ (ဗိုလ်ဗထူးက ၁၉၁၆ မှာမွေး၊ ၁၉၄၅ မှာကွယ်လွန်) ထားဝယ်အမျိုးသားပါတီက ဦးဆောင်ပြီး လေးသွန်းခံရွာမှာ ဗိုလ်ဗထူး ရုပ်တုစိုက်ထူလိုက်ပါတယ်။


ထားဝယ်ရောက်ရင် မောင်းမကန်ကမ်းခြေဖက် သွားလည်သူများပေမယ့် လေးသွန်းခံရွာဆီသွားပြီး ဗိုလ်ဗထူးရုပ်တုကို တကူးတကာ့ သွားအလေးပြုသူကတော့ နည်းတာပေါ့။ ဒါပေမယ့် စာရေးသူကတော့ ထားဝယ်ကို ပြန်ရောက်တိုင်း လေးသွန်းခံအထိသွားပြီး ဗိုလ်ဗထူးရုပ်တုကို အလေးပြုဖြစ်ပါတယ်။


နောက်ဆုံးရောက်တာ ၂၀၁၉ သီတင်းကျွတ်အလွန်ကာလ၊ အဲဒီနေ့က မိုးတွေ ရွာနေတာ သတိထားမိပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်းမှာတော့ လေးသွန်းခံရွာဆီမရောက်ဖြစ်တာ အခုချိန်အထိပါပဲ။

---


(၄)- ဗိုလ်ဗထူး ရုပ်တုနှင့် မျိုးဆက်သစ်တို့ရဲ့ တော်လှန်ရေး...



စာရေးသူတို့လို ၈၈ မျိုးဆက်ဟောင်းတွေ မရောက်နိုင်တော့ပေမယ့် မျိုးဆက်သစ်လူငယ်တွေက ဗိုလ်ဗထူးရုပ်တုဆီသွားပြီး နှစ်စဉ်အလေးပြု၊ နှစ်စဉ် ဗထူးနေ့ အခမ်းနားကျင်းပနေတာ ထားဝယ် သပိတ်ကော်မီတီ-  Democracy Movement Strike Committee-Dawei ရဲ့ ကြေညာချက်တွေထဲ တွေ့နေရပါတယ်။


တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အရင်ခေတ်က သွားလာရေး ခက်ခဲလို့ဆိုပြီး ဘယ်သူမှ သတိမထားမိတဲ့ လေးသွန်းခံရွာလေးဟာ အခုတော့ လောင်းလုံးမြို့နယ်၊ ထားဝယ်မြို့နယ်က လူငယ် တော်လှန်ရေးသမားတွေရဲ့ နိုင်ငံရေးတရားဟောရာနေရာ၊ လူထု စည်းရုံးရေးလုပ်ရာ ဒေသဖြစ်လာနေပါတယ်။


အရင်က တိုက်ပွဲအသံ၊ သေနတ်အသံနဲ့ဝေးခဲ့တဲ့ (ဗိုလ်ဗထူးတောင် BIA ထဲဝင်ဖို့ လေးသွန်းခံကနေ တောင်သုံးလုံးအထိ၊ ထိုင်းနယ်စပ် မေတ္တာရွာဖက်အထိ လာရတာ) လောင်းလုံးမြို့နယ် အောက်ပိုင်းဒေသရှိ လေးသွန်းခံ၊ စစ်ပြဲ၊ ညင်းမော်၊ အောက်ရေဖြူ စတဲ့ ရွာတွဟာ အခုတော့ တိုက်ပွဲသတင်းတွေထဲမှာ မကြာခန ကြားနေရပေါ့။


ဂျပန်နယ်ချဲ့၊ အဂ်လိပ်နယ်ချဲ့လက်အောက်ကနေ မြန်မာပြည်လွတ်မြောက်အောင် တိုက်ပွဲဝင်ရင်း အသက်ပေးသွားတဲ့ ဗိုလ်ဗထူးတယောက် အရင်က တိုက်ပွဲသံ၊ သေနတ်သံမကြားဖူးပဲ ငြိမ်းချမ်းလှတဲ့ သူရွာဝန်းကျင်မှာ... အခု တိုက်ပွဲသံတွေ၊ ဗုံးသံတွေ ကြားနေရတယ်ဆိုရင်...


တမလွန်က ဗိုလ်ဗထူး စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ထလာပြီး သူ့လက်ထဲက ဂျပန်ကင်ဒိုဒါးကြီးနဲ့ လက်ရှိ ဗိုလ်ချုပ်တွေများ ကြိမ်းမောင်း ဆုံးမနေလေမလား...


အရင်ခေတ် ဗိုလ်ချုပ်တွေနဲ့ လက်ရှိ ဗိုလ်ချုပ်တွေ စစ်ပွဲနဲ့ပတ်သက်ပြီး စဉ်းစားတွေးခေါ်ပုံ ဘယ်လောက်အထိ ကွာသွားပြီလဲ...

ဗိုလ်ဗထူးရဲ့ လေးသွန်းခံရွာလေး ဝန်းကျင်မှာ သေနတ်သံတွေတိတ်ပြီး ငြိမ်းချမ်းရေးအမြန်ရပါစေ...။

===

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More