Monday, June 8, 2026

အသက် ၆၀ ကျော်ရင် အဖိုးအို- အဖွားအိုလို့ ရေးသင့်သလား...

အသက် ၆၀ ကျော်ရင် အဖိုးအို- အဖွားအိုလို့ ရေးသင့်သလား...  


(၈ ဇွန် ၂၀၂၆)


အသက်ကြီးလာတဲ့အကြောင်းတွေ သိပ်မရေးပါနဲ့လို့ မိတ်ဆွေအချို့က ပြောထားတဲ့ကြားထဲ မရေးလို့မဖြစ်တဲ့ ကိစ္စတခုက ပေါ်လာပြန်ပါတယ်။


မီဒီယာအားလုံးက ဒီအသုံးနှုန်းကို သုံးနေကြတာမျိုးမဟုတ်ပေမယ့် လူသိများတဲ့ နာမည်ကြီး မီဒီယာတခုမှာ “သမ္မတပြောခွင့်ရကို ဝေဖန်မှု မှတ်ချက်ရေးသူ အသက် ၆၈ နှစ်အရွယ် အဖွားအိုတဦးဖမ်းဆီးခံရ” ဆိုပြီး သတင်းခေါင်းစဉ် တင်ထားတာ တွေ့လိုက်ရပါတယ်။


အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသစ်ခန့်အပ်ထားတဲ့ ဒေါက်တာခိုင်ခိုင်စိုး အကြောင်း သတင်းတပုဒ်အောက်မှာ “ဇော်မဲလုံး ညီမလား” လို့ မှတ်ချက်ပြု (Comment) ရေးသားမိသူ ပဲခူးမြို့က အသက် ၆၈ နှစ်အရွယ် အဖွားအိုကို ဖမ်းဆီးသွားပါတယ်တဲ့...


ကဲ... စာဖတ်နေသူတွေကော အသက် ဘယ်လောက်ရှိနေကြပြီလဲ...၊ အဲဒီ သတင်း ခေါင်းစဉ်အပေါ် ဘယ်လိုသဘောရကြပါသလဲ...။


မီဒီယာသမားတွေကော သတင်းခေါင်းစဉ်ကို အဲဒီလို အသက်ပေါ်မူတည်ပြီး အဖိုး-အဖွားဆိုပြီး ညွှန်းသင့်တယ်လို့ ယူဆထားကြပါသလား။


ဘာသာဗေဒဆိုင်ရာ ဝေါဟာရပညာရှင်တွေကကော ဘယ်လိုများ မှတ်ချက်ပေးချင်ကြပါသလဲ...


အသက် ၈၀ နီးပါးအရွယ် သမ္မတ ထရမ့်ကျတော့ ဘာကြောင့် အဖိုးအို သမ္မတလို့ မရေးရဲကြတာလဲ...။

---


စာရေးသူအထင်အရ ဒါဟာ တမင် ရည်ရွယ်ချက်ရှိရှိ ရေးတာတော့ မဟုတ်လောက်ပါဘူး။ အစဉ်အလာအသုံးနှုန်းတွေကြားမှာ ကြီးပြင်းလာတဲ့ မြန်မာပြည်ဖွား မြန်မာစာသုံးစွဲနေသူတွေဟာ အသက်ဆိုတဲ့ တိကျတဲ့ ကိန်းဂဏန်းနဲ့ စိတ္တဇနမ် အိုခြင်း- ပျိုခြင်းကို တွဲသုံးလေ့ရှိတာ သတိထားမိပါတယ်။


ဒါ ပထမ ဆုံးအကြိမ် ကြုံရတာလည်း မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်လောက်ပါဘူး။ အစွဲရှိနေသူတွေ၊ တိကျမှုနဲ့ စိတ္တဇနမ်ကို သတိမထားမိသူတွေဟာ ဆက်သုံးနေဦးမယ်ထင်ပါတယ်။


စာရေးသူက အသက် ၆၀ ကျော်နေလို့ ဒီအသုံးအနှုန်းကို လက်မခံနိုင်လို့ ပြောနေတယ်လို့ မယူဆစေချင်ပါဘူး။ 


အသက် ၆၀ မပြည့်ခင် လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကတည်းက ဒီအသုံးနှုန်းကို အမေရိကန်အစိုးရ ဘတ်ဂျက်နဲ့ လည်ပတ်နေတဲ့ အမေရိကန်ခြေစိုက် မြန်မာ အသံလွှင့်ဌာနတွေက သုံးခဲ့ဖူးလို့ ဟာသ နှောပြီး ရေးခဲ့ဖူးပါတယ်။


အဲတုန်းကတော့ သမ္မတထရမ့် မဟုတ်သေးဘူး။ သူ့ထက် ပိုအသက်ကြီးတဲ့ သမ္မတ ဘိုင်ဒန်ခေတ်ပေါ့။ ဒါပေမယ့် အမေရိကန်သမ္မတကိုတော့ အဖိုးအိုလို့ မသုံးရဲပဲ မြန်မာတွေကျမှ “အသက် ၆၀ နီးပါးအရွယ်အဖိုးအိုတဦး” လို့ သုံးတာကတော့ သိပ်မမိုက်တဲ့အကြောင်း ရေးခဲ့ဖူးပါတယ်။


ထရမ့်ကို အဲလိုသွားရေးရင် ဘတ်ဂျက်ပါ အဖြတ်ခံရမလား မသိဘူး။ ဒါဟာ ကာယကံရှင်ကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့အပြင် သတင်းသဘောအရလည်း တိကျမှုမရှိပါဘူး။


အသက် ၆၀ မှာ အချို့က အိုပေမယ့် အချို့က မအိုသေးပါဘူး။ ဒါကို အသက် ၆၀ ရောက်တာနဲ့ လူတိုင်းအိုတယ်ဆိုတဲ့အစွဲနဲ့ရေးနေတာတွေ ပြင်သင့်ပြီ၊ တိကျတဲ့ အသုံးအနှုန်း၊ ယာဉ်ကျေးတဲ့ အသုံးအနှုန်းတွေ ကျနော်တို့ မီဒီယာသမားတွေ၊ ဝေါဟာရဆရာတွေ ရှာဖွေသင့်တယ်ထင်ပါတယ်။


နိုင်ငံတကာ မီဒီယာတွေမှာကော ဒီလိုကိစ္စတွေအတွက် ဘယ်လို ညွှန်းဆိုသုံးစွဲကြသလဲ...။


မြန်မာမီဒီယာသမားတွေ၊ ဝေါဟာရဆရာတွေ ဆက်လက် ဆွေးနွေးကြစေသတည်း။

===


ဘာပုံ ထည့်ရမှန်းမသိ၊ လူပုံလည်း မထည့်ချင်တာနဲ့ စက်ဘီးပုံကို ထည့်လိုက်ပါကြောင်း...


၆၀ ကျော်မှာ စက်ဘီးစီးနေသူ၊ ပြေးနေသူ၊ တောင်တက်နေသူ၊ ဂေါက်သီးရိုက်နေသူ စသဖြင့် အများကြီး ရှိနေသေးပါကြောင်း)။

===

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More