Tuesday, June 9, 2026

သင့်ရဲ့ ဆန့်ကျင်ဖက်ကို အနာဂတ် မိတ်ဖက်လို ဆက်ဆံပါ။ ထာဝရ ရန်သူကြီးလို မမြင်ပါနဲ့

 ထာဝရ ငြိမ်းချမ်းရေးအတွက် ရားမို့စ်ဟော်တာရဲ့ အကြံပြုချက်

[Kavi Chingkittavorn. (June 9, 2026). Ramos-Horta's guide to lasting peace. Bangkok Post.]
==============



ပြီးခဲ့တဲ့ တပတ်က အင်ဒိုနီးရှားနိုင်ငံမှာ အရှေ့တီမော သမ္မတ ဟိုဆေးရားမို့စ် ဟော်တာ (Jose Ramos-Horta) ရောက် လာတယ်။ ဇွန် ၂ မှာ အင်ဒိုနီးရှားနိုင်ငံ အစိုးရနဲ့ အာဆီယံနဲ့ အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသန အင်စတိကျု ကျောင်း School of Government of the Economic Research Institute for Asean and East Asia (ERIA) မှာ မီးပုံ ဘေးထိုင်ပြီး စကားပြောကြသလို အေးအေးလူလူ စကားဝိုင်းဖြစ်တယ်။ သူပြောတာရော၊ မေး-ဖြေတွေရော မိနစ် ၁၉၀ လောက်တောင် ကြာသွားတယ်။ သူ့စကားဝိုင်း နားထောင်သူတွေထဲမှာ အဆင့်မြင့် သံအမတ်တွေ၊ နိုင်ငံခြားရေးဝန်ကြီး လက်ရှိနဲ့ အဟောင်းတွေလည်း ပါကြတယ်။ ပြောခဲ့တာတွေကတော့ ရှုထောင့်အမြင် ပေါင်းစုံပါပဲ။ သက်ကြီးစကား သက် ငယ်ကြားလို့ ဆိုရမယ်။ သူက ၁၉၄၉ ခုနှစ်ဖွားဆိုတော့ အသက် ၇၆ နှစ် ရှိနေပြီ။ ဘဝတလျှောက် ပြည်ပရောက် အစိုးရ မှာ သံတမာန်၊ တော်လှန်ရေးသမားလိုလည်း ၂၅ နှစ်ကြာ ဖြတ်သန်းလာခဲ့ရတယ်။ တခါတလေ သူ့ဟောပြောချက်တွေမှာ ဟာသစွက်တာလေးတွေ၊ နာကျည်းဖွယ် ငိုအားထက် ရယ်အားသန်ကိစ္စမျိုးလေးတွေလည်း ထည့်ပြောတယ်။
သူကတော့ ကျနော့်ဆရာလည်း ဖြစ်ဖူးတယ်။ ဩစတြေလျနိုင်ငံ New Southwales တက္ကသိုလ်၊ ဥပဒေပညာဌာက သံတမာန်ရေး သင်တန်းလုပ်တော့ သူက အဲဒီအစီအစဉ်မှာ ဦးဆောင်ဆရာ၊ ၁၉၉၂ ခုနှစ်မှာ အဲဒီမှာ တလကြာ သင်တန်း တက်ဖူးခဲ့တယ်။ သူ့ရဲ့ စွမ်းဆောင်ရည်၊ အရည်အချင်းကို မြင်ခဲ့ရဖူးတယ်။ ၁၉၉၆ ခုနှစ်မှာတော့ သူငြိမ်းချမ်းရေးနိုဘဲဆု ရတယ်။
အခု စကားဝိုင်းက စိတ်ဝင်စားဖွယ် ကောက်နှုတ်ချက်တွေကို ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာမှာ ဝါရင့်သတင်းစာ ဆရာကြီး ကာဝီ (Kavi Chingkittavorn) က ထုတ်နှုတ် ဆောင်းပါးပြန်ရေးထားတယ်။ မြန်မာ ပဋိပက္ခ၊ ထိုင်း-ကမ္ဘော ဒီးယား ပဋိပက္ခတွေအတွက်လည်း သင်ခန်းစာ ထုတ်ယူစရာတွေ ပါတယ်လို့ ဆိုတယ်။
၁။ သင့်ရဲ့ ဆန့်ကျင်ဖက်ကို အနာဂတ် မိတ်ဖက်လို ဆက်ဆံပါ။ ထာဝရ ရန်သူကြီးလို မမြင်ပါနဲ့။
=============
မစ္စတာ ဟော်တာက ပြည်ပမှာ အတိုက်အခံအဖွဲ့ သံတမာန် လုပ်နေရတော့ တီမောကို သိမ်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံ က သံအမတ်တွေနဲ့လည်း နိုင်ငံတကာ ပွဲတွေမှာ တွေ့ရပါတယ်။ “ကျနော်က အင်ဒိုနီးရှား သံတမာန်တွေကို မလေးမစား တခါမှ မလုပ်ခဲ့ဖူးဘူး။ အချို့ဆိုရင် ကျနော့်ကိုတောင် နေ့လည်စာ ဖိတ်ကျွေးသေးတယ်” ဒီလိုဖိတ်ရင် သူကလည်း လက်ခံ ပါတယ်။ အနာဂတ်မှာ မိတ်ဖက်ဖြစ်နိုင်သူပဲလေ။
၂။ အခွင့်အလမ်းပေးလာရင် ဘယ်တော့မှ လက်လွတ်မခံပါနဲ့။ အကယ်၍ အခြေအနေက မပြည့်စုံဘူးဆိုရင်တောင် လက်ခံပါ။
================
၁၉၉၉ ခုနှစ်မှာ အရှေ့တီမော လွတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲ လုပ်တယ်။ “သေချာတာ အားနည်းချက်တွေ အများကြီး ရှိတာပေါ့” မစ္စတာ ရာမို့စ်ဟော်တာက ပြောတယ်။ ဒါပေမယ့် ဒီလောက်ဖြစ်လာဖို့တောင် အဆင့်ဆင့် ၁၂ နှစ်ကြာ ဆွေးနွေး ယူလာခဲ့ရတယ်လို့ ဆိုတယ်။ ဖြစ်ချင်တော့ ၁၂ လ မတိုင်ခင်အတွင်း ဖြစ်လာခဲ့တယ်။ အကုန်ပြည့်စုံ ကုံလုံ အောင် စောင့်နေဖို့ မဖြစ်နိုင်ဘူး။ “အခွင့်အလမ်းက ဟာသလို ဖြစ်နေရင်တောင် အလွတ်မခံပါနဲ့” လို့ ဆိုတယ်။
၃။ အောင်ပွဲရတဲ့ အချိန်မှာ သဘောထားကြီး မြင့်မြတ်စိတ်နဲ့ ခွင့်လွှတ်ပါ။ (magnanimous)
================
ဒီလိုဆိုတယ်။ သင့် ဆန့်ကျင်ဖက်ကို အရှက်မခွဲပါနဲ့။ သူက ဒူးထောက်နေရင်တောင် သင့်လက်နဲ့ ဖေးမ ထလာအောင် ဆွဲ ထူပေးပါ။ ခံထားရသူနဲ့ တွေ့ဖို့ဆိုရင် လမ်းတဝက်ကို လျှောက်သွားပါ။ ထွေးပွေ့ပါ။ ငြိမ်းချမ်းရေးပအတွက် ကဏ္ဍသစ် အတူ ထူထောင်ရအောင် ဖိတ်ခေါ်ပါ။”
အရင် အင်ဒိုနီးရှားအစိုးရ ကာလတုန်းက တာဝန်ထမ်းခဲ့တဲ့ တီမောလူမျိုးတွေကိုလည်း သူတို့လွတ်မြောက်ပြီး ကာလမှာ အလုပ်မထုတ်ပစ်ခဲ့ဘူး။ ထွက်သွားဖို့ မဆိုခဲ့ကြဘူး။
၄။ သင့်ဖက်က တိုက်ပွဲဝင်ရဲဘော်တွေကို ပထမဦးဆုံး ရပ်နားခိုင်းပါ။
=================
သူနဲ့ တီမောလက်နက်ကိုင်အဖွဲ့ ဖာလင်တေးလ် (Falintil-- the Armed Forces for the National Liberation of East Timor) ခေါင်းဆောင် ဇာနားနား ဂတ်စ်မောင် (Xanana Gusmão) တို့အတွက် အခက်ခဲ စိတ်အပျက်ရဆုံးက သူတို့ ရဲဘော်တွေကို တိုက်ပွဲ ရပ်ခိုင်းရတာပဲ။ သူတို့ကို လက်နက်ချခိုင်းတယ်လို့ ထင်နေကြတယ်။
ဆန္ဒခံယူပွဲနောက်ပိုင်းမှာ အင်ဒိုနီးရှားလိုလားတဲ့ တီမောအုပ်စုက အကြမ်းဖက်မှုတွေ လုပ်နေကြတယ်။ ဒီအဖွဲ့နဲ့ သူတို့ ထိပ်တိုက်တွေ့ရင် အင်ဒိုနီးရှား စစ်တပ်ပြန်ဝင်လာဖို့ အကြောင်းဖြစ်စေလိမ့်မယ်။ ဒီအတွက် ထိန်းနေကြရတာ။ မြန်မာ အတွက်လည်း အလားတူ ဖြစ်နိုင်တယ်လို့ ကာဝီက ရေးတယ်။ တစုံတရာသဘောတူညီချက် ရတဲ့အခြေအနေမှာ စစ်ပွဲ တွေ လျှော့ချရဖို့ (de-escalate) ဖြစ်နိုင်တယ်။ ဒါမှပဲ ကိုယ့်အကျိုးစီးပွားအတွက် ဖြစ်လာစေမယ်။ ဒါက လက်နက်ချခိုင်း တာ မဟုတ်ပါဘူး။ ထိုင်း-ကမ္ဘောဒီးယားလည်း ဒီလို မူမျိုးကြုံရနိုင်တယ်။
၅။ နိုင်ငံတကာ ခုံရုံးတွေ ကြုံလာရရင် နှစ်ဦးနှစ်ဖက်ရဲ့ အမှန်တရားကို ရှာဖွေပါ။
==================
ခုံရုံး အနိုင်အရှုံး ဆုံးဖြတ်ချက်ထက်စာ ရင် ဆက်ဆံရေးက ပိုအရေးကြီးတယ်။
မစ္စတာ ဟော်တာက အရင်ကုလ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ လက်စွဲစကားကို ပြန်ပြောတယ်။ “တရားမျှတမှု မရှိ၊ ငြိမ်းချမ်းရေး မရှိ၊ ဒီမိုကရေစီ မရှိ” (No justice, no peace, no democracy) ဆိုတာပါပဲ။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြာလည်း သမိုင်းကြောင်းအရ နာကျည်းစရာတွေ ရှိနေနိုင်တယ်။ ခုံရုံး ဆုံးဖြတ်လိုက်တာနဲ့ ဖြေရှင်းနိုင်ဖွယ် မရှိပါဘူး။ နှစ်နိုင်ငံချင်း လုပ်ငန်းစဉ်တခု လိုအပ်တယ်။ အသိအမှတ်ပြုကြပြီး ရှေ့ကို ဘယ်လို ပူးပေါင်း ဆောင်ရွက် ဆက်သွားကြမယ်ဆိုတဲ့ လုပ်ငန်းစဉ်ပါပဲ။ အပြန်အလှန် စွပ်စွဲနေကြတာထက် ဒီနည်းကပဲ ရေရှည်ခံတဲ့ ကိစ္စ ကို တည်ဆောက်နိုင်ပါလိမ့်မယ်။
၆။ သင့်တော်တဲ့ အဆင့်၊ သင့်တော်တဲ့လူကို လွှတ်ပါ။ နေရာပေးပါ။
=====================
မြန်မာကိစ္စမှာ မစ္စတာ ဟော်တာက ပြောင်ကျကျ ပြောတယ်။ “အဆင့်နိမ့် အရာရှိမျိုး မလွှတ်ပါနဲ့၊ ကျနော် တောင်းပန်ပါတယ်။”
မြန်မာစစ်တပ်က လုံခြုံရေးကောင်စီ ဘာညာတွေ ကရုစိုက်နေတာ မဟုတ်ပါဘူး။ သူတို့က ဘယ်သူက တပ်ကိုအမိန့်ပေး ခဲ့တာလဲ၊ အစိုးရကို ဦးဆောင်ခဲ့တာလဲ၊ ဒီလို ဝိတ်မျိုးကို ကြည့်တယ်။ သူတို့နောက်ခံကို ကြည့်ပြီးပဲ လေးနက်မှုပေးတယ်။ မစ္စတာ ဟော်တာက ဥပမာ- အင်ဒိုနီးရှား သမ္မတဟောင်း ဆူဆီလို ဘမ်ဘန် ယွတ်ဟိုယိုနို (Susilo Bambang Yudhoyono) လို ကြယ် ၄ လုံး ဗိုလ်ချုပ်ကြီးမျိုး မြန်မာပြည်ကို သွားဖို့ တိုက်တွန်းတယ်။ ဒီလိုမှပဲ ထိတွေ့ဆက်ဆံမှု အလုပ်ဖြစ်နိုင်မယ်ဆိုတယ်။
မြန်မာအရေး အထူးသံက ၆-လ၊ တနှစ်တကြိမ် ပြောင်းနေတယ်။ အလုပ်တောင် မစရသေးဘူး၊ အချိန်တနှစ် ကုန်ပါရော လို့ ဆိုတယ်။ သူက အနည်းဆုံး ၂-၃ နှစ် တာဝန်ပေးဖို့ အကြံပြုတယ်။ လာမယ့် ဇူလိုင်လ အာဆီယံနိုင်ငံခြားဝန်ကြီးများ အစည်းအဝေးမှာ ဒီကိစ္စ ဆွေးနွေးကြဖို့ ရှိတယ်။
၇။ သေတ္တာက ပုံမကျနေဘူးဆိုရင် လက်တွေ့နဲ့ ကိုက်ညီဖို့ သေတ္တာပြင်ပက outside the box (ပုံစံခွက်ပြင်ပ) က လုပ်ဆောင်ဖို့ လိုတယ်။
==================
ဂီနီယာ ဘစ်ဆော (Guinea-Bissau) နိုင်ငံတုန်းက အရပ်ဘက် စိုက်ပျိုးရေးအသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်များ အတွက် ထွန်စက် ထရက်တာတွေ ဝယ်ပေးခဲ့ရပါတယ်။ ကုလ UN ဘတ်ဂျက်ထဲမရှိတော့ မော်ရိုကိုအတွက် စစ်ယူနီ ဖောင်းတွေ ဝယ်ဖို့ ငွေစိုက်ပေးခဲ့ရပါတယ်။ ကုလအဖွဲ့ ဂိုဒေါင်တွေအတွက်လည်း ဆိုလာပြားတွေ ကြံဖန်ခဲ့ရပါတယ်။ အချို့ကိစ္စတွေမှာ ဆန်ရှင်လွတ်အောင် ရှောင်လုပ်ခဲ့ရတာတွေ ရှိပါတယ်။
မြန်မာအတွက်ဆိုရင်လည်း အာဆီယံ သံတမာန်တွေ လှုပ်သာရှားသာ ရှိအောင် ပုံမှန်တရားဝင် မဟုတ်တဲ့ ဆွေးနွေးပွဲမျိုး တွေနဲ့ ယုံကြည်မှု တည်ဆောက်သင့်တယ် ဆိုပါတယ်။ တူညီဆန္ဒ ၅ ချက် 5PC မှာတော့ ဒီလိုအချက်တွေ မပါပါဘူး။
၈။ စစ်ပွဲမရှိတာနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးကို ခွဲခြားဖို့ လိုတယ်။
==================
မစ္စတာ ဟော်တာက သူ့နိုင်ငံ ငြိမ်းချမ်းနေတာ၊ နိုင်ငံရေးအကြမ်းဖက်မှု သုည၊ တိုင်းရင်းသား တင်းမာမှု သုည၊ ဘာသာ ရေးပဋိပက္ခ သုည ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြောပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေဟာ အိမ်တွင်းမှာ အကြမ်းဖက်မှု ခံနေရဆဲပါတဲ့။ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခမှာတော့ ထူးခြားပါတယ်။ နှစ်နိုင်ငံလုံးရဲ့ ဘာသာစကားမှာ သန္တိပတ် (santiphab) ဆိုပြီး ငြိမ်းချမ်းရေးကို ခေါ်ကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကို ဖွင့်ဆိုတာမျိုး မတူညီနေပါ ဘူး။
နိုင်ငံနယ်နမိတ် နှစ်ဖက်က ရပ်ရွာလူထုတွေ အေးချမ်းစွာ နေထိုင်မှ၊ ရောင်းဝယ် ဖောက်ကားနိုင်မှ၊ ကူးသန်းသွားလာနေ ကြပါမှ ငြိမ်းချမ်းရေးတည်ရှိ ပါမယ်။ ငြိမ်းချမ်းရေးအတွက် စနစ်ဖွဲ့စည်းပုံသဘော (အင်စတိကျုရှင်း) ဖောင်ဒေးရှင်းကို သဘောတူညီမှုတွေမှာ စကတည်းက တည်ဆောက်ကြရပါလိမ့်မယ်။ နယ်မြေပြဿနာ ပြေလည်မှ လုပ်ကြမယ်ဆိုတာ မျိုး အချိန်ဆွဲထားလို့ မရပါဘူးလို့ ဆိုခဲ့ပါတယ်။
၁၉၀ မိနစ်ကြာ စကားဝိုင်းဆိုတော့ သူပြောခဲ့တာ အများကြီး ရှိမှာပါ။ ဆောင်းပါးရှင် ကာဝီက ဒီလောက်နဲ့ပဲ အနှစ်ချုပ်ခဲ့ တာပါ။

( အားလုံးလေ့လာနိုင်ဖို့အတွက်... ကိုအောင်သူငြိမ်းဆီမှ တဆင့် ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More