Friday, June 5, 2015. The Voice Daily.
လူဦးရေ ၂ ဆတိုးလာပေမဲ့ ကမ္ဘာကြီးက ၂ ဆပိုကျယ်မလာပါ
ဇွန်လ ၅ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့အခမ်းအနားတွေ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပ ကြသလို မြန်မာနိုင်ငံရဲ့မြို့တော်သစ် နေပြည်တော်မှာလည်း ကျင်းပလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ ၁၉၇၂ ခုနှစ် ကတည်းက ကုလသမဂ္ဂက အခုလိုသတ်မှတ်ထားတာဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာမြေကြီးနဲ့ သဘာဝတရားကို ကာကွယ်ရေးအတွက် စဉ်းစားမိစေဖို့ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုတာဟာ ကမ္ဘာကြီးတခုလုံးနဲ့ဆက်စပ်နေတဲ့အတွက် သူ့ဧရိယာက ကျယ်ဝန်းလှ ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း၊ စစ်ပွဲတွေနဲ့ သဘာဝဘေးဒဏ်၊ ဓာတုဗေဒစွန့်ပစ်ပစ္စည်းပြသာနာ၊ သဘာဝအရင်း အမြစ်များကို အကျိုးရှိစွာအသုံးချခြင်း၊ ဂေဟစနစ်ကို စီမံခန့်ခွဲခြင်း၊ သဘာဝပတ်ဝန်းကျင် ကိုစီမံခန့်ခွဲခြင်း စသဖြင့် ကဏ္ဍစုံလှပါတယ်။
၂၀၁၅ အတွက် သဘာဝပတ်ဝန်းကျင်နေ့ ဆောင်ပုဒ်ကတော့ "Seven Billion Dreams. One Planet. Consume with Care’’။ လူသားရယ်၊ သဘာဝပတ်ဝန်းကျင်ရယ်၊ စီးပွါးရေးလည်ပတ်မှုတွေက ကမ္ဘာကြီးရဲ့ သဘာဝအရင်း အမြစ်အပေါ် စနစ်တကျ စီမံခန့်ခွဲနိုင်မှုနဲ့ ဆက်စပ်နေပါတယ်။
၁၉၈၈ ၀န်းကျင်က နားထောင်ခဲ့ဖူးတဲ့ ဘိုဘိုဟန်သီချင်းထဲမှာ ‘’ကမ္ဘာမှာလူတွေ လူသားသန်းပေါင်း ၄ ထောင်၊ အချစ်ဆုံး တို့နှစ်ယောက်ပါဝင်တယ်’’ ဆိုတာ အခုစာသားပြောင်းရပါတော့မယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာ လအတွင်း လူဦးရေ ၂ ဆနီးပါးတိုးလာပြီး အခု ၂၀၁၅ မှာ လူဦးရေး သန်း ၇ ထောင်ကျော်နေပါပြီ။ သက္ကရာဇ် ၂၀၅၀ ဆိုရင် သန်း ၉ ထောင်ခွဲ အထိရှိလာမယ်လို့ ကျွမ်းကျင်သူတွေကခန့်မှန်းထားပါတယ်။
လူဦးရေက ဒီလို ၂ ဆတိုးလာပေမဲ့ ကမ္ဘာကြီးက ၂ ဆ ပိုကျယ်ဝန်းမလာပါ။ လွန်ခဲ့တဲ့ နှစ် ၁၀၀၊ နှစ် ၁၀၀၀ က အ တိုင်း ရှိမြဲရှိဆဲပါ။ ဒီတော့ ကမ္ဘာကြီးရဲ့ထုတ်လုပ်ပေးနိုင်မှု ပမာဏနဲ့ တိုးလာနေတဲ့ လူဦးရေရဲ့ စားသုံးမှု ပမာဏက မကာမိတော့ပါ။ ဒါကြောင့် ဒီကိစ္စကို အလေးထားစဉ်းစားပြီး သဘာဝအရင်းအမြစ်တွေကို ချွေတာသုံးကြဖို့ ကျွမ်း ကျင်သူတွေက ဒီနေ့မှာ အထူးသတိပေး တိုက်တွန်းနေပါတယ်။
စိမ်းလန်းတဲ့တောနဲ့တောင်တန်းတွေ မရှိတော့ပါ
ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာတိတ်စက်ဝန်းမှာရေခဲတွေ အရည်ပျော်ပြီး ပိုလာဝက်ဝံတွေနေစရာ မရှိတော့တာ၊ ပင်လယ်ရေ မျက်နှာပြင်မြင့်လာတာ၊ အိုဇုန်းလွှာပေါက်တာ၊ ဓာတု စွန့်ပစ်ပစ္စည်းတွေများ လာတာ၊ ဖန်လုံအိမ် အာနိ သင် ဘာ-ညာ တွေကို သာမန်လူတွေနားလည်ဖို့မလွယ်ပါ။ ဒါပေမယ့် ကိုယ်ရပ်ကိုယ့်ရွာဝန်းကျင်က သစ်တော တွေ ပြုန်းသွားတာ၊ အရင်ကထက် ရာသီဥတုပိုပူလာတာ၊ နွေမှာရေရှားပြီး မိုးမှာရေလျှံမှုပိုများလာတာတွေကိုတော့ မြန်မာနိုင်ငံ ကျေးလက်ဒေသကလူတွေ ကောင်းကောင်းသတိထားမိမယ်ထင်ပါတယ်။
‘’ဒီနှစ်နွေက ပူလိုက်တာ သေတော့မယ်။ ရာသီဥတုကလဲ လူတွေလိုပဲ မမှန်တော့ဘူးလေ။ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့လူတွေ အကျင့်သီလနဲ့ပြည်စုံမှ ရာသီဥတုကမှန်မှာလေ’’ ဆိုတဲ့ ပြောဆိုသံတွေကို မနှစ်နွေက ရွာပြန် ရောက်တုန်း ကျနော်ကြားခဲ့ရပါတယ်။ ဒီစကားကို ငယ်ငယ်ကတည်းက ကြားဖူးနေကြဖြစ်ပေမဲ့ အဓိပ္ဗယ်ကိုတော့ တခါမှ အသေချာမစဉ်းစားဖြစ်ခဲ့ပါ။
တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေလိုပြောလိုက်ရင် ရာဇပုလ္လင်ပေါ်မှာ သံလျက်ကိုင်ပြီး ထိုင်နေတဲ့ ရာဇ၀င်ထဲက သက်ဦး ဆံပိုင် ဘုရင်တွေကိုသာ စိတ်ထဲမြင်မိပါတယ်။ အကျင့်သီလဆိုတဲ့စကားလုံးကိုကြားမိရင်လည်း ဘုန်းကြီးကျောင်း သွားပြီး ဥပုဒ်စောင့်တာကိုသာ မျက်စိထဲမြင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ လူကြီးတွေပြောနေတဲ့ မင်း ဆိုတာ ရာဇ၀င်ထဲကလူတွေတင်မဟုတ်၊ လက်ရှိ နေပြည်တော်မှာရုံးထိုင်နေတဲ့လူတွေလည်း အကျုံးဝင်တာပဲ။အကျင့်သီလဆိုတာ ဘုန်းကြီးကျောင်းသွားပြီး တရားထိုင်နေတာမဟုတ်။ အဲဒီ နေပြည်တော်ကလူတွေ လာဘ် စားတာ၊ အဂတိလိုက်စားတာ၊ အကျင့်ပျက်နေတာတွေလဲ အကျုံးဝင်နေတာပဲလို့ စဉ်းစားမိလာပါတယ်။
တကယ်တော့ လွန်ခဲ့တဲ့ နှစ် ၃၀ ၀န်းကျင်အတွင်း ကမ္ဘာ့လူဦးရေ ၂ ဆနီးပါးတိုးလာသလို မြန်မာ့လူဦးရေ ကလည်း ၃ ပုံ ၁ ပုံနီးပါးတိုးလာပါတယ်။ ၁၉၈၈ ၀န်းကျင်က သန်း ၄၀ ၀န်းကျင်သာရှိတဲ့မြန်မာ့လူဦးရေဟာ အခု ၂၀၁၅ မှာ သန်း ၆၀ နီးပါးရှိနေပါပြီ။ ဒီလို လူဦးရေ ၃ ပုံ ၁ ပုံတိုးလာပေမဲ့ မြန်မာနိုင်ငံအကျယ်အ၀န်းက ၃ ပုံ ၁ ပုံ ပိုကျယ်မလာ ပါ။ ဒီတော့ တောင်တောင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး မြို့ပြတွေတည်ဆောက်၊ သစ်တောတွေပြုန်း၊ ရေ၊ မြေ၊ သဘာဝ အနေအထားတွေ အပြောင်းအလဲဖြစ်ခဲ့ပေါ့။
FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၁၉၉၀ ကနေ ၂၀၁၀ ခုနှစ် အတွင်း မြန်မာ့သစ်တောဧရိယာ စတုရန်းမိုင် ၃ သောင်းခန့်ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီ ၁၀ နှစ်တာ ကိုကျော်ပြီးကြည့်မယ်ဆိုရင် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရစဉ်က မြန်မာနိုင်ငံ ဧရီယာရဲ့ ၇၀ ရာခိုင်နှုန်းကို သစ်တောဖုံး လွှမ်းနေပြီး ၂၀၁၀ ခုနှစ်အကျော်မှာတော့ ၄၀ ရာခိုင်းနှုန်းသာကျန်တော့တယ်လို့ ထောက်ပြထားပါတယ်။
ဒါတွေဟာ လူဦးရေတိုးလာလို့ သဘာဝတရားအရ သူအလိုလိုဖြစ်သွားတာလား။ ရှေးလူကြီးတွေပြောသလို တိုင်း ပြည်အုပ်ချုပ်မင်းလုပ်တဲ့လူတွေ အကျင့်သီလဖောက်ပြန်လို့လား။
၂၀၀၉ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ Global Witness အဖွဲ့ရဲ့အစီရင်ခံစာအရဆိုရင် ကချင်ပြည်နယ်ရှိ သစ်တောတွေကနေ ခုနစ်မီနစ်မှာ သစ်ကားတစီးနှုန်း တရုတ်နိုင်ငံထဲ ခိုးဝင်နေပါတယ်။ တစီးမှာ ၁၅ တန်၊ ၇ မီနစ်မှာတစီးနှုန်းနဲ့ ၂၄ နာရီ ပတ်လုံးသွားနေတာဖြစ်တဲ့အတွက် တရက်တည်းမှာတင် တန်ချိန် ၃၀၀၀ ခန့် တရားဝင်ခိုးထုတ်နေတဲ့ သဘောဖြစ် နေတယ်လို့ထောက်ပြထားပါတယ်။
အခု ၂၀၁၅ မှာကော အခြေနေတွေတိုးတက်လာပြီလား။ ပြီးခဲ့တဲ့မတ်လကုန်ပိုင်း ရန်ကုန်မှာ ငြိမ်းချမ်းရေးလက်မှတ် ထိုးပွဲလုပ်နေစဉ် ကချင်ဖက်မှာဖြစ်တဲ့တိုက်ပွဲဟာ ‘’တရုတ်ဖက်က ၀င်လာတဲ့ သစ်ခိုးကားတွေကို လေယဉ်နဲ့ဗုံးကျဲ တာပါ’’ ဆိုတဲ့ပြောဆိုချက်၊ အဲဒီမတိုင်လေးမှာတင် တရုတ်နိုင်ငံသားတွေ ဒါဇင်နဲ့ချီပါတဲ့ သစ်မှောင်ခိုဂိုဏ်း ဖမ်းဆီးမှု သတင်းတွေက တရုတ်နယ်စပ်ရှိ သစ်မှောင်ခိုလုပ်ငန်း အရင်ထက်တောင် ပိုဆိုးလာနေတယ်ဆိုတာ သက်သေပြ နေပါတယ်။
ဒါက တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်ကအခြေနေကို ဥပမာအဖြစ်ထောက်ပြထားတာပါ။ တခြားပြည်နယ် တိုင်းတွေမှာလည်း ဒီလောက်အထိ အခြေအနေမဆိုးရင်တောင် ဒီထက်သိပ်မနည်းတဲ့ ပမာဏနဲ့ သစ်တောတွေ ပြုန်းသွားတယ်ဆိုတာ လူတိုင်းသိနိုင်တဲ့ အချက်တွေပါ။
ဒါဖြင့် ဘာလုပ်ကြမလဲ၊ သင်ကိုယ်တိုင်ကော ဘယ်လုပ်နိုင်မလဲ
သေချာတာတော့ လုပ်နေကြအတိုင်း ဇွန်လ ၅ ရက်နေ့မှာ သစ်တောဝန်ကြီးအပါဝင် လူတချို့ သစ်ပင်တွေ စိုက်ကြပါ လိမ့်မယ်။ ဒါပေမယ့် မနှစ်က ဒီနေ့မှာစိုက်ခဲ့ဖူးတဲ့သစ်ပင်တွေထဲက ဘယ်နှစ်ပင်သေပြီး ဘယ်နှစ်ပင် ဆက်လက်ရှင် သန်နေသလဲ။ စိုက်တဲ့ပင်၊ ဆက်လက်ရှင်သန်တဲ့ပင်နဲ့ ခုတ်တဲ့အပင်ကြား အရေအတွက် ကာမိရဲ့လား၊ သစ်ခုတ်မှု တွေကို တကယ်ပဲ တားဆီးနိုင်ပြီလား ဆိုတာတွေကတော့ မေးခွန်းအဖြစ်ဆက်ရှိနေဆဲပါ။
ထူးခြားတာကတော့ မြန်မာ့နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဖက်မှာဆောင်ရွက်နေသူအများစုဟာ သစ် တောအရာရှိဟောင်းတွေဖြစ်နေခြင်းပါ။ ဒါ အစိုးရဖက်မှာတင်မဟုတ်၊ တိုင်းရင်းသားလက်နက်ကိုင် တွဖက်မှာ လည်း အတူတူပါပဲ။ ‘’သစ်ပင်တွေရောင်းစားလို့ကုန်သွားတော့ သစ်တောအရာရှိတွေလဲ သဘာဝပတ်ဝန်းကျင်ထိမ်း သိမ်းရေးအရာရှိအဖြစ် ဆိုင်းဘုတ်ပြောင်းလိုက်တာပေါ့’’ ဆိုတဲ့စကားဟာ နယ်စပ်က သစ်တောနဲ့နီးစပ်သူတွေကြား လူသိများပါတယ်။ ဒါပေမယ့် ဘာဖြစ်ဖြစ် တနှစ်မှာ တရက်တာသစ်ပင်စိုက်ခြင်းက ၃၆၅ ရက်စလုံး မနားတန်း ခုတ် နေတာနဲ့စာရင် ကြိုဆိုသင့်ပါတယ်။
ဒါက ရာသီဥတုပြောင်းလဲရေးနဲ့ဆိုင်တဲ့ သစ်တောသစ်ပင်ကိစ္စ။ သဘာဝပတ်ဝန်းကျင် သန့်ရှင်းလှပဖို့ တခြားကော ဘာတွေလုပ်နိုင်ဦးမလဲ။ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချရေးနဲ့ ပတ်ဝန်းကျင်ကို ညစ်ထေးမှုမဖြစ်အောင် စနစ်တကျ နေထိုင်ရေးတွေကလည်း အရေကြီးမယ်ထင်ပါတယ်။
သစ်ခုတ်သမားတွေ ၃၆၅ ရက်မှာ တရက်နားပြီး သစ်ပင်စိုက်ကြသလို လမ်းဘေး ကွမ်းသွေးထွေးသူတွေ တရက်တာ ကွမ်းသွေးကို တွေ့တဲ့နေရာမှာမထွေးပဲနဲ့ သတ်မှတ်နေရာမှာ စနစ်တကျ ထွေးခြင်းအားဖြင့် သဘာဝပတ်ကျင် မညစ်ထေးမှုကို လျော့ချနိုင်မလား။ လမ်းဘေးအမှိုက်ပစ်သူတွေ၊ အိမ်နောက်ဖေး လမ်းကြားထဲအမှိုက်ပစ်သူတွေ ဒီနေ့မှာ အဲဒီလိုမပစ်ပဲ စုပေါင်းအမှိုက်ကောက်တာကို လုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းလာအောင် ကူညီပေးနိုင်မလား။
ဒါက လူတိုင်းလုပ်နိုင်တဲ့ကိစ္စ။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုတာ တနှစ်မှာ တရက်လုပ်ရုံနဲ့ ဘယ် ရပါ့မလဲ။ စနစ်တကျနဲ့ရေရှည်လုပ်နိုင်မှ၊ မျိုးဆက်အလိုက် လုပ်နိုင်မှ အကျိုးသက်ရောက်မှုရှိမှာပါ။ ဒီအတွက် လူ ငယ်တွေရှိတဲ့ စာသခန်းတွေဆီ ဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဟာ ဘာသာရပ်တခုအနေနဲ့ ရောက်လာသင့်ပါ တယ်။ ကျောင်းသားဘ၀မှာကတည်းက သဘာဝပတ်ဝန်းကျင်အကြောင်း စနစ်တကျ ပညာပေးသင့်ပါတယ်။
အဲဒီလိုအဆင့်ဆင့်ဖြစ်လာစေဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူတွေ၊ တိုင်းပြည်ကို စီမံခန့်ခွဲပိုင် ခွင့်ရှိသူတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်။ ရှေ့ပိုင်းမှာလူကြီးသူမတွေပြောခဲ့တဲ့ အတိုင်း တိုင်းပြည်အုပ် ချုပ် မင်းလုပ်တဲ့လူတွေ အကျင့်သီလနဲ့ပြည့်စုံဖို့လိုပါတယ်။ သဘာဝ အရင်းအမြစ်တွေကို စနစ်တကျစီမံခန့်ခွဲတတ်ဖို့ ရေရှည်အမြင် လိုလာနေပါတယ်။ ။
0 comments:
Post a Comment