Friday, June 12, 2015

Back Story 3 (စက်ဘီးသမားနဲ့ အစာအဟာရ)။

နိုင်ငံတကာစက်ဘီးပွဲတွေကိုကြည့်ရင်းနဲ့ Pro စက်ဘီးသမားတွေ စားတာနဲ့ ကိုယ်တို့မြန်မာစက်ဘီး သမားတွေစားတာ ဘယ်လိုကွာသလဲဆိုတာကို ရေး ချင်စိတ်ပေါ်လာပါတယ်။
အထူးသဖြင့်တော့ ပြီးခဲ့တဲ့လက အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပ ခဲ့တဲ့ Giro d'Italia ပြိုင်ပွဲအတွင်း ချန်ပီယံ Alberto Contador ရဲ့ နေ့လည်စာ ဓာတ်ပုံကိုတွေ့ရင်းနဲ့ အခုလိုအတွေးပေါ်လာတာပါ။

(ဓာတ်ပုံကိုကြည့်ပါ) အဲဒီထဲမှာ ဘာပါသလဲဆိုတော့ ဟမ်ဘာဂါလိုမျိုး ၂ ထုပ် တွေ့ပါတယ်၊ ပြီးတော့ ချောက်လက်လို၊ မြေပဲလိုမျိုး အချိုဓာတ်ပါတဲ့ အစာ တချို့၊ နောက် ကိုလာတဗူး၊ ပြီးတော့ အိတ်နှစ်လုံးထဲမှာ ဘာတွေမှန်းမသိ။
နေ့လည်စာဆိုတာ စက်ဘီးစီးနေရင်းနဲ့စားတဲ့အစာကိုပြောတာပါ။ နားတဲ့ရက် ဟိုတယ်မှာဆိုရင်တော့ ဒီလိုဘယ်စားပါ့မလဲ။ နိုင်ငံတကာ လမ်းပေါ်ပွဲတွေ အား လုံးက နေ့လည်ဖက်ချည်းကျင်းပတာဆိုတော့ စက်ဘီးသမားတွေလည်း တလ လောက်နီးနီး စက်ဘီးစီးရင်းနဲ့ ထမင်းစားရတာ ၀ဋ်တမျိုးဆိုပါတော့။
ဒါပေမယ့် ဒီဝဋ်က ကိုယ်ကလိုချင်လွန်းလို့ရွေးချယ်ထားတဲ့ ၀ဋ်ဆိုတော့လဲ ၀မ်းမြောက်စွာနဲ့ခံယူပေါ့။ ထားတော့၊ ကျနော်ပြောချင်တာက ၀ဋ်ကိစ္စမဟုတ်။ သူတို့စားတဲ့အစာနဲ့ ကျနော်တို့စားတဲ့အစာ ဘာကွာသလဲ။ နိုင်ငံတကာ တန်းဝင်အောင် ဘာတွေပြင်ရင်ကောင်းမလဲဆိုတဲ့အပိုင်းသာဖြစ်ပါတယ်။
မြန်မာနိုင်ငံက လမ်းပေါ်ပွဲတွေအားလုံး (ရာသီဥတု ပူတာကြောင့်လည်း ပါမယ်ထင်) ဟာ မနက်စောစော နေမထွက်ခင် ၅ နာရီလောက်ကတည်းက ကျင်းပလေ့ရှိပါတယ်။ ဒီတော့ ၄ နာရီစီးတယ်ပဲထား။ ၁၀ နာရီလောက်ဆို ပန်းဝင်နေပြီ။ ဆိုလိုတာက စက်ဘီးစီးရင်း နေ့လည်စာ စားဖို့မလိုပါ။

တကယ်လို့ စားရမယ်ဆိုရင်ကော ဘာတွေစားမလဲ။ စက်ဘီးစီးရင်းနဲ့ ထမင်း စားနေလို့တော့မဖြစ်ပါ။ ဒါဖြင့် ပေါင်မုန့်စားမလား။ မြန်မာပါးစပ်နဲ့ ဘယ်ကိုက် ပါ့မလဲ။ ကိတ်မုန့်ဆိုရင်ကော၊ ဒါတော့မဆိုးဘူးထင်ပါတယ်။ ဒါပေမယ့် အဲဒါ တွေကို ကိုယ်နဲ့တပါတည်း ဘယ်လိုသယ်သွားမလဲ။ မြန်မာစက်ဘီးပြိုင်ပွဲတွေ က နိုင်ငံတကာပွဲတွေလို ကိုယ့်အသင်းကားက စားစရာလိုက်ပေးတဲ့စနစ် ရှိသေးတာမဟုတ်။
ကျနော်တို့စီးစဉ်ကတော့ လွယ်အိတ်တလုံး (ပုံထဲက အိတ်နဲ့သဘောချင်း တူပါတယ်) လွယ်ပြီး အဲဒီထဲမှာ ငှက်ပျောသိးတဖီး ထည့်သွားပါတယ်။ တဖီးဆိုတာ ၅ လုံး ၆ လုံးလောက်ပေါ့။ အဲဒါ မြန်မာအားကစားလောကမှာ ခေတ် စားတဲ့ ဖီးကြမ်းသီးပေါ့။ ဘာကြောင့်မှန်းတော့ မသိဘူး။ ငှက်ပျောသီးတောင်မှ တခြားသီးမရ၊ ဖီးကြမ်းမှတဲ့။
ဒီနိုင်ငံတွေမှာတော့ ဖီကြမ်းသီးဆိုတာ ဘာမှန်းမသိ။ တခါမှလည်းမတွေ့ဖူးပါ။ ရိုးရိုးငှက်ပျောသီး (မြန်မာအခေါ် ရခိုင်သီးထင်ပါ့) တွေကိုပဲစားပါတယ်။ အဲဒါ တွေကို ကိုယ်နဲ့တပါတည်းသယ်ဖို့အတွက် စက်ဘီးစီးအကျီတိုင်းရဲ့နောက်မှာ အိတ်ကပ် ၃ ခုစီပါ ပါတယ်။ ဒါဟာ အကျီချုပ်ကတည်းက မူအရ ထည့်ထားပြီး သား။
မြန်မာနိုင်ငံမှာလည်း အခုတော့ အဲလို နိုင်ငံတကာ တန်းဝင်တဲ့ အကျီတွေ သုံး နေပြီထင်ပါတယ်။ ၁၉၈၈ ၀န်းကျင်အထိ ဒါတွေမရှိသေး။ ပြည်နယ်-တိုင်းပွဲ အတွက် ရန်ကုန်ရောက်မှ ၃၈ လမ်းက မောင်သောင်းဆိုင်ဆီပြေးပြီး နိုင်ငံ တကာစက်ဘီးပွဲ ဓာတ်ပုံစာအုပ်တွေကြည့်၊ အဲဒီထဲကကြိုက်တဲ့ပုံကို လက်ညိုးထိုးပြီး ပုံစံတူ အမြန်ချုပ်ခိုင်းရတာ။
ဆိုင်ကပဲ မသိတာလား၊ စက်ဘီးသမားတွေပဲ နားမလည်တာလား၊ ဘာတွေ လွဲခဲ့ သလဲတော့မသိပါ။ ကျနော်ဝတ်ဖူးသမျှ အကျီတိုင်းမှာ အခုလို နောက်ကပ် အိတ် ၃ ခု ဘယ်တုန်းကမှ မပါခဲ့ပါ။
ဖိနပ်ဆိုရင်လည်း ဒီလိုပါပဲ။ အခုတော့ နိုင်ငံတကာအဆင့်မီ စက်ဘီးစီးဖိနပ် တွေကို လူငယ်တွေစီးနေတာ Facebook ဓာတ်ပုံတွေထဲ တွေ့ရပါတယ်။ ဒါပေ မယ့် ကျနော်တို့ခေတ်ကတော့ ရန်ကုန်ရောက်မှ ကျော်စိန်ဆိုင်ကိုပြေးပြီး ဘောကန်ဖိနပ်ကိုဝယ်၊ ဘားတွေကိုဖြုတ်၊ ပြီးမှ စက်ဘီးဘားကိုဖြစ်သလိုတပ်ပြီး စီးခဲ့ရပေါ့။
Toe Clip (ခြေနင်းထိပ်က ကလစ်) ဆိုရင်လည်း အဲဒီခေတ်က ရှားပါးပစ္စည်းပါ။ လူတိုင်း ဆင်နိုင်တာမဟုတ်။ တချို့ဆို တိုးကလစ်လဲမရှိ၊ စက်ဘီးစီးဖိနပ်လည်းမရှိပဲ ကင်းဘတ် ဖိနပ်နဲ့ ပဲ ၁၀ နှစ်လောက်စီးသွားခဲ့ပေါ့။ အခုတော့ တိုးကလစ်ခေတ်ကုန်သွားပြီ။ အထူးခြေနင်းပြားနဲ့ ဖိနပ်နဲ့ကိုက်အောင် တခါတည်း ဆင်ပေးထားပြီးသား။
ထားတော့။ အစာအဟာရဖက်ကို ပြန်လှည့်ရမယ်ဆိုရင် အာကစာသမားတဦး အာဟာရနဲ့ပြည့်စုံအောင် ဘယ်လိုစားသောက်နေထိုင်ရမယ်ဆိုတာ ကျနော်တို့ မသိခဲ့ပါ။ စက်ဘီးအသင်းနဲ့အတူ ဆရာဝန်၊ အကျောကျွမ်းကျင်သူ၊ အာဟာရ ကျွမ်းကျင်သူ၊ နည်းပညာနဲ့ကာယစွမ်းရည်ကျွမ်းကျင်သူ စသဖြင့် စုဖွဲ့မှုမျိုး မရှိ ခဲ့ဖူးပါ။ (အခုလည်း မရှိသေးဘူးလို့ထင်ပါတယ်)။
နေ့လည်စာပြီးတော့ အောင်ဆန်းကွင်းမှာကျွေးတဲ့ မနက်စာဖက် နည်းနည်း လှည့်ချင်ပါတယ်။ ပေါင်မုန့် ၂ ချပ်၊ လဖက်ရည်တခွက်၊ ကြက်ဥပြုတ်တလုံး။ ဒါပဲ ကျနော်မှတ်မိပါတယ်။ နို့တောင် မပါဘူးလို့ထင်ပါတယ်။ ဒါစာပြီး မိုင် ၁၀၀ စီးနိုင်တာ ဂုဏ်ယူစရာလား၊ ၀မ်းနည်းစရလား၊ သိပ်မကွဲပြားလှ။
နေ့လည်စာဆိုရင်တော့ ထမင်းဖြူပါမယ်။ ပဲဟင်းပါမယ်၊ တို့စရာနဲ့ ငါးပိရည် လည်းပါတယ်ထင်ပါတယ်။ အသားဟင်းကတော့ တပတ်မှာ ၂ ခါဆိုလား။ ဒါပါပဲ။ ညနေစာလည်း နေ့လည်စာနဲ့အတူတူပါပဲ။ ဒါ ၁၉၈၈ ၀န်းကျင်က အောင်ဆန်းကွင်းမှာ ကျွေးခဲ့တာတွေကိုပြောတာပါ။ (အခုလည်း ဒီတိုင်းပဲ ရှိသေးလားမသိ)။
ဒီတော့ အားကစားသမားတွေ ဘယ်တင်းတိမ်ပါ့မလဲ။ နိုင်ငံတော်ကကျွေးတဲ့ ထမင်းက ကိုယ့်အိမ်ကထမင်းလောက်တောင် မကောင်း။ ဒီတော့ မနက်ပိုင်း ဆို အောင်ဆန်း ကွင်းဘေးနား လမ်းထောင့်က လဖက်ရည်ဆိုင်မှာ သွားထိုင် ပြိး နို့နဲ့ ထမင်းကျော် ထပ်မှာစားရ၊ နေ့လည်ပိုင်းဆို အောင်ဆန်းကွင်း အနောက်ဖက်က မော်လမြိုင် ထမင်းဆိုင်ဆီပြေးပြီး အမဲသားဟင်းနဲ့ ထမင်း ၀ယ်စားခဲ့ရပေါ့။
ဘာကြောင့် အမဲသားဟင်းစားသလဲဆိုပြီးမေးမလို့လား။ အသေချာတော့ တခါ မှမစဉ်းစားဖြစ်ပါဘူး။ ကိုယ့်အရင်စားနေတဲ့လူတွေအပြောအရ အမဲသားစားရင် နွားလိုအားရှိတယ်ဆိုလို့ အားရှိအောင်ဆိုပြီး စားခဲ့တာပါပဲ။ ဘယ်သူမှလည်း သုတေသနအသေချာလုပ်ထားတာမဟုတ်ပေမဲ့ မော်လမြိုင်ဆိုင်မှာ အမဲသား နှပ်တွေကတော့ အရောင်းသွက်ခဲ့တာကတော့ သေချာပါတယ်။
ရိက္ခာသယ်တဲ့ဖက် ပြန်လှည့်ရမယ်ဆိုရင် ကျနော်တို့လူတွေ အစ-အဆုံး လွယ်ပြီး ငှက်ပျော သိးထည့်သွားတဲ့အိတ်ဆိုတာ တကယ်တော့ သူများတွေက လမ်းမှာလှမ်းပြီးပေးတဲ့ အစာ အိတ်ပါ။ အဲဒီထဲက အစာတွေကိုယူ၊ အကျီနောက်အိတ်ထဲထည့်၊ ပြီးရင် အဲဒီလွယ်အိတ်ကြီး ကို လွှင့်ပစ်ခဲ့တာ။
ဒါပေမယ့် ကျနော်တို့က ဒါတွေကိုမသိ၊ မသိဆို ပြည်နယ်-တိုင်းမှာ ရွှေတံဆိပ်ရတဲအထိ နိုင်ငံ တကာပွဲဆိုလို့ တခါလားပဲ (တီဗွီ မှာ) ကြည့်ဖူးပါတယ်။ ဒီတော့ အဲဒီအိတ်ကြီးကို အလေးခံ၊ အရှုပ်ခံပြီး မိုင်တရာခရီးစဉ်တလျောက်သယ်ခဲ့ရပေါ့။ 
နိုင်ငံတကာပွဲတွေမှာတော့ နေ့လည်စာကို ခုနကလိုကျွေးပေမဲ့ မနက်စာနဲ့ ညနေစာကိုတော့ စံချိန်မှီ ဟိုတယ်မှာကျွေးပါတယ်။ ဟိုတယ်က မှာစားတာမဟုတ်ပါ။ ကိုယ့်အသင်းနဲ့ကိုယ် သီး ခြား စားဖိုမှုတွေပါ ပါတယ်။ မြန်မာနိုင်ငံလိုတွေးပြီး ဟိုတယ်မှာဝယ်စားတာထက် သက်သာ အောင် ထမင်းချက်ခေါ်လာတယ်မထင်လိုက်ပါနဲ့၊ ဟိုတယ်ထက် ပိုကောင်းပြီး ပိုအာဟာရ ဖြစ်တဲ့အစာကိုကျွေးတာပါ။

အိပ်တော့လည်း ဟိုတယ်မှာ သီးခြားအခန်းတွေနဲ့ပေါ့။ ဒါပေမယ့် အဲဒီ အီတလီက Giro d'Italia ပွဲမှာ Sky အသင်းမှ နာမည်ကြီးစက်ဘီးသမား Richie Porte တယောက် ဒီလောက် ကောင်းတဲ့ဟိုတယ်မှာ အများသူငါလိုမတည်းပဲ ဒီထက်ပိုဈေးကြီးတဲ့ အထူးအိပ်ယာပါတဲ့ ဘစ်စကားကို ငှားပြီးအိပ်ခဲ့တဲ့အတွက် အီတလီမီဒီယာတွေက ဇိမ်ခံတဲ့ စက်ဘီးသမားဆို ပြီး အကြီးအကျယ်ဝေဖန်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ပုဂ္ဂိုလ်တွေကော တာဝေးပွဲနားတဲ့ရက်တွေမှာ ဘယ်မှာတည်းကြသလဲ။ ဟို တယ်မှာလား၊ အားကစားကွင်းမှာလား၊ ဘုန်းကြီးကျောင်းမှာလား။ ကျနော်တို့ခေတ်တုန်း ကတော့ အားကစားကွင်းတွေမှာပဲ တည်းခွင့်ရှိပါတယ်။ အောင်ဆန်းကွင်းမှာဆို လေ၀င် လေထွက်မကောင်းတဲ့အခန်းထဲ အပေါ်ထပ် ထပ်ခိုးပါ လုပ်ထားလိုက်ပါသေးတယ်။
တသင်းမှာ စက်ဘီးသမားက ၆ ဦး၊ နည်းပြနဲ့ မန်နေဂျာက ၂ ဦးဆိုတော့ အားလုံး ၈ ဦးပေါ့။ အဲဒီလူတွေအားလုံး ကုတင်တွေတန်းစီအိပ်ပေါ့။ အထပ်ခိုးမှာလား။ အဲဒီမှာလည်း နောက် တသင်းရှိသေးတယ်။ ကျနော်တို့ တနသာင်္ရီတိုင်းက အောက်ထပ်၊ မွန်ပြည်နယ်က အပေါ် ထပ်နဲ့ တည်းခဲ့ဖူးတဲ့နှစ်တွေ ဘယ်နည်းပါ့မလဲ။
ခြင်းလား။ ကိုက်တာပေါ့။ အကိုက်မခံချင်ရင် ကိုယ့်ဘာသာ အိမ်ကနေ ခြင်ထောင်ယူလာ လေ။ ဟောက်တဲ့လူလား၊ မရှိပဲ ဘယ်နေပါ့မလဲ။ ဒါပေမယ့် လူကလဲလူငယ်၊ ပင်ကလဲ ပင် ပန်းဆိုတော့ တခူးခူးနဲ့အိပ်ပျော်သွားတာပါပဲ။ တကယ်တော့ အစာအဟာရပြည့်စုံဖို့ အပြင် အိပ်ရေးဝဖို့နဲ့ သက်တောင့်သက်သာ အနားယူနိုင်အောင် စီစဉ်ပေးဖို့လဲ လိုအပ်တယ် မဟုတ်ပါလား။
(စဉ်းစားမိသမျှကို တထိုင်တည်းရေးလိုက်ခြင်းသာဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်တွေ၊ စက်ဘီးသမားတွေဆီက အကြံပြုချက်တွေကို မျှော်နေပါကြောင်း)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More