Sunday, June 18, 2023

အဘ (ဒုတိယ ဗိုလ်မှူးကြီးအေးမြင့်-ငြိမ်း) သို့ သတိရခြင်း...

 အဘ (ဒုတိယ ဗိုလ်မှူးကြီးအေးမြင့်-ငြိမ်း) သို့ သတိရခြင်း...

----------------

(၁၈- ၆- ၂၀၂၃)



ကျနော်တို့ တောခိုကျောင်းသားတွေအားလုံးက “အဘ” လို့ ချစ်စနိုးခေါ်ကြတဲ့ ဒုတိယဗိုလ်မှူးကြီးအေးမြင့်-ငြိမ်း (အသက် ၈၇) ဇွန်လ ၁၂ ရက်နေ့က ကွယ်လွန်သွားတယ်လို့ သိရတဲ့အတွက် အထူး စိတ်မကောင်းဖြစ်ရပါတယ်။ 


မျိုးချစ်တပ်မှူးဟောင်းတဦးဖြစ်တဲ့ ဗိုလ်မှူးကြီးအေးမြင့်ဟာ ၁၉၉၀ ဝန်းကျင်မှာ နယ်စပ်ဒေသကို ရောက်လာပြီး တော်လှန်ရေးတပ်တွေ၊ အထူးသဖြင့် ကျနော်တို့ကျောင်းသားတပ်တွေကို စစ်ရေးပညာ စနစ်တကျသင်ကြားပေးခဲ့သူဖြစ်ပါတယ်။

-----


(၁) အဘ ဗိုလ်မှူးအေးမြင့်နှင့် တွေ့ဆုံခြင်း

---

၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်က အနိုင်ရပါတီ NLD ကို အာဏာလွဲဖို့ ငြင်းဆိုပြီးတဲ့နောက် ပါတီဝင်တွေ၊ လူငယ်တွေအတော်များများ နယ်စပ်ဒေသဆီ ထပ်မံရောက်လာကြပါတယ်။ အဲဒီထဲမှာ တပ်မှူးဟောင်းတွေလည်းပါဝင်ပြီး အဘ ဗိုလ်မှူးအေးမြင့်ဟာ ABSDF ဌာနချုပ်ဆီ ရောက်လာပါတယ်။


ဗဟို စစ်ဖက် တာဝန်ရှိအဖွဲ့တွေက သူ့ကိုသွားကြိုခဲ့တာပါ။ အဲဒီနောက် မာနယ်ပလော၊ လောကွာလူနဲ့ ဗဟိုဒေသမှာ စစ်သင်တန်းတွေပေးပါတယ်။ ကျနော်တို့က တောင်ပိုင်းသားတွေဆိုတော့ ဗဟိုဖက်ကို တော်ရုံနဲ့မရောက်။ 


၁၉၉၂ နွေဦးရာသီမှာတော့ အဘ ဗိုလ်မှူးအေးမြင့်နဲ့အဖွဲ့ ကျနော်တို့စခန်းရှိရာ မင်းသမီးဒေသဆီရောက်လာပါတယ်။ ၉၂ ဆိုတော့ ABSDF နှစ်ခြမ်းကွဲပြီး သူမှန်-ကိုယ်မှန် အငြင်းသန်လို့ကောင်းတုန်းကာလပေါ့။


၂၀၁ တပ်ရင်း (ကိုနိုင်အောင်တို့ဖက်) မှာ တပ်မှူးငယ်သင်တန်းပေးပါတယ်။ အချိန် ၃ လကြာတယ်လို့ထင်ပါတယ်။ ကျနော်တို့ ဘက်မလိုက် ၂၀၁ က တပ်မှူး ၅ ဦးတက်ပါတယ်။ ကိုနိုင်အောင်တို့ဖက်ရှိ တောင်ပိုင်းဒေသ တပ်ရင်းအားလုံးက တပ်မှူး ၂၀ ကျော်တက်တယ်လို့ထင်ပါတယ်။ 


ထူးထူးခြားခြားမှတ်မိနေတာကတော့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ MNLA မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူးငယ် ၅ ဦးစီးလည်း အဲဒီသင်တန်းကို လာတက်ပါတယ်။


အဲဒီမှာ အဘနဲ့ စတင်တွေ့ဖူးတာပါ။ တွေ့ဖူးတယ်ဆိုပေမယ့် သူက သင်တန်းမှူး-ဗိုလ်မှူးကြီး၊ ကိုယ်ကစခန်းကော်မီတီဥက္ကဌ၊ ပြီးတော့ အဖွဲ့တွေကွဲနေချိန်ဆိုတော့ သိပ်ရင်းရင်းနှီးနှီးရှိလှတာ မဟုတ်ပါ။


ဒါပေမယ့် ကျနော်တို့တပ်ရင်းက တပ်မှူး ၅ ဦးအပါဝင် ရဲဘော်အားလုံးက ချစ်ခင်လေးစားစွာဆက်ဆံနေတဲ့ အဘကို ကျနော်လေးစားမိပါတယ်။ နောက် ဗဟိုဖက် အစည်းအဝေးတွေ သွားရင်းနဲ့ အဘကို ဒေါင်းဂွင်ဖက်မှာ ထပ်မံတွေ့ဆုံသေးတယ်လို့ ထင်ပါတယ်။

--------


(၂) အဘ ဗိုလ်မှူးအေးမြင့်နှင့် ဒုတိယ အကြိမ် ပြန်တွေ့ခြင်း...

---

အဘဗိုလ်မှူးကြီးအေးမြင့်နဲ့ ရင်းရင်းနီးနီးပြောဆိုဖြစ်တာက ၁၉၉၅ နောက်ပိုင်း သူလည်း သြစီကိုရောက်၊ ကိုယ်လည်း လက်နက်ကိုင်သူပုန်ကနေ မိုက်ကလိုဖုန်းကိုင်တဲ့ သူပုန်အဖြစ်ပြောင်းပြီး နော်ဝေနိုင်ငံ အော်စလိုက DVB ရေဒီယိုကို ရောက်ချိန်ပေါ့။


အဲဒီကာလက အခုခေတ်လို စစ်တပ်ကိုဝေဖန်ရဲသူ သိပ်ရှိလှတာမဟုတ်။ (ဆိုရှယ်မီဒီယာကလည်းမပေါ်သေး) ပြည်တွင်းမှာဆိုရင် သခင်သိန်းဖေ၊ သခင်ချန်ထွန်းတို့လို ဝါရင့်နိုင်ငံရေးသမားတွေ၊ ခွန်ထွန်းဦး၊ ကျင်ရှင်းထန်၊ ထောင်ကိုထန်၊ နိုင်ငွေသိန်းတို့လို တိုင်းရင်းသားခေါင်းဆောင်တွေ အနည်းအကျဉ်းပဲ ရှိတာ။


အားလုံးက နိုင်ငံရေးသမားတွေဆိုတော့ စစ်တပ်အကြောင်း ထဲထဲဝင်ဝင် သိပ် မပြောကြပါ။ အဲ... အဲဒီအချိန် နဝတ-နအဖ- စစ်တပ်နဲ့ တပ်မှူးတွေကို ပယ်ပယ်နယ်နယ် ဝေဖန်နိုင်သူကတော့ အဘ ဗိုလ်မှူးအေးမြင့်ပါပဲ။


၂၀၀၀ ခုနှစ်ဝန်းကျင်ကနေ ၂၀၁၀ ဝန်းကျင်အထိ ၁၀ နှစ်ဝန်းကျင်အတွင်း မြန်မာစစ်တပ်ရဲ့ အကျင့်ပျက်ချစားမှူးတွေ၊ မတရားမှူတွေအတော်များများကို DVB ရေဒီယိုကနေ ဖွင့်ချနိုင်ခဲ့ပါတယ်။

---------




(၃) အဘ ဗိုလ်မှူးအေးမြင့်နှင့် တတိယ အကြိမ် (သို့) နောက်ဆုံးအကြိမ် ပြန်ဆုံခြင်း...

-----

ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲအလွန်မှာ ခေတ်က နည်းနည်းပြောင်းလာ၊ ၂၀၁၂ ကြားဖြတ်မှာ NLD ပါတီ လွှတ်တော်ထဲရောက်၊ ၂၀၁၅ မှာ NLD ပါတီ အစိုးရဖြစ်လာတယ်ဆိုတော့ ပြည်ပရောက်အတော်များများ ပြည်တော်ပြန်ကြပေါ့...


အထူးသဖြင့် အဘတို့လို သက်ကြီးရွယ်ကြီးတွေဆို ပြည်တွင်းကို ပိုပြန်ချင်မှာပေါ့။ ကျနော်တို့ မောင်ကျောင်းတွေလည်း ဒီမိုကရေစီခေတ်ဦးကာလမှာ ပြန်တော်ပြန်လည်ကြ၊ ၂၅ နှစ်တာခွဲခွာနေရတဲ့ မိဘ-ဆွေမျိုးတွေကို ပြန်တွေ့ကြပေါ့။


၂၀၁၈၊ ၂၀၁၉ ကာလတွေဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ ပျောက်ဆုံးနေသော ဒီမိုကရေစီကို (အတုအယောင်ဟုဆိုသော်လည်း) အတောက်ပဆုံးပြန်လည်မြင်တွေ့ရသော နေ့ရက်များလို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဒီလိုနဲ့ ကိုယ်တွေလည်း ရန်ကုန်မှာ မီဒီယာလုပ်ငန်းအတွက် ပြန်လည်အခြေချပေါ့။


၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတခုမှာ အဘဗိုလ်မှူးအေးမြင့်ကို ထားဝယ်က မောင်းမကန်ကမ်းခြေမှာ ကျနော်ပြန်တွေ့ပါတယ်။ ၈ လေးလုံး နှစ် ၃၀ အဖြစ် ABSDF ရဲဘော်ဟောင်းတွေ ပြန်လည်ဆုံတွေ့တဲ့ပွဲမှာ ဆုံကြတာပါ။


လူအတော်စုံပါတယ်။ ABSDF မှာ လက်ရှိတာဝန်ယူနေတဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေ၊ ပြီးတော့ အထူးသဖြင့် နိုင်ငံတကာကနေ ဒီပွဲအတွက် တကူးတကာ့ပြန်လာကြတဲ့ ၂၀၁၊ ၂၀၃ တပ်ရင်းက ရဲဘော်ဟောင်းတွေ အတော်များပါတယ်။


မှတ်မှတ်ရရ အဘဗိုလ်မှူးအေးမြင့်က ကျနော့်ကို သူရေးထားတဲ့ -ကိုယ်တွေ့တိုက်ပွဲ - အကြောင်း စာအုပ်တအုပ် လက်ဆောင်ပေးပါတယ်။ ကျနော်ရေးတဲ့ သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး- စာအုပ် သူ့ကို အရင်က ပေးထားဖူးတယ်လို့ထင်ပါတယ်။


မောင်းမကန်မှာဆုံတွေ့တဲ့ ၂ ရက်တာအတွင်း စကားအတော်များများပြောဖြစ်ပေမယ့် ဒါဟာ အဘ ကိုနောက်ဆုံးတွေ့ဆုံခြင်းဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါ။ အားလုံးက နောက်နောက် ပြောင်ပြောင် ပါပဲ။


အဲဒီနောက် ၂၀၂၁ ဖေဖေါ်ဝါရီမှာ ကမ္ဘာထပ်ပျက်တော့ ကျနော်တို့လည်း တတိယကမ္ဘာက ကိုယ့်ဝပ်ကျင်းဆီ ပြန်ပြေးခဲ့ရပေါ့။ အခုတော့ မထင်မှတ်ပဲ အဘဗိုလ်မှူးအေးမြင့် ကွယ်လွန်ပြီ ဆိုတဲ့သတင်းဆိုးကိုကြားလိုက်ရပါတယ်။


တော်လှန်ရေးရဲ့လိုအပ်ချက်၊ အထူးသဖြင့် ကျောင်းသားတွေကို စစ်ရေးစစ်ရာနဲ့ပတ်သက်ပြီး စနစ်တကျသင်ကြားပေးခဲ့တဲ့ နေ့ရက်တွေ၊ မြန်မာစစ်တပ်ရဲ့ အကျင့်ပျက်ခြစားမှူတွေ၊ ကြီးနိုင်-ငယ်ညှင်းလုပ်တဲ့ တပ်မှူးအချို့ကို ပယ်ပယ်နယ်နယ်ဝေဖန်ခဲ့တာတွေကို သတိရနေမှာပါ။ 


ဒါပေမယ့် အဘ တချိန်ကတာဝန်ထမ်းခဲ့ဖူး မြန်မာစစ်တပ်ကတော့ ပြောလေဆိုးလေ-ဖြစ်လာပြီး အရင်ကထက်တောင် ပိုဆိုးလာနေပါတယ်။ တမလွန်က အဘ ဒီနေ့ မြန်မာစစ်တပ်ကို ဘယ်လိုများ ဝေဖန် နေလေမလဲ...စဉ်းစားရင်း...


အဘဗိုလ်မှူးအေးမြင့်သို့ အလေးပြုလိုက်ပါတယ်။


ရဲဘော်ဝင်းထိန် @ ထက်အောင်ကျော်

(၁၈- ၆- ၂၀၂၃)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More