Monday, June 8, 2026

“ထားဝယ်ဒေသက ကျောင်းကားပြသာနာ ဘယ်လိုအဖြေရှာကြမှာလဲ”

 “ထားဝယ်ဒေသက ကျောင်းကားပြသာနာ ဘယ်လိုအဖြေရှာကြမှာလဲ”


(၈ ဇွန် ၂၀၂၆)


(၁) နိဒါန်း...


၂၀၂၆ ခုနှစ် ဇွန်လ ကျောင်းဖွင့်ရာသီမှာ ကျောင်းတွေပိတ်ထားခြင်းခံရတဲ့ ကျေးရွာတွေက ကျောင်းသားတွေစုပြီး ထားဝယ်မြို့ပေါ်မှာ ကျောင်းအပ်ဖို့ ကျောင်းကားတွေနဲ့သွားတာကို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက တားဆီးတဲ့အတွက် ပွဲဆူနေတဲ့သတင်းတွေ ဆက်တိုက်ကြားနေရပါတယ်။


လက်နက်ကိုင်အဖွဲ့တွေရော၊ လက်နက်မကိုင်အဖွဲ့တွေရော လွတ်လပ်စွာပညာသင်ကြားရေးနဲ့ပတ်သက်ပြီး သူတို့အဖွဲ့တွေရဲ့ ရပ်တည်ချက်တွေကို ထုတ်ပြန်နေတာကိုလည်း ဆက်တိုက်တွေ့နေရပါတယ်။


အကြမ်းအားဖြင့်ကတော့ အရင် ၅ နှစ်အတိုင်း ပိတ်လက်စနဲ့ ဆက်ပိတ်ထားရမယ်၊ အရင်မူအတိုင်းပဲ ဆက်သွားမယ်ဆိုတာက တဖွဲ့... 


၅ နှစ်ကြာလာပြီဖြစ်တဲ့အတွက် လူထုနစ်နာချက်တွေကို စဉ်းစားပေးရတော့မယ်၊ ကလေးတွေ ပညာရေးအတွက် ကိုယ့်ဖက်က ကျောင်းမဖွင့်ပေးနိုင်ရင် ကျောင်းရှိတဲ့နေရာမှာ သွားသင်ပါစေ၊ ဒါကို မတားဆီးသင့်တော့ဘူးဆိုတာက တဖွဲ့...


ဒီလို သဘောထား ၂ ရပ်တွေ့ရတယ်လို့ ဆိုချင်ပါတယ်။

---


(၂) ရေရှည်စစ်ကိုသွားမယ်လို့ ကြေညာပြီးရင် ရေရှည်မှာအရေးပါတဲ့ ပညာရေးကို ဘယ်လိုစဉ်းစားထားသလဲ...


အဲတော့ ပြသာနာက အဲဒီ အမြင် ၂ မျိုးမှာ ခင်ဗျားက ဘယ်ဖက်ကရပ်သလဲ... ဘယ်ဖက်က မှန်တယ်ထင်သလဲ...။ အဲဒီမှာတင် လူတွေက ငြင်းခုန်ပြီး ပွဲဆူနေတာဖြစ်ပါတယ်။ ဒီပြသာနာပြေလည်အောင်၊ ဒါမှမဟုတ် လမ်းစတခုခု ရအောင် ဝိုင်းရှာတာမျိုး အခုထိ မတွေ့ရသေးပါဘူး။


သမိုင်းဖြတ်သန်းမှုအပေါ် အခြေခံပြီးပြောရမယ်ဆိုရင်တော့... ပထမ ၅ နှစ်က ဟုတ်ပါတယ်။ တော်လှန်ရေးအစိုးရ NUG ရဲ့ မူဝါဒကိုက တနှစ်အတွင်း စစ်အနိုင်တိုက်ရေး၊ ၃ နှစ်အတွင်း အနိုင်တိုက်ရေး... ဒီလိုကာလတွေကို လူထု ငြိမ်ပြီး၊ အနစ်နာခံပြီး စောင့်မျှော်နေကြတာဖြစ်ပါတယ်။


ဒါပေမယ့် အခု ၅ နှစ်ကြာလာပြီးချိန်မှာတော့ ပေါ်လစီစာတမ်းအဖြစ် ထုတ်ပြန်တာမျိုး အတိအကျမတွေ့ရသေးပေမယ့် အစိုးရတာဝန်ရှိသူတွေရဲ့ပြောကြားချက်တွေအရ အခု စစ်ပွဲဟာ ရေရှည်စစ်ပွဲဖြစ်တယ်၊ ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ရမယ်... ဒီလိုပြောတာ ဆိုတာတွေ ကြားလာနေရပါတယ်။


ဆိုတော့ ရေရှည်ဆိုတာ ၁၀ နှစ်လား၊ အဲဒီအတွက် နောက် ၅ နှစ် စီမံကိန်းတွေက ဘာတွေလဲ...


၅ နှစ်တာ ကျောင်းမတက်ရတဲ့ ကလေးတွေအတွက် စာသင်နိုင်အောင် ဘယ်လို စီမံဆောင်ရွက်ပေးမှာလဲ...

---


(၃) ရေရှည်စစ်နှင့် ERO များရဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းများ...


ရေရှည်စစ်ကိုသွားတော့မယ်ဆိုရင်တော့ နှစ် ၇၀ ကျော်တိုက်နေတဲ့ ERO တွေရဲ့ လုပ်နည်း လုပ်ဟန်တွေကို လေ့လာသင့်တယ်ထင်ပါတယ်။ စစ်တိုက်နည်းတခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။


အခု ပွဲဆူနေတဲ့ ပညာရေးကိစ္စတခုတည်းကိုပဲ ကွက်ပြီး အရင်လေ့လာကြည့်ပါ။


ERO တွေမှာ မူကြိုကနေ တက္ကသိုလ်အထိ ကျောင်းတွေဖွင့်ပေးထားတာ တွေ့နိုင်ပါတယ်။ သူ့ကျောင်းဆီ မလာနိုင်လို့ နီးစပ်ရာ စစ်တပ်ထိန်းချုပ်ဒေသက ကျောင်းတွေမှာ တက်နေသူတွေလည်း အများကြီးပါပဲ။ ဒီအပေါ် သူတို့အဖွဲ့တွေက ဘယ်လို သဘောထားသလဲ...


နောက် ERO တွေမှာ ထိန်းချုပ်နယ်မြေအတိအကျရှိပါတယ်၊ ကြားနယ်မြေဆိုတာရှိပါတယ်... စသဖြင့် နယ်မြေကို အဆင့်လိုက်သတ်မှတ်ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တတ်နိုင်သလောက် ဆောင်ရွက်ပေးနေတာ တွေ့နိုင်ပါတယ်။


အဲတော့... အခု ၅ နှစ်ကြာလာပြီ၊ တော်လှန်ရေးတပ်တွေက ထိန်းချုပ်နယ်မြေက ဘယ်နေရာတွေလဲ၊ ဘယ်နေရာတွေကို ကြားဒေသအဖြစ်သတ်မှတ်ထားသလဲ...


ထိန်းချုပ်ဒေသမှာ ကျောင်းဖွင့်ထားပေးနိုင်သလား၊ ကြားဒေသမှာ ကျောင်းမရှိရင် အဲဒီဒေသက ကလေးတွေ ပညာရေးအတွက် ဘယ်လိုစဉ်းစားပေးနိုင်မလဲ... ဘယ်လို စီမံကိန်းဆွဲထားသလဲ...


ဒါတွေဟာ ဒီအချိန်မှာ မဖြစ်မနေဆွေးနွေးရတော့မှာဖြစ်ပါတယ်။


တော်လှန်ရေးရေချိန်၊ လူထုသဘောထားဆိုတာဟာ ၅ နှစ်တာကာလအတွင်း တပြေးတည်းရှိမနေနိုင်ပါဘူး။ ပြောင်းလဲလာနေတဲ့ နိုင်ငံရေးအနေအထား၊ လူထုတွေရဲ့  

စားဝတ်နေရေး အကျပ်အတည်း၊ ၅ နှစ်တာကျောင်းပိတ်ခံထားရတဲ့ ကလေးတွေရဲ့ ပညာရေး... စသဖြင့် စသဖြင့်...

---


(၄) အဲတော့ အဖြေက ဘာလဲ...


အဖြေက ဘာလဲ... ဆိုတော့ ကလေးတွေ ပညာသင်ကြားခွင့်ရရေးအတွက် အဖွဲ့ပေါင်းစုံက နည်းလမ်းရှာဖွေရေးဖြစ်ပါတယ်။ အဖွဲ့ပေါင်းစုံက သူမှန်ကိုယ်မှန် ငြင်းခုံနေရေးမဟုတ်ပါ။


စာရေးသူက မြေပြင်မှာရှိနေသူလည်း မဟုတ်သလို တော်လှန်ရေးအဖွဲ့တွေထဲမှာလည်း ပါဝင်နေသူမဟုတ်တဲ့အတွက် ... ဘာလုပ်ကြပါဆိုပြီး ပြောပိုင်ခွင့်မရှိပါ။


သမိုင်းဖြတ်သန်းမှုအရ၊ ကြုံခဲ့-ကြားခဲ့ဖူးတာတွေအရ ဖြစ်သင့်တယ်ထင်တာကို အကြံပြုမျှဝေခြင်းသာဖြစ်ပါတယ်။


သေချာတာကတော့ ရှေရှည်စစ်ကို သွားမယ်လို့ မူဝါဒချထားသူတွေအနေနဲ့... ဒါကို လက်မခံဘူး၊ ဒါမျိုးလုပ်ရင် တားဆီးမယ်... ဒီလုပ်နည်းလုပ်ဟန်နဲ့ ရေရှည်သွားလို့မရပါ။ အဖြေလည်းထွက်လာမှာ မဟုတ်ပါ။


အလားတူ ဒီလုပ်ရပ်ကို လက်မခံနိုင်တဲ့ အဖွဲ့တွေကလည်း ဒါကို သဘောမတူကြောင်း ကန့်ကွက်စာထုတ်နေရုံနဲ့မရပါ။


ရှေ့မှာ ERO တွေရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး နယ်မြေသတ်မှတ်ပါ။ ကိုယ်ဒေသမှာ ကိုယ့်ကျောင်းဖွင့်ပေးပါ၊ ကြားဒေသမှာ ကြားကျောင်း၊ သို့မဟုတ် ဘက ကျောင်း၊ သို့မဟုတ် UN ကျောင်းလိုမျိုး ၂ ဖက်စလုံးနဲ့မဆိုင်၊ ၂ ဖက်စလုံးက ပြသာနာမရှာနိုင်တဲ့ ကျောင်းမျိုး စဉ်းစားသင့်သလား။


ဒါမှမဟုတ် အခု တားဆီးမှုတွေကိုရပ်တန့်ပြီး တော်လှန်ရေးဂိတ်မှာ တော်လှန်ရေးအဖွဲ့တွေက စစ်၊ စစ်တပ်ဂိတ်မှာ စစ်တပ်က စစ်ပြီး ကန့်သတ်ချက်တွေနဲ့ ခွင့်ပြုချက်ပေးတာမျိုးကော လုပ်ပေးနိုင်မလား...


သေချာတာကတော့ ရေရှည်အတွက် ပြင်ဆင်ရပါမယ်။


ရေတိုနည်းတွေကြောင့် ရေရှည်စီမံကိန်းတွေကို မထိခိုက်အောင် မြေပြင်က တာဝန်ရှိသူတွေအားလုံး ဝိုင်းဝန်းဆွေးနွေး အဖြေရှာသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

-

ထက်အောင်ကျော်

(၈ ဇွန် ၂၀၂၆)


(ဓာတ်ပုံကို DW မှ ကူးယူဖေါ်ပြထားပါသည်)

===

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More