Tuesday, June 16, 2015. The Voice Daily.
တပါတီအာဏာရှင်စနစ်မှ ပါတီစုံ ဒီမိုကရေစီစနစ်သို့
၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေဟာ တပါတီအာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီနစ်သို့ ပြောင်းလဲခြင်း။ ငြိမ်းချမ်းရေးကဗျာစာဆိုကြိး ဒဂုံတာရာရဲ့စကားလုံးကို ငှားသုံးရမယ်ဆိုရင် ဧက၀ါဒယဉ်ကျေးမှုကနေ ဗဟုဝါဒဆီ ယဉ်ကျေးမှုဆီ အသွင်းပြောင်းလဲခြင်းလို့ မြင်မိပါတယ်။
မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ရဲ့ သမိုင်းဆိုင်ရာရှုမြင်ချက်အရ ၁၉၈၉ ကနေ ဒီနေ့ ၂၀၁၅ အထိကို ပါတီစုံ ဒီမိုကရေစီခေတ်လို့သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ကော်မရှင်နဲ့အစိုးရထဲပါဝင်သူတွေမှအပ၊ အထူးသဖြင့် ၁၉၈၈ အရေးတော်ပုံနဲ့ အဲဒီနောက်ပိုင်း တော်လှန်ရေး၊ နိုင်ငံရေးဖြစ်ဉ်အတွင်း ပါဝင်ခဲ့သူတွေ ကတော့ ဒီအမြင်ကိုလက်ခံဖို့ မလွယ်ပါ။
စာရေးသူတဦးတည်းရဲ့ အမြင်အရဆိုရင် ၁၉၈၉ ကနေ ဒီနေ့ ၂၀၁၅ အထိ ၂၆ နှစ်တာစလုံးကို ပါတီစုံ ဒီမိုကရေစီစနစ်အဖြစ် လက်မခံနိုင်ပါ။ မလွဲမရှောင်သာလက်ခံရမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကနေ ဒီနေ့ ၂၀၁၅ ရွေး ကောက်ပွဲအကြား ၅ နှစ်တာ ကာလလေးလောက်ကိုသာ လက်ခံချင်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် အဲဒီကာလကို ပါတီစုံဒီမိုကရေစီခေတ်လို့ပြောမယ်ဆို ငြင်းဖို့ခက်ပါတယ်။ ဒါပေမယ့် လက်တွေ့အခြေအနေကတော့ အဲဒီရွေးကောက်ပွဲပြီးကတည်းက စစ်တပ်က ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့အုပ်ချုပ်လာတာ ၂၀၁၀ ရွေးကောက်ပွဲအထိပါပဲ။
၂၀၁၀ ရွေးကောက်ပွဲမှာလည်း နိုင်ခြေရှိတဲ့ အတိုက်ခံ NLD ပါတီမပါပဲ ကြံ့ခိုင်ပါတီတခုတည်းက ဦးဆောင်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေနဲ့ တခြားပါတီငယ်လေးတွေလည်း ၀င်ပြိုင်ခဲ့ကြတာကြောင့် ပါတီစုံ ဒီမိုကရေစီစနစ် မဟုတ်ဘူးလို့ ငြင်းဖို့ခက်ပြန်ရော။
ထားတော့။ အဓိကဆွေးနွေးချင်တာက ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးကိစ္စ မဟုတ်ပါ။ တပါတီအာဏာရှင် စနစ်ကနေ ပါတီစုံဒီမိုကရေစီနစ်ဆီ အသွင်ပြောင်းတဲ့အခါ ဘာတွေလုပ်ဖို့လိုအပ်သလဲ။ ဘာတွေပြောင်းဖို့လိုအပ်သလဲ ဆိုတဲ့အပိုင်းသာဖြစ်ပါတယ်။
ကျနော်မေးမြန်း၊ စကားပြောခွင့်ရသလောက်လူတွေရဲ့အဆိုအရ တပါတီအာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းတာကို ကန့်ကွက်သူမရှိပါ။ အားလုံးက ဒီမိုကရေစီအခွင့်အရေးတွေ လိုချင်နေကြတာ ထင်ရှားစွာတွေ့ရပါတယ်။ အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ ပြင်ပကမ္ဘာကို အမှီလိုက်နိုင်ဖို့လည်း အားလုံးကအစွမ်းကုန် ကြိုးစားချင်နေကြတာတွေ့ရပါတယ်။
တဘာသာစနစ်မှ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ စနစ်သို့
နိုင်ငံရေးအရ တပါတီအာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ဆီသွားတာကို အားလုံးက လိုလိုလားလားလက်ခံကြပေမဲ့ ဘာသာရေးလွတ်လပ်ခွင့်၊ ယဉ်ကျေးမှုလွတ်လပ်ခွင့် သို့မဟုတ် ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံထွန်းကားရေးအကြောင်းပြောတဲ့အခါမှာတော့ လူအတော်များများဟာ ဒီ ၂ ခုကိုတွဲမြင်ဖို့လိုတယ်လို့ ထင်မထားကြပါ။ တနည်းအားဖြင့် နိုင်ငံရေးစနစ်ပြောင်းတဲ့အခါ လူမှုရေးစနစ်တွေ၊ စဉ်းစားပုံတွေ၊ လူမျိုးကြီးဝါဒတွေ၊ ဘာသာကြီး ၀ါဒတွေကိုပါ ပြောင်းဖို့လိုတယ်ဆိုတာကို ဆက်စပ်စဉ်းစားမိသူ အတော်နည်းနေသေးတာ တွေ့ရပါတယ်။
ဧက၀ါဒကနေ ဗဟုဝါဒကိုပြောင်းတော့မယ်လို့ တကယ်ဆုံးဖြတ်ပြီဆိုရင်တော့ နိုင်ငံရေးစနစ်တင်မက လူ့အဖွဲ့အစည်းတခုလုံးရဲ့ စဉ်းစားပုံတွေ၊ တန်ဖိုးထားမှုတွေကိုပါ ပြောင်းလဲဖို့လိုမယ်ထင်ပါတယ်။ နိုင်ငံရေးအရတော့ ပွင့်လင်းလွတ်လပ်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတောင်းဆိုပြီး ဘာသာရေးအရတော့ ဗုဒ္ဒဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ပြဌဏ်းဖို့ကြိုးစားမယ်၊ အမျိုး၊ ဘာသာစောင့်ရှောက်ရေး ဥပဒေတွေကို လွှတ်တော်အမတ်တွေက ထုတ်ဖို့ကြိုးစားမယ်ဆိုရင် ဒီအပြောင်းအလဲဟာ ဟန်ချက်ညီပြောင်းလဲမှု မဖြစ်နိုင်ပါ။
တကယ်တော့ ဒီလိုသဘောထားရှိနေတာဟာ ဘာသာခြား၊ လူမျိုးခြား လက်မခံရေးအတွက် ဆန္ဒပြပွဲ အကြီးအကျယ်လုပ်နေတဲ့အုပ်စုတွေထဲမှာ တင်မဟုတ်။ ပါလီမန်ထဲကအမတ်မင်းတွေ၊ နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်တွေ၊ လူမှုရေးကိုဦးဆောင် လမ်းပြနေတဲ့ သဃာင်္တော်တွေ၊ ကျေးလက်ဒေသအသီးသီးက ရပ်မိရပ်ဖတွေအထိ ဒီအမြင်ရှိနေတယ်လို့ တွက်ဆမိပါတယ်။
ဘာကြောင့် အမြင်ဟောင်းတွေကို မစွန့်လွှတ်နိုင် ဖြစ်နေကြတာလဲ။ နိုင်ငံရေးအရတော့ ၂၁ ရာစု နောက်ဆုံး ပေါ် ပါတီစံဒီမိုကရေစီစနစ်ကိုလိုချင်ပြီး ဘာသာရေးနဲ့ အမျိုးသားရေးကြတော့ ၁၆ ရာစု၊ အလယ်ခေတ်က ဘုရားကျောင်းတော် အုပ်ချုပ်ရေးစနစ်ဆီ ဘာကြောင့် ပြန်သွားချင်နေကြတာလဲဆိုတာ မေးခွန်း ထုတ်ချင်စရာကြီးပါ။
စစ်အုပ်ချုပ်ရေးအောက် အထီးကျန်ကမ္ဘာမှာ အနေကြာသွားခဲ့လို့လား
ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့လအတွင်းက အော်စလိုမှာ ခဏတာ ဆွေးနွေးခွင့်ရလိုက်တဲ့ မန္တလေးမှ သံဃာင်္တော် ၃ ပါးနဲ့ ခရစ်ယန်ဆရာ ၂ ပါးရဲ့ အမြင်ကို ကောက်နှုတ်တင်ပြချင်ပါတယ်။
‘’တကယ်တော့ စစ်ဗိုလ်တွေတင်မကပါဘူး။ ဘုန်းဘုန်းတို့လည်း အာဏာရှင်ဖြစ်မှန်းမသိ ဖြစ်ခဲ့တယ်လေ’’ လို့ မန္တလေးမှ သံဃာင်္တော်တပါးကမိန့်ပါတယ်။ ‘’ကျောင်းသားနှစ်ယောက်ရန်ဖြစ်ပြီဆိုရင် ဘာမှမေးမနေ ဘူး။ တယောက် ၅ ချက်စီလောက် ခပ်ပြင်းပြင်း အရင်ဆော်ထည့်လိုက်တာပဲ’’ လို့ သူ့အတွေ့အကြုံ ကိုပြောပြပါတယ်။ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကမ္ဘောဒီးယားနိုင်ငံမှာလုပ်တဲ့ Dialogue သင်တန်းတက်ပြီးမှ ဘာကြောင့်ဖြစ်လဲဆိုတာကိုလည်း မမေး၊ အဖြေရှာပေးဖို့လည်းမကြိုးစားပဲ အရင်တီးခဲ့တာတွေဟာ မှားခဲ့တယ်ဆိုတာ သူသိလာတယ်လို့ ဆရာတော်ကဆိုပါတယ်။
ဝါတော် ၃၀ ကျော်နေပြီဖြစ်တဲ့ ခရစ်ယန်ဆရာတော်ကတော့ သံဃာင်္တော်အများစုဟာ ဗုဒ္ဒဘာသာကလွဲပြီး တခြားဘာသာတွေအကြောင်းမလေ့လာဖူးတဲ့အတွက် ဘာသာရေးခေါင်းဆောင် အချင်းအချင်း အပြန်အလှန်လေးစားစွာ ဆက်ဆံရေးကို နားလည်သူ အအတော်နည်းသေးတယ်လို့ပြောပါတယ်။ ‘’(တခြားဘာသာတွေကို ပုတ်ခတ်ဝေဖန်မှု နဲ့) မန္တလေးမှာ အခုနာမည်ကြီးနေတဲ့ဆရာတော်လေဗျာ။ သူ့စာအုပ် လက်ဆောင်ပေးမယ်၊ လာယူပါဆိုပြီးဖိတ်လို့ သွားတာ။ ဟိုလည်းရောက်ရော့၊ သူ့ကို ဦးခိုက်ကန်တော့ရမယ်လို့ပြောတယ်ဗျာ။ တကယ်ဆို ကျုပ်က သူထက် ၀ါ ကြီးတယ်လေ’’ လို့ ခရစ်ယန်ဆရာက ဆိုပါတယ်။
ဒီအမြင်ကို တခြားဘာသာတွေအကြောင်းမလေ့လာဖူးတဲ့ မိရိုးဖလာ ဗုဒ္ဒဘာသာဝင်တဦးက နားလည်ဖို့ လွယ်မယ် မထင်ပါ။ ကျနော်ကိုယ်တိုင်လည်း ၁၉၉၀ ၀န်းကျင်က တွေ့ဖူးတဲ့ဓာတ်ပုံထဲမှာ KNU ကရင့်တော်လှန်ရေးခေါင်းဆောင် (ခရစ်ယန်ဘာသာဝင်) ဗိုလ်ချုပ်မြနဲ့ ငြိမ်းချမ်းရေးရအောင်ကြားဝင်ပေးသူ လန်ဒန်မှ ဗုဒ္ဒဘာသာဆရာတော် ဦးရေဝေတ္တတို့ လက်ဆွဲနှုတ်ဆက်နေတဲပုံကို လက်မခံနိုင်ဖြစ်ခဲ့ဖူးပါတယ်။ ဘုန်းကြီးကို လက်ဆွဲနှုတ်ဆက်စရာလားပေါ့။
YMCA မှဆရာတဦးကတော့ မန္တလေးတိုင်းထဲက နယ်မြို့တခုမှာ မြို့နယ်အုပ်ချုပ်ရေးမှုးရဲ့ခွင့်ပြုချက်နဲ့ သူတို့အသင်းကနေ စာသင်ကျောင်းလေးတခု ဖွင့်ထားတာ ၆ လလောက်ရှိနေပြီဖြစ်ကြာင်း၊၊ ဒါပေမယ့် တလောကတော့ မြို့နယ်အုပ်ချုပ်ရေးမှုးက သူ့ကိုခေါ်ပြီး ဒီကျောင်းကိုပိတ်မှဖြစ်မယ်လို့ ပြောကြောင်းသိ ရပါတယ်။ ဘာကြောင့်လဲဆိုပြီးမေးတော့ ‘’ဘာသာခြားတွေကို လက်မခံဖို့ သံဃာင်္တော်တွေဆီက ကန့်ကွက်စာရောက်နေလို့ ဆက်ဖွင့်ခွင်ပေးဖို့ မဖြစ်နိုင်တော့ဘူး’’ ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှုး ကပြောတယ်လို့ ဆိုပါတယ်။
‘’အဲဒီတော့ ခင်ဗျားစဉ်းစားကြည့်ဗျာ။ တရားဥပဒေစိုးမိုးမှုတို့၊ လုပ်ထုံးလုပ်နည်းတို့အပေါ်မှာ ဘာသာရေး အဖွဲ့တွေက ရှိနေတယ်လေ၊ အစိုးရကခွင့်ပြုထားတဲ့ကိစ္စကို ဘာသာရေးအဖွဲ့ကကန့်ကွက်လို့ လက်မခံ နိုင်တော့ဘူးဆိုတာ ဒီမိုကရေစီခေတ်မှာ ဖြစ်သင့်သလား’’ လို့ သူက ထောက်ပြခဲ့ပါတယ်။
ဒါတွေဟာ ဘာသာတခုနဲ့တခုကြားမှာ ဆက်သွယ်မှုမရှိခဲ့လို့၊ တနည်းအားဖြင့် ကိုယ့်ဘာသာခြံခတ်ပြီးနေခဲ့ တာ နှစ် ၅၀ ကျော်ကြာသွားတာကြောင့်ဖြစ်နိုင်ပါတယ်။ မန္တလေးကဆရာတော် နောက်တပါးရဲ့ အတွေ့အကြုံကို ဆက်ဖတ်ကြည့်ပါဦး။ ‘’၂၀၀၈ နာဂစ်မုန်တိုင်းဝန်းကျင်က မန္တလေး MYCA ကနေ ဘုန်းဘုန်းတို့အဖွဲ့ကို လူမှုရေးသင်တန်းအတွက် လူနှစ်ယောက်ပေးဖို့တောင်းပါတယ်။ ဆယ်တန်း အောင်ပြီသား အမျိုးသမီး ၂ ဦးကိုပို့ဖို့ပြင်ရင်း တညလုံး ဘုန်းဘုန်းအိပ်မပျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဒဘာသာ အမျိုးသမီးလေးနှစ်ယောက်ကို ခရစ်ယန်အသင်းကလုပ်မဲ့ သင်တန်းဆီပို့လို့ သင့်တော်ပါ့မလား။ ဘာသာခြားတွေနဲ့ ဒီလိုတွဲလုပ်လို့သင့်ပါ့မလား’’ ဆိုပြီး စိုးရိမ်လွန် သွားတာကြောင့်ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဒါ့အပြင် အဲဒီအချိန်အထိ ဗုဒ္ဒဘာသာနဲ့ မြန်မာလူမျိုးတွေဟာ အခြားဘာသာ အခြားလူမျိုးတွေထက် ပိုမြင့်မြတ်တယ်ဆိုပြီး သူ့စိတ်ထဲ ထင်နေဆဲလို့လဲ ဆရာတော်ကဆိုပါတယ်။ ဒါပေမယ့် အခုလို တခြားဘာသာတွေနဲ့ စတင်လက်တွဲဆောင်ရွက်ရာကနေ ဘာသာမတူ၊ လူမျိုးမတူသူတွေကြား အတူတကွရှင်သန်နေထိုင်ရေး အတွက် interfaith dialogue အစီစဉ်တွေကို သူတို့ကိုယ်တိုင် ဦးစီးဆောင်ရွက်နေပြီလို့ ဆရာတော်တွေက မိန့် ကြားခဲ့ပါတယ်။
ဒီမိုကရေစီနဲ့ ဗဟုဝါဒယဉ်ကျေးမှုကို တကယ်ယုံကြည်သလား
ပါတီစုံဒီမိုကရေစီစနစ်ဆီ ချီတက်နေပါတယ်လို့ ကမ္ဘာသိကြေညာထားတဲ့လူတွေကို ဒီမိုကရေစီကို ကတယ်ယုံ ကြည်ပါသလားလို့သွားမေးရတာကိုက တခုခုလွဲနေသလိုပါပဲ။ ဒါပေမဲ့ မမေးလို့မဖြစ်။ ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေး မှုပေါင်းစုံ အတူတကွရှင်သန်နေထိုင်ရေးဆိုတာကို မူ အရလက်ခံပေမဲ့ လက်တွေအရ ဆောင်ရွက်ဖို့ပျက်ကွက်နေသူတွေထဲမှာ အာဏာသိမ်းသူတွေ၊ အာဏာရနေ သူတွေတင်မက ဒီမိုကရေစီအင်အားစုတွေထဲက လူတချို့လည်း ပါဝင်နေတယ်လို့ ယူဆရပါတယ်။
အခြားဘာသာ၊ အခြားလူမျိုးတွေကို ဝေဖန်ပုတ်ခတ်မှုနဲ့ အခုတလောနာမည်ကြီးနေတဲ့ ပါတီဥက္ကဌ တယောက်ဆိုရင် ဘာသာခြား၊ လူမျိုးခြားတွေကို သတ်ပစ်ရမယ်၊ သတင်းသမားတွေကိုလည်း ခေါင်းဖြတ်မယ်ဆိုပြီး အများပြည်သူရှေ့မှာ ပေါ်တင်ငြိမ်းခြောက်တဲ့အထိ ဖြစ်လာနေပါတယ်။ ဒါပေမယ့် ဒီမိုကရေစီကိုတကယ်ယုံကြည်ပါတယ်လို့ ကမ္ဘာသိကြွေးကြော်ထားတဲ့ အစိုးရနဲ့ အတိုက်အခံ အမတ်မင်းတွေက အခုချိန်ထိ ဒီလိုအမုန်းတရားဟောနေသူတွေကို ဘာမှ အရေးယူခြင်းမရှိသေးပါ။
အမျိုးဘာသာကာကွယ်ရေးဥပဒေပဲထုတ်နိုင်ပြီး ဒီလိုအမုန်းတရားဟောပြောသူကို အရေးယူနိုင်တဲ့ ဥပဒေကျ လွှတ်တော်မှာ အဆိုတင်မဲ့သူ မရှိဘူးလား။ ဒီမိုကရေစီထွန်းကားတဲ့ ဥရောပနိုင်ငံတွေမှာတော့ အစိုးရနဲ့အတိုက်ခံကို နိုင်ငံရေးအရ ကြိုက်သလိုဝေဖန်၊ ဘယ်သူကမှ အရေးမယူပါဘူး။ ဒါပေမယ့် လူမျိုးရေး၊ ဘာသာရးခွဲခြားတဲ့ Racism အကြောင်းပြောလို့၊ ဟောလို့ကတော့ ရဲက ချက်ချင်းအဖမ်းခံရပြီ သာမှတ်။
ဆိုလိုတာက ဒီမိုကရေစီကိုတကယ်ယုံကြည်တယ်ဆိုရင် အပြန်အလှန်လေးစားမှု mutual respect ရှိဖို့လိုပါတယ်။ ငါတို့ကလူမျိုးကြီး၊ ငါတို့က ဘာသာကြီးဆိုပြီး သွားလုပ်လို့မရပါ။ ဒါ လူမျိုးခြား၊ ဘာသာခြားတွေကိုတင်ပြောတာ မဟုတ်။ ဘာသာတူတဲ့တိုင်းရင်းသားတွေအချင်းချင်းကြားမှာလဲ ဗမာလူများစုက လူမျိုးကြီးဝါဒကို ကျင့်သုံးလို့ မဖြစ်ပါ။ တိုင်းရင်းသားညီအကိုတွေလို့ ပါးစပ်ကပြောပြီး လက်တွေ့ကျတော့ ဗမာလူများစုက အကိုကြီးနေရာကချည်းအမြဲယူထားပြီး ကယ်တင်ရှင်ပုံစံ ဖမ်းနေလို့မရပါ။
အနှစ်ချုပ်ရရင်တော့ တပါတီအာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ဆီပြောင်းတယ်ဆိုကတည်းက နိုင်ငံရေး အမြင်တခုတည်း ပြောင်းလို့မရပါ။ ဘာသာရေးပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ အတူတကွရှင်သန်နေထိုင်နိုင်တဲ့၊ ဗဟုဝါဒ ရှင်သန်ခွင့်ရတဲ့ အခင်းအကျင်းမျိုးဖြစ်လာအောင် လူတွေရဲ့ စဉ်းစားပုံတွေ၊ တန်းဖိုးထားမှုတွေ၊ ကိုယ်ဘာသာ ခြံခတ်နေချင်တဲ့စိတ်တွေကိုပါ တပါတည်းပြောင်း ဖို့လိုပါတယ်။
အဲဒီလို တစုံလုံးအပြောင်းအလဲကိုလုပ်နိုင်မှသာ ၁၆ ရာစု ဘုရားကျောင်းအုပ်ချုပ်ရေး အတွေးအခေါ်တွေ ကနေ ရုန်းထွက်နိုင်ပြီး ဒီနေ့ တိုးတက်နေတဲ့ ၂၁ ရာစု ကမ္ဘာသစ်ကို အမီလိုက်နိုင်ဖို့ ခြေလှမ်းသစ်တွေ စတင်လှမ်းနိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
0 comments:
Post a Comment