Monday, June 29, 2015

အလည်သက်သက်ပဲလား

Monday, June 29, 2015, The Voice Daily.

ဟောလီးဒေးရာသီ စပါပြီ

ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အတိုင်း ဇူလိုင်လဟာ မြန်မာနိုင်ငံမှာ မိုးတွင်းကာလဖြစ်တဲ့ အတွက် ခရီးသွားလို့ကောင်းတဲ့ ရာသီမျိုး မဟုတ်ပါ။ ဒါပေမဲ့ ဥရောပနဲ့ မြောက်အမေရိကားမှာတော့ ဇူလိုင်ဟာ နွေလယ်လဖြစ်ပြီး အနောက်တိုင်းသားတွေ အားလပ်ရပ် Vacation ယူ၊ အပန်းဖြေ ခရီးထွက်လေ့ရှိတဲ့လ ဖြစ်ပါတယ်။



ဒီလိုခရီးထွက်နိုင်ဖို့ အတွက် Holiday Money ခေါ် အခွန်မဖြတ်တဲ့ တစ်လစာဝင်ငွေက ဇွန်၊ ဇူလိုင်မှာ ကိုယ့်ဘဏ်ထဲ ဝင်လာပါတယ်။ ဥပမာ- ကိုယ်က တစ်လဒေါ်လာ သုံးထောင်ဝင်တယ်ဆိုရင် အခွန်က ၃၅ ရာခိုင်နှုန်းဖြတ်တဲ့ အတွက် ကိုယ့်ဘဏ်ထဲ နှစ်ထောင်ပဲ ဝင်ပါတယ်။ ဒါပေမဲ့ ဒီလမှာတော့ အခွန်မဖြတ်တဲ့အတွက် သုံးထောင်စလုံး အပြည့်ဝင်လာတဲ့ သဘောပါ။

တစ်ခါ တစ်နှစ်လုံးအတွက် ဆောင်ထားရတဲ့ အခွန်ထဲက Tax Return အခွန်ပိုငွေ ပြန်အပ်ခြင်း ဆိုတာကလည်း ဒီလထဲမှာပဲ ကိုယ့်ဘဏ်ထဲ ပြန်ဝင်လာလေ့ ရှိပါတယ်။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ အများစုက အခွန်ပိုငွေ ပြန်ရလေ့ရှိပေမယ့် တချို့ကတော့ ငွေပြန်မရတဲ့အပြင် အခွန်လိုငွေပြနေလို့ ပြန်ပေးရတာမျိုးလည်း ရှိတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခွန်လွတ်ဝင်ငွေ တစ်လစာ၊ သို့မဟုတ် တစ်နှစ်လုံး ဝင်ငွေရဲ့ ၁၂ ရာခိုင်နှုန်းကို အလုပ်ရှင်ကနေ ဟောလီးဒေးမန်းနီး အဖြစ် ကိုယ့်ဘဏ်ထဲ ထည့်ပေးလိုက်တဲ့အတွက် ဒီငွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ရင် တစ်နှစ်တစ်ခါ ခရီးထွက်နိုင်ပါတယ်။ တကယ်လို့ သွားရင်းနဲ့ မလောက်ဘူး ဆိုရင်လည်း Credit Card ထဲက ထုတ်ချေးပြီး နောက်မှပြန်ဆပ်ပေါ့။

ဒီကအလုပ်သမား ဥပဒေအရ တစ်နေ့မှာ ၇ နာရီခွဲ၊ တစ်ပတ်မှာ နာရီ ၄၀ နီးပါး အလုပ်ဝင်တဲ့ အလုပ်သမားတိုင်း တစ်နှစ်မှာ သီတင်းလေးပတ်နားခွင့် ရှိပါတယ်။ နားတဲ့လအတွက် ဝင်ငွေမရပေမယ့် ခုနက ဟောလီးဒေးမန်းနီးနဲ့ တခြားပြန်ဝင်ငွေတွေကို စုပြီး ဟောလီးဒေးရာသီမှာ သုံးနိုင်ပါတယ်။

ဒီလိုနဲ့ အနောက်တိုင်းသား အတော်များများ ဇွန်၊ ဇူလိုင်မှာ ဟောလီးဒေးတွေ ထွက်ကြ၊ အနောက်တိုင်းရောက် မြန်မာတွေ အမိမြန်မာနိုင်ငံဆီ ပြန်လည်ကြ၊ အိမ်ပြန်ခွင့်မရသေးသူတွေက အိမ်နီးချင်း ထိုင်းနိုင်ငံဆီ ပြန်လည်ကြတာ ဘယ်နည်းပါ့မလဲ။

ဒီရာသီဟာ အလုပ်တွေ ပိတ်သလို ကျောင်းတွေလည်း ပိတ်ပါတယ်။ ဒီတော့ ကလေးရှိတဲ့ မိသားစုတွေက ဒီလမှာ ခရီးထွက်ကြပေါ့။ ဒါပေမဲ့ တချို့ကတော့ ဒီအချိန်ဟာ မြန်မာနိုင်ငံမှာ မိုးရာသီဖြစ်နေတဲ့ အတွက် ဇူလိုင်မှာ ခွင့်မယူဘဲ ဒီဇင်ဘာကျမှယူပြီး မြန်မာနိုင်ငံဆီ ပြန်လေ့ရှိပါတယ်။


အလည် သက်သက်ပဲလား

ဒီလိုဟောလီးဒေး ယူပြီး အိမ်ပြန်လည်တဲ့ အဝေးရောက် မြန်မာတွေ၊ တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဘယ်လောက်တောင် ရှိနေပြီလဲ မသိပါ။ စာရေးသူ ကိုယ်တိုင်ကတော့ ၂၀၁၃ ခုနှစ်မှာ သမ္မတဦးသိန်းစိန်ကနေ အဝေးရောက်မြန်မာတွေ ပြန်လာလို့ရပြီ ဆိုပြီး ဖိတ်ခေါ်ပြီးကတည်းက တစ်နှစ်တစ်ခေါက်နှုန်းနဲ့ သုံးခေါက်ပြန်ခဲ့ပြီးပါပြီ။ 



ကိုယ့်မိဘအိမ်ကို ပြန်တာပဲ ဘယ်နှခေါက်ပြန်ပြန် များများပြန်နိုင်လေ ကောင်းလေပဲ မဟုတ်ပါလား။ ၂၅ နှစ်ကျော် ခွဲခွာခဲ့ရတဲ့ မိဘဆွေမျိုးတွေနဲ့ နေနိုင်သမျှ ကြာကြာအတူနေနိုင်ရေးက အရေးကြီးတယ် မဟုတ်ပါလား။ ဒါက ကျွန်တော့်လို အိမ်ခဏခဏ ပြန်လည်ချင်သူတွေရဲ့ အမြင်ပါ။

ဒါပေမဲ့ အခုချိန်ထိ အိမ်ပြန်ခွင့်မရသေးသူတွေ၊ ပြန်ဖို့မသင့်သေးဘူး ဆိုပြီး တင်းခံနေသူတွေ၊ ဒီမိုကရေစီ မရမချင်း အိမ်မပြန်ဘူးဆိုတဲ့ လူတွေကတော့ လက်ရှိ အသွင်ပြောင်း (သူတို့အခေါ် အရပ်သားအရေခြုံ စစ်အစိုးရ) အစိုးရလက်ထက်မှာ အိမ်ပြန်လည်သူတွေကို အကောင်းမမြင်ကြပါဘူး။ တစ်သက်လုံး တိုက်လာတဲ့ စစ်အစိုးရဆီမှာ အောက်ကျို့ပြီး အခစားသွားဝင်သလို ဖြစ်နေတယ်၊ စစ်တစ်ပိုင်းအစိုးရကို သွားပြီး အသိအမှတ်ပြုပေးသလို ဖြစ်နေတယ်လို့ သူတို့က ဝေဖန်ပါတယ်။

ဒါက အိမ်ပြန်လည်တာကို အကောင်းမမြင်တဲ့ အပြင်က ရဲဘော်သူငယ်ချင်းတချို့ရဲ့ အမြင်ပါ။ အိမ်ပြန်လည်တာကို အကောင်းမြင်တဲ့ ထားဝယ်က ရဲဘော်သူငယ်ချင်း တချို့ကတော့ “ဟေ့ကောင်ကြီး။ မင်း ခဏခဏ ပြန်လာနေတာ အလည်သက်သက်ပဲလား၊ တခြားကိစ္စတွေ ပါသေးလား” တဲ့။

“ကိုယ့်မိဘအိမ် ကိုယ်ပြန်လာတာပဲကွာ၊ အလည်မဟုတ်လို့ ဘာရှိဦးမှာလဲ” လို့ ကျွန်တော်က ပြန်ဖြေပါတယ်။ “မင်းကသာ နော်ဝေကနေ ထားဝယ်အထိ တစ်နှစ်တစ်ခေါက် ပုံမှန်လာနေတာ၊ တခြားသူငယ်ချင်းတွေဆို ရန်ကုန်မှာ နေတာတောင် ထားဝယ်ကို တစ်နှစ်တစ်ခေါက် ပုံမှန်ပြန်မလည်နိုင်ဘူးလေ” လို့ သူက ရှင်းပြတော့မှ “ဟုတ်သားပဲ” လို့ စဉ်းစားမိပါတယ်။

ဒီတော့မှ ရှေ့မှာတင်ပြခဲ့တဲ့ ဟောလီးဒေး သီတင်းလေးပတ်ခွင့်ရက်နဲ့ ဟောလီးဒေးမန်းနီး အကြောင်း၊ ခရီးစရိတ်၊ အသုံးစရိတ် မလောက်ရင် Credit Card ထဲကနေ ဆွဲယူပြီး တစ်လနည်းနည်းစီ ပြန်ဆပ်ရတဲ့ အကြောင်း၊ အရင်တစ်ခေါက်လာတုန်းက ယူသုံးထားတဲ့ အကြွေးဟောင်းတောင် အခုထိဆပ်လို့ မပြီးသေးကြောင်း အသေအချာ ရှင်းပြရပါတယ်။ နို့မို့ရင် သိန်းထောင်နဲ့ချီတန်တဲ့ အိမ်တွေ၊ ဆိုင်ခန်းတွေ၊ လုပ်ငန်းတွေ ပိုင်ထားတဲ့ သူငယ်ချင်းတွေက ကိုယ့်ကို သူတို့ထက် ချမ်းသာသူဆိုပြီး အမြင်မှား အထင်ကြီးနေရင် ဒုက္ခ။

“အေးကွာ၊ ငါတို့လည်း ဆိုင်လေးဘာလေး တစ်လလောက်ပိတ်ပြီး လျှောက်လည်ဦးမှနဲ့ တူတယ်” လို့ သူတို့က ညည်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စနစ်ကြောင့်လား၊ ယဉ်ကျေးမှု အစဉ်အလာကြောင့်လား မသိပါ။ သိန်းထောင်နဲ့ချီ ချမ်းသာတဲ့ ကျွန်တော့်သူငယ်ချင်း အတော်များများဟာ အခုချိန်ထိ နိုင်ငံရပ်ခြားဆီ ခရီးမသွားဖူးကြသေးပါ။ တိုးတက်မှု အဖြစ်ကတော့ ပြီးခဲ့တဲ့နှစ်ကစပြီး သူငယ်ချင်းတချို့ ထားဝယ်-ကန်ချနပူရီ ကားလမ်းက တစ်ဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲ အလည်သွားတာမျိုး၊ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာဆီ ဘုရားဖူးသွားတာမျိုးတော့ ရှိလာနေပါပြီ။ ဒါပေမဲ့ အနောက်နိုင်ငံကြီးတွေဆီ သွားလည်သူကတော့ မရှိသလောက် နည်းနေသေးတာကို တွေ့ရပါတယ်။


အလည်သက်သက်တော့ မဟုတ်ပါ

“အလည်သက်သက်ပဲလား” ဆိုတဲ့ မေးခွန်းကို ပြန်ကောက်ရမယ်ဆိုရင် ထားဝယ်ရှိ ကျွန်တော့်သူငယ်ချင်းတွေက ရိုးသားစွာ မေးမြန်းကြသလို ပြည်ပရှိ ရဲဘော်သူငယ်ချင်းတွေကလည်း တခြားအဓိပ္ပာယ် တစ်မျိုးနဲ့ မေးလေ့ရှိပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ဟာ ထိုင်း၊ မလေးရှား၊ စင်ကာပူ စသဖြင့် အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်နေတဲ့ သန်းနဲ့ချီ ရှိတဲ့ မြန်မာအလုပ်သမားတွေလို ရေကြည်ရာ မြက်နုရာမှာ စီးပွားရှာဖို့ ကြိုးစားရင်းနဲ့ အနောက်နိုင်ငံတွေဆီ ရောက်လာသူတွေ မဟုတ်ပါ။

ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး အဲဒီရဲ့ နောက်ဆက်တွဲ နိုင်ငံရေးလုပ်ငန်းစဉ် အဖြစ် နယ်စပ်ဒေသဆီ တောခိုလာခဲ့တဲ့ ကျောင်းသားဟောင်းတွေ၊ အကျဉ်းထောင်အသီးသီးကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေးဒုက္ခသည်ဟောင်းတွေ ဖြစ်ပါတယ်။

အဓိပ္ပာယ်ကတော့ နိုင်ငံရေး အခြေအနေအရ ထွက်လာသူတွေဟာ အခုပြန်တယ် ဆိုရင်လည်း နိုင်ငံရေးအရ ပြန်တာပဲ ဖြစ်သင့်တယ်။ မိဘဆွေမျိုးတွေကို အောက်မေ့လို့ ပြန်တာမျိုး၊ တခြားကိစ္စအတွက် ပြန်တာမျိုးဟာ ကိုယ်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ထိခိုက်စေနိုင်တယ်၊ လက်ရှိအစိုးရရဲ့ လုပ်ရပ်တွေ မှားနေမှန်းသိရဲ့နဲ့ အဲဒီအမှားကို ကိုယ်ကသွားပြီး ထောက်ခံသလို ဖြစ်နေတယ်ဆိုတဲ့ အမြင်မျိုး ပြည်ပရောက်နေသူ အတော်များများမှာ ရှိနေဆဲဖြစ်ပါတယ်။

တကယ်တမ်း အသေအချာ စဉ်းစားမယ်ဆိုရင်တော့ မြန်မာနိုင်ငံဆီ ပြန်ခြင်းမပြန်ခြင်း ဆိုတာထက် ပြန်တဲ့လူတွေက မြန်မာနိုင်ငံမှာ ဘာတွေလုပ်ပေးနိုင်ခဲ့သလဲ။ မပြန်သေးတဲ့ လူတွေကကော နိုင်ငံခြားကနေ ဘာတွေလုပ်ပေးနိုင်ခဲ့သလဲ ဆိုတာက ပိုအရေးကြီးမယ် ထင်ပါတယ်။ ဒီအစိုးရကို မကြိုက်လို့ မပြန်ဘူးဆိုပြီး နိုင်ငံခြားမှာ ထိုင်နေရုံနဲ့ အပြောင်းအလဲက သူ့အလိုလို ဖြစ်လာမှာ မဟုတ်ပါ။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံဆီ ခဏခဏပြန်ပြီး မိဘဆွေမျိုးတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့တွေ့၊ ဘုရားဖူး၊ လျှောက်လည်ပြီး ပြန်လာရုံနဲ့လည်း အပြောင်းအလဲက သူ့အလိုလို ဖြစ်လာမှာ မဟုတ်ပါ။

ဒါဖြင့် အပြောင်းအလဲဖြစ်အောင် ဘယ်လိုလုပ်သင့်သလဲ။ အနိမ့်ဆုံးအားဖြင့်တော့ ဒီလိုအပြန်အလှန် ဝေဖန်နေတာကို လျှော့ချပြီး အထဲသွား သူနဲ့ အပြင်မှာ ကျန်သူတွေ ပူးတွဲဆောင်ရွက်သင့်တယ် ထင်ပါတယ်။ ကိုယ့်ရောက်နေတဲ့နိုင်ငံက အစိုးရတွေ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှန်ကန်စွာ ချနိုင်ဖို့၊ အမှားလုပ်ရင် ပိတ်ဆို့ဒဏ်ခတ်ပြီး အမှန်လုပ်ရင် အကူအညီတိုးပေးဖို့ လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆက်လုပ်ဖို့ လိုနေဆဲလို့ မြင်မိပါတယ်။

ဒါက အပြင်ကနေ လုပ်သင့်တဲ့အပိုင်းပါ။ အထဲသွားသူတွေကကော ဘာလုပ်နိုင်မလဲ။ တော်လှန်ရေး အဖွဲ့အစည်းကို ကိုယ်စားပြုပြီး ပညာတော်သင် အစီအစဉ်နဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ်ရထားသူ တချို့ကတော့ ပြည်တော်ပြန်ပြီး အစိုးရဆီမှာ အခစားအကြံပေး ဝင်လုပ်နေကြပါတယ်။ အနည်းအကျဉ်းကတော့ NLD ပါတီနဲ့ ဒီမိုကရေစီ အင်အားစုတွေဘက်မှာ ကူညီနေတာ တွေ့ရပါတယ်။ အများစုကတော့ မီဒီယာနဲ့ NGO အသိုင်းအဝိုင်းမှာ တာဝန်ထမ်းနေကြတာကို မြင်ရပါတယ်။

အများစုဆိုပေမယ့် ဒီအရေအတွက်ဟာ ဆယ်ဂဏန်းထက် မကျော်ပါဘူး။ တကယ့်အများစုကြီးက တစ်နှစ်တစ်ခါ ပြန်လည်သူတွေ၊ အခုချိန်ထိ မပြန်သေးဘဲ အခြေအနေကို စောင့်နေသူတွေသာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးကြောင့် ပြည်ပရောက်သွားသူ ဦးရေက သိန်းနဲ့ချီရှိတယ် မဟုတ်ပါလား။

“ဒီလူတွေ ဘာကြောင့် အိမ်မပြန်ကြသေးတာလဲ”။ ဒါက အဝေးအမြင်နဲ့ လှမ်းမေးတဲ့အသံ ဆိုပါတော့။ ပြန်ချင်သူတွေဘက်ကလည်း “ကျုပ်တို့ပြန်လာနိုင်အောင် အစိုးရက ဘာတွေစီစဉ်ပေးထားလို့လဲ” ဆိုပြီး မေးချင်ပါလိမ့်မယ်။ “ထွက်တုန်းက ကိုယ်ဘာသာ ထွက်သွားတာပဲ၊ အပြန်ကျမှ အစိုးရ ခွင့်ပြုချက် လိုသေးလို့လား” တဲ့။

စာဖတ်သူတွေကော ဘယ်လိုထင်ပါသလဲ။ အစိုးရဆီမှာ အခစား အကြံပေး ဝင်လုပ်နေသူတွေကတော့ သူတို့ရဲ့ နိုင်ငံခြားသားစာအုပ်တွေကို ဘယ်လို ဆက်လက်ရှင်သန်အောင် လုပ်ထားသလဲ၊ ဒါမှမဟုတ် မြန်မာနိုင်ငံသား အဖြစ် ပြန်ခံယူခွင့်ရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ထားမှန်း မသိပါ။

အစိုးရအခစားမှအပ ကျန်တဲ့လူတွေတော့ စာအုပ်သက်တမ်းရှင်ရေး၊ ဗီဇာတိုးရေးနဲ့ အတော်အလုပ်များနေတာကို တွေ့ရပါတယ်။ တစ်ခါ လဝကဝန်ကြီး ဦးခင်ရီတို့ ထုတ်ပြန်ထားတဲ့ PR အမြဲတမ်းနေထိုင်ခွင့် ဆိုတာကြီးကလည်း ကန့်သတ်ချက်တွေ များလွန်းလို့ လျှောက်ဖို့မလွယ်သေးပါဘူး။ ဒီတော့ နိုင်ငံခြားသားစာအုပ် ကိုင်ထားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ မြန်မာနယ်မြေထဲ ကြာကြာလာနေဖို့ဆိုတာ ဒီအစိုးရသက်တမ်းအတွင်း မဖြစ်နိုင်သေးပါ။


ဒါဖြင့် ၂၀၁၅ ရွေးကောက်ပွဲအလွန် အစိုးရအသစ် တက်လာရင်ကော ဒီလူတွေ ပြန်လာနိုင်ရေးက ပိုလွယ်လာလေမလား။ ဒါလည်း မသေချာပါဘူး။ ဒါပေမဲ့ ၈၈ မျိုးဆက် လုပ်ဖော်ကိုင်ဖက်တချို့ ဝန်ကြီး ဖြစ်လာနိုင်တဲ့၊ ပါလီမန်အမတ် ဖြစ်လာနိုင်ခြေရှိနေတဲ့ အတွက် လက်ရှိအစိုးရထက်တော့ နားလည်မှု ပိုရှိလာမယ်လို့ မျှော်လင့်မိပါတယ်။

သေချာတာကတော့ တစ်နှစ်တစ်ခေါက်နီးပါး အိမ်ပြန်လည်နေတဲ့ ပြည်ပရောက် မြန်မာတွေဟာ အလည်သက်သက် ဟောလီးဒေးအဖြစ် ငွေလာဖြုန်းနေခြင်းတော့ မဟုတ်ပါ။ ကိုယ့်မိဘဆွေမျိုးတွေ၊ ကိုယ့်ဇာတိမြေမှာ ဘယ်အချိန် ပြန်လာနေနိုင်မလဲ၊ ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို လာရောက်လေ့လာနေခြင်းသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ထက်အောင်ကျော်
- See more at: http://www.thevoicemyanmar.com/index.php/perspective/item/7322-atb#sthash.istFEGn0.dpuf

Monday, June 29, 2015, The Voice Daily.

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More