Tuesday, June 9, 2015

Hour Record စံချိန်ကို ၅၄.၅၂၆ ကီလိုမီတာနဲ့ Bradley Wiggins ချိုးလိုက်ပြီ။

Hour Record စံချိန်ကို ၅၄.၅၂၆ ကီလိုမီတာနဲ့ Bradley Wiggins ချိုးလိုက်ပြီ။

တမီနစ် တကီလိုနီးပါး သို့မဟုတ် တနာရီကို ၅၅ ကီလိုမီတာနဲ့စံချိန်တင်စီးပြ မယ်လို့ ကြုံးဝါးခဲ့သူ Bradley Wiggins ဟာ ထင်ထားတာထက် အနည်းငယ်လျော့ပြီး ၅၄.၅၂၆ ကီလိုနဲ့ Hour Record ကမ္ဘာ့စံချိန်ချိုးလိုက်ပါတယ်။

ပြီးခဲ့တဲ့လကမှ စံချိန်သစ်တင်ထားသူကတော့ Movistar အသင်းမှ Alex Dowsett ဖြစ်ပြီး တနာရီ ၅၂.၉ ၃၇ ကီလိုမီတာရှိပါတယ်။ ဒီစံချိန်ကို တကီလို ခွဲကျော်ကျော်အထိတင်ပြီး အခုလိုချိုးလိုက်တာဖြစ်ပါတယ်။
လန်ဒန်မြို့ Lee Valley VeloPark စက်ဘီးကွင်းမှာ ဒီနေ့ညနေ ၇ နာရီ (ဇွန်လ ၇ ရက်နေ့) က Bradley Wiggins အခုလိုစီးပြသွားတာပါ။ 

မီနစ် ၆၀ အတွင်း ဒယ်အိုးကွင်းကို ၂၁၈ ပတ်ကျော်ကျော်လေးစီးခဲ့ရပြီး တပတ်ကို ၂၅ စက္ကန့် ခန့်ကြာမြင့်ခဲ့ပါတယ်။ ပုဝါမကူ ရေမရှုကြေးဆိုသလို တနာရီတာ အတွင်း ရေသောက်ဖို့၊ ချွေးသုတ်ဖို့အချိန်တောင်မရခဲ့ပါဘူး။
သူ အထူးစီမံထားတဲ့ ကာဘွန်ဘီးရဲ့ အချိုးဟာ 58x14 gear ratio (ရှေ့ဂီယာ ၅၈ စိတ်၊ နောက်ဂီယာ ၁၄ စိတ်၊ ဖရီးဘီးအသေ) ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၅၄.၆၁၀ နှုန်းလောက်နဲ့စီးပြသွားတာပါ။

ပထမ ပိုင်း ၅ ပတ် (ကွင်း ၅ ပတ်) လောက်မှာ စံချိန်က ၅၃ ကီလို ၀န်းကျင်သာရှိပေမဲ့ အပတ် ၃၀ လောက်ကစပြီး ၅၄. ကျော်ကျော်လေးအထိတက်လာပါတယ်။ အဲဒီမှာကတည်းက စံချိန်သစ်ချိုးနိုင်တော့မယ်ဆိုတာကို ကျွမ်းကျင်သူတွေက ခန့်မှန်းမိပါတယ်။ ဒါပေမယ့် သူကြုံးဝါးထားတဲ့အတိုင်း တနာရီ ၅၅ ကီလိုမီတာ အထိတော့မရလိုက်ပါ။

ဒါပေမယ့် ဒါဟာ ကမ္ဘာ့စံချိန်သစ်ပါပဲ။ ဒီစံချိန်ကို ၄-၅ နှစ်အတွင်း ထပ်ချိုးနိုင်မဲ့ လူပေါ်လာ ဖို့မလွယ်သေးဘူးလို့ အကဲခတ်တွေကဆိုပါတယ်။ 

၁၉၈၀ ဧပြီလ ၂၈ ရက်မှာမွေးတဲ့ (၃၆ နှစ်သား) ဗြိတိန်နိုင်ငံသား Sir Bradley Marc Wiggins ဟာ road လမ်းပေါ်ပွဲနဲ့ track ကွင်းပွဲ ၂ ခုစလုံးရဲ့ ချန်ပီယံ ဖြစ်ပါတယ်။ ၂၀၁၂ ဟာ သူရဲ့အအောင်မြင်ဆုံးနှစ်လို့ပြောနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ၂၀၁၂ မှာ ကမ္ဘာ့နာမည်အကြီးဆုံးပြိုင်ပွဲ Tour de France သတင်း ၃ ပတ်ကြာပြိုင်ပွဲမှာ ပထမ ရခဲ့သလို တခြား နာမည်ကြီး သတင်းတပတ်ကြာပွဲတွေဖြစ်တဲ့ Paris–Nice, the Tour de Romandie, the Critérium du Dauphiné နဲ့ လန်ဒန်အိုလံပစ်ပွဲရဲ့ time trial ချန်ပီယံ ဆုတွေ ကို တနှစ်အတွင်း အားလုံးရယူနိုင်ခဲ့ပါတယ်။ တနှစ်အတွင်းမှာ ဒီလိုပွဲအများ ကြီးကိုနိုင်ဖူးသူ မရှိသေးပါ။
သူဟာ Team Sky အတွက် ပရိုဖက်ရှင်နယ် ဘ၀တလျောက်လုံးနီးပါး စီးခဲ့ တာဖြစ်ပြီး အထက်ဖေါ်ပြပါ ၂၀၁၂ ပွဲတွေအားလုံးကို Team Sky အမည်နဲ့ ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အသက်က ၃၆ နှစ်ရှိလာပြီမို့ ဒီနှစ်အစောပိုင်းမှာတော့ Team Sky ကနေထွက်၊ ပရိုဖက်ရှင်နယ်ဘ၀ကနေ အနားယူပြီး စက်ဘီးနဲ့ဆိုင်တဲ့ စံချိန် စံညွန်းဆိုင်ရာကိစ္စတွေကို ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ အဲဒီထဲက တခုက တော့ ဒီနေ့ပြသလိုက်တဲ့ Hour Record စံချိန်ကို ၅၄.၅၂၆ ကီလိုမီတာနဲ့ ချိုးလိုက်ခြင်းပဲဖြစ်ပါတယ်။ ။
Source: Eurosport TV & Cyclingnews.com.

1 comments:

Bradley Wiggins ရဲ့ Hour Record စံချိန်တရားဝင်မှုမရှိဘူးလို့ ဝေဖန်မှု ပေါ်ထွက်လာ။


တမီနစ် တကီလိုနီးပါး သို့မဟုတ် တနာရီကို ၅၄.၅၂၆ ကီလိုနဲ့ Hour Record ကမ္ဘာ့စံချိန်ချိုးလိုက်တဲ့ Bradley Wiggins ရဲ့စံချိန်ဟာ UCI ကမ္ဘာ့စက်ဘီး အဖွဲ့ချုပ်ကပြဌဏ်ထားတဲ့စည်းကမ်းနဲ့မညီဘူးလို့ အရင်စံချိန်ဟောင်းပိုင်ရှင် စက်ဘီးသမားရဲ့ နည်းပြကဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကမှ ၅၂.၉၃၇ ကီလိုမီတာနဲ့ စံချိန်တင်ထားတဲ့ Movistar အသင်းမှ Alex Dowsett ရဲ့ နည်းပြ Steve Collins က BBC ရေဒီယိုနဲ့မေးမြန်းခန်းတခုမှာ အခုလိုဝေဖန်ုလိုက်တာဖြစ်ပါတယ်။

''ခင်ဗျားစီးတဲ့ စက်ဘီးဟာ ဈေးထဲမှာ လူတိုင်းဝယ်နိုင်တဲ့စက်ဘီးဖြစ်ရမယ်၊ ဒီပွဲအတွက် သီးခြားပြင်ပြီး 3D ပရင့်တာနဲ့ထုတ်လာပြီးစီးလို့ ဘယ်ဖြစ်မလဲ'' လို့ သူက ခပ်ပြင်းပြင်း ဝေဖန်ခဲ့ပါတယ်။

UCI ရဲ့ ပုဒ်မ 1.3.007 အရ အထူးပြိုင်ပွဲတခုအတွက် အထူးစီစဉ်ထားတဲ့ ဘီးနဲ့ စီးခွင့်မရှိဘူး၊ ဒီပွဲမှာစီးတဲ့ဘီးဟာ ၉ လ အတွင်း ဈေးကွက်မှာ အများပြည်သူ ၀ယ်စီးနိုင်တဲ့ဘီးဖြစ်ရမယ်လို့ သူကထောက်ပြပါတယ်။

Bradley Wiggins တနင်္ဂနွေနေ့ (ဇွန်လ ၇ ရက်နေ့) ကစီးသွားတဲ့ ဘီးကို Pinarello and motor company က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

စက်ဘီးအားကစားဟာ အခြားအားကစားတွေနဲ့စာရင် နည်းပညာပေါ်မှာ အခြေခံရမှု ပိုများတဲ့အတွက် နည်းပညာအကူအညီလိုတာကလဲ အမှန်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပညာနဲ့ လူသားစွမ်းရည်ကို ဘယ်လိုပုံစံနဲ့ ဟန်ချက်ညီအောင် အသုံးချမလဲဆိုတာကတော့ ဆက်လက်ငြင်းခုန်နေရ ဦးမယ်ထင်ပါကြောင်း....။ ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More