Thursday, June 11, 2015

ကလေးလုပ်သား၊ ဆင်းရဲမွဲတေမှုနှင့် တလွဲဂုဏ်ယူမှုများ

The Voice Daily, Friday, June 12, 2015.

ကလေးလုပ်သား တားဆီးရေးနေ့

ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ဟာ ‘’ကလေးလုပ်သားတားဆီးရေးနေ့’’ World Day Against Child Labour ဖြစ်ပါ တယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ ‘’ကလေးလုပ်သား အလိုမရှိ၊ အဆင့်မီတဲ့ ပညာရေး သာအလိုရှိ’’  ‘NO to Child Labour, YES to Quality Education!’ ဖြစ်ပါတယ်။ 


ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က ထုတ်ပြန်ထားတဲ့စာရင်းတွေအရ တကမ္ဘာလုံးမှာ အသက် နှစ်ကနေ ၁၄ အတွင်း အလုပ်လုပ်နေရတဲ့ကလေးလုပ်သားဦးရေ သန်း ၁၂၀ ရှိပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ဆ ကျော် ရှိတဲ့သဘော။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ကလေးလုပ်သားဦးရေ ဘယ်လောက်ရှိနေသလဲဆိုတာ ကိုတော့ မြန်မာအစိုးရဖက်ကရော၊ ILO ဖက်ကပါ စာရင်းအတိအကျ ထုတ်ပြန်နိုင်တာမျိုး မတွေ့မိသေးပါ။

လုပ်အားပေးခိုင်းစေမှု ပပျောက်ရေးနဲ့ ကလေးစစ်သားပပျောက်ရေးတွေအတွက် အလုပ်များခဲ့ရတဲ့ ILO ဟာ အခုတော့ ကလေးလုပ်သားပပျောက်ရေးဘက် လှည့်လာတော့မယ်လို့ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် ILO  ပြဋ္ဌာန်းချက် ၁၈၂ ကို မြန်မာအစိုးရဖက်က ပြီးခဲ့တဲ့နှစ်အတွင်း လက်မှတ်ထိုး ခဲ့လို့ ဖြစ်ပါတယ်။ ဒီလိုလက်မှတ် ထိုး လိုက်တဲ့အတွက် ကလေးလုပ်သား ခိုင်းစေခွင့်မရှိတော့ပါဘူး။

ဒါပေမယ့် ကလေးလုပ်သားဆိုတာ အသက်ဘယ်လောက်အထိကို ဆိုလိုသလဲ။ ILO ပြဋ္ဌာန်းချက် ၁၃၈ မှာပါတဲ့ အသက် ၁၅ နှစ်အောက်လူငယ်တွေကို ကလေးလုပ်သားအဖြစ်သတ်မှတ်တယ်ဆိုတဲ့ အချက်ကိုတော့ အစိုးရဖက်က လက်မှတ်ထိုးတယ်လို့ မကြားမိသေးပါ။

သေချာတာတခုကတော့ မြန်မာနိုင်ငံမှာ ကလေးလုပ်သားတွေအများကြီးပါ။ သန်းဂဏန်းမရှိရင်တောင် သိန်း ဂဏန်းတော့ သေချာပါတယ်။ အသက် ၁၅ နှစ်ကနေ နှစ် နှစ်အကြား ကလေးစားပွဲထိုးတွေကို ရန်ကုန်က စားသောက်ဆိုင်အများစုမှာတွေ့နိုင်ပါတယ်။ ပုဂံဘုရားတွေအပါဝင် စေတီပထုဝန်းကျင်မှာ ပန်းရောင်းနေတဲ့ ကလေးလုပ်သားတွေကို အလွယ်တကူမြင်နိုင်ပါတယ်။ အဝေးပြေး ကားဂိတ်တွေ၊ ဘူတာတွေ၊ နာမည်ကြီးကမ်းခြေတွေမှာ ဈေးသည်ကလေးငယ်တွေ အများရှိနေပါတယ်။

လူအများမြင်သာတဲ့ ဒီလိုနေရာမျိုးတွေမှာတောင် ကလေးလုပ်သားဦးရေ ဒီလောက်များနေပြီဆိုရင် သတင်းသမား တွေ၊ နိုင်ငံခြားသားတွေမြင်ဖို့မလွယ်တဲ့ အလုပ်ရုံ၊ စက်ရုံတွေ၊ စိုက်ပျိုးရေးခြံတွေ၊ ကျေးလက်က အလုပ်ခွင်တွေမှာ ကလေးလုပ်သား ဘယ်လောက်တောင်ရှိနေလေမလဲ။


ကလေးလုပ်သားကို ကလေးလုပ်သားမှန်း သတိပြုမိရဲ့လား

နိုင်ငံတကာစံချိန်စံညွှန်းတွေကိုကိုင်ပြီး အသက် ၁၅ နှစ်မပြည့်သေးတဲ့ (တချို့နိုင်ငံတွေမှာတော့ အသက် ၁၈ နှစ် မပြည့်ခင်အထိ အလုပ်ခိုင်းစေခွင့်မရှိပါ) လူငယ်တွေကို ခိုင်းစေတာဟာ အပြစ်ရှိတယ်။ ဒီလူတွေဟာ ကလေးလုပ်သားတွေဖြစ်တယ်လို့ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာပြောနေပေမဲ့ တကယ့်လက်တွေ့ မှာတော့ အဲဒီသတင်းဆောင်းပါးရေးသူတွေကိုယ်တိုင် ကလေးလုပ်သားစားပွဲထိုးရှိတဲ့ဆိုင်မှာ မကြာခဏထိုင်ဖြစ်နေဆဲပါ။

နှစ် ၂၀ ကျော်ကာလအတွင်း ပထမ ဆုံးအကြိမ် ရန်ကုန်ပြန်ရောက်တော့ တက္ကသိုလ်အလွမ်းပြေအဖြစ် အင်းယားကန်ဘေးက စားသောက်ဆိုင်တန်းမှာ သွားထိုင်ဖြစ်ပါတယ်။ အဲဒီမှာ ကလေးလုပ်သားတွေကို စတွေ့မိတာပါပဲ။ ‘’အသက် ဘယ်လောက်ရှိပြီလဲ၊ ကျောင်းမနေတော့ဘူးလား’’ ဆိုပြီး မေးကြည့်ပေမဲ့ ကလေးတွေက သိပ်ဖြေချင်ပုံ မရပါ။

နောက်ထပ်ကလေးလုပ်သားတွေနဲ့ထပ်တိုးတဲ့ဆိုင်တခုကတော့ တာမွေအ၀ိုင်းနားက နာမည်ကြီး လဖက်ရည်ဆိုင်ပါ။ ဒီဆိုင်က လူပိုကျတော့ စားပွဲထိုးလည်းပိုများပါတယ်။ ဒီလူငယ်တွေဟာ အလက ကျောင်း တ၀က်တပျက်နဲ့ ထွက်လာကြသူတွေဖြစ်ပေမဲ့ ‘’လက်ဖက်ရည်တခွက်က ဘယ်လောက်၊ မုန့်တခုက ဘယ်မျှ၊ ဆေးလိပ်တဗူးက ဘယ်ရွေ ’’  စသဖြင့် တခါတည်းပါးစပ်ကနေ တန်းပြောပြိး ပေါင်းသွားလိုက်တာများ ဂဏန်းပေါင်းစက်ရှိမှ အလုပ် လုပ်တတ်တဲ့ အနောက်တိုင်းသားတွေ အလေးပြုလောက်ပါတယ်။

တခါ ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုးနဲ့ အခြားစေတီပုထိုး ၀န်းကျင်မှာတွေ့ရတဲ့ ကလေးငယ်တွေရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကလည်း လက်ဖျားခါလောက်ပါတယ်။ တချို့ကလေးတွေဆို ပြင်သစ်၊ ဂျပန်နဲ့ တခြားဘာသာတွေ တောင် ပြောတတ်ပါသေးတယ်။ အခုနောက်ပိုင်း အဓိကဘုရားဖူးဧည့်သည်ဟာ ထိုင်းတွေဖြစ်လာ နေတဲ့အတွက် ထိုင်းစကားပြောတတ်တဲ့ ကလေးတွေတောင် အများကြီးရှိနေပါပြီ။

ဒါဟာ ဂုဏ်ယူစရာလား။ တခုခုမှားယွင်းနေတာလား။ သတင်းသမားဖြစ်တဲ့ ကိုယ်ကသာ သတင်းအမြင် နဲ့ကြည့်ပြိး ဒီချာတိတ်တွေကို ကလေးလုပ်သားဆိုပြီးမြင်နေတာပါ။ တခြားဧည့်သည်တွေကတော့ ဒီလိုမြင်ပုံမရပါဘူး။ မမြင်ဆို မြန်မာနိုင်ငံမှာ ဒီလိုအသက် ၁၅ နှစ်မပြည့်သေးတဲ့ကလေးငယ်တွေ ရာရအလုပ်ဝင်လုပ်နေကြတာ ကျနော်တို့မမွေးခင်ကတည်းက မဟုတ်ပါလား။

ကိုယ်မမွေးခင်ကတည်းက လူငယ်တွေ မျိုးဆက်အလိုက်လုပ်နေကြတဲ့ အလုပ်တခုကို အမှားအယွင်း တခုအဖြစ် မြင်ဖို့ ဘယ်လွယ်ပါ့မလဲ။ အမှားအယွင်းအဖြစ်မမြင်တဲ့အပြင် တချို့ကဆို ဂုဏ်တောင်ယူ လိုက်ပါသေးတယ်။ ‘’ဒီ ကလေးတွေက သိပ်သိတတ်တာ၊ ငယ်ငယ်လေးကတည်းက ပန်းရောင်းပြီး၊ စားပွဲထိုးလုပ်ပြီး မိဘကိုလုပ်ကျွေးနေတာ၊ မိဘဆီက လက်ဖြန့်တောင်းနေတဲ့ ကလေးတွေနဲ့တော့ ကွာပါ့’’ တဲ့။


ဘာကြောင့်လဲ၊ ဘယ်လိုအဖြေရှာမလဲ

သူ့အရပ်နဲ့ သူ့ဇတ်မှာတော့ သူ့ဒသာနနဲ့သူ ဟုတ်နေသလိုလိုပါပဲ။ ဒါပေမယ့် အသေချာစဉ်းစားကြည့်တော့ စစ်အစိုးရခတ်က သေနတ်နဲ့ထောက်ပြီး အတင်းအဓမ္မလုပ်အားပေးခိုင်းစေတာကို ’’မြန်မာ့ရိုးရာ အစဉ် အလာအရ မေတ္တာနဲ့လုပ်အားဒါနပြုတာပါ’’ ဆိုပြီး ဆင်ခြေပေးတာနဲ့ တူနေပါတယ်။ ဆိုလိုတာက စနစ်ရဲ့ မှားယွင်းမှုတခုဟာ နှစ်ပေါင်းများစွာ အခြေခိုင်လာတဲ့အခါမှာတော့ ဒါကိုမှားယွင်းမှုလို့မမြင်တော့ပဲ အစဉ်အလာ ယဉ်ကျေးမှုတခုအဖြစ် မြင်လာခြင်းဟာ စိုးရိမ်ဖို့ကောင်းပါတယ်။

‘’ဒီကိစ္စကို ဖြေရှင်းချင်ရင် ရေသောက်မြစ်ကိုကြည့်ဖို့လိုပါတယ်။ အဓိကကတော့ မိသားစုအခြေခံစိးပွားရေး ပြသာနာက အများဆုံးဘဲ၊ မိသားစုမှာ စားစရာအခက်အခဲရှိလာတော့ ကလေးကိုကျောင်းမထားတော့ဘဲ ရရာအလုပ် ထည့်ပေးရတယ်။ ဒီလိုနဲ့ ကလေးအလုပ်သမားတွေ ပေါ်လာတယ်’’ လို့ လူ့အခွင့်ရေး ပညာပေးဌာန (HREIB) မှ ဦးအောင်မျိုးမင်းကပြောပါတယ်။

‘’ကလေးတွေကို ငွေနည်းနည်းပေးပြီး ခြိမ်းခြောက်ခိုင်းချင်တဲ့ အလုပ်ပိုင်ရှင်တွေ ရှိနေတယ်။ တဖက်မှာည်း ကလေးလုပ်သားစေခိုင်းတာကို တားမြစ်ထားတဲ့ ဥပဒေမရှိသလို စောင့်ကြပ်တဲ့ ယန္တယား၊ အပြစ်ပေး အရေးယူတဲ့ လုပ်ထုံးလုပ်နည်းတွေလည်းမရှိသေးဘူး။ တချိန်တည်းမှာပဲ မိဘတွကို ပညာပေးဖို့လည်း လိုနေတယ်’’ လို့ သူက ထောက်ပြပါတယ်။

ဒါဟာ မိဘတွေ ဆင်းရဲမှုနဲ့ဆပ်စပ်နေတဲ့အတွက် သမ္မတဦးသိန်းစိန် တလတခါပြောလေ့ရှိတဲ့ ဆင်းရဲမှု ပပျောက်ရေး အစီစဉ်နဲ့လည်း ဆက်စပ်နေပါတယ်။ ဒါပေမယ့် ဆင်းရဲမှုတိုက်ဖျက်ရေးဆိုတာက တလတခါ မိန့်ခွန်းပေးနေရုံနဲ့ သူအလိုလို ပျောက်သွားနိုင်တဲ့ကိစ္စမဟုတ်။ စီမံကိန်းတွေ၊ ရှေ့ရှည်လုပ်ငန်းစဉ်တွေနဲ့ အနည်းဆုံး ၁၀ နှစ် ၁၅ နှစ် သွားပြီးမှ တစုံတရာ တိုးတက်လာနိုင်တာမျိုးပါ။

တနည်းအားဖြင့်ပြောမယ်ဆိုရင် တိုင်းပြည်ချမ်းသာလာရင် ကလေးလုပ်သားပြသာနာ သူ့အလိုလိုပြေလည် သွားမယ်ဆိုတာကို လူတိုင်းသိပေမဲ့ အဲဒီလို ချမ်းသာမဲ့နေ့ ဘယ်တော့ရောက်မလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါ။ ဒီတော့ လက်ရှိဖြစ်နေတာကို လတ်တလော ဘယ်လိုအဖြေရှာမလဲ။

မိဘတွေဆင်းရဲတာအပြင် ကလေးတွေကိုယ်တိုင်ကလည်း ဒီအလုပ်နဲ့ မိဘကိုလုပ်ကျွေးနေရတာကို ဂုဏ်ယူတာမျိုး ရှိနေပါတယ်။ မြန်မာ့လူမှုဝန်းကျင်ကလည်း ဒါကို အမှားအယွင်းတခုအဖြစ် မသတ်မှတ် ကြသေးပါ။ ဆိုတော့ ကလေးလုပ်သားပြသာနာဖြေရှင်းရေးဟာ ရှေ့မှာတင်ပြခဲ့တဲ့ လုပ်အားပေးပြသာနာ၊ ကလေးစစ်သားပြသာနာတွေထက် ဖြေရှင်းရ ပိုခက်ခဲ၊ ပိုရှုတ်ထွေးပါလိမ့်မယ်။

လုပ်အားပေးခိုင်းတာ၊ ကလေးစစ်သားဖမ်းတာတွေဟာ ရာဇ၀တ်မှုမြောက်တယ်။ ခိုင်းသူ၊ ဖမ်းသူကို အရေးယူမယ်လို့ ဥပဒေထုတ်ပြီး အရေးယူပြလိုက်ရုံနဲ့ - နှစ်အတွင်း ဒီပြသာနာ ပျောက်သလောက် တောင်ရှိနေပါပြီ။ ဒါပေမယ့် ကလေးလုပ်သားကျ အဲဒီလို ဥပဒေထုတ် ဖမ်းဆီးအရေးယူရုံနဲ့ ရပါ့မလား။

အဲဒီလို အရေးယူတာတွေအပြင် ဒီကလေးတွေကို စာသင်ခန်းထဲပြန်ရောက်အောင် တွန်းပို့ရေးအတွက် သေချာတဲ့ စီမံကိန်းတရပ်လည်း လိုပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်အတွင်းကတော့ ရန်ကုန်အခြေစိုက် NGO တခုကနေ ရွှေပြောင်းကျောင်းတခုကိုထူထောင်ပြီး ကလေးစားပွဲထိုးတွေကို သူတို့ဆိုင်တွေအထိသွားပြီး စာသင်ပေးတယ်လို့ သိရပါ တယ်။ ဒါဟာ ကောင်းမွန်တဲ့အစီစဉ်ဖြစ်ပေမယ့် အမြစ်ပြတ် ကုထုံးတော့ မဟုတ်သေးပါ။

ဒါဖြင့် အမြစ်ပြတ်ကုထုံးက ဘာဖြစ်မလဲ။ ရှေ့ပိုင်းမှာ နိဒါန်းချီခဲ့တဲ့အတိုင်း လုပ်အားပေးနဲ့ ကလေးစစ်သား ပြသာနာကို အစိုးရနဲ့ ILO ပူးတွဲအဖြေရှာခဲ့သလိုမျိုး ကလေးလုပ်သားပြသာနာကိုလည်း အဲဒီလို အရေး တကြီးကိစ္စ၊ ရာဇ၀တ်မှု ကျုးလွန်နေတဲ့ကိစ္စအဖြစ်သဘောထားပြီး ချက်ချင်းဆောင်ရွက်ဖို့လိုနေပါတယ်။ လက်မှတ်မထိုးရသေးတဲ့ ပုဒ်မ ၁၃၈ ကိုအမြန်လက်ခံပြီး အသက် ၁၅ နှစ်အောက် ကလေးကို ခိုင်းသူတိုင်းကို အရေးယူမယ်လို့ လွှတ်တော်က ဥပဒေ ထုတ်ဖို့လိုပါတယ်။

ဒီလို ဥပဒေကိစ္စတွေ၊ အရေးယူမှုကိစ္စတွေကို အစိုးရနဲ့ ILO ပူးပေါင်းပြီး ချက်ချင်းထလုပ်မယ်ဆို လုပ်လို့ရ နိုင်ပါတယ်။ ဒါပေမယ့် အလုပ်ခွင်ကနေပြန်ထွက်လာမဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးနိုင်ရေး၊ ဒီကလေးတွေရဲ့ လုပ်အားမပါပဲ သူတို့မိဘတွေ စားဝတ်နေမှုအဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ တနည်း အားဖြင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကတော့ ချက်ချင်းလုပ်ဖို့ မလွယ်သေးပါ။


တခါ ကလေးတွေကို ဒီလိုခိုင်းစေတာဟာ မိဘကိုလုပ်ကျွေးနေခြင်းလို့ လွဲမှားစွာဂုဏ်ယူနေသူတွေကို ဒါဟာ ရာဇ၀င်မှုဖြစ်တယ်၊ ဒါမျိုးတွေ့ရင် သက်ဆိုင်ရာဆီတိုင်ကြားရမယ်ဆိုတာကို မြန်မာ့လူမှု အသိုင်း အ၀ိုင်းတခုလုံးက လက်ခံလာစေရေး ပညာပေးမှုအတွက်တော့ အချိန်ယူပြီး တဖြေးဖြေး ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

1 comments:

(ဒီဆောင်းပါးရေးပြီးတော့မှ ဟောဒီသတင်းကို တွေ့မိလို့ တဆက်တည်း ဖတ်နိုင်အောင် ကူးယူဖေါ်ပြလိုက်ပါတယ်)။

ကလေးလုပ်သား ပပျောက်ရေး ILO ကူညီမည်
ထွန်းထွန်း| June 11, 2015 | ဧရာဝတီ။

ကလေးလုပ်သား, ILO
လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်နေရသော ကလေးလုပ်သား တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်(ILO)က မြန်မာနိုင်ငံတွင်း ကလေးလုပ်သား ပပျောက်ရေးအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ILO အစီအစဉ် တခုဖြစ်သည့် “မြန်မာနိုင်ငံ ကလေးလုပ်သား ပပျောက်ရေး (My-PEC) စီမံချက်” ဖြင့် ကလေးလုပ်သားများ လုပ် ငန်းခွင်အတွင်းမှ လွတ်မြောက်ရေးနှင့် ပညာဆက်လက်သင်ယူနိုင်ရေးအတွက် ၄ နှစ် စီမံချက်ဖြင့် လုပ်ဆောင်နေပြီ ဖြစ်သည်ဟု လည်း ဆိုသည်။

My-PEC အစီအစဉ်၏ ရှေ့ပြေးစီမံချက်အရ ၂၀၁၆ – ၂၀၁၇ ၂ နှစ် ကာလအတွင်း လုပ်ငန်းခွင်များတွင် ၀င်ရောက် လုပ်ကိုင်နေရ သည့် ကလေးလုပ်သား ၃၆၀၀ ကို ရွေးချယ်ပြီး ဦးစွာပံ့ပိုး ကူညီပေးသွားမည်ဖြစ်ကြောင်း ထိုစီမံကိန်း၏ Survey and Research Assistant ဒေါ်နှင်းဝတ်ရည်က ပြောသည်။

My-PEC စီမံချက်အတွက် ကလေးလုပ်သား စာရင်းကို ILO က ကောက်ယူရရှိသည့် အလုပ်သမားစာရင်း အချက်အလက်များ အပေါ် အခြေခံ ကောက်ယူခြင်းဖြစ်ပြီး ကောက်ယူရရှိသည့် ကလေးလုပ်သားဦးရေ စာရင်းကို မကြာခင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

ရှေ့ပြေးစီမံချက်အရ ကလေးလုပ်သား အများဆုံးရှိသည့် မြို့၊ကျေးလက်နှင့် နယ်မြို့ နေရာဒေသ ၃ ခုတွင် ကလေးဦးရေ ၁၂၀၀ စီ ရွေးချယ်ကာ ပညာရေးအတွက် ထောက်ပံ့ခြင်း၊ ပိုမိုကောင်းမွန်သည့် အလုပ်ရရှိရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးခြင်း အပြင် ၎င်းတို့၏ မိသားစု ၀င်ငွေရလမ်းအတွက်ပါ ဖန်တီးပေးခြင်းတို့ကို လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဒေါ်နှင်းဝတ်ရည်က ပြောသည်။

“အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတဲ့ ကလေးတွေကို ဦးစားပေး ရွေးချယ်မှာပါ။ အသက် ၇ နှစ်ကနေ ၁၇ နှစ်အထိ ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

My-PEC စီမံချက်အရ ပထမ ၂ နှစ်တွင် ကလေးမိဘများနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်း ပြုလုပ်မည့်အပြင် ကလေး၏ သဘောထားနှင့် သက်ဆိုင်ရာ အုပ်ထိန်းသူများ၏ သဘောတူညီမှု ရရှိရန်လည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်နှင်းဝတ်ရည် က ဆက်ပြောသည်။

ကလေးလုပ်သား အများစုသည် စားသောက်ဆိုင်များနှင့် ကျပန်းအလုပ်များတွင် လုပ်ကိုင်နေကြရပြီး ၎င်းတို့အား လုပ်ငန်းခွင်များမှ လွတ်မြောက်ရေးအတွက် ILO ၏ ကူညီလုပ်ဆောင်မှုများကို ကြိုဆိုကြောင်း၊ ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာန အလုပ်သမား ဥပဒေစစ်ဆေးရေး လက်ထောက်ညွန်မှူး ဦးအောင်ကျော်ဦးက ပြောသည်။

“တချို့ကလေးတွေက အလုပ်ထွက်ပြီး ကျောင်ပြန်တက်ဖို့ စိတ်မ၀င်စားတာ တွေ့ရတယ်။ My-PEC အစီအစဉ်နဲ့ ဒါတွေဆောင်ရွက် ဖို့ ဌာနကို အကြောင်းကြားတာတော့ မရှိသေးပါဘူး”ဟု ဦးအောင်ကျော်ဦးက ဧရာဝတီကို ပြောသည်။

ကလေးလုပ်သားများသည် မိသားစုစီးပွားရေး အခြေအနေအရ ကျောင်းဆက်မတက်နိုင်ဘဲ အလုပ်လုပ်နေရသည့် ကလေးများ ဖြစ်ကြသဖြင့် အလုပ်မှထွက်၍ ကျောင်းပြန်တက်ရေးသည် လွယ်ကူနိုင်ဖွယ်မရှိကြောင်း ရန်ကုန် လမ်းမတော်မြို့နယ်တွင် ထမင်းဆိုင်ဖွင့် ထားသူ တဦးက ပြောသည်။

ရန်ကုန်မြို့လယ်တွင် ကွမ်းယာရောင်းနေသည့် အသက် ၁၄ နှစ်အရွယ် မပိုပိုက“အိမ်က အဆင်မပြေလို့ ကျောင်းထွက်ထားတာ။ ဖြစ်နိုင်ရင် ကျောင်းပြန်တက်ချင်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ILOက တနိုင်ငံလုံး အလုပ်သမားစာရင်း ကောက်ယူထားသည့် အစီရင်ခံစာကို ယခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ယင်းအချက်အလက်များအပေါ် အခြေခံ၍ ကလေးလုပ်သားပပျောက်ရေး စီမံချက်ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကလေးလုပ်သား ပပျောက်ရေး လုပ်ဆောင်ချက်များတွင် ILO အနေဖြင့် တိုက်ရိုက်ပါဝင် ဆောင်ရွက်မည်မဟုတ်ဘဲ ဒေသခံ အရပ် ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းများ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဒေါ်နှင်းဝတ်ရည်က ပြောဆိုသည်။

ILO က မြန်မာနိုင်ငံ ကလေးလုပ်သား ပပျောက်ရေး စီမံချက်(My-PEC) ကို ၂၀၁၄ ခုနှစ်မှ စတင်၍ ၄ နှစ် စီမံချက်ဖြင့် လုပ်ဆောင် နေခြင်းဖြစ်သည်။

My-PEC အစီအစဉ်ဖြင့် ကလေးလုပ်သားများနှင့်ပတ်သက်သည့် စစ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းများကို လုပ်ဆောင် လျက်ရှိသည်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More