နော်ဝေနိုင်ငံ အော်စလိုမြို့မှ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲများ
Nobel Institute မှာ ဆွေးနွေးပွဲလုပ်ခြင်း
ဦးသိန်းစိန်အစိုးရက ဘင်္ဂါလီလို့ခေါ်ပြီး နိုင်ငံတကာမှာ ရိုဟင်ဂျာလို့ လူသိများတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူတစ်သန်းနီးပါး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း သုံးရက်ကြာ ဆွေးနွေးပွဲတစ်ခု နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ မေလ နောက်ဆုံးသီတင်းပတ်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ OSI ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမေရိကန် သန်းကြွယ်သူဌေး George Soros နဲ့ မြန်မာကို အာဆီယံအဖွဲ့ထဲ ထည့်ပေးခဲ့သူ မလေးရှား ဝန်ကြီးချုပ်ဟောင်း Dr Mahathir တို့ကလည်း ရိုဟင်ဂျာအရေးကို စနစ်တကျနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ဗီဒီယိုမိန့်ခွန်းတွေ ပေးပို့ခဲ့ပါတယ်။
နော်ဝေအစိုးရပိုင်းကတော့ လက်ရှိ အာဏာရအစိုးရပါတီမှ နိုင်ငံခြားရေးဌာန အတွင်းရေးမှူး Morten Høglund နဲ့ ဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik တို့ ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေဘက်ကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းသူဟောင်း Tomas Ojea Quinta အပါအဝင် အမေရိကန်နဲ့ ဥရောပရှိ တက္ကသိုလ်တွေက ပညာရှင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်မှတော့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာ သံဃာတော်တွေ၊ ခရစ်ယာန် ဓမ္မဆရာတွေ၊ စာနယ်ဇင်းသမားတွေ အပါအဝင် စိတ်ဝင်စားသူ တစ်ရာကျော် တက်ရောက်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီပြဿနာအပေါ် တာဝန်ခံဖြေရှင်းရမယ့် မြန်မာအစိုးရ ကိုယ်စားလှယ်နဲ့ ရခိုင်တိုင်းရင်းသားတွေကိုတော့ ဒီပွဲမှာ မတွေ့မိပါ။
နော်ဝေနှင့် နိုင်ငံတကာဘက်ကအမြင်
ဘာသာသုံးမျိုးရဲ့ ဆုတောင်းမှုနဲ့ စတင်ခဲ့တဲ့ ဒီအခမ်းအနားမှာ ပထမဆုံး စကားပြောတဲ့ နိုင်ငံရေးသမားကတော့ နော်ဝေဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik ဖြစ်ပါတယ်။ ဥရောပတိုက်သားတွေ မြင်နေရတဲ့ မြေထဲပင်လယ်က အာဖရိက လှေစီးပြေးဒုက္ခသည် အခြေအနေနဲ့ အရှေ့တောင်အာရှပင်လယ်က ရိုဟင်ဂျာ လှေစီးပြေး အခြေအနေကို သူက နှိုင်းယှဉ်ပြပါတယ်။
(နော်ဝေနိုင်ငံခြားရေးဌာန အတွင်းရေးမှုး Morten Høglund ပြောကြားနေစဉ်)
ပြီးတော့ ထိုင်းနဲ့ မလေးရှား နယ်စပ်ဘက်မှာ တွေ့ရတဲ့ အစုံအပြုံလိုက် ရိုဟင်ဂျာ အလောင်းတွေ၊ ရခိုင်ပြည်နယ်ထဲရှိ ဒုက္ခသည်စခန်းက သောင်းနဲ့ချီရှိတဲ့ ရိုဟင်တွေရဲ့ အခြေအနေ၊ မြန်မာနိုင်ငံအတွင်း နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရတဲ့အပြင် သွားလာခွင့်၊ ပညာသင်ခွင့်၊ စီးပွားရှာခွင့် ပိတ်ပင်ခံထားရတာတွေကို သူက ရှင်းပြပါတယ်။
ဒီပြဿနာတွေဟာ အခု ဦးသိန်းစိန်အစိုးရ တက်လာပြီး လွန်ခဲ့တဲ့ လေးနှစ်အတွင်းမှာ သိသာစွာ ဆိုးလာတဲ့အကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အထဲမှာ မြန်မာနိုင်ငံတွင်းက လူနည်းစုတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေ တိုးတက်လာအောင် လုပ်ဖို့လည်း လိုတယ်လို့ သူက ထောက်ပြပါတယ်။ ဒီလိုဖြစ်လာစေဖို့အတွက် နော်ဝေအပါအဝင် နိုင်ငံတကာအစိုးရတွေ အနေနဲ့ နှုတ်ဆိတ်နေတဲ့ Silence ပေါ်လစီအစား မြန်မာအစိုးရကို ဝေဖန်ထောက်ပြတဲ့ ပေါ်လစီတွေကို ကျင့်သုံးဖို့ လိုနေပြီလို့ သူက တိုက်တွန်းခဲ့ပါတယ်။
ဗီဒီယို သဝဏ်လွှာပေးပို့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တွေရဲ့ အမြင်တွေထဲမှာတော့ တောင်အာဖရိက ဘုန်းတော်ကြီး Desmond Tutu ရဲ့အမြင်တွေကို နိုင်ငံတကာသတင်းတွေမှာ ကိုးကားဖော်ပြတာ တွေ့ရပါတယ်။ ငြိမ်းချမ်းရေးမရှိတဲ့ တိုင်းပြည်တစ်ခုမှာ လူတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်အသိအမှတ်ပြုဖို့ ပျက်ကွက်လေ့ရှိကြောင်း၊ ရခိုင်နဲ့ ရိုဟင်ဂျာအကြား ပဋိပက္ခဖြစ်ခြင်းအတွက် မြန်မာအစိုးရမှာ လုံးဝတာဝန်ရှိကြောင်း သူက ထောက်ပြပါတယ်။
ပြီးတော့ မြန်မာအစိုးရဟာ Anti-Rohingya Sentiment ရိုဟင်ဂျာ ဆန့်ကျင်ရေးစိတ်တွေ မြင့်လာအောင် လှုံ့ဆော်ပေးနေတယ်။ Slow Genocide လူမျိုးတစ်ခုကို တဖြည်းဖြည်းနဲ့ ပျောက်သွားအောင် ဆောင်ရွက်နေတာကို နိုင်ငံတကာပညာရှင်တွေရဲ့ သုတေသနတွေမှာ တွေ့ထားရတယ်လို့ ပြောပါတယ်။ တကယ်တော့ လူသားတွေအားလုံးဟာ အတူတူပါပဲ။ ဘယ်သူက မြတ်ပြီး ဘယ်သူက နိမ့်တယ်ဆိုတာ မရှိဘူး။ မွတ်ဆလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ် လူသားအားလုံးဟာ အတူတူပါပဲလို့ အသားအရောင်ခွဲခြားရေး ဆန့်ကျင်မှုတိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ ဘုန်းတော်ကြီးက ပြောပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဟန်ဂေရီအပေါ် နာဇီတွေရဲ့ ကျူးကျော်စဉ် ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ OSI အဖွဲ့ တည်ထောင်သူ သန်းကြွယ်သူဌေးကြီး George Soros ကတော့ ရိုဟင်ဂျာနဲ့ ဂျူးတွေရဲ့ ဘဝကို နှိုင်းယှဉ်ပြောသွားပါတယ်။ စစ်တွေမြို့အနီးက အောင်မင်္ဂလာဒုက္ခသည်စခန်းကို ရောက်တော့ ငယ်ငယ်က သူ့ဘဝကို ပြန်မြင်ယောင်မိကြောင်း၊ ၁၉၄၄ ဝန်းကျင်က Budapest က ဂျူးတစ်ယောက်ရဲ့ အခြေအနေနဲ့ အခုတွေ့နေရတဲ့ ရိုဟင်ဂျာတစ်ယောက်ရဲ့ အခြေအနေဟာ တူနေကြောင်း၊ ဒီစခန်းဟာ Ghettos အနှိမ်ခံဘဝတွေကို စုထားတဲ့ နေရာတစ်ခုအဖြစ် သူခံစားမိကြောင်း ပြောပါတယ်။
နိုင်ငံတကာအမြင်နဲ့ မြန်မာ့အမြင် အတော်ကွာနေသလား
နိုဘယ်လ်ဆုရှင်တွေ၊ ထင်ရှားသူတွေရဲ့ မိန့်ခွန်းအပြီးမှာတော့ နော်ဝေ နိုင်ငံခြားရေးဌာန အတွင်းရေးမှူး Morten Høglund က လူသားချင်းစာနာတဲ့ အကူအညီ ခရိုနာ ၁၀ သန်း မြန်မာနိုင်ငံဆီပေးဖို့ ပြင်ဆင်ထားကြောင်း ကြေညာခဲ့ပါတယ်။
(ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆွေးနွေးနေတဲ့ ဗုဒ္ဒဘာသာနဲ့ ခရစ်ယန်ဆရာတော်များ)
အဲဒီနောက်မှာတော့ ဒီပွဲကို စီစဉ်သူတွေထဲကတစ်ဦး ဖြစ်တဲ့ ဒေါက်တာဇာနည်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Quinta နဲ့ လန်ဒန် Queen Mary တက္ကသိုလ်မှ ပါမောက္ခ Penny Green တို့က ရိုဟင်ဂျာတွေ အခုရင်ဆိုင်နေရတာဟာ Slow Genocide ဟုတ်မဟုတ် ငြင်းခုံဆွေးနွေးကြပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်တွေအရ Slow Genocide ရဲ့ အစောပိုင်း သင်္ကေတတွေ တွေ့နေတာ သေချာတယ်လို့ သုံးဦးစလုံးက ပြောပါတယ်။ ပရိသတ်တွေ မေးခွန်းထုတ်ခွင့်ရတဲ့ အချိန်မှာတော့ မန္တလေးမှ ဗုဒ္ဓဘာသာ မြန်မာသံဃာတော်တစ်ပါးကနေ Genocide ဆိုတဲ့ စကားလုံးကို မြန်မာနိုင်ငံမှာ သူတစ်ခါမှ မကြားဖူးကြောင်း၊ အခြေအနေတွေဟာ ဒီလောက်အထိ ဆိုးနေတယ်လို့ သူမသိကြောင်း ပြောပါတယ်။
သူတို့အနေနဲ့တော့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်အောင် ကြိုးစားနေကြောင်း၊ မိတ္ထီလာ ပဋိပက္ခမှာတုန်းကဆိုရင် လူရမ်းကားတွေလိုက်လို့ မီးလောင်ပြင်ကနေ ထွက်ပြေးလာတဲ့ မွတ်ဆလင် ငါးဆယ်ကျော်ကို မြန်မာဘုန်းတော်ကြီးတစ်ပါးက သူ့ကျောင်းထဲ ခေါ်သွင်းပြီး အသက်ကယ်ပေးခဲ့တာတွေကို ဥပမာပေး ထောက်ပြသွားပါတယ်။
ပွဲစီစဉ်သူ ဒေါက်တာဇာနည်ကတော့ Genocide ဆိုတာဟာ မြန်မာအဘိဓာန်ဆရာတွေ ဘာသာပြန်ထားသလို “လူမျိုးတုံး သတ်ဖြတ်မှု” လို့ အဓိပ္ပာယ်ထွက်တာ မဟုတ်ဘဲ တခြားအဓိပ္ပာယ်တွေလည်း ရှိသေးတယ်လို့ မြန်မာသတင်းသမားတွေနဲ့ တွေ့ဆုံစဉ်မှာ ရှင်းပြပါတယ်။
လူတွေကို အစာရေစာမဝအောင် လုပ်ထားခြင်း၊ သန့်ရှင်းတဲ့သောက်ရေ မရအောင် လုပ်ထားခြင်း၊ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ခွင့် မရအောင် ပိတ်ပင်ထားခြင်း၊ ဒီရွာကနေ ဟိုရွာကို မသွားရလို့ တားမြစ်ထားခြင်း၊ အတင်းအဓမ္မ နေရာပြောင်းခံရခြင်း၊ နေမကောင်းရင် ဆေးကုသမှုမပေးခြင်း၊ လူ့အသက်ကို ကယ်နိုင်တဲ့ ဆေးပညာ အပါအဝင် ပညာသင်ခွင့် ပိတ်ပင်ခံထားရခြင်း၊ နိုင်ငံရေးအရဆိုရင် နိုင်ငံသားကတ်တွေ၊ အဖြူရောင်ကတ်တွေ ရုပ်သိမ်းခံရပြီး မဲပေးခွင့်မရှိခြင်း၊ အခုနောက်ဆုံး သူတို့အမည် သူတို့ခေါ်တဲ့ ရိုဟင်ဂျာ ဆိုတာကိုတောင် ခေါ်ခွင့်မရှိဘူးလို့ အစိုးရဘက်က ပြောလာခြင်းတွေဟာ လူမျိုးစု၊ လူနည်းစုတစ်ခုကို ရည်ရွယ်ချက်ရှိရှိနဲ့ တဖြည်းဖြည်းချင်း မျိုးပြုတ်သွားအောင် လုပ်နေတဲ့ သင်္ကေတ၊ ပညာရှင်တွေရဲ့အခေါ် Slow Genocide ရဲ့ အစောပိုင်း သင်္ကေတတွေ ဖြစ်တယ်လို့ ဒေါက်တာဇာနည်က ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ ပညာရှင်တွေ၊ လူ့အခွင့်အရေးသမားတွေ ပြောနေတာနဲ့ ပြည်တွင်းရှိ မြန်မာအစိုးရ၊ မြန်မာသံဃာတော်တချို့၊ သာမန်နိုင်ငံသားတချို့ ပြောနေကြတာတွေဟာ တကယ့်ကို ပြောင်းပြန်ဖြစ်နေပါတယ်။ မြန်မာအစိုးရဘက်က ဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မဆွေးနွေးခင် ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အရင်စွန့်လွှတ်ဖို့ လိုတယ်လို့ ပြောနေပါတယ်။ အဲဒီစကားလုံးပါတဲ့ ဆွေးနွေးပွဲတွေကို သူတို့အစိုးရ ကိုယ်စားလှယ် တက်မှာမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ လုံးဝမရှိဘူးလို့ အပြတ်ငြင်းထားပါတယ်။
အော်စလိုမှာ ဒီလိုဆွေးနွေးပွဲ လုပ်နေစဉ်မှာတောင် ရန်ကုန်က ကျိုက္ကဆံကွင်းမှာ လူ ၃၀၀ လောက် ချီတက်ပြီး Anti-Rohingya Sentiment လုပ်ခဲ့ကြပါတယ်။ ဘန်ကောက်မှာ ကျင်းပမယ့် လှေစီးပြေး ဒုက္ခသည်အရေး နိုင်ငံတကာ ညီလာခံရဲ့ ဖိအားကို ဆန့်ကျင်ဖို့၊ နိုင်ငံတကာဖိအားတွေကို စိုးရိမ်ပြီး မြန်မာအစိုးရကနေ လှေစီးပြေးတွေ၊ ဘင်္ဂါလီတွေကို မြန်မာ့မြေပေါ်မှာ လက်ခံလိုက်မိမှာစိုးလို့ သူတို့အဖွဲ့က ဆန္ဒပြတာလို့ ဆိုပါတယ်။
ရန်ကုန်မှာ ဒီလိုဆန္ဒပြတဲ့ မေလ ၂၈ ရက်မှာပဲ ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ ဦးသိန်းစိန်အစိုးရ ငါးနှစ်တာကာလအတွင်း မြန်မာ့အရေး ပထမဆုံးအကြိမ် လုံခြုံရေးကောင်စီဆီ ရောက်လာခြင်းပါပဲ။
တိုင်းပြည်တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ထွန်းကားတိုးတက်ရေး လုပ်ငန်းစဉ်မှာ လူ့အခွင့်အရေးက အဓိကကျကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုတွေရဲ့ ဆိုးရွားတဲ့ အခြေအနေကို အလေးထားဖို့လိုကြောင်း လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ရိုဟင်ဂျာအရေးကို နိုင်ငံတကာဘက်က လူ့အခွင့်အရေး ပြဿနာဖြင့် ဇောင်းပေးမြင်နေကြပြီး မြန်မာအစိုးရနဲ့ အမျိုး၊ ဘာသာ အစွန်းရောက်သူ တချို့ကတော့ အမျိုးသားလုံခြုံရေး၊ အမျိုး၊ ဘာသာ ကာကွယ်ရေးဘက်ကနေ ဇောင်းပေးမြင်နေကြပါတယ်။ ဒါကြောင့် အပြင်နဲ့ အတွင်းရှုမြင်ပုံ ပြောင်းပြန်နီးပါး ကွာခြားနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
ဘယ်လိုအဖြေရှာနိုင်မလဲ
ဆွေးနွေးပွဲ သုံးရက်ထဲမှာ နောက်ဆုံးနေ့ကျင်းပတဲ့ မြန်မာနိုင်ငံက လာသူတွေ ဦးစီးဆွေးနွေးတဲ့ပွဲက အဖြေနဲ့ ပိုနီးစပ်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတကာမှလာတဲ့ ဆွေးနွေးသူတွေက အဖြေဟာ မြန်မာနိုင်ငံအတွင်းမှာ မရှိဘူး။ မြန်မာအစိုးရဘက်က အခြေအနေမှန်တွေကို လက်မခံသေးသရွေ့ အစိုးရနဲ့ ဆွေးနွေးအဖြေရှာဖို့ မဖြစ်နိုင်ဘူး။ အစိုးရကို နိုင်ငံတကာဘက်က လုံလောက်တဲ့ ဖိအားပေးနိုင်မှ အဖြေရတဲ့ ဆွေးနွေးပွဲဆီ ရောက်လာနိုင်တယ်ဆိုပြီး ပြောသွားကြလို့ ဖြစ်ပါတယ်။
(၁၉၉၀ ရွေးကောက်ခံအမတ် ဦးကျော်မင်းအပါဝင် ရိုဟင်ဂျာဖက်က ပုဂ္ဂိုလ်များ ဆွေးနွေးနေစဉ်)
မြန်မာနိုင်ငံကနေ လာဆွေးနွေးသူတွေ ဖြစ်တဲ့ ရိုဟင်ဂျာဘက်မှာ ဦးကျော်မင်း၊ ဦးသာအေး၊ ဦးခင်မောင်မြင့်နှင့် မဝေဝေနု၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေထဲမှ ဦးဝိသုဒ္ဓ၊ ဦးဇောတိကနှင့် ဦးစိန္တိတ။ ခရစ်ယာန်ဘာသာဘက်မှ ဦးဇော်ဝင်းအောင်နှင့် ဦးနေဝင်းတို့ကတော့ ဒီပြဿနာတွေဟာ လွန်ခဲ့တဲ့နှစ်တွေ၊ လွန်ခဲ့တဲ့ အစိုးရတွေလက်ထက်က ဘာမှအသံမှ သိပ်မကြားရဘဲ အခုဦးသိန်းစိန်အစိုးရ လက်ထက်ကျမှ ဒီလောက် ကမ္ဘာသိ အသံကျယ်လာတာဟာ လက်ရှိအစိုးရ ကိုယ်တွယ်ပုံ မှားနေလို့ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
ဒါမှမဟုတ် ဒီပြဿနာကို တမင်ဖန်တီးပြီး နိုင်ငံရေးအမြတ်ရအောင် ကစားဖို့၊ အနိမ့်ဆုံးအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီပြဿနာကို အသုံးချပြီး အစိုးရပါတီက မဲပိုရအောင် ကစားနိုင်ဖို့ ကြိုးစားနေတာကြောင့် ဖြစ်တယ်လို့ ဆွေးနွေးသူ အတော်များများက သံသယ ရှိနေတာကို တွေ့ရပါတယ်။
“ဘယ်အချိန်က ဘယ်သူတွေ ဖန်တီးထားမှန်း မသိတဲ့ ပြဿနာကြီးကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ဖန်တီးလို့ ဖြစ်လာသလိုမျိုး ပုံဖော်လာတာကိုတော့ လက်မခံနိုင်ဘူး။ ဗုဒ္ဓသာသာမှာ တခြားဘာသာတွေကို မုန်းတီးဖို့အကြောင်း မရှိဘူး။ ဗုဒ္ဓဘာသာဟာ သတ္တဝါအားလုံးကို ကယ်တင်ရေးသာ ဖြစ်တယ်” လို့ သံဃာတော်တွေက မိန့်ပါတယ်။ “ဒါတွေဟာ ဘယ်ဘာသာ၊ ဘယ်လူမျိုးဆိုတဲ့ အစွဲအလမ်းတွေ များလွန်းလို့ ဖြစ်လာတာ၊ ဗုဒ္ဓဘုရားရှင်က အစွဲအလမ်းမထားရဘူးလို့ ဟောထားတယ်မို့လား” ဆိုပြီးလည်း ဆရာတော်တွေက လမ်းညွှန်ခဲ့ပါတယ်။
တစ်ခါ ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးတွေဟာ တခြားဘာသာ၊ တခြားလူမျိုးတွေထက် ပိုမြင့်မြတ်တယ်ဆိုပြီး တစ်ချိန်က သူတို့ထင်ခဲ့ဖူးကြောင်း၊ ဒါဟာ တစ်စုံတစ်ဦးက သင်ပေးထားလို့ ဖြစ်နေတာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းက လူအတော်များများမှာ ဒီလိုအမြင် ရှိနေခဲ့ကြောင်း၊ ဒါပေမဲ့ အခုပွင့်လင်းလာတဲ့ခေတ် နိုင်ငံတကာနဲ့ ဆက်ဆံလာတဲ့ အချိန်မှာတော့ အရင်ကလို ပိုမြင့်၊ ပိုမြတ်တယ်ဆိုတဲ့ အမြင်မျိုး သူတို့မှာ မရှိတော့ကြောင်း၊ ဒါကြောင့် အခုဆိုရင် ဘာသာမတူ၊ လူမျိုးမတူသူတွေကြား အတူတကွ ရှင်သန်နေထိုင်ရေးအတွက် Interfaith Dialogue အစီအစဉ်တွေကို ဦးစီးဆောင်ရွက်နေပြီလို့ ဆရာတော်တွေက မိန့်ကြားခဲ့ပါတယ်။
ဒါက ဘာသာရေးနဲ့ဆိုင်တဲ့ အပိုင်းပါ။ ရိုဟင်ဂျာတွေဘက်က ဆွေးနွေးသူ ဦးကျော်မင်းကတော့ ဘာသာရေးအမြင်အပြင် ဥပဒေကိစ္စတွေကိုလည်း ပြင်ဖို့လိုနေတယ်လို့ ပြောပါတယ်။ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ပြန်လည်သုံးသပ်ဖို့ လိုနေသလို လတ်တလောဖြစ်နေတဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားကတ်တွေ၊ အဖြူရောင်ကတ်တွေ အားလုံးကို ရုပ်သိမ်းပြီး မဲပေးပိုင်ခွင့် မရှိဘူး၊ လွတ်လပ်စွာ သွားလာခွင့်မရှိဘူး၊ နောက်ဆုံး ရိုဟင်ဂျာအားလုံးဟာ မြန်မာနိုင်ငံသားတွေ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေသာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရဘက်က ပြောနေတာတွေကို အမြန်ဆုံးရုပ်သိမ်းဖို့ လိုတယ်လို့ ပြောပါတယ်။
“ရိုဟင်ဂျာတွေအားလုံး မြန်မာနိုင်ငံသား မဟုတ်ဘူးဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ ကျွန်တော် ဘယ်လိုလို့ လွှတ်တော်အမတ် အဖြစ် အရွေးခံလို့ရမလဲဗျာ။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ မျိုးဆက် လေးခုလောက် ရှိနေပြီဗျ။ ကျွန်တော့်အဘိုးဆိုရင် အင်္ဂလိပ်ခေတ်ကတည်းက ရွာသူကြီး တာဝန်ယူခဲ့တာ” ဆိုပြီး ၉၀ ခုနှစ် ရွေးကောက်ခံအမတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကမှ တခြားနိုင်ငံရေးခါင်းဆောင်တွေနဲ့အတူ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းက ပြောပါတယ်။
ဒါပေမဲ့ ရိုဟင်ဂျာတွေဟာ ပြည်ပက ဆွေးနွေးပွဲတွေမှာသာ အခုလို ပြောခွင့်ရနေပြီး ပြည်တွင်းမှာတော့ လုံးဝပြောရေးဆိုခွင့် ပိတ်ပင်ခံထားရပါတယ်။ “နိုင်ငံတကာမှာ ဒီလိုဆွေးနွေးပွဲ များများလုပ်ရင် ပြဿနာ ရှာနေသူတွေဘက်က နည်းနည်း ဦးနှောက်အပြောင်းအလဲ ရှိလာနိုင်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆို နိုင်ငံတကာမြင်တာနဲ့ သူတို့အမြင် အတော်ကွာနေတာကိုး။ ပြီးတော့ အစိုးရပိုင်းမှာလည်း ဒီပြဿနာအပေါ် ချဉ်းကပ်ကိုင်တွယ်တဲ့ပုံစံ ပြောင်းကောင်းပြောင်းလာနိုင်ပါတယ်” လို့ ဦးကျော်မင်းက မျှော်လင့်နေပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံတွင်းမှာတော့ သူတို့အရေးကို ဆွေးနွေးခွင့်ရဖို့ နေနေသာသာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုတောင် မသုံးရဲသူတွေ ရှိနေတယ်။ အဲဒီထဲမှာ အများပြည်သူကို အသိပညာပေးဖို့ တာဝန်ရှိတဲ့ သတင်းသမားတွေ၊ အထူးသဖြင့် သတင်းစာ၊ ဂျာနယ်တိုက်ပိုင်ရှင်တွေပါ ပါနေတယ်လို့ သတင်းစာဆရာ စည်သူအောင်မြင့်က ပြောပါတယ်။
“ဒီကိစ္စကို ရေးရဲသူက အတော်နည်းတယ်ဗျ။ ဂျာနယ်လစ်တွေက ရေးရဲရင်တောင် သတင်းစာ၊ ဂျာနယ်ပိုင်ရှင်တွေက မထည့်ရဲကြဘူး” လို့ သူကဆိုပါတယ်။ ဒီအတွက် တစ်စောင်က မထည့်ရဲရင် တခြားတစ်စောင်မှာ ပါနိုင်အောင် သတင်းစာစုံ၊ ဂျာနယ်စုံနဲ့ ပြည်ပအသံလွှင့်ဌာနတွေ အထိပါ သူကြိုးစားပြီး ရှင်းပြနေတယ်လို့ စည်သူအောင်မြင့်က ပြောပါတယ်။
တကယ်တော့ သတင်းသမားရဲ့ တာဝန်က ပြဿနာကို ပြဿနာအဖြစ် သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိမြင်လာအောင်၊ နှစ်ဖက်မျှတတဲ့ အမြင်သဘောထားတွေပါအောင် တင်ပြဖို့၊ ပြဿနာကို အဖြေရအောင် ကြိုးစားရှာဖွေပေးဖို့ ဒါမှမဟုတ် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အဖြေမျိုး ဝိုင်းဝန်းရှာဖွေဖော်ထုတ်ပေးဖို့ မဟုတ်ပါလား။ ဒါကြောင့် အစိုးရ၊ အတိုက်အခံ၊ သာမန်ပြည်သူပြည်သားတွေ အားလုံး ဝိုင်းစဉ်းစား အဖြေရှာနိုင်ရေး အချက်အလက်မှန်တွေ ရစေဖို့အတွက် ဂျာနယ်လစ်အားလုံးက ခံစားချက်ကိုလျှော့ပြီး အရှိကိုအရှိအတိုင်း ရေးသားတင်ပြကြဖို့ လိုနေကြောင်း ဆွေးနွေးပွဲကို ရောက်လာတဲ့ သတင်းသမားတွေအကြား ပြောဆိုဖြစ်ကြပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment