Sunday, December 11, 2022

 ကျွန်းပြန်ကြီး ဦးလှိုင်တင်သို့ သတိရခြင်း





(၁၁-၁၂-၂၀၂၂)


ကျွန်းပြန်တဦးဖြစ်တဲ့ ထားဝယ်နယ်က နိုင်ငံရေးသမား ဦးလှိုင်တင် ပြီးခဲ့တဲ့ရက်ပိုင်းက (၉ -၁၂-၂၀၂၂) ကွယ်လွန်သွားတယ်ကြားရလို့ စိတ်မကောင်းဖြစ်မိပါတယ်။


အခု ပြန်လည်ဖေါ်ပြနေတဲ့ သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီးမှာ သူ့အကြောင်း (အခန်း ၂၆- အပိုင်း ၂-မှာ) ထည့်ပြောခဲ့ပေမယ့် ကျွန်းပြန်ဆိုတာကို ဖေါ်ပြဖို့ မေ့ကျန်ခဲ့ပါတယ်။


သူနဲ့ NLD အဖွဲ့ဝင်အချို့ ၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလ၊ စင်ပြိုင်အစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့်အဖွဲ့ မင်းသမီးစခန်းဆီလာပြီး နောက်ပိုင်း သူတို့အဖွဲ့ မင်းသမိးစခန်းဆီ ရောက်လာခဲ့ပါတယ်။


သူပုန်ကျောင်းသား ဆောင်းပါးမှာ ဖေါ်ပြထားတဲ့အတိုင်း အဲဒီကာလက ကျနော်တို့ လူငယ်တွေဟာ စစ်တိုက်ဖို့ပဲ အားသန်နေတဲ့အတွက် ဦးလှိုင်တင်တို့လို သက်ကြီး-ဝါကြီးတွေနဲ့ စကားအသေချာမပြောဖြစ်ပါ။


နောက်ပိုင်းမှာတော့ အခြား ပါတီဝင်တွေနဲ့အတူ နတ်အိမ်တောင်ဖက် သူ ရောက်သွားပါတယ်။ နိုင်ငံရေးအခြေအနေမပြောင်းခင် သူနဲ့နယ်စပ်မှာ နောက်ဆုံးတွေ့တာ ၁၉၉၆ နှောင်းပိုင်း (ထုံပါဖုန်ု-ပင်စီကနေ) သုခစခန်းဆီသွားတဲ့လမ်းက တဲတလုံးမှာလို့ထင်ပါတယ်။


အဲဒီနောက်ပိုင်း လူချင်းပြန်တွေ့တာ (နှစ် ၂၀ ကြာပြီးမှ) ၂၀၁၆ ခုနှစ် ထားဝယ်က 7 July အခမ်းအနားမှာ။ ချိန်းထားတာမဟုတ်ပဲနဲ့ အဲဒီအခမ်းနားမှာ ကျောင်းသားသမိုင်းကြောင်းပြောဖို့ ဖိတ်ကြားခံရသူတွေထဲ ကျောင်းသားဟောင်းတွေဖြစ်တဲ့ သူနဲ့ ကျနော် ပါလာတာပါ။


ဖိတ်ကြားသူတွေက လက်ရှိ အသက် ၂၀ တန်းကျောင်းသားတွေ။ ဦးလှိုင်တင်က ၁၉၆၂ ကျောင်းသား၊ ကျနော်က ၁၉၈၈ ကျောင်းသား၊ ပြီးတော့ လက်ရှိ အသက် ၂၀ တန်းကျောင်းသားတွေနဲ့ ထားဝယ်မြို့တော်ခန်းမရဲ့ စင်မြင့်ပေါ်မှာ ဆွေးနွေးရတာပါ။


အဲဒီအချိန်ဟာ NLD အစိုးရ အာဏာရကာစဆိုတော့ အားလုံးဟာ အပြောင်းအလဲတွေ အများကြီးဖြစ်လာမယ်လို့ မျှော်လင့်ထားချိန်ပေါ့။ ကျနော်တို့စကားဝိုင်းရှေ့မှာလည်း NLD ဝန်ကြီးတွေ၊ အမတ်မင်းတွေ နားထောင်နေတာတွေ့ရပါတယ်။


အခုတော့ စစ်တပ်က အာဏာသိမ်းလိုက်လို့ အခြေအနေတွေက အားလုံးပြောင်းကုန်ပြီ။ ရှေ့မှာနားထောင်နေတဲ့ ဝန်ကြီးတွေ၊ အမတ်မင်းတွေထဲက အချို့ ထောင်ထဲရောက်၊ အချို့တောထဲရောက်၊ အချို့ လက်နက်ကိုင် တော်လှန်ရေးကို ဦဆောင်နေ။


စင်ပေါ်မှာပြောနေတဲ့ ဓာတ်ပုံထဲက လူတွေကိုပြန်ကြည့်တော့ ၁၉၆၂ မျိုးဆက် ဦးလှိုင်တင်က အခု ကွယ်လွန်သွားပြီ။ ၈၈ မျိုးဆက် ကျနော်က ပြည်ပကနေ မပြန်နိုင်သေး၊ ၂၀၁၆ မျိုးဆက်တွေထဲက ကိုမင်းလွင်ဦးနဲ့ ကိုသန့်ဇင်တို့က နွေဦးတော်လှန်ရေးထဲမှာ...


တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျောင်းသားမျိုးဆက်တဦး ကျဆုံးသွားပေမယ့် ကျန်မျိုးဆက်တွေက သူတို့ပခုံးပေါ်ကျလာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ သမိုင်းပေးတာဝန်တွေကို ဆက်လက် ထမ်းရွက်နေဆဲ...


၂၀၁၆ ခုနှစ် 7 July က ပုံကိုပြန်ကြည့်ရင်း...


ရဲဘော်ကြီး ဦးလှိုင်တင် အား အလေးပြုလိုက်ပါတယ်။



ထက်အောင်ကျော်

(၁၁-၁၂-၂၀၂၂)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More