Friday, December 16, 2022

အသက် ၆၀-နီးပါးအရွယ် အဖိုးအိုတဦး၏ မွေးနေ့စကား...

 အသက် ၆၀-နီးပါးအရွယ် အဖိုးအိုတဦး၏ မွေးနေ့စကား...

-----

(၁၆-၁၂-၂၀၂၂)



မွေးနေ့ဆုတောင်းပေးသူအားလုံး ကျေးကျေးပါ။


ဒီနှစ်မွေးနေ့က အပေါ်က ခေါင်းစဉ်မှာပါတဲ့အတိုင်း အသက် ၆၀ နားကပ်လာပြီဆိုတော့ အသက်အကြောင်း နည်းနည်းပြောချင်ပါတယ်။ 


ငယ်စဉ်အခါကတော့ အသက် ၄၀ ဆိုရင် အဖိုးကြီးဖြစ်ပြီလို့ ထင်ထားတာပါ။ တကယ်တန်း ကိုယ်တိုင် အသက် ၄၀-ပြည့်တဲ့အခါ -“ဘဝဟာ အသက် ၄၀-မှ စတယ်”-ဆိုပြီး ခံယူကျင့်သုံးခဲ့ပေါ့။ ၅၀-ရောက်တော့လည်း ဒီလိုပါပဲ၊ အသက်ကြီးတယ်လို့ မခံစားမိပါဘူး။


အဲ... အခု ၆၀-နားနီးလာတဲ့အခါမှာတော့ တိုက်တိုက်ဆိုင်ဆိုင်  အပေါ်က ခေါင်းစဉ်ပါ စာသားကို သတင်းထဲထည့်ပြောတဲ့ အမေရိကန်အခြေစိုက် ဘော်ဘော်ကြီးများရဲ့ သတင်းဌာနကို စိတ်ဆိုးပါတယ်။ နာမဝိသေသနကို သတင်းထဲ ထည့်စရာလား...


အဲတော့... ဘဝမှာ အသက်က အရေးကြီးသလား...။ အမေရိကားဖက်ကိုပြန်လှည့်ရမယ်ဆိုရင် အိုဘားမားက အသက် ၄၀ ကျော်မှာ သမ္မတဖြစ်တယ်။ လက်ရှိ သမ္မတဘိုင်ဒန်က အသက် ၇၀ ကျော်မှ သမ္မတဖြစ်တယ်။ အသက်ငယ်တဲ့လူက စွမ်းဆောင်ရည်ပိုကောင်းသလား... အသက်ကြီးတဲ့လူက ပိုကောင်းသလား...။


ပြောဖို့ခက်ပါတယ်။ ဆိုလိုတာက အသက်ဟာ ကိန်းဂဏန်းတခုသာဖြစ်တယ်ဆိုတဲ့ အယူအဆကို အသက်ကြီးလာသူတွေ လက်ကိုင်ထားစေချင်ပါတယ်။ အဲလို ကိုင်မထားဘူးဆိုရင် ငါ အသက်ကြီးပြီးပဲ... အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲ၊ လူသားချင်းစာနာမှုတိုက်ပွဲ၊ ဘာတိုက်ပွဲ ညာတိုက်ပွဲတွေ မပါသင့်တော့ဘူး...“အေးရာအေးကြောင်း ဘုန်းကြီးကျောင်း”- သွားနေတာပဲ ကောင်းပါတယ်ဆိုတဲ့ အမြင်မျိုး ဝင်သွားနိုင်ပါတယ်။


အဲ... အဲလို အသက်ကိုမေ့ထားပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်ဖို့ကတော့ ကျန်းမာရေးလည်း တစုံတရာကောင်းနေအောင် လေ့ကျင့်ထားဖို့လိုမယ်ထင်ပါတယ်။ မြန်မာအများစုက အသက် ၆၀ ဆိုရင် ကျန်းမာရေးမကောင်းတော့ဘူး။ ပင်စင်စားဖြစ်နေကြပြီ၊ ဆေးဝါးတမျိုးမျိုး မီဝဲနေရပြီ၊ လေ့ကျင့်ခန်းလုပ်ဖို့ထက် ဆေးစားဖို့ကို အလေးပေးနေပြီ... ဆိုတော့... “လက်ရှိ ဘဝကို တိုက်ပွဲဝင်ဖို့ထက် မမြင်ရတဲ့ နောက်ဘဝအတွက် ပြင်ဆင်သင့်ပြီ”... ဆိုပြီး ဘုန်းကြီးကျောင်းပဲ ဦးတည်နေကြတာတွေ့ရပါတယ်။


ကဲ... နည်းနည်းရှည်သွားပြီ။ နိဂုံးချုပ်ပါတော့မယ်။ အသက်ကြီးခြင်း၊ ငယ်ခြင်းဟာ ဘဝမှာ အဓိကအချက် မဟုတ်ပါ။ လက်ရှိအသက်အရွယ်မှာ သင်ဘလုပ်နေနိုင်သလဲဆိုတာကသာ အဓိကဖြစ်မယ်ထင်ပါတယ်။


ဆိုတော့...ဘ၀ မှာလုပ်ဖူးတဲ့အလုပ်ကလည်း ၂ ခုပဲရှိပါတယ်။ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ သူပုန်ဘဝနဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့အမှန်တရားကိုလေးစားတဲ့ သတင်းထောက်အလုပ်။


အခုဆို ဒီအလုပ် ၂ ခုကိုလုပ်လာတာ ၃၅ နှစ်ထဲဝင်လာပြီ။ ပန်းတိုင်ကရောက်တော့မလိုလိုနဲ့ ပြန်-ပြန် နောက်ဆုတ်သွားတာနဲ့ ကြုံနေရဆဲ...


ဆိုတော့... ဒီနေ့လူငယ်တွေရဲ့ ဦးဆောင်မှုအောက်မှာ ဒီပန်းတိုင်ကိုရောက်အောင် အားလုံး ပူးတွဲချီတက်နိုင်မယ်လို့ ယုံကြည်ပါတယ်။


ဆက်လုပ် ရဲဘော်ကြီးများ...။


အားလုံး စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်က အမြန်ဆုံး လွတ်မြောက်ပါစေ။


ထက်အောင်ကျော်

(၁၆-၁၂-၂၀၂၂)။

ဥရောပမဲဇာ တနေရာ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More