Friday, June 19, 2015

ဒုက္ခသည်တွေ အိမ်ပြန်ချိန် နီးပြီလား

Friday, June 19, 2015. The Voice Daily.

ဒုက္ခသည်များနေ့

မနက်ဖြန် ဇွန်လ ၂၀ ရက်နေ့ဟာ နိုင်ငံတကာ ဒုက္ခသည်များနေ့ World Refugee Day ဖြစ်ပါတယ်။ UNHCR ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့ခန့်မှန်းချက်အရ လူပေါင်း သန်း ၅၀ ကျော်ဟာ နိုင်ငံတကာမှာ ဒုက္ခသည်ဖြစ်နေကြပါတယ်။ အဲဒီထဲက အများစုဟာ စစ်ပွဲတွေဖြစ်နေဆဲ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသက လူတွေပါ။ 

ဒါပေမယ့် စစ်ပွဲတွေ လက်စမသတ်နိုင်ဖြစ်နေသေးတဲ့ မြန်မာနိုင်ငံမှာလည်း ဒုက္ခသည်ဦးရေက သိန်း ကနေ တသန်းအကြားရှိနေပါတယ်။ ဒါကြောင့် ဒုက္ခသည်အများဆုံး အာဆီယံ နိုင်ငံ၊ ဒါမှမဟုတ် အခုချိန်ထိ ပြည်တွင်းစစ်ဖြစ်နေဆဲ၊ ဒုက္ခသည်တွေတိုးနေဆဲ တခုတည်းသော အာဆီယံ နိုင်ငံလို့လည်း ဆိုနိုင်ပါတယ်။

UNHCR မြန်မာရုံးခွဲရဲ့စာရင်းတွေအရ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ် ခုမှာ UNHCR က အကူညီပေးထားတဲ့ IDP ခေါ် ပြည်တွင်းဒုက္ခသည် သိန်း သောင်းကျော်ရှိနေပါတယ်။ တခါ မြန်မာနိုင်ငံ အရှေ့တောင်ဒေသ (ကရင်ပြည်နယ်) မှာလည်း နောက်ထပ် IDP သိန်း သောင်း ကျော်ရှိနေဆဲဖြစ်ပါတယ်။ ဒီစာရင်း ခုတည်းတင် သိန်း သောင်း သို့မဟုတ် သိန်းနီးပါးရှိနေပါပြီ။

UNHCR ရဲ့ အကူညီမရဘဲ တောတောင်တွေထဲ ပုန်းအောင်းနေရသူ ဘယ်လောက်ကျန်နေဦးမလဲ မသိနိုင်ပါ။ ဒါအပြင် ကချင်စစ်ပွဲ၊ ကိုးကန့်စစ်ပွဲတွေကြောင့် တရုတ်နိုင်ငံဖက်ထွက်ပြေးသွားကြတဲ့ စစ်ပြေးဒုက္ခသည်တွေကလည်း အခုချိန်ထိ အိမ်မပြန်နိုင်ကြသေးပါ။ အဲဒီစာရင်းကလည်း သောင်းနဲ့ချီရှိနေဆဲလို့ ယူဆရတယ်။


ဒါက ၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်ဖက်ကနေအရပ်ဖက်ပြောင်းလာပါတယ်ဆိုတဲ့ ဦးသိန်းစိန်အစိုးရ တက်လာပြီးမှ ထပ်တိုးလာတဲ့ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ် ပြည်တွင်းဒုက္ခသည်အသစ်တွေပါ။ 

ဦးသိန်းစိန်အစိုးရမတိုင်မီ အရင်စစ်အစိုးရလက်ထက် တိုက်ပွဲတွေကြောင့် ထိုင်းနယ်မြေထဲ ထွက်ပြေး ခဲ့ကြရပြီး အဲဒိမှာ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး နေ-နေရတဲ့ အခြေချ ဒုက္ခသည် Refugee ကလည်း တသိန်း နှစ်သောင်းကျော် ရှိနေဆဲဖြစ်ပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာလည်း ရခိုင်ပြည်နယ် ကနေထွက်ပြေးလာတဲ့ အခြေချဒုက္ခသည် Refugee ကလည်း သုံးသောင်းကျော် ကျန်နေဆဲပါ။ 


ဒုက္ခသည် အမျိုးမျိုး

စစ်ပွဲကြောင့်ဖြစ်စေ၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးကြောင့်ဖြစ်စေ ကိုယ့်ရဲ့လုံခြုံမှုစိုးရိမ်ရတဲ့အတွက် မူလနိုင်ငံ သို့မဟုတ် မူလနေထိုင်ရာအိမ်ယာကနေ ထွက်ပြေးလာရသူကို ဒုက္ခသည်အဖြစ်ခေါ်တယ်လို့ ကျွမ်းကျင်သူတွေက အဓိပါယ်ဖွင့်ထားပါတယ်။ 




(ထန်ဟင်း စခန်းမှာတွေ့ရတဲ့ ကရင်ဒုက္ခသည်များ) ဓာတ်ပုံ-HAK

တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် Refugee သတ်မှတ်ခံထားရသူ သန်း ၅၀ ကျော်ရှိနေပြီး အဲဓီထဲက အများစုဟာ အရှေ့အလယ်ပိုင်းကဖြစ်ပါတယ်။ ၂၀၁၄ စာရင်းတွေအရ ဆီရီးယားနဲ့ အာဖဂန်ဟာ ဒုက္ခသည် အများဆုံးထွက်တဲ့နေရာဖြစ်နေပြီး တူရကီနဲ့ ပါကစ္စတန်ဟာ ဒုက္ခသည်အများဆုံး လက်ခံထားတဲ့ နိုင်ငံတွေဖြစ်တယ်လို့ဆိုပါတယ်။ ဆီးရီးယားဒုက္ခသည် တသိန်း ခုနှစ်သိန်း တူရကီမှာခုံလှုံနေရပြီး အာဖဂန်ဒုက္ခသည် တသန်းခြောက်သိန်းက ပါကစ္စတန်မှာခုံလှုံနေရပါတယ်။

ဒါက စစ်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ပြေးဒုက္ခသည်တွေကိုပြောတာပါ။ မြန်မာနိုင်ငံမှာတော့ စစ်ပွဲကြောင့် ပြေးရသူအပြင် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးကြောင့် ပြေးရသူတွေလည်းရှိနေပါတယ်။ အကြမ်းအားဖြင့်ကတော့ အခု ကချင်၊ ရှမ်း-မြောက်နဲ့ ကရင်ပြည်နယ်ဖက်မှာရှိနေတဲ့ IDP သိန်းခန့်ဟာ စစ်ပြေးဒုက္ခသည်တွေပေါ့။ အဲဒီစခန်းတွေကိုကျော်ပြီး ထိုင်းနယ်မြေထဲရောက်သွားသူတွေက နိုင်ငံတကာ အသိအမှတ်ပြု Refugee တွေပါ။ ဒါက စစ်ပြေးဒုက္ခသည်။

နိုင်ငံရေးဒုက္ခသည်ကတော့ အစိုးရကိုဝေဖန်မှုနဲ့ထောင်ခဏခဏကျလို့ ပြည်ပထွက်လာသူတွေ၊ လက်နက် ကိုင် တော်လှန်ရေးထဲပါခဲ့ပြီး ကိုယ့်အိမ်ကိုပြန်လို့မရတဲ့သူတွေ များပါတယ်။ ဒီလူတွေအများစုဟာ ထိုင်းနယ်စပ် ဒုက္ခသည် စခန်းတွေဆီကနေတဆင့် တတိယ နိုင်ငံတွေဆီရောက်ကုန်ကြပါပြီ။

ဘာသာရေး၊ လူမျိုးရေးကြောင့်ပြေးရသူတွေလည်းရှိပါတယ်။ အခုတလောလူပြောများနေတဲ့ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီတွေဟာ ဒီစာရင်းထဲမှာပါတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြ ထားပါတယ်။ ၂၀၁၂ ခုနှစ်ပြသာနာနောက်ပိုင်း IDP စခန်းသွင်းထားရတဲ့ ရိုဟင်ဂျာဦးရေ သိန်းနဲ့ချီရှိနေ ပါတယ်။ ဒီထဲက တချို့ဟာ ပင်လယ်ကိုဖြတ်ပြီး ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ လှေနဲ့ထွက်ပြေး ကြတဲ့အတွက် လှေစီးပြေးဒုက္ခသည်အဖြစ် လူသိများလာပါတယ်။

ဒါ့အပြင် ဒီလူတွေဟာ မြန်မာအစိုးရက သတ်မှတ်ပေးထားတဲ့အမည် ဘင်္ဂလီ ဆိုတာကို လက်မခံပဲ ရိုဟင်ဂျာ ဆိုပြီး တင်းခံနေတာကြောင့် ရိုဟင်ဂျာ သိန်းကျော်ဟာ နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံထားရ၊ သို့မဟုတ် နိုင်ငံမဲ့တွေဖြစ်နေပါတယ်။ ဒါကြောင့် ဒီလူတွေဟာ ဘာသာရေး၊ လူမျိုးရေးကြောင့် ဒုက္ခရောက်နေတဲ့ Refugee တွေဖြစ်တယ်လို့ နိုင်ငံတကာဖက်က မြင်ထားပါတယ်။

အငြင်းပွါးဖွယ်ဖြစ်နေဆဲ ရခိုင်ဖက်က ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီဒုက္ခသည်စရင်းကိုချန်ထားပြီးပြော ရင်တောင် ပြည်တွင်းဒုက္ခသည် IDP သိန်းလောက်နဲ့ ပြည်ပဒုက္ခသည် Refugee တသိန်းကျော်ရှိပါ တယ်။ ဒီလူတွေထဲက ပြည်ပဒုက္ခသည်တွေ၊ အထူးသဖြင့် ထိုင်းနယ်စပ်တလျောက်ရှိ ဒုက္ခသည် စခန်းတွေ က လူတွေကို တတိယ နိုင်ငံမှာ၊ ချမ်းသာတဲ့ အနောက်နိုင်ငံတွေမှာ အခြေချနေထိုင်နိုင်ရေးအတွက် UNHCR ကနေ ကူညီပေးခဲ့ပါတယ်။ 

ဒါပေမယ့် အခုတော့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေရပ်စပြုပြီ၊ ငြိမ်းချမ်းရေးတစုံတရာရလာနေပြီဖြစ်တဲ့အတွက် တတိယ နိုင်ငံသွားရေးအစား ကိုယ်အိမ်ကိုယ်ပြန်ရေးဖက် ဦးစားပေးကြဖို့ နှိုးဆော်မှုတွေ ထွက်လာနေပါပြီ။ ကိုယ်ဆန္ဒနဲ့ကိုယ် အိမ်ပြန်သူတွေလည်း အနည်းအကျဉ်းရှိလာနေပြီလို့ UNHCR ရဲ့ အစီရင်ခံစာတွေမှာ ဖေါ်ပြထားပါတယ်။


ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ဒုက္ခသည်များအနာဂတ်

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား မာရသွန်ခရီးရှည်အဖြစ် ဆွေးနွေးနေကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သို့မဟုတ် အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲတွေဟာ သက်ဆိုင်ရာ ဖက် တပ်တွေအတွက် အရေးကြီးသလို ပြည်တွင်းဒုက္ခသည် IDP နဲ့ ပြည်ပဒုက္ခည် Refugee ရဲ့ အနာဂတ်အတွက်လည်း အရေးကြီးလှပါတယ်။

(အခုလ အစောပိုင်းက ကျင်းပခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ လောခီးလာ ညီလာခံ) ဓာတ်ပုံ- KIC

စစ်ပွဲတွေမပြီးဆုံးသေးသမျှ ဒီလူတွေ အိမ်ပြန်ဖို့မဖြစ်နိုင်သေးပါ။ တရုတ်နယ်စပ်ဖက်မှာ အခုမှ တိုက်ပွဲ တွေပြန်ဖြစ်လို့ IDP စခန်းတွေပေါ်လာတယ်ဆိုပေမဲ့ ထိုင်းနယ်စပ်တလျောက်မှာ ဒုက္ခသည်စခန်းတွေရှိနေ တာကတော့ ၁၉၈၈ အရေးတော်ပုံအပြီး ကျောင်းသားတွေ နယ်စပ်မရောက်ခင် ကတည်းကဖြစ်ပါတယ်။ ၁၉၈၅ ၀န်းကျင်ကတည်းက ဒီစခန်းတွေစရှိနေပြီဖြစ်တဲ့အတွက် နှစ်ပေါင်း ၃၀ ကျော် ဒုက္ခသည်ဖြစ်နေ သူတွေ၊ ဒီစခန်းမှာပဲမွေးပြီး ဒီစခန်းမှာပဲကြီး သူတွေက မျိုးဆက် ခုစာရှိနေပြီဖြစ်ပါတယ်။

ဒီလူတွေ အိမ်ပြန်ပို့ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်၊ နှစ် ၃၀ လောက် ဒုက္ခသည်စခန်းမှာနေလာသူတွေ ဆိုတော့ သူတို့ ရဲ့မူလအိမ် ဘယ်မှာရှိမှန်းတောင် မသိနိုင်တော့။ ဆိုလိုတာက ‘’စစ်ပွဲတွေရပ်ပြီ၊ မင်းတို့ အိမ်ပြန်လို့ရပြီ’’ ဆိုပြီး ပြောလိုက်ရုံနဲ့မရ။ ဒီလူတွေအိမ်ပြန်နိုင်ဖို့ အိမ်သစ်ရာသစ်၊ ရွာသစ်၊ မြို့သစ်တွေကိုပါ တည်ဆောက်ပေးဖို့လိုနေပါတယ်။ စားဝတ်နေရေးအတွက် ကူညီရုံတင်မက ပြန်လည်နေရာချထားရေး အတွက်ပါ ကူညီဖို့လိုအပ်နေပါတယ်။

ဒီလိုအကူညီပေးရေးလုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ ကြား ဆွေးနွေးပွဲတွေကနေ တိကျတဲ့အဖြေတခုခု အရင်ဆုံးထွက်လာဖို့လိုနေပါတယ်။ အခုတော့ နှစ်ဖက် သဘောတူထားတဲ့ မူကြမ်းကို လက်မှတ်ထိုးနိုင်ဖို့ ညှိနှိုင်းရင်းနဲ့ အချိန်တွေ ကုန်လွန်လာပြီး မျှော်လင့်ချက် တွေ တဖြေးဖြေးနည်းလာနေပါတယ်။ ဒါဟာ တိုင်းရင်းသားတွေဖက်က သဘောတူညီချက်မူကြမ်း NCA ကို ပြန်ပြင်မယ်ပြောတဲ့အတွက် နောက်နှေးနေရတာပါဆိုပြီး အစိုးရဖက်က အပြစ်တင်နေပါတယ်။

ဒီလိုအပြန်အလှန်အပြစ်တင်နေစဉ် မနေ့တနေ့ပဲ ကချင်ပြည်နယ် ဖားကန့်အပါဝင် ဒေတချို့မှာ KIA ကချင် တပ်နဲ့ အစိုးရတပ်အကြား တိုက်ပွဲသစ်တွေ ပြန်ဖြစ်လာတဲ့အတွက် နောက်ထပ်ဒုက္ခသည်တွေ ရာနဲ့ချီ ထပ်ထွက်ပြေးလာနေတယ်လို့သိရပါတယ်။ 

တခါ ကိုးကန့်အဖွဲ့(MNDAA) က တဖက်သတ်အပစ်ရပ်တယ်လို့ကြေညာခဲ့ပေမဲ့ အစိုးရတပ်တွေက သူတို့ စခန်းကို လာတိုက်လို့ဆိုပြီး လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေပြန်ဖြစ်လာနေပါတယ်။ တခါ တအောင်းတပ် ဖွဲ့ TNLA ရခိုင် တပ်မတော် AA တို့နဲ့လည်း တိုက်ပွဲတွေက ကြိုကြားဖြစ်နေဆဲပါ။

ဒီ ဖွဲ့စလုံးနဲ့ ဒီလိုတိုက်နေတဲ့အပြင် တချိန်လုံးငြိမ်နေတဲ့ -တပ်ဖွဲ့ (UWSA) နဲ့ အစိုးရတပ်တွေကြား အခြေအနေတွေ တင်းမာလာတာ၊ အစိုးရလက်အောက်ခံ ပြည်သူစစ်အဖွဲ့နဲ့ UWSA အကြား ပစ်ခတ်မှုဖြစ် တဲ့အထိ အခြေနေတွေဆိုးဝါးလာနေပါတယ်။ အဓိပါယ်ကတော့ NCA (တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူ ညီချက်) စာချုပ် ချုပ်နိုင်ဖို့ အလှမ်းဝေးနေဦးမှာပါ။


ဒုက္ခသည်တွေ အိမ်ပြန်ချိန်

အနှစ်ပြန်ချုပ်ရရင်တော့ ဒုက္ခသည်တွေ အိမ်ပြန်ချိန်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မဖြစ်နိုင်တော့ပါ။ တစုံတရာတည်ငြိမ်လာတဲ့ မြန်မာနိုင်ငံအရှေ့တောင်ဒေသ (ကယား၊ ကရင်၊ မွန်နဲ့ တနသာင်္ရီ) က ပြည်တွင်း ဒုက္ခသည် IDPကို ကျေးရွာသစ်တွေမှာ နေရာချပေးတာမျိုး အစိုးရသစ်လက်ထက်မှာ ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။ ဒါပေမဲ့ ကချင်နဲ့ ရှမ်း-မြောက်ဖက်က အခြေအနေကတော့ မသေချာလှပါ။

(ထန်ဟင်စခန်းမှာတွေ့ရတဲ့ ကရင်ဒုက္ခသည် မိသားစုတခု) ဓာတ်ပုံ-HAK

တခါ ထိုင်းနယ်စပ်တလျောက်မှာ တိုက်ပွဲတွေမရှိတော့တဲ့အတွက် ထိုင်းနယ်မြေထဲရှိ ဒုက္ခသည်စခန်းတွေ က Refugee တွေကို အိမ်ပြန်ပို့ရေးအစီစဉ်လည်း လာမဲ့အစိုးရသစ်လက်ထက်မှာ စကောင်း စလာနိုင်ပါ တယ်။ ဒါပေမယ့် IDP တွေကို အရင်နေရာချပြီးမှ ပြည်ပကလူတွေကိစ္စကို စဉ်းစားနိုင်မှာမို့ ဒါလည်း ကြာဦးမှာပါ။

ဒါက စစ်ပြေးဒုက္ခသည်တွေကိစ္စ။ စစ်ပြေးဆိုတဲ့အတိုင်း စစ်ပွဲတွေမရှိတော့ဘူးဆိုရင် ဒီလူတွေလည်း ပြေး စရာ ကြောင်းမရှိတော့ပါ။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား သဘောတူညီချက် တစုံတရာရတာနဲ့ စစ်ပြေးဒုက္ခသည်ကိစ္စက တဖြေးဖြေးနဲ့ပြေလည်သွားနိုင်ပါတယ်။

ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ ခုကြား တိုက်ပွဲဖြစ်တာမျိုးမဟုတ်ပဲ လူမျိုးစုတခုနဲ့တခုအကြား၊ ဘာသာရေး တခုနဲ့ တခုအကြား သဘောထားမတိုက်ဆိုင်လို့၊ တိုက်ခိုက်မိလို့ ထွက်ပြေးလာရသူတွေကိစ္စကတော့ စစ်ပွဲကိစ္စထက် ပိုမိုရှုတ်ထွေး၊ ပိုမိုနူးညံ့စွာ ကိုင်တွယ်ဖို့ လိုမယ်ထင်မိပါတယ်။

အခုချိန်ထိတော့ ဒီကိစ္စကို အသေအချာကိုင်တွယ်ဖြေရှင်းတာ၊ ဖြေရှင်းဖို့ စတင်ကြိုးစားတာမျိုးတောင် မတွေ့ရသေးပါဘူး။ ပြသာနာတွေဖြစ်ကာစက ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်ဆိုတာ နာမည်ကြီး နိုင်ငံရေးသမားတွေနဲ့ ဖွဲ့ပေးခဲ့ပေမဲ့ အခုဘာအသံမှမကြားရတော့ပါ။ တခါ (MPC) မြန်မာငြိမ်းချမ်းရေး စင်တာကလဲ လက်နက်ကိုင်ပဋိပက္ခပြေ လည်ရေးတခုတည်းကိုပဲဦးစားပေးနေပြီး ရခိုင်ဖက်က ပြသာနာတွေ ပြေလည်ရေးအတွက် ကြားဝင်ညှိနှိုင်းတာ၊ ဦးဆောင်ဆွေးနွေးတာမျိုး မတွေ့မိသေးပါ။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒုက္ခသည်တွေ အိမ်ပြန်ရေးဆိုတာဟာ စစ်ပွဲကြောင့် ထွက်ပြေးလာ တဲ့သူတွေ ချည်းမဟုတ်။ လူမျိုးရေး၊ ဘာသာရေး၊ တခြားအရေးတွေကြောင့် ထွက်ပြေးလာရသူတွေ အားလုံး အိမ်ပြန်နိုင်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဒီလိုဖြစ်လာစေဖို့အတွက် တိုက်ပွဲတွေ ရပ်တန့်တဲ့အပြင် တနိုင်ငံလုံးရှိ နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေနိုင်တဲ့ အခြေနေတရပ် ရောက်လာသည်အထိ ၀ိုင်းကြိုးစားဖို့လိုနေပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More