Saturday, May 18, 2019

ဘားအံမှာ ဘာသွားလုပ်တာလဲ...(၂)

ဘားအံရောက်တော့ တာလပေါ ဟင်းရတဲ့ထမင်းဆိုင်တခုမှာ နေ့လည်စာစားရင်း လာကြိုမဲ့ ရဲဘော်ကြီးကို စောင့်ပါတယ်။ တာလပေါဟင်းက ကရင်ရိုးရာဟင်းဆိုပြီး တောပြန်တွေ အတော်ကြိုက်ကြပါတယ်။ ကိုယ်က တော့ တောထဲမှာတုန်းက မောင်ကျော်တွေဖြစ်သလိုချက်ကျွေး (တောထဲမှာ ဆီမရှိ။ အစာပလာမရှိ) တာကို စားမိကတည်းက တာလပေါဆို သိပ်စိတ်မ၀င်စားတော့ပါ။ ဒါပေမဲ့ အခု ကရင်မြိ့တော်ရောက်တုန်းတော့ စားကြည့်ဦးမှဆိုပြီးမှာတော့ ကုန်ပြီတဲ့။



ဟိုမှာ လာကြိုတဲ့ ရဲဘော်ကြီးရောက်လာပြီ။ ဒုက္ခပါပဲ။ ဟောလီးဒေးထွက်လာပါတယ်ဆိုမှ လာကြိတဲ့ကားမှာ ခွပ်ဒေါင်းအလံတံဆိပ်ကြီးနဲ့။ ဒါကြောင့်ပြောတာပေါ့- သွားလေရာ တောင်တွင်းက ဇတ်လမ်းနဲ့ သိပ်မကင်းလှဘူးဆိုတာ။ ဟိုတယ်က ကြိုတင် ဘိုကင်လုပ်မထားတော့ ကားတစီးနဲ့ တခုဝင် တခုထွက် လိုက်မေးပေါ့။ ကန်သာယာဘေးက တည်းခိုခန်းက နေရာအတော်မိုက်ပေမဲ့ အခန်းက မရှိတော့ဘူး။ မြိ့အ၀င်နားက ထူး ထူးရှယ် ဟိုတယ်ကြီးတွေကလည်း အတော်ဈေးမြောက်မဲ့ပုံဆိုတော့ မနည်းမများ ၃ သောင်းလောက်သွားတဲ့ သံလွင်မြစ်ကမ်းနားက ဟိုတယ်တခုမှာ စခန်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။

ခရီးစဉ်က အားလုံးမှ ၃ ရက်တည်း။ အခုပဲ နေ့လည် တနာရီဆိုတော့ ဘားအံမှာလည်ဖို့က မနက်ဖန် တရက်ပဲ နေ့ပြည့်ရှိမယ်။ သဖက်ခါ နေ့လည်ပြန်မှ ရန်ကုန် ညနေပြန်ရောက်။ နောက်တနေ့ မနက် အလုပ်ပြန်ဝင်ရမှာ။ ဒီအချိန် ဘယ်နေရာတွေ လည်လို့ကောင်းလဲဆိုပြီး ဟိုတယ်မှာမေးကြည့်တော့ ဂု ၂ ခုလောက်နဲ့ လင်းနိ့တွေ ထွက်တဲ့ဂူသွားကြည့်လို့မီသေးတယ်ပြောပါတယ်။

ဒါပေမဲ့ တောပြန်ကိုယ့်အဖို့က ရဲဘော်ဟောင်းတွေ တွေ့ရေးက ပထမ ဦးစားပေး။ ဘားအံမှာ တောပြန် အတော်များပေမဲ့ ABSDF ဒုဥက္ကဌအဖြစ် တာဝန်ထမ်းခဲ့ဖူးတဲ့ ဦးယုနွယ် တယောက်ပဲ သွားတွေ့ဖြစ်ခဲ့ပါတယ်။ သု့အသက်က ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတု။ ၇၀ ကျော်နေပြီ။ စာရေးသူနဲ့မတွေ့တာကလည်း နှစ် ၃၀ လောက်ရှိနေပြီဆိုတော့ ချက်ချင်းမမှတ်မိ။ ကော့မုးရာ (၀မ်ခ)စခန်းအကြောင်း၊ သံလွင်စခန်းက အရေးပေါ် ညီလာခံတွေအကြောင်းပြောမှ ပြန်မှတ်မိ။

ဘားအံနေကလည်း အတော်ပူသား။ (ရန်ကုန်ထက်တော့ နဲနဲအေးတယ်ထင်တာပဲ) ၅ နာရီလောက်မှာတော့ ဘားအံမြိ့ကို အပေါ်ကနေလှမ်းမြင်ရတဲ့ စေတီတဆူဆီတက်ပြီး ကြည့်ခွင့်ရခဲ့ပါတယ်။ ညနေစာအတွက်က တော့ ဘားအံလဲ မြိတ်-ထားဝယ်-မော်လမြိုင်လိုပါပဲ။ ထိုင်းပြန်တွေ ချက်တဲ့ ထိုင်းအစာတွေက ထိုင်းထက်တောင်ကောင်းသေး။ ကိုယ်တွေလည်း ထိုင်းမှာပြေးရင်းလွှားရင်း ၁၀ နှစ်ဝန်းကျင်၊ ဥရောပမှာ ၁၅ နှစ်ကျော်နေခဲ့ပေမဲ့ ဥရောပစာကိုမကြိက်ပဲ ထိုင်းစာကိုသာစွဲလမ်းမိ။ မြန်မာစာထက်တောင် ထိုင်းစာကို ပိုကြိုက်နေခဲ့ မိပေါ့။

တကယ်ဆို ဘီယာခွက်လေးမပြီး သံလွင်မြစ်ဘေးက နေ၀င်ချိန်ကိုမြင်နိင်တဲ့နေရာလေးမှာထိုင်ပြီး စားသောက်ချင်တာ။ ဒါပေမဲ့ လမ်းပြရဲဘော်ကြီးက သိပ်ရိုမစ်တစ်မဖြစ်တော့ တောထဲကစတိုင်အတိုင်းပဲ ဖြစ်သလို ဗိုက်ဖြည့်လိုက်ရပေါ့။ ဘားအံမှာ နေ၀င်ချိန် သံလွင်မြစ်ဘေးမှာထိုင်ပြီး ငေးနိင်တဲ့နေရာ နောက်တခေါက်အတွက် ထပ်ရှာရဦးမှာပေါ့။



နောက်တရက် တနင်္ဂနွေကတော့ တကယ့်ခရီးသွားနေ့ပါပဲ။ မနက် ၇ နာရီ မနက်စာစားပြီးကတည်းက ထွက်လိုက်တာ ည ၈ နာရီကျော်မှ ဟိုတယ် ပြန်ရောက်ပါတယ်။ အယ်- ကားငှားခတွေက အမျိးမျီးရှိတယ်။ ဟိုတယ်က စီစဉ်ပေးတဲ့ သုံးဘီးကားက တနေ့ကုန်အတွက် ၃ သောင်းခွဲ။ ၃-၄ ယောက်စုသွားရင် ပိုတန်တယ်။ တခြားခရီးသည်တွေကိုမေးကြည့်မယ်ဆိုပေမဲ့ ကိုယ်လိုတကိုယ်တော်ခရီးသွားသူက သိပ်မရှိလှ။ အားလုံး သူ့ကားနဲ့သူ။ သူ့အုပ်စုနဲ့သု။ အပြင်က ကားငှားရင်လည်း ၄ သောင်းလောက်ပဲကျမှာဆိုတော့ တရက်တာအတွက် ကားတစီးငှားခဲ့ပေါ့။

ကျနော်ကိ လိုက်ပို့်နေတဲ့ ရဲဘော်ကြီးကတော့ တောင်တွေ၊ ဂူတွေကို စိတ်မ၀င်စားဘူး။ ဒါပေမဲ့ ကျနော် တယောက်တည်း ဂူထဲဝင်ရင်အဆင်မပြေမှာစိုးလိ့ဆိုပြီး ၁၀ နှစ်အရွယ် သူ့တ ချာတိတ် နစ်ယောက်ကို လမ်းပြ အဖြစ်ထည့်ပေးလိုက်ပါတယ်။ နှစ်ယောက်စလုံးကရင်စကားချည်းပြောနေလို့ နယ်စပ်က ကရင်စခန်းတွေကို တောင် ပြန်သတိရမိ။ ကံကောင်းတာကတော့ ကားဆရာက အတော်သဘောကောင်းပါတယ်။

ပထမ ဆုံးသွားတဲ့ ဂူက ဣစာသရလှိုဏ်ဂူ တော်။ အတော်ဝေးတယ်။ နာရီဝက်လောက်မောင်းရပါတယ်။ ပထမ ပိုင်းလမ်းကောင်းပေမဲ့ နောက်ပိုင်းမှာ ဂူအတွက် သီးခြားဖောက်ထားတဲ့လမ်းကျဉ်း၊ ပြီးတော့ ဂူနားရောက် တော့ လယ်ကွင်းတခုကိုဖြတ်ရ။ မိုးရွာရင် ဗွက်နစ်မဲ့သဘောရှိ။ လယ်ကွင်းအလွန်မှာ ဧရာမတောင်ကြီး တလုံး၊ အဲဒီတောင်ခြေမှာ လျောင်းတော်မူဘုရားဂု။ အဲဒီဘုရားခြေရင်းမှာတော့ ဂုထဲဝင်နိင်တဲ့ ဂူပေါက်ငယ်။

မနက် ၈ နာရီဆိုတော့ စောသေးလို့လားမသိ။ လူသိပ်မရှိသေး။ ချာတိတ် ၂ ယောက်အားကိုးနဲ့ ဂူထဲဝင်ပြီး အထဲမှာ ဘာတွေရှိလဲ မေးတော့ သူတိုလဲ အခုမှ  ပထမ အခေါက်ရောက်ဖူးတာတဲ့။ (တခြားဂူတွေကို ရောက်ဖူးပြီးဖြစ်ပေမဲ့)။ ဂူကအတော်ကျယ်တယ်။ အပေါ်မှာ ကျောက်ဆစ်ရုပ်ဆွဲတွေနဲ့။ အောက်မှာက ရေစီးထားတဲ့ ချောင်းပုံစံ။ ငယ်ငယ်တုန်းက ပထ၀ီမှာသင်ဖူးတဲ့ မြေအောက်ချောင်းဆိုတာ ဒါမျီးဖြစ်မယ်နဲ့ တူပါတယ်။

ဒီဂူရဲ့ထူးခြားချက်က (တခြားဂုတွေ သွားပြီးမှသိရ) လျှပ်စစ်မီးထွန်းပေးထားတာကလွဲရင် ကျန်တာအားလုံး သဘာဝအတိုင်းရှိနေခြင်းပါပဲ။ ပြီးတော့ ဖိနပ်လဲ စီးခွင့်ပေးထားပါတယ်။ (ဥရောပကပြန်လာသူတဦးအဖို့ ဖိနပ်မစီးပဲ စိမ့်စိုစိုမြေပေါ် လမ်းလျောက်ရတာ အဆင်မပြေပါ။ ဖိနပ်မပါပဲ လမ်းလျောက်တာ သဲသောင်ပြင် တနေရာပဲကောင်းပါတယ်)။ ဂူထဲမှာမြင်ရတာတွေအားလုံး တကယ့်အထူးအဆန်းတွေပါပဲ။ ကိုယ်က ကင်မရာ တလုံးနဲ့လျောက်ရိက်နေပေမဲ့ ဂူထဲတွေ့တဲ့ ခရီးသွား (ကောင်မလေးတွေများ) ကတော့ တွေ့သမျှနေရာမှာ selfei ဆွဲနေလေရဲ့။ သူတို့ပုံတွေမပါအောင် မနည်းရှောင်တိမ်း ညှိနှိုင်းရိုက်ခဲ့ရ။






၁၀ မီနစ်လောက်လမ်းလျောက်ပြီးတော့ ဆက်သွားလို့မရလောက်အောင် ဂူပေါက်က ကျဉ်းသွားပါတယ်။ ဒါပေမဲ့ ကျနော်ရဲ့လမ်းပြ ဆရာ နှစ်ယောက်က အေးဆေးလေး ၀င်သွားလေရဲ့။ ဆယ်နှစ်အရွယ် ကလေးတွေ အတွက် ကုန်းကုန်းကွကွသွားရတာပြသာနာမရှိပေမဲ့ အသက် ၅၀ ကျော်အရွယ် ကျောပိုးအိတ်လည်းလွယ် ထားသူအဖို့တော့ သိပ်မလွယ်ပါဘူး။ ကုန်းကွ ကုန်းကွ တမီနစ်လောက်ကြိုးစားလိုက်တော့ ဟိုဖက်ကို ရောက်သွားပါတယ်။ တကယ်က ပေ ၃၀ လောက်နေရာလေးပဲ ဒီလို ကုန်းကွ သွားရတာပါ။

နောက်ထပ် ၁၀ မီနစ်လောက် ထပ်လျောက်တော့ အပေါ်ဖက်ကိုတက်ပြီး တောင်ရဲ့အခြားတဖက်က ထွက်ပေါက်ဆီ ရောက်သွားပါတယ်။ တချိ့နေရာမှာ အလူမီနီယံလှေကားဆင်ပေးထားပေမဲ့ နေရာအတော်များများမှာတော့ ၀ါးလှေကားတွေ။ တောထဲက ကရင်အိမ်တွေကိုတောင် သတိရမိ။ အသက် ၂၀ ကျော်တုန်းက ကရင်အိမ်က ၀ါးလှေကားတွေက ပြသာနာမရှိပေမဲ့ အသက် ၅၀ ကျော် ဥရောပပြန်တဦးအဖို့ ၀ါးလှေကားတက်ရတာ သိပ်မလွယ်လှပါဘူး။ လေကောင်းလေသန့်မရလို့လားမသိ။ အမောကလည်း အတော်ဆို့သား။

(မြင်ကွင်းကို ရေးပြရခက်လို့ ဓာတ်ပုံတွေကိုသာ ကြည့်တော်မူပါ။ တကယ့်ကို လှပ အံ့သြဘွယ်ဆိုတာကိုေ တာ့ ကိုယ်တိုင်ရောက်မှ ခံစားနိင်မယ်ထင်ပါတယ်။ သဘာဝဟာ လူသားတွေဖန်တီးထားတာထက် ပိုမို ဆန်းကျယ်လှပါတယ်)

Friday, May 17, 2019

ဘားအံမှာ ဘာသွားလုပ်တာလဲ...(၁)

သင်္ကြန်ပိတ်ရက်အစား နားရက်မှာ ဘားအံသွားမယ်ပြောတော့ "ဘားအံမှာ ဘာသွားလုပ်မှာလဲ။ ချောင်းသာဖက်သွားပါလား"- ဆိုပြီး မိတ်ဆွေတချိ့ကပြောပါတယ်။ သင်္ကြန်အကြိုနေ့က ချောင်းသာကို နေ့ချင်းပြန်သွား ဖူးထားပြီးသားဆိုတော့ တခါမှ မရောက်ဖူးသေးတဲ့ ဘားအံကိုပဲရွေးလိုက်ပါတယ်။



ဒီရွေးချယ်မှုရဲ့နောက်မှာ ကရင်မြို့တော်နဲ့ တွဲကပ်နေတဲ့ မာနယ်ပလောတွေ၊ ဒေါနတောင်တန်းတွေ၊ ရဲဘော်ဟောင်းတွေ၊ မူးနော်တွေ၊ မူကနော်တွေ ပါနေမယ်ဆိုတာ အစောပိုင်းက ကိုယ့်ဘာသာတောင် သတိမထားမိဘူး။ (ပုဂံနဲ့ ချောင်းသာခရီးကလွဲရင် ကျန်ခရီးတွေအားလုံးက တောထဲက ဇတ်လမ်းနဲ့တနည်းမဟုတ် တနည်းဆက်စပ်နေတာချည်း)  လောလောဆယ် မြင်နေရတဲ့အခင်းအကျင်းကတော့ ချောင်းသာကိုသွားတဲ့လမ်းနဲ့ ဘားအံကိုသွားတဲ့လမ်း ဘာမှ မဆိုင်ဘူးရယ်။

ကံကောင်းထောက်မစွာနဲ့ ဘတ်စ်ကားအစား မဲဆောက်သွားမဲ့ မိတ်ဆွေတယောက်ရဲ့ ကားနဲ့လိုက်ခွင့်ရလို့ လမ်းတွေကို အသေချာမြင်လိုက်ရတာလို့လဲ ဆိုနိင်ပါတယ်။ မြို့ထဲကနေအထွက် အဝေးပြေးလမ်းပေါ်မတက်ခင်လေးမှာ 0 mile ဆိုင်တန်းတွေက အတော်မိုက်တယ်။ ချောင်းသာဖက်အသွား လှိုင်သာယာဖက်မှာ ဒီလိုမျိးဆိုင် မတွေ့မိပါဘူး။ ထိုင်း လမ်းတွေ၊ ထိုင်းကဆိုင်တွေနဲ့ အတော်တူပါတယ်။ အာဆီယံအဆင့် မီတယ်ပေါ့။

၇ နာရီလောက်မှာ မနက်စာအဖြစ် မုန့်ဟင်းခါးသုံးဆောင်ပြီးနောက် အဝေးပြေးလမ်းပေါ်ကနေ ၃၉ မိုင်အထိ ခရီးဆက်ခဲ့ပါတယ်။ အဲ- ခုနက ဆိုင်မှာ အိမ်သာတွေလဲ အာဆီယံအဆင့်မီပါတယ်။ (ဥရောပနေ ပြန်လာသူ တဦးဖိ့ လမ်းခရီးမှာ အိမ်သာမကောင်းတဲ့ပြသာနာကလည်း အတော်ကြီးမားပါတယ်။) တလောက အင်တာဗျးလုပ်ဖြစ်ခဲ့တဲ့ စီးပွားရေးပညာရှင်တဦးကတော့ မြန်မာနိင်ငံမှာ အသေချာသတ်မှတ်ထားတဲ့ တိုင်းတာရေး စနစ်မရှိဘုး။ မန်းလေးကနေ ၁၀၅ မိုင်အထိ မိုင်စနစ်နဲ့သွားပြီး အဲဒါကျော်သွားရင် ကီလိုမီတာဖြစ်သွားတယ်၊ အလေးချိန်မှာလဲ ဒီလိုပဲ။ တချိ့နေရာတွေမှာ ပိသာနဲ့ပြောပြီး တချိ့နေရာတွေမှာ ကီလိုဂရမ်နဲ့ပြောကြတယ်လိ့ ဆိုပါတယ်။

ဒါပေမဲ့ ဒီအဝေးပြေးလမ်းမှာတော့ မိုင်တိုင်ရော၊ ကီလိုတိုင်ရော ၂ ခုစလုံးရှိပါတယ်။ မြန်မာနိင်ငံမှာ အစိုးရ ၂ ရပ်ရှိနေသလို အချိန်အတွယ်နဲ့ အတိုင်းအတာမှာလဲ စနစ် ၂ မျိးရှိပါတယ်လိ့ ကျနော့်မိတ်ဆွေက အသော ၀င်ဖောက်ပါတယ်။ ကားဆရာကတော့ မိုင်တိုင်နဲ့ ကီလိုတိုင်ကိုကြည့်ပြီး ၃၉ မိုင်ဆို ကီလို ၆၀ လောက်ရှိမှာ ပေါ့။ အဲဒါပြီးရင် ဘုရားကြီးကနေ ဝေါဖက် ဖြတ်ဝင်ရမယ်ဆိုပါတယ်။



အဝေးပြေးလမ်းက အတော်ကောင်းပေမဲ့ နိင်ငံတကာက အဝေးပြေးလမ်းတွေလို ဘေးမှာ ခြံစည်းရုံး အလုံ ပိတ်ထားတာမျိးမရှိ။ မိုင် ၁၀၀ လောက်အရှိန်နဲ့မောင်းနေတဲ့ ဟိုက်ဝေးလမ်းဘေးက မြေနီလမ်းပေါ်မှာ နွား လှည်းလဲရှိတယ်။ မော်တော်ဆိုင်ကယ်လဲရှိတယ်၊ လမ်းဖြတ်ကူးတဲ့ လူတွေ၊ ယဉ်တွေလဲ ရှိတယ်။ ဟိုက်ဝေး စနစ်က တမျိးကြီးရယ်။ .."ဒါနေ့ဖက်မို့တော်သေးတယ်။ ဟိုတခါတန်းကဆို ညဖက်မှောင်နေတဲ့အထဲ အဲဒီလမ်း လယ်မှာ ကားတာယာကြီးချထားတာ။ ကီလို ၁၀၀ နှုန်းလောက်မောင်းနေတာဆိုတော့ ဘယ်လိုမှ ရှောင်ချိန် မရဘူး။ တည့်တည့်ကြီး တိုက်ပစ်လိုက်ရတယ်။ ရှောင်ရင် မှောက်မှာ."..ဆိုပြီး ကားဆရာကပြောပါတယ်။

ဒါကြောင့် ညဖက်မှာ ကားတွေ မကြာခဏ တိမ်းမှောက်တာ၊ တိုက်မိတာတွေဖြစ်နေတာပေါ့။ အဲလို ကား မှောက်ရင် ၀င်လုတဲ့ လူတွေလဲရှိတယ်လိ့ ကားဆရာကဆိုပါတယ်။ ခြံစည်းရုံးမရှိတဲ့ ဟိုက်ဝေးလမ်းရဲ့ ထူးခြား ချက်များပေါ့။ ဒီကားဆရာပြောမှ ချောင်းသာသွားတုန်းကပြောတဲ့ ကားဆရာစကားကို သွားသတိရမိတယ်။ အဲဒီတုန်းက ညဖက်ကြီးမောင်းတာ။ လမ်းကအတော်ဆိုးတာပဲ။ ကားတွေ ဒီလောက်သွားနေတာ ဘာကြောင့် မပြင်ကြတာလဲ ဆိုပြီးစာရေးသူက ငြီးမိတော့... "အဝေးပြေးလို လမ်းတွေ သိပ်ကောင်းနေရင် ကားသမား တွေအိမ်ငိုက်ပြီး ယဉ်တိုက်မှုဖြစ်မှာစိုးလို့ ဧရာဝတီတိုင်းအစိုးရက နဂိုလမ်းအတိုင်း ထိမ်းထားပေးတာပါ'' တဲ့။ အတော်အကောင်းမြင်တတ်တဲ့ ကားဆရာပါပဲ။

ကဲ- ဧရာလမ်းနဲ့ ရာမညလမ်းကို နှိုင်းယှဉ်ရင်းနဲ့ စစ်တောင်းတံတားတောင် ကျော်တော့မယ်။ တံတားအ၀င်က စစ်ဆေးရေးဂိတ်ကိုမြင်မှ လမ်းတလျောက်ပေးခဲ့ရတဲ့ တိုးလ် ဂိတ်ကြေးတွေ၊ မြိ့ဝင်ကြေးတွေကို သတိထားမိပါတယ်။ ခုနက ချောင်းသာဖက်သွားတဲ့လမ်းမှာ လမ်းကြေး၊ တိုးလ်ဂိတ်ကြေးမှ မပေးရပဲ။ ဒီဖက်မှာတော့ လမ်းတွေကို BOT စနစ်နဲ့လုပ်ထားတာဆိုတော့ အဲဒီအတွက် အများကြီးပေးရပါတယ်။ ဒါပေမဲ့ လမ်းကကောင်းတော့ ဒီလိုပေးရတာ တန်ပါတယ်။ မတန်တာကတော့ ဘာမှန်းမသိပဲ ကောက်နေတဲ့ မြိ့ဝင် ကြေးတွေပါပဲ။

အစိုးရသစ်လက်ထက်မှာ ဒါတွေ မကောက်တော့ဘူးဆိုပေမဲ့ ဒေသခံတွေ အလုပ်လက်မဲ့ (တခြားအလုပ် ကလဲ ဒီလိုလွယ်ကူပြီး ၀င်ငွေမကောင်းနိင်) ဖြစ်မှာစိုးလို ဆက်လက်ခွင့်ပြူထားတယ်လို့ပဲ အကောင်းမြင် ပေး လိုက်ပါတယ်။ စစ်တောင်းတံတားကုးပြိး ကျိက်ထုံမြိ့ထဲအ၀င် ကျိုက်ထီးရိုးလမ်းခွဲအလွန်မှာ ထူးထူးခြားခြား ဧရာမအလှူပွဲကြီးတခုကိုတွေ့ရပါတယ်။ ဆင် ၁၀ ကောင်၊ မြင်းအကောင် ၂၀ ကျော်၊ နွားလှည်း ၃၀ ခန့်နဲ့ မော်တော်ယဉ် ၁၀၀ ခန့်ပါတဲ့ အလှူပွဲကြီးဆိုတော့ ကျိက်ထုံတမြိုလုံး လမ်းတွေပိတ်ကုန်ရော။ ကိုယ်တွေက အဆင်းကားမို့နဲနဲတော်သေးတယ်။ မော်လမြိင်၊ ဘားအံ၊ ထားဝယ်ဖက်ကနေ တက်လာတဲ့ ကားတွေ ရာနဲ့ချီပြီး ပိတ်မိခဲ့ပေါ့။




ရန်ကုန်ကနေ မော်လမြိင်-ထားဝယ်ဖက်လမ်းတွေကိုသွားဖူးပြီးသားမို့ သထုံကနေ ဘားအံလမ်းခွဲ ရောက်တဲ့ အထိက စာရေးသူအတွက် အသစ်အဆန်းမဟုတ်။ ဟော...အခု သထုံ-ဘားအံ လမ်းခွဲရောက်ပါပြီ။ ဒီဖက်မှာလဲ BOT စနစ်ကဆက်သွားနေတော့ လမ်းတွေက ကောင်းနေဆဲ။ သထုံက ထွက်တာနဲ့ ချောင်းတခု၊ စစ်ဆေးရေးဂိတ်တခုကိုတွေ့ပါတယ်။ စာကိုအသေချာဖတ်ကြည့်တော့ ဒုံသမနိ ချောင်းတဲ့။ တော်လှန်ကဗျာ ဆရာတဦးဖြစ်တဲ့ ကိုငြိမ်းဝေရဲ့ ကဗျာထဲမှာ ဒီချောင်းအမည်ကို ရင်းနှီးဖူးခဲ့ပေါ့။

အရင်ကဆို ဒီတံတားက စစ်ဆေးရေးဂိတ် မကြာခန အတိုက်ခံရတာပေါ့။ အားလုံးဆင်းပြီး မှတ်ပုံတင်ပြ အစစ်ခံရတဲ့အခြေအနေကနေလွတ်တာတောင် မကြာသေးဘူး။ ငြိမ်းချမ်းရေးရပြီးမှ ဒီနေရာတွေ အေးသွားတာ ဆိုပြီး ကားဆရာကပြောပါတယ်။ အင်း... မွန်ပြည်နယ်-နဲ့ ကရင်ပြည်နယ် နယ်စပ်ချောင်း ဒုံသာမနိမှာ လူဆင်းပြီး မှတ်ပုံတင်ပြစရာမလိုတော့ပေမဲ့ မွန်-တနသ်ာရီနယ်စပ်က မလွဲတောင်ဂိတ်မှာ အခုချိန်အထိ လူဆင်း မှတ်ပုံတင်စစ်တဲ့စနစ် ဘာကြောင့် ဆက်ကျင့်သုံးနေတာလဲဆိုတာ စဉ်းစားလို့ကိုမရဘူး။

ဒုံသာမနိချောင်းကိုကျော်ပြီဆိုတော့ ကရင်ပြည်နယ်ထဲရောက်ပြီ။ ဟိုရှေ့နားမှာ မြိုင်ကလေး ဘိလပ်မြေ စက်ရုံရှိပါတယ်။ ဒီအတွက် ကုန်ကြမ်းဖြစ်တဲ့ ထုံးကျောက်တောင်တွေက ဟိုနား ဒီနား ထိုးထိုးထောင်ထောင်။ မြင်ကွင်းက မွန်-တနသာင်္ရီဖက်လို တောင်စဉ်တန်းတွေမဟုတ်ပဲ လုံးချင်း ကျောက်တောင်တွေ ဟိုတလုံး၊ ဒီတလုံး။ မွန်ပြည်နယ် ကျိက်မရောဖက် ထုံးကျောက်တောင်တွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဘားအံအ၀င်နားက ထုံးကျောက်တောင်တလုံးကတော့ ဘိလပ်မြေအတွက် ဘ၀ပြောင်းပေးလိုက်ရလိ့ မြေခခါနီးနေတာကို တွေ့ ရပါတယ်။



ဟိုး..မှာ ဇွဲကပင်တောင်ကိုမြင်နေရပြီ။ ရှေ့နားက သစ်ပင်တန်းကိုကျော်တော့ သံလွင်မြစ်ကူး သံလွင်တံတားကြီး ရုတ်တရက်တွေ့လိုက်ရပါတယ်။ ဒီတံတားကျ (မွန်ပြည်နယ်က ဘီလုးချောင်းတံတားလို) ဘာကြောင့် ဗိုလ်ချပ်အောင်ဆန်းတံတားလို့အမည်မပေးတာလဲဆိုပြီး ကားဆရာကိုမေးတော့ ဒီတတားက ဒီအစိုးရမတိုင်ခင်ကတည်းက ရှိနေတာကြပြီလိ့ ဆိုပါတယ်။

ဒီလို ဟိုငေး ဒီတွေးနဲ့ ၁၁ နာရီလောက်မှာ ဘားအံမြိ့ထဲ ရောက်လာပါတယ်။ ရန်ကုန်-ဘားအံ ကီလို ၃၀၀ နီးပါး (291.6 km) ကို ၄ ခွဲ၊ ၅ နာရီလောက်ပဲမောင်းရပါတယ်။ လမ်းတွေသိပ်ကောင်းနေလို့လား။ တောင်မရှိလို့လား။ တောင် မရှိတာကတော့ စာရေးသူအတွက် အထူးအဆန်းပါပဲ။ ဘာကြောင့်လဲဆို နယ်စပ်တကျောမှာ ၁၀ နှစ်လောက် သွားခဲ့ဖူးတဲ့ ကရင်ပြည်နယ်မှာ တောင်မတက်ရတဲ့နေရာ မရှိသလောက်ပါပဲ။ ဒါပေမဲ့ ဒီဖက်မှာတော့ ဘားအံရောက်တဲ့အထိ တောင်တက်စရာမလိုဘူး။ ဇွဲကပင် အပါဝင် တောင်တွေက သူ့ဘာသာ လုံးချင်းစီ ရှိနေပြီး ကားလမ်းတွေက တောင်အောက်က မြေပြန့်မှာချည်းဖြစ်နေပါတယ်။
...


မြို့ပြနဲ့ဝေးရာ ခဏတာသို့...

ဖေဖေါ်ဝါရီ ၂၅- တွံတေး
...
ငယ်ငယ်တုန်းက တောမှာမွေးတာဆိုတာ့ မြို့ကိုရောက်ဖူးချင်တယ်။ မြို့မှာ နေချင်တယ်။ အဲဒီကာလက မြို့ပြရဲ့ မွန်းကြပ်မှုကို မသိသေး။ ကျောင်းသား ဘ၀ မြို့မှာနေတယ်ဆိုတာကလည်း ခဏပါပဲ။ ဒီလိုနဲ့ တောကြီးမျက်မည်းထဲမှာ ၁၀ နှစ်ကျော်၊ ဥရောပမဲဇာမှာ ၁၀ နှစ်ကျော်နေပြီး ရန်ကုန်မြို့ပြကို တခါပြန်ရောက်။


ဥရောပမဲဇာမှာတုန်းကတော့ လူဦးရေနည်းပြီး လေထုညစ်ညမ်းမှုနည်းလို့လား၊ လမ်းစည်းကမ်း ယာဉ်စည်းကမ်းတွေပဲကောင်းလို့လား မသိ။ မြို့ပြကို မွန်းကျပ်မှုမဖြစ်မိ။ ဒီမှာတော့ ရောက်ပြီးသိပ်မကြာခင် မြို့ပြကို မွန်းကြပ် သလိုခံစားလာရ။
ဒီကအလုပ်အတော်များများကလည်း တပတ်မှာ ၆ ရက်လုပ်ကြရတယ်လို့ ဆိုပါတယ်။ နားတဲ့တရက်မှာ ဘယ်သွားမလဲ...။ တညအိပ် ၂ ရက်ခရီးမဟုတ် တော့ ရန်ကုန်ကနေ မိုင် ၁၀၀ ကျော်လို့မရ။ ပြီးခဲ့တဲ့ လတွေတုန်းကတော့ ပဲခူးဖက်က ရွှေ့ပြည်ကို ခဏရောက်ဖြစ်ခဲ့တယ်။ မြို့ပြနဲ့ ခဏဝေးသလို ခံစား ရပါတယ်။
အခုတခေါက်တော့ လှေစီးပြီး တွံ​တေးကိုသွားခဲ့။ ကားချည်းပဲနေစဉ်စီးနေ တာဆိုတော့ ယာဉ်အပြောင်းအလဲပြင် မြင်ကွင်းကလည်း အတော်ပြောင်း သွား။ တွံတေးဆိုတာ တွံတေးသိန်းတန်တို့၊ တွံတေးစိုးအောင်တို့ရဲ့ မြို့ဆိုတာကလွဲပြီး ဘာမှကြိုမသိ။ ဗီုလ်တထောင်ဆိပ်ကမ်းကနေ မနက် ၉ နာရီ ထွက်။ (နားရက်မှာ အိပ်ရာစောစောထပြီး ၈ နာရီခွဲအရောက် လှေဆိပ်အရောက်လာဖို့ဆိုတာ မြို့ပြနေ သူတဦးအဖို့ သိပ်မလွယ်လှ)

တွံတေးကို မီနစ် ၉၀ မောင်းရပါတယ်။ ကြီးမြင်တိုင်ဝန်းကျင်ကနေ တွံတေးတူးမြောင်ထဲကိုဝင်၊ ဘယ်ဖက်မှာ ဒလမြို့နယ်။ ယာဖက်မှာ ဆိပ်ကြီးခနောင်တို။ ရန်ကုန်ဖက်ကမ်းကနေ ဒလကို မကြာခနမြင်ဖူးနေပေမဲ့ ဆိပ်ကြီးခနောင်တို ဒီနားရှိနေမှန်း ကြိုမသိခဲ့ဘူး။ ခရီးစဉ်ကိုလဲ ကြိုကြည့်မထားတော့ ပြန်လာမှ ဂိုဂယ်ပြန်ခေါက်၊ ပြန်ရှာနေရ။


တွံတေးတူးမြောင်းထဲဝင်လာကတည်းက မြင်ကွင်းဟာ ရန်ကုန်နဲ့ ဘာမှ မဆိုင်တော့ပါ။ တကယ်ကျေးလက်ဒေသ။ ဒီဒေသက လူတွေအတော်များများ လှေတွေနဲ့ခရီးသွားနေကြတုန်း။ တချို့ဆို လက်လှော်လှေတွေနဲ့။ ရန်ကုန်မှာမြင်ခွင့်မရတဲ့ မော်တော် ဆိုင်ကယ်တွေကိုလဲ ဆိပ်ကြီးခနောင်တို ရွာတန်းဖက်မှာ လှမ်းမြင်နေရပါတယ်။ တချို့လှေဆိပ်တွေမှာ ဆိုင်ကယ် ကယ်ရီတွေအများကြီး။
ဟိုဖက်နားမှာ စေတီတဆူ။ တဲအိမ်တန်းတခု။ တံငါလှေတစီး၊ စက်လှေတွေက ဟိုဖက်ဒီဖက် အပြေးအလွှား။ ဒီလိုငေးလို့ကောင်းတုန်း ဧရာမတံတားကြီး တခုကိုတွေ့။ ဒါဟာ မကြာသေးခင်ကမှပေါ်လာတဲ့ လှိုင်သာယာနဲ့ တွံတေးဖက် ကူးတဲ့တံတား။ ဒီတားပေါ်လာတော့ တွံတေးဖက်ကို လှေချည်း အားကိုးနေစမရာမလိုတော့ပါ။
Water taxi ရဲ့အပေါ်ထပ်မှာနေရာယူလာတာဆိုတော့ လေကောင်းလေသန့် အတော်ရပါတယ်။ ခရီးသည် ၁၀၀ လောက်ရှိပါတယ်။ လူငယ်တွေ၊ စုံတွဲတွေက အများစု၊ သူတို့က လတ်ဆတ်တဲ့လေနဲ့ ပတ်ဝန်းကျင်အလှကို သိပ် စိတ်မ၀င်စားအား။ အားလုံးနီးပါး selfie ဆွဲနေကြ။ လှေဦးခန်းကနေ ပတ်ဝန်း ကျင်ကိုဓာတ်ပု့ရိုက်ခွင့်ရဖိုအရး သူတို့နဲ့အရင် အပေးအယူလုပ်ရသေး။
ထားတော့။ ဒီလိုနဲ့ ၁၁ နာရီမထိုးခင်မှာ တွံတေးဆိပ်ကမ်းကို ဆိုက်ပါတယ်။ အပေါ်ရောက်တော့ ကျောင်းကား ၂ စီးက ကြိုနေလေရဲ့။ ကျောင်းကို ဘာသွားလုပ်မှာလဲဆိုတော့ မဟုတ်ဘူး။ ဒီကျောင်းကားတွေက ခရီးသည်တွကိုကြိုပြီး အိုးဖုတ်တဲ့နေရာ၊ ယက်ကန်းနေရာနဲ့ ဘုရားလိုက်ပို့ပေးမှာတဲ့။ 
ကားက ၂ စီးထဲ ဆိုတော့ ၂ သုတ်ဆွဲရတယ်။ အိုးဖုတ်တဲ့နေရာရောက်ပါပြီ။ စပယ်ရှယ်ရွံစေးကို ဘယ်လိုရှာထားမှန်းမသိ။ ကျွမ်းလိုက်တဲ့လူတွေ။ အိုးကို ပုံစံမထုတ်ပဲ ဒီတိုင်း လက်မှန်းတဲ့လုပ်သွားတာ အံ့သြစရာ။ (တကယ်က အိုး တွေအားလုံး ဒီလိုပဲလုပ်တယ်ဆိုပါတယ်။ ကိုယ်ကမမြင်ဖူးတော့ ပုံစံခွက်ထဲ ထည့်သွန်းတယ်ပဲ ထင်ထားတာ) ပန်းအိုးယူမလား။ ရေအိုးယူမလား၊ ရေနွေးခယားယူမလား..အကုန်ရတယ်။ 


အိုးဖုတ်တဲ့နေရာမှာ မီနစ် ၃၀ ခန့်ကြာပြီးတော့ ယက်ကန်းယက်တဲ့နေရာ။ စက်မှုတော်လှန်ရေးခေတ်မှာ ယက်ငကန်းတွေ ကျန်နေသေးတာ အံ့သြစရာ။ ဒါပေမဲ့ သူတို့လက်ယာ လွယ်အိတ်နဲ့ ချည်ထည်တွေက အတော်ကောင်းမွန် သပ်ရပ်ပါတယ်။ ကိုယ်ကတော့ အိုးလဲမသိ၊ လွယ်အိတ်လဲမရှိဆိုတော့ လိုက်ငေးရုံသက်သက်။
ပြီးတော့ တွံတေးသိန်းတန်သီချင်းတွေထဲ ကြားဖူးနေတဲ့ ရွှေဆံတော် စေတီ။ နေကလည်း အတော်ပူသည် ဆိုတော့ ရင်ပြင်တော် တပတ်ပြည့်အောင် မနည်းကြိုးစားလျောက်ခဲ့ရ။ တချို့ကတော့ လှေပေါ်ကကျွေးတဲ့ ထမင်းကျော်ကိုယူလာပြီး ဘုရားရင်ပြင်က ဇရပ်မှာစားနေကြ။ စေတီခြေရင်းမှာ တော့ တွံတေး ငါးချည်တဲ့။ ဆူရှီနဲ့တူလို့ သွားငေးခဲ့ရသေး။
မည်သို့ပင်ရှိစေကာမူ ရန်ကုန်မြို့ပြနဲ့ တနေကုန်ဝေးပြီး ကျေးလက်အငွေ့ အသက်၊ ရေလှိုင်းကရက်၊ တောတောင်ရှုခင်းတွေကိုမြင်ခွင့်ရတဲ့အတွက် အားသစ်တဖန်ပြည့်လာစေတာ သေချာပါတယ်။ 


ဥရောပမဲဇာမှာတုန်းက နော်ဝေမိတ်ဆွေတဦးကပြောပါတယ်။ နော်ဝေ မှာ နေရင် ဆောင်းကို မိတ်ဆွေဖွဲ့ထားနိုင်မှတဲ့။...အခု ရန်ကုန်မှာတော့ နွေကို မိတ်ဆွေဖွဲ့ထားနိုင်မှဖြစ်မယ်။ ဒီလောက်ပူတဲ့ရာသီဥတု။ ဒါတောင် ဖေဖေါ်ဝါရီဆိုတာ ပြကဒိန်အရ အေးတဲ့ရာသီ။ မတ်-ဧပြီဆိုရင် ဘယ်လိုနေမလဲ။ အယ်နီညိုဝင်ပြီး အပူချိန်ကဲမယ်ဆိုပြီး မိုး-ဇလကလည်း ပြောထားတယ်ဆိုတော့ နွေကို မိတ်ဆွေဖွဲ့မထားရင် မလွယ်ဘူး။
မိတ်ဆွေဖွဲ့တယ်ဆိုပြီး အဲကွန်းခန်းထဲ ထိုင်နေလို့မဖြစ်သေး။ ကိုယ်လက် လှုပ်ရှား အားကစားကလုပ်ဖို့ကလဲ မလွယ်။ အထူးသဖြင့် ရန်ကုန်မှာ စက်ဘီး လမ်းမရှိ၊ မီဒီယာသမား မိတ်ဆွေတချို့ကတော့ပြောပါတယ်။ ညနေပိုင်းဖြစ်ဖြစ် မနက်စောစောဖြစ်ဖြစ် လမ်းလျောက်ပါ။ ဂျွန်ကင်ပြေးပါ။ ဒါမှ ရေရှည်မှာ အိုကေ မယ်။ သူတို့လဲ တပတ်မှာ ၃ ရက်လောက် အနည်းဆုံးလုပ်တယ်ဆို ပါတယ်။


ကိုယ်က ဒီမှာရောက်တာ ၆ လရှိနေပြီ။ ကားကြောက်လို့ စက်ဘီးမစီးရဲ။ လမ်းလျောက်ဖို့ကလဲ မနက်စောစောမနိုး။ ညနေက အလုပ်မပြီးသေး။ အလုပ်ကအထိုင်များတော့ ဗိုက်ကထွက်လာ။ ကဲ.. နွေကို မိတ်ဆွေဖွဲ့ဖို့ နည်းလမ်း သစ်တွေ ရှာလိုက်ပါဦးမယ်။ ။

Friday, June 29, 2018

"စစ်ရာဇဝတ်မှုနဲ့ စွပ်စွဲခံထားရသူတယောက် မြန်မာသမ္မတ ဖြစ်လာလေမလား"


30/6/2018
"စစ်ရာဇဝတ်မှုနဲ့ စွပ်စွဲခံထားရသူတယောက်
မြန်မာသမ္မတ ဖြစ်လာလေမလား"
ဘာတေးလစ်တနာ
( မူရင်းဆောင်းပါးရှင် ၏ အာဘော်သာဖြစ်ပါသည်)
Will an alleged war criminal become president of Myanmar?
Bertil Lintner
June 28 , 2018 12:26pm ။Asia Times . ကိုဘာသာပြန်ပါသည်။
ပြန်ဆိုသူ = ဒေါက်တာသိန်းမြင့် ( လူချို )

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို လူသားများအပေါ်ကျူးလွန်တဲ့
ရာဇဝတ်မှု ဆိုတဲ့စွပ်စွဲချက်နဲ့ ဟိဂ်မြို့ကနိုင်ငံတကာရာဇဝတ်ခုံရုံးကိုပဲ အတင်ခံ ရမလား၊ ထိုအစား နောက်သက်တမ်းမြန်မာသမ္မတအဖြစ် အမျိုးသားရေး စိတ်လှိုင်းလုံး နဲ့ ရေပန်းစား အရွေးခံရမလား။ နိုင်ငံရဲ့ အဝေဖန်အခံရဆုံး ဖြစ်ပေမယ့် နိုင်ငံရေးအရအင်အားကြီးတဲ့ လက်နက်ကိုင်တပ်များရဲ့ စစ်ဦးစီး ချုပ်ဖြစ်သူရဲ့ အနာဂတ်ဟာဘာများဖြစ်လေမလဲလို့ ဖြစ်နိုင်ခြေ များစွာ ရှိနေပါ တယ်။
လူ့အခွင့်အရေးများကိုစနစ်တကျ အလွဲသုံးမှု၊ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်
ဩဂုတ် ကစတင်ခဲ့တဲ့ စစ်တပ်ရဲ့ ရှင်းလင်းရေးစစ်ဆင်မှုများကြောင့် အကြမ်း ပြင်း ၈သိန်းခန့်ရှိမယ် ဘင်္ဂလီများ အိမ်နီးချင်း ဘင်္ဂလားဒေ့ နိုင်ငံထဲ ပြေးဝင် သွားခဲ့ကြတဲ့ မြန်မာအနောက်ပိုင်းရခိုင်ပြည်နယ် အရေးအတွက် ဗိုလ်ချုပ်မှူး ကြီးမှာ တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးအုပ်စုများက တဖက်မှာ ယုံကြည် နေကြပါတယ်။
ဒုက္ခသည်များဟာ တပ်မတော်လို့ သိကြတဲ့ စစ်တပ်ကသူတို့အပေါ်
ကျူးလွန်တယ်ဆိုတဲ့ မုဒိန်းမှု လူသတ်မှု မီးရှို့မှုစတဲ့ ထိတ်လန့်ဖွယ်အကြောင်း အရာတွေ သူတို့နဲ့အတူ ယူဆောင်သွားခဲ့ကြပါတယ်။အခြားတဖက်မှာတော့ နိုင်ငံရေးအကဲခတ်အချို့ကနိုင်ငံရဲ့ထိပ်ဆုံးစစ်သားကြီးဟာ ဝင်ရောက်အရွေး ခံဖို့အစီအစဉ် ကို လူသိရှင်ကြားမကြေငြာထားသော်လည်း၊ နိုင်ငံရေး ရည်မှန်းချက်များ ရှိပုံရတယ်လို့ သိနေကြပါတယ်။ စစ်ဘက်ဒါမှမဟုတ် စစ်ဘက်ကကျောထောက်နောက်ခံပြုထားတဲ့ အာဏာအလွဲပြုမှု ဆယ်စုနှစ်
များစွာ ကို အဆုံးသတ်စေခဲ့တဲ့လက်ရှိအမျိုးသားခေါင်ဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရွေးကောက်ခံNLD ပါတီဟာ ၂၀၁၆မတ် လ အစိုးရ ဖွဲ့ပြီးကတည်းကညံဖျင်းတဲ့ဆောင်ရွက်ချက်များကြောင့်မြန်မာလူထုဟာလတ်ဆတ် သစ်လွင်တဲ့ အခြားတခုကို စောင့်မျှော်ခဲ့ကြပါတယ်။
ရခိုင်က မူစလင်လူနည်းစုကို ဘင်္ဂလားဒေ့ ကခိုးဝင်လာသူများလို့
မြင်ကြတဲ့ မြန်မာ အများစုကြားမှာ ရိုဟင်ဂျာတွေအပေါ်လုပ်ခဲ့တဲ့ စစ်ဘက်ရဲ့ စစ်ဆင်ရေးဟာထောက်ခံကြိုဆိုမှု မရခဲ့တာမဟုတ်ပါဘူး။ ကုလ နဲ့ နိုင်ငံတ ကာ လူ့အခွင့်အရေးအုပ်စုများက "လူမျိုးစုရှင်းလင်းရေး" နဲ့ "လူမျိုးတုန်း သတ်ဖြတ်မှု" လို့တောင်မြင်ခဲ့ကြတဲ့အဖြစ်ဟာမင်းအောင်လှိုင် ရဲ့ ပုံရိပ် နဲ့ ရေပန်းစားမှုကို ဒေသအတွင်းမှာ မြှင့်တင်ပေးနိုင်ခဲ့ပုံရပါတယ်။
လူသားများကိုဆန့်ကျင်မှု ပြစ်မှုနဲ့ နိုင်ငံတကာတရားရုံး ကို လွှဲပို့ခံရ
ခြင်း ဒါမှမဟုတ် ရွေးကောက်ခံရပြီး သမ္မတဖြစ်လာခြင်း ဆိုတဲ့ စိတ်မှန်းပုံရိပ် နှစ်ခုလုံးဟာ သေချာပေါက်ဖြစ်လာနိုင်မယ်လို့တော့ပြောမရသေးပါဘူး။ဒါပေမယ့် ရိုဟင်ဂျာအခြေအနေအတွက် တစုံတရာ တာဝန်ယူမှုရှိဖို့အတွက် နိုင်ငံတကာ ဖိအားက စုဖွဲ့နေပါပြီ။ ဇွန်၂၇ရက်ကထုတ်ပြန်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဘင်္ဂလီများအပေါ် စစ်တပ် ကစစ်ဆင်ရေးဟာလူသားများအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်ပြီးဗိုလ်ချုပ်
မှူး ကြီးမင်းအောင်လှိုင် နဲ့ အခြားအရာရှိ ၁၂ဦး ပါဝင်ပတ်သက်ကြောင်း
ကျယ်ပြန့် ယုံကြည်ရတဲ့ သက်သေများ စုဆောင်းထားပြီးပြီဆိုပါတယ်။ အကြမ်းဖက်မှုများဟာ စစ်သားတဦးချင်း တပ်ဖွဲ့တဖွဲ့ချင်းရဲ့ဆိုးရွားတဲ့ အပြု အမူမျိုးမဟုတ်ပဲ အဆင့်မြင့်ပြင်ဆင်ထားတဲ့ စနစ်ကျတဲ့ တိုက်ခိုက်မှုများ ဖြစ်တယ်ဆိုတဲ့ ဒီအစီရင်ခံစာ ဟာ ဒီဖြစ်ရပ်ကို နိုင်ငံတကာတရားခုံရုံး ကို တင်ဖို့ဆော်ဩထားပါတယ်။
လူမျိုးစုရှင်းလင်းရေးစစ်ဆင်မှု မတိုင်ခင်နဲ့ စစ်ဆင်ရေး အတွင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဘက်ထိပ်တန်းအရာရှိကြီးများ ဟာ ရခိုင်ဒေသ ကိုသွားခဲ့ကြပြီး စစ်ဆင်ရေးကဏ္ဍများကိုကွပ်ကဲခဲ့ကြတယ်
လို့ ဒီအစီရင်ခံစာ ကဆိုပါတယ်။ "လူသားများကိုဆန့်ကျင်တဲ့ပြစ်မှုများ ကျူး လွန်နေကြတယ်" ဆိုတာကိုစစ်ဘက်အကြီးတန်းအရာရှိများဟာ သိရမယ် ဒါမှမဟုတ် သိသင့်တယ်။ သို့နှင့်တိုင် ဒီပြစ်မှု များကို တားဆီးဖို့ သို့မဟုတ် အပြစ်ပေးဖို့သူတို့ရဲ့ အမိန့်အာဏာ ကို အသုံးမပြုဘဲ ပျက်ကွက်ခဲ့ကြတယ် လို့
စွပ်စွဲထားပါတယ်။ ဒါ့အပြင် ဖြစ်ရပ်နောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့
ပြစ်မှု အများစုကြီး ကို ဖာထေးဖို့တောင်ကြိုးစားခဲ့တယ်လို့ စွပ်စွဲပါတယ်။
စွပ်စွဲထားတဲ့ပြစ်မှုများကို အိုင်စီစီကစစ်ဆေးဖို့၊ အိုင်စီစီတရားသူကြီး
များက မြန်မာအစိုးရ ကို ဇူလိုင်၂၇ရက်နောက်ဆုံးထား အကြောင်းပြန်ဖို့ ဇွန်၂၂ရက် က တောင်းဆိုထားပါတယ်။၁၉၉၈ ခုနှစ် အိုင်စီစီစတင်ထူထောင် ခဲ့တဲ့ ရောမ နည်းဥပဒေပြဋ္ဌာန်းမှုကို မြန်မာအစိုးရက လက်မှတ်မထိုးထား တဲ့အတွက် အိုင်စီစီရဲ့ တရားစီရင်နိုင်ခွင့်ပြင်ပမှာရှိနေပါတယ်။ အစိုးရက လည်း ဒီပန်ကြားမှုကို တရားဝင်ပြန်ကြားမှာမဟုတ်ဘူးလို့ပြောထားပါ တယ်။
အိုင်စီစီတရားသူကြီးများအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတခုကတော့
အခု အိုင်စီစီ ရှေ့ကိုရောက်နေပြီဖြစ်တဲ့ ဒုက္ခသည်များရဲ့ ကိုယ်စားလည်များက တင်သွင်းတဲ့ စွဲဆိုချက်အပေါ်ဆက်နွယ်ပါတယ်။နိုင်ငံတကာနယ်စပ်ကို ဖြတ်ကျော်ပြီး ဖြစ်ပေါ်တဲ့ပြစ်မှုရဲ့ အခြေခံ ဥပဒေကြောင်း ဆိုင်ရာအရ- ရောမပြဋ္ဌာန်းချက်အဖွဲ့ဝင် နိုင်ငံတခုရဲ့ ပိုင်နက်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာပါ။
ဘင်္ဂလားဒေ့ ဟာ ၂၀၁၀ မှာ ရောမစာချုပ်ကိုလက်မှတ်ရေးထိုး
ထားခဲ့ပါတယ်။ ဒီစွဲဆိုချက်ကိုသာ လက်ခံခဲ့ရင် အိုင်စီစီဟာ ဘင်္ဂလားဒေ့ ကို တရားစီရင်ရေးမှာ အသုံးချနိုင်ပါတယ်။ ဒါပေမယ့် ဒီအမှုတွဲ အိုင်စီစီ ရောက် တယ်ထားဦး မင်းအောင်လှိုင် ဟာ တရားစွဲဆိုမှုကို ရင်ဆိုင်ဖို့ ဟိဂ်မြို့ကို လာလိမ့်မယ်လို့ ယုံကြည်ထားရင် စိတ်ကူးယဉ်ပဲဖြစ်ပါလိမ့်မယ်။ အပြစ်ရှိ တယ်လို့ မျက်ကွယ်မှာအမိန့်ချခဲ့ရင်လည်း တခုတည်းသောဖြစ်နိုင်ခြေ က စစ်တပ်ဦးစီးအရာရှိချုပ် ဟာ အိုင်စီစီ ကိုလက်မှတ်ထိုးထားတဲ့ နိုင်ငံတွေကို သွားဖို့ ခက်ခဲမှာ တခုပဲဖြစ်ပါတယ်။
တချိန်တည်းမှာ အိုင်စီစီ ရဲ့ အမိန့်ချမှတ်မှု နဲ့ ဗိုလ်ချုပ်မှူးကြီး နဲ့ အခြား ထိပ်တန်းခေါင်းဆောင်များကို လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ရင်မြန်မာဟာ ၂၀၁၁ နဲ့ ၂၀၁၂ မှာ ပိုမိုပွင့်လင်းမှုများဆီသို့ ရွှေ့ပြောင်းခဲ့မှု မတိုင်မီအရင်က လို အနောက်နိုင်ငံများရဲ့ အပယ်ခံဘဝ ကိုပြန်ရောက်သွားပါလိမ့်မယ်။
ဥရောပသမဂ္ဂ ကတော့ ဘင်္ဂလီများအပေါ် ဆန့်ကျင်ခဲ့တဲ့ ကဏ္ဍမှာ
ပါဝင်ခဲ့တဲ့ စစ်အရာရှိ ခုနစ်ဦးကို ပိတ်ဆို့ကန့်သတ်မှုများ ချမှတ်ပြီးဖြစ်ပါ တယ်။သူတို့ထဲကနှစ်ဦးဟာတပ်မှထုတ်ပယ်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီသူများဟာ သူတို့အလိုအတိုင်း လုပ်နိုင်ခဲ့မှာမဟုတ်တဲ့အတွက် ဒီထုတ်ပယ်မှု ဟာတရားခံထိုးကြွေး တာလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ အိုင်စီစီ မှာ တရားစွဲမခံရခဲ့ရင်
သူ ဟာ သမ္မတရာထူးအတွက်ဝင်ရောက်အရွေးခံမလား အမေးရှိပါတယ်။ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ်ရာထူးနဲ့ ညီတဲ့နိုင်ငံတော် အတိုင်
ပင်ခံပုဂ္ဂိုလ်ရာထူး နဲ့စာလျင် ကာကွယ်ရေးဦးစီးချုပ် နဲ့ အငြိမ်းစားအဆင့်မြင့် စစ်အရာရှိနေရာကတောင် သူ့အတွက်အာဏာ ပိုရှိနေတဲ့အချက်ကို စဉ်းစား ကြည့်ရင် ဒီကိစ္စဟာ ချက်ချင်းကြီးတော့ ရှင်းရှင်းလင်းလင်းဖြစ်ဦးမှာ မဟုတ် ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဟာ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်
ပွဲမှာအနိုင်ရခဲ့တဲ့ NLD ရဲ့ သမိုင်းဝင်အောင်ပွဲပြီးနောက် ဒေါ်အောင်ဆန်း
စုကြည် သမ္မတမဖြစ်အောင်တားထားတဲ့ အခြေခံဥပဒေ တားမြစ်ချက်ကို ကွေ့ပတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဖန်တီးပေးခဲ့တဲ့ ရာထူးဖြစ်ပါ တယ်။
အာရှတိုက်က အရပ်ဘက် စစ်ဘက်ဆက်ဆံရေးများ ကျွမ်းကျင်သူ
ဖြစ်တဲ့ အမေရိကန် ပညာရှင် ဇိုလ်တန်ဘာရာနေ ကတော့ ဇန္နဝါရီထုတ် ဒီမိုကရေစီဂျာနယ် က ဆောင်းပါးတပုဒ်မှာ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးတွေ ကနေ ရွေးကောက်ခံအရပ်သားများကို အာဏာထိထိရောက်ရောက်လွှဲပေး တာ မရှိသေးဘူးဆိုပါတယ်။ တပ်မတော်က ဒီလိုမျိုးမဖြစ်စေချင်သေးသ၍ ဒီလိုမျိုးအရေးပါအရာရောက်တဲ့အာဏာလွှဲမှု ရှိမှာမဟုတ်ဘူးဆိုပါတယ်။
တပ်မတော် ဟာ ဒီလိုလုပ်ချင်စိတ် ရှိရဲ့လားဆိုတာလည်းမသဲကွဲ
ပါဘူး။ ပြည်သူ့လွှတ်တော် မှာရော အမျိုးသားလွှတ်တော်မှာပါ တပ်မတော် ဟာ အမတ် လေးပုံတပုံ ခန့်အပ်ထားပါတယ်။စစ်ဘက်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှု ကိုတသမတ်တည်းအကာအကွယ်ပေးထားတဲ့ အုပ်စုပါ။ စစ်တပ်က ဖန်တီး ထားတဲ့ အခြေခံဥပဒေ ကိုပြင်ချင်လျင် အမတ်လေးပုံ သုံးပုံ အထက်သဘော တူရမယ်လို့ ပြဋ္ဌာန်းထားလို့ပါ။ စောင့်ကြည့်သူအများစု က ဒီဥပဒေဟာ
၂၀၀၈ခုနှစ်က မသမာတဲ့ ဆန္ဒခံယူပွဲနဲ့အတည်ပြုခဲ့တာလို့ ယူဆကြပါတယ်။ ဒီဥပဒေ ကို ပြင်မဲ့ လုပ်ဆောင်မှုမှန်သမျှ ကို စစ်ဘက်ကတားဆီးပိတ်ဆို့နိုင်ပါ တယ်။
အခြေခံဥပဒေအရ နိုင်ငံတော်အရေးပေါ်အခြေအနေ ဖြစ်ပေါ်ခဲ့လျင်
စစ်တပ်ဟာ အစိုးရတာဝန်ကို တရားဝင်ရယူနိုင်ပါတယ်။ နိုင်ငံရဲ့အရေး အကြီးဆုံးဝန်ကြီးဌာန သုံးခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ် ရေးရာဝန်ကြီးဌာန ဝန်ကြီးများကိုလည်းစစ်တပ်ကဘဲ ခန့်အပ်တာဖြစ်ပါ တယ်။ပြည်ထဲရေးဝန်ကြီးဌာနဟာ ရဲတပ်ဖွဲ့နဲ့ရဲသတင်းတပ်ဖွဲ့ တို့ကိုထိမ်းချုပ် ထားပါတယ်။ ရဲသတင်းတပ်ဖွဲ့ဟာ အရင်ကဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ လှို့ဝှက်စစ်ထောက်လှမ်းရေးဌာန ရဲ့ တာဝန်ကို ယူထားတယ်လို့ယူဆပါ
တယ်။ လက်တွေ့မှာ ထောက်လှမ်းရေးအလုပ်ထက် လှို့ဝှက် ရဲတပ်ဖွဲ့ ဖြစ်နေ ပါတယ်။ ရဲသတင်းတပ်ဖွဲ့အာဏာရှိလာတာနဲ့အမျှ စစ်တပ်ဟာတိုင်းပြည်ရဲ့ လုံခြုံရေးယန္တယားကို ပိုမို တိုက်ရိုက်ကိုင်တွယ် လာနိုင်တယ်လို့ ယူဆရပါ တယ်။
နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးအာဏာများအားလုံးကို စစ်တပ်
ရဲ့ လက်ထဲမှာ ဖြန့်ကျက်ထားနိုင် တဲ့အခြေအနေမှာ မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာထိပ်ပိုင်းရာထူးကိုစွန့်ပြီး သမ္မတရာထူးကို ဘာကြောင့်ယူချင်သလဲ ဆိုတာ ရှင်းလင်းတဲ့အကြောင်းပြချက်မရှိပါဘူး။ သမ္မတဟာ ဂုဏ်ထူးဆောင် ရာထူးတခုဖြစ်နေပြီး ဟာလာဟင်းလင်းဖြစ်နေတဲ့ နေပြည်တော်မှာ အခြေ စိုက်တဲ့ အာဏာမဲ့ ရုပ်ပြခေါင်းဆောင် ဖြစ်နေလို့ပါ။
အစိုးရကတော့ ကားမောင်းသူနေရာရောက်နေတယ်လို့ လေ့လာသူ
အများစုကယုံကြည်ကြပါတယ်။ စစ်တပ်အပေါ်ဒေါ်စုကြည်ဟာ ဩဇာ အာဏာမရှိပေမယ့် ဘင်္ဂလီအရေးအခင်းမှာ သူမ ဟာ အဝေဖန်ခံနေရပါ
တယ်။ဒီအတွက်ကြောင့် ရက်စက်မှုများအတွက် အဓိကအပြစ်တင်ခံရမယ့် စစ်တပ်ကို တပြိုင်နက်တည်း အကာအကွယ်ပေးသလိုဖြစ်နေပါတယ်။ တပ်မ တော် ရဲ့ ကျူးလွန်မှုကို ဆန်ကျင်မပြောခဲ့တဲ့အတွက် ဒေါ်စုကြည်ကိုစွပ်စွဲနိုင်
ပေမယ့်၊ သူမကိုပါ အိုင်စီစီလွှဲပေးတာမြင်ချင်နေကြတဲ့အချို့သော တက်ကြွ
လှု ပ်ရှား သူများ ယူဆကြသလိုစစ်ရာဇဝတ်မှုများမှာ သူမဟာ " ကြံရာပါ" မဖြစ်နိုင်ပါဘူး။
မင်းအောင်လှိုင်ဟာ နိုင်ငံတခုလုံးမှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ဆိုတာ
သံသယဖြစ်ဖွယ်မရှိသလို၊ ရှေ့မြင်နိုင်တဲ့ အနာဂတ်ကာလ မှာလည်းဒီအတိုင်း အာဏာရှိဆဲဖြစ်ပါလိမ့်မယ်။ သူ့ကို တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ၁၉၅၆ ခုနှစ်ကမွေးဖွားခဲ့ပါတယ်။ ၁၉၇၂-၇၃ မှာ ဥပဒေပညာ ကိုတက္ကသိုလ်မှာ သင်ယူခဲ့ပြီး စစ်တက္ကသိုလ် ကို တတိယအကြိမ်ကြိုးပမ်းမှု ၁၉၇၄ ခုနှစ်မှာမှ တက်ခွင့်ရခဲ့ပါတယ်။ ၁၉၇၇ မှာဘွဲ့ရပြီး စစ်တပ်မှာ ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်အဖြစ်စတင်အမှုထမ်းပါတယ်။ ရာထူးအလျင်အမြန်တိုးခဲ့ပါတယ်။
၂၀၀၁ မှာ အမှတ်၄၄ခြေမြန်တပ်မ တပ်မမှူး ဖြစ်ခဲ့ပြီး၊ မကြာခင် အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ နယ်စပ်ရေးရာများမှာတာဝန်ရှိတဲ့ အနောက်ပိုင်းတိုင်းတိုင်းမှူး ဖြစ်ခဲ့ပါတယ်။၂၀၀၅ မှ ၂၀၀၈ အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသ တိုင်းမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၀၉ခုနှစ်မှာ ရှမ်းပြည်မြောက်ပိုင်း တရုတ်နွယ်ဖွားများကြီးစိုးရာ
ဒေသ က မြန်မာအမျိုးသားမဟာမိတ်တပ်ပေါင်းစု သူပုန်များကိုထိုးစစ်ဆင် တာကို ဦးဆောင်ခဲ့ပြီးနောက်အထူးစစ်ဆင်ရေးအဖွဲ့ ၂ ခေါင်းဆောင်အဖြစ် ထူးတိုး နာမည်ကျော်ခဲ့ပါတယ်။ ၂၀၁၁ မတ်ကတည်းက စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနေရာဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန် ကို ယူခဲ့ပါတယ်။
စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တယောက်အနေနဲ့ သူဟာ တပ်မတော် အတွင်းကသူနဲ့ပြိုင်ဘက်ဖြစ်လာနိုင်သူအားလုံးကို ကျွမ်းကျင်စွာပညာပြနိုင်ခဲ့ ပါတယ်။ ထိုသူများကို အကျင့်ပျက်ခြစားမှုကြောင့်ရာထူးမှထုတ်ပစ်၍သော် လည်းကောင်း သူ့အောက်တဆင့်နိမ့်ရာထူးကို မပေးပဲ အခြားတန်းစီစာရင်း မှာ အဆင့်နိမ့်တဲ့ရာထူးများတိုးပေးခြင်းဖြင့်သော်လည်းကောင်း လုပ်ခဲ့ပါ တယ်။ ဒီနည်းအားဖြင့် သူ့အပေါ်အလွန်သစ္စာရှိတဲ့အရာရှိအုပ်စုကိုဖန်တီး ယူခဲ့ပါတယ်။
မင်းအောင်လှိုင် ရဲ့ ဒေသအပေါ်အမြင်များကိုတော့ အတိအကျပြော
ရန်ခက်ပါတယ်။၂၀၁၁ နိုဝင်ဘာ မှာ တရုတ်နဲ့ ဆက်သွယ်ရေးခိုင်မာစေဖို့ ညှိနှိုင်းရာမှာ သူဟာ တပ်မတော် ကိုယ်စားလှည်ဖြစ်ခဲ့ပါတယ်။ တရုတ်မြန်မာ နယ်စပ်တလျောက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက်ရင်းနှီးစွာပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုကာလ မှာပဲ တရုတ်သမ္မတ ရှီကျင့်ပင် နဲ့တွေ့ခဲ့ပါတယ်။ ဒါပေမယ့် သူကာကွယ်ရေး ဦးစီးချုပ် ရာထူးယူပြီးပြီးချင်း ပထမဆုံးသွားတဲ့ နိုင်ငံခြားခရီးက ဘေဂျင်း မဟုတ်ပဲ တရုတ်ရဲ့ ရိုးရာရန်ဘကဗီယက်နမ် ဆိုတာကိုမေ့ထားလို့မဖြစ်ပါ ဘူး။ မြန်မာ နဲ့ ဗီယက်နမ်ဟာ သူတို့ရဲ့မြောက်ဘက်ကအင်အားကြီးမားတဲ့ အိမ်နီးချင်း ကိုကြောက်ရခြင်းဟာ တူညီတဲ့ ဘုံလက္ခဏာပါ။ ဒါကြောင့် မင်းအောင်လှိုင် ဟာ သူ့ရဲ့ဗီယက်နမ်အိမ်ရှင်များနဲ့ ဆွေးနွေးစရာများစွာ ရှိတယ်လို့ယူဆရင် သဘာဝကျပါလိမ့်မယ်။
အမှန်တကယ်လည်း နေပြည်တော်အတွင်းလူများက ယူဆတာက
မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက်အရာရှိများဟာ ဒေါ်စုကြည်ဟာတရုတ်နဲ့ နီးစပ်လွန်းပြီး တရုတ်ကလွယ်လွယ်နဲ့ ကြိုးကိုင်သွားနိုင် လိမ့်မယ်လို့ ထင်နေကြတယ်ဆိုပါတယ်။ ၂၀၂၀နောက်တကြိမ်ရွေးကောက်ပွဲမှာ ဘာဖြစ်လိမ့်မလဲလို့ ဟောကိန်းထုတ်ဖို့တော့ စောလွန်းနေပါသေးတယ်။ ဒါပေမယ့် NLD ဟာသူ့ရဲ့ယခင်ကရေပန်းစားမှုများ များစွာ ပျောက်ဆုံးခဲ့ တယ်ဆိုတာကတော့ သံသယရှိစရာမလိုပါဘူး။ အထူးသဖြင့် သူတို့ရဲ့ နာကြည်းချက်များကိုဒေါ်စုကြည် နားလည်ပေးဖို့ပျက်ကွက်ခဲ့လို့ စိတ်ပျက်ခံ စားခဲ့ရတဲ့ တိုင်းရင်းသား လူမျိုးစုဒေသများမှာပါ။ အလားတူပဲ သူတို့ထွေး ပွေ့ထားခဲ့ကြတဲ့ မျော်လင့်ချက်အိပ်မက်များကို NLD ရဲ့ ညံ့ဖျင်းတဲ့လုပ်ဆောင် ချက်များက လွင့်ပစ်လိုက်တာခံရတဲ့ မြို့ပြနေပညာတတ်များ ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူဟောင်းကြီးများကြားမှာလည်း ထို့အတူပါပဲ။ 
NLD က ၂၀၁၆ရွေးကောက်ပွဲမှာနိုင်ပြီး အာဏာလွှဲပြောင်းယူချိန်
အထိ ( အကြီးအကျယ်ဝေဖန်ခံရပြီး လုပ်ဇာတ်ကြီးလို့ စွပ်စွဲခံရတဲ့
၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး) အစိုးရတာဝန်ယူခဲ့ တဲ့ ပြည်ခိုင်ဖြိုး အဖွဲ့ ဟာ ၂၀၂၀မှာ နိုင်ခြေ အနည်းငယ် သို့မဟုတ်လုံးဝမရှိဘူး ဆိုတာကို
တော့ နိုင်ငံရေးအကဲခတ်များကယုံကြည်ကြပါတယ်။ဒါပေမယ် ပြည်ခိုင်ဖြိုး ပါတီ နဲ့ သူကတဆင့် စစ်တပ် တို့ဟာ၂၀၁၅ ခု NLD မဲရခဲ့ရာ အခြေခံဒေသ
မျကို ခွဲပစ်ဖို့ ရည်ရွယ်ထားကောင်းထားနိုင်ပါတယ်။ ဒေသဆိုင်ရာ တိုင်းရင်း သားပါတီများနဲ့မဟာမိတ်ပြုတဲ့နည်းလမ်း ၊ NLD အတွက်အရေးပါတဲ့ ထောက်ခံသူများရှိရာပြည်မမှာ အခြားပါတီကွဲများ ထောင်ခြင်းကိုအားပေးတဲ့
နည်းလမ်းများနဲ့ ဖြစ်ပါတယ်။
အသေချာဆုံးအချက်ကတော့ ၁၉၆၂ခုနှစ်ကစလို့ အသွင်မျိုးစုံ
ပြောင်းပြီး တိုင်းပြည်ကိုအုပ်ချုပ်လာခဲ့တဲ့ စစ်တပ်ဟာ ကြိုမြင်နိုင်တဲ့ အနာ ဂတ်ကာလအထိ မြန်မာရဲ့ အင်အားအကြီးဆုံး အင်စတီကျူ ရှင်း (အသင်း အပင်း၊ အဖွဲ့အစည်း)အဖြစ်ရှိနေဆဲဖြစ်မယ်ဆိုတဲ့အချက်ပါ။ ဇူလိုင် မှာ အသက်၆၂နှစ်ပြည့်မယ့် မင်းအောင်လှိုင် ဟာထိုကာလမတိုင်မီ အငြိမ်းစား ယူချင်မှလည်းယူပါလိမ့်မယ်။လူ့အခွင့်အရေး နဲ့ အခြားအလွဲသုံးမှုများကြောင့် အစွပ်စွဲခံခဲ့ရတဲ့မြန်မာစစ်တပ်က အာဏာကြီးခဲ့သူများရဲ့ သမိုင်းကိုပြန် ကြည့်ပြီးပြောရရင်တော့ မင်းအောင်လှိုင် ဟာ မြင်ကွင်းပေါ်က မကြာမတင်
မှိန်ပျောက်သွားမယ့် အနေအထားမှာ မရှိသေးပါဘူး။ 
ဘာတေးလစ်တနာ။
ဘာသာပြန်ဆိုသူ = ဒေါက်တာသိန်းမြင့် ( လူချို )

Monday, March 26, 2018

ရန်-ငါ စည်းမရှိတော့ပေမယ့် Moral စည်းလေးတော့ ရှိစေချင်

The Voice Daily, 
26-Mar-2018 

အနာဂတ်ကောင်းဖို့ အတိတ်ကိုမေ့စို့

အတိတ်ကအမှားတွေအကြောင်း ငြင်းခုံနေရင် အနာဂတ်ဆီ မသွားနိုင်တော့ဘဲ အတိတ်မှာပဲ တဝဲလည်လည်ဖြစ်နေမယ်။ ဒါကြောင့် အတိတ်ကိုမေ့ထားပြီး အနာဂတ်ကိုသာ ဦးတည်ရမယ်လို့ မြန်မာနိုင်ငံရေးသမားတချို့က လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း စတင်ပြောဆိုလို့လာပါတယ်။ အဲဒီနောက်ပိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အသံတွေကျယ်လောင်လာပြီး အာဏာရှင်ဟောင်းတွေ၊ အာဏာရှင်သစ်တွေ၊ ခရိုနီ၊ ခရိုပြာတွေ အားလုံးနဲ့ လက်တွဲဆောင်ရွက်ရမယ်ဆိုတဲ့ လမ်းကြောင်းပေါ် ဒီလူတွေ ရောက်သွားခဲ့ပါတယ်။


ဒီသဘောတရားဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ထွက်ပေါ်ခဲ့တဲ့ ကြောင်ဖြူ-ကြောင်မည်းက အဓိကမဟုတ်ဘူး။ ကြွက်ခုတ်ဖို့သာ အဓိကဆိုတဲ့ စကားလုံးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ အဓိပ္ပာယ်က စံတွေ၊ မူတွေက အဓိကမဟုတ်ဘူး။ အလုပ်ဖြစ်ရေးက အဓိကဆိုတဲ့ဘက်ကို ဦးစားပေးလာတဲ့သဘောပါ။

စံချိန်စံညွှန်းကို အလေးထားသူတွေက ဒီအဆိုကို လက်ခံဖို့ ဝန်လေးနေဆဲဖြစ်ပေမယ့် အများစုကတော့ သဘောတရားအငြင်းပွားရေးထက် ပြည်သူတွေ ထမင်းဝရေးက ပိုအရေးကြီးတယ်။ ဒါကြောင့် ပြည်သူသာ အကျိုးရှိမယ်ဆိုရင် အရင်ကဖြစ်ခဲ့တဲ့ မှားတာ၊ မှန်တာကို ခဏထား။ လူဆိုးရော သူခိုးပါ အားလုံးနဲ့လက်တွဲဆောင်ရွက်နိုင်မှ တိုင်းပြည်တိုးတက်လာမှာဖြစ်တယ်လို့ ပြောလာကြပါတယ်။ 

ကဲ... ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ စတင်လာခဲ့တဲ့ မြန်မာ့နည်း မြန်မာ့ဟန် သီအိုရီ အခု ဘယ်လောက်အလုပ်ဖြစ်နေပြီလဲ။ စစ်အာဏာရှင်တွေ၊ ခရိုနီစီးပွားရေးသမားတွေက မြန်မာ့နိုင်ငံရေးတိုးတက်မှု၊ စီးပွားရေးတိုးတက်မှုအတွက် ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နေပြီလဲ။ ဒါမှမဟုတ် ဒီမူဝါဒက ဒီမိုကရေစီအင်အားစုတွေအပေါ် Backfire (ပြောင်းပြန်ရလဒ်) ဖြစ်လာနေပြီလား။ ၅ နှစ်တာ အစိုးရသက်တမ်းရဲ့ တစ်ဝက်ခရီးမှာ ဒါတွေကို မေးခွန်းထုတ်သင့်တယ် မဟုတ်ပါလား။

လူ့အခွင့်ရေးဆုတွေ ပြန်ရုပ်သွားခြင်း

၂ နှစ်ကျော်ကာလအတွင်း အသိသာဆုံးမြင်ရတဲ့ Backfire ကတော့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကပေးထားတဲ့ ဆုလာဘ်တွေ အတော်များများ ပြန်လည်ရုပ်သိမ်းသွားခြင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ်ထောက်ခံနေသူတွေကတော့ ဒါဟာ အရေးမကြီးဘူး။ ဆုရဖို့လုပ်နေတာမဟုတ်တဲ့အတွက် နိုင်ငံတကာက ကြိုက်သလိုပြော၊ ပြည်တွင်းမှာ အများစုထောက်ခံပြီး အလုပ်ဖြစ်နေရင်ပြီးတာပဲလို့ ဆိုကြပါတယ်။ 


ဒါပေမဲ့ ပညာတတ်အသိုင်းအဝိုင်းနဲ့ ဝေဖန်ဆန်းစစ်သူတွေကြားမှာတော့ ဒီကိစ္စပေါ် မေးခွန်းထုတ်မှုတွေ ရှိလာနေပါတယ်။ မြန်မာ့ဒီမိုကရေစီအသွင်ပြောင်းမှုလုပ်ငန်းစဉ်ဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ လွဲလာနေလို့ ဒီလိုဆုတွေ ပြန်ရုပ်သိမ်းခံနေရတာလား။ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်ကို သည်းသည်းလှုပ်ထောက်ခံခဲ့တဲ့ အနောက်ကမ္ဘာကလူတွေ ဘာကြောင့် ချက်ချင်းကြီး သဘောထားပြောင်းသွားကြတာလဲ။ စဉ်းစားစရာတွေက တသီတတန်းကြီးပါပဲ။

ဒီလိုဆုတွေ ပြန်ရုပ်သိမ်းခြင်းအကြောင်း ပြောမယ်ဆိုရင် ဟိုးလေးတကျော်ဖြစ်နေတဲ့ ဘင်္ဂါလီ (နိုင်ငံတကာမီဒီယာအခေါ် ရိုဟင်ဂျာ) တွေ သိန်းနဲ့ချီထွက်ပြေးနေရတဲ့ ရခိုင်မြောက်ပိုင်းပြဿနာကို ချန်လှပ်ထားလို့ မရနိုင်ပါ။ နိုင်ငံတကာဘက်က ဒီကိစ္စကို လူ့အခွင့်အရေးချိုးဖောက်မှုလို့ မြင်ထားပြီး မြန်မာအများစုဘက်ကတော့ နိုင်ငံတော်အချုပ်အခြာအာဏာ ပြဿနာ၊ အမျိုးဘာသာပြဿနာလို့ မြင်ထားကြပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မြန်မာတို့ရဲ့ စံချိန်စံညွှန်း ကွာဟနေတဲ့ သင်္ကေတတစ်ခုပေါ့။

ဒါပေမဲ့ ပြဿနာက ဒီလောက်နဲ့ ပြီးမသွား။ လူ့အခွင့်အရေး စံပြပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးချိုးဖောက်နေမှုတွေကို ဘာမှဝင်ရောက်မတားဆီးဘူး။ လက်တွေ့မတားနိုင်ရင်တောင် သဘောတရားအရ ဝင်ရောက်တားဆီးတာတောင် မလုပ်ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးချိုး ဖောက်နေသူတွေနဲ့ ကြံရာပါဖြစ်တယ်။ အာဏာရှင်တွေကိုအရေးယူရင် သူ့ကိုပါအရေးယူရမယ်ဆိုတဲ့အထိ နိုင်ငံတကာဘက်က ပြောလာနေပါတယ်။

ရန်-ငါ စည်း ဆက်ထားဖို့မလိုတော့ပေမယ့် Moral စည်းတော့ တောင့်ထားဖို့လိုသေးတယ်

တကယ်တော့ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် လူဆိုးရော၊ သူခိုးပါ အားလုံးနဲ့ လက်တွဲဆောင်ရွက်ဖို့ ဝန်မလေးဘူးဆိုတဲ့ မူဝါဒကိုချမှတ်ပြီးကတည်းက ရန်-ငါ စည်းဆိုတာ မရှိတော့ပါ။ ဒါပေမဲ့ လူတိုင်းဟာ နိုင်ငံရေးသမားမဟုတ်တဲ့အတွက် တချို့လူတွေမှာ သူ့ဘာသာ သတ်မှတ်ထားတဲ့ ခံယူချက်၊ စံသတ်မှတ်ချက်တွေက အခုချိန်ထိ ခိုင်ခိုင်မာမာကျန် နေကြဆဲဖြစ်ပါတယ်။ 


တစ်လောက လူထုရွေးချယ်ခံ တိုင်းအစိုးရဝန်ကြီးချုပ်တစ်ဦးနဲ့ အာဏာရှင်ဟောင်းရဲ့မြေးတစ်ဦး တွဲရိုက်ထားတဲ့ဓာတ်ပုံ မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး လူမှုကွန်ရက်မီဒီယာ Facebook ပေါ် ရောက်လာပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီဓာတ်ပုံကို တင်လိုက်မှန်းမသိပေမယ့် တိုင်းအတွင်းမှာတော့ ဝေဖန်မှုဂယက် အတော်ထသွားခဲ့ပါတယ်။ NLD ပါတီဝင် ရွေးကောက်ခံဝန်ကြီးတစ်ဦးနဲ့ အာဏာရှင်မျိုးဆက်သစ်တွေအကြား ဒီလိုပူးပေါင်းဆောင်ရွက်သင့်ပါသလားဆိုပြီး အတော်များများက မေးခွန်းထုတ်ကြပါတယ်။

တိုင်းအစိုးရဘက်က ပြန်ရှင်းတာကတော့ အာဏာရှင်မျိုးဆက်သစ်ကို အားပေးတာမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တယ်ဆိုလို့ တခြားစီးပွားရေးလုပ်ငန်းရှင်တွေလို ပုံမှန်တွေ့ဆုံခြင်းသာ ဖြစ်တယ်လို့ဆိုပါတယ်။ အလုပ်သဘောအရဆိုရင်တော့ ဒီရှင်းလင်းချက်ဟာ လုံလောက်ပါတယ်။ အားလုံးနဲ့ လက်တွဲဆောင်ရွက်မယ်လို့ မူဝါဒချထားတဲ့အတွက် ဒီလိုတွေ့ဆုံမှုဟာ ဘာပြစ်မှုမှမမြောက်ပါ။ ဘာအမှားအယွင်းမှ မရှိပါ။

ဒါပေမဲ့ သာမန်နိုင်ငံသားတစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ စွဲကပ်နေဆဲဖြစ်တဲ့ စံချိန်စံညွှန်းဆိုင်ရာ၊ ဂုဏ်သိက္ခာဆိုင်ရာ သတ်မှတ်ချက်တွေအရ ဒါမျိုးမလုပ်သင့်ဘူး၊ ဒါမျိုးလုပ်တာဟာ ဒီမိုကရေစီရေးအတွက် အသက်ပေးသွားသူတွေကို စော်ကားရာရောက်တယ်ဆိုပြီး ခံစားနေကြပါတယ်။

တကယ်ဆို သာမန်လူထုတင်မကပါဘူး။ တော်လှန်ရေးသမားဟောင်းတွေရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေနဲ့။ ပြည်တော်ပြန်ခရီးစဉ်တွေအတွင်း တွေ့ခဲ့ဖူးတဲ့ တော်လှန်ရေးရဲဘော်ဟောင်းတွေက လက်ရှိ သူပုန်ခေါင်းဆောင်ပိုင်းနဲ့ အာဏာရှင်တွေ၊ ခရိုနီတွေ စံနှုန်းမဲ့ နီးနီးကပ်ကပ်ပေါင်းသင်းဆက်ဆံနေတဲ့အပေါ် စိတ်မချမ်းမသာ ဖြစ်နေကြပါတယ်။ အသက်ပေးသွားတဲ့ အောက်ခြေရဲဘော်တွေကို စော်ကားရာရောက်နေတယ်ဆိုပြီး သူတို့က ပြောကြပါတယ်။

တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် အာဏာရှင်တွေနဲ့လက်တွဲပြီး ဒီမိုကရေစီကိုဖော်ဆောင်တဲ့အခါ ရန်-ငါ စည်းဆက်ထားဖို့ မလိုတော့ပေမယ့် Moral (အကျင့်သိက္ခာ၊ ကိုယ်ကျင့်တရား) စည်းလေးတော့ ခြားထားဖို့ လိုနေဦးမယ်ထင်ပါတယ်။

အသွင်ကူးပြောင်းရေးကာလနှင့် Moral ပြဿနာ

Moral စည်းမရှိတဲ့ပြဿနာက နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာတင် မကပါဘူး။ လူမှုရေးကိစ္စမှာပါ ဆိုးဆိုးဝါးဝါးဖြစ်တာကို တွေ့နိုင်ပါတယ်။ လတ်တလောမြင်နေရတဲ့ သာဓကတချို့ကို ထုတ်ပြရမယ်ဆိုရင် NLD ပါတီရဲ့ ဥပဒေအကြံပေးအရာရှိ ဦးကိုနီ လုပ်ကြံခံရမှုအတွက် တရားရုံးမှာစစ်ဆေးနေစဉ် လူသတ်သမားကို ထောက်ခံပါတယ်ဆိုတဲ့ စာတွေရေးထားတဲ့ တီရှပ်တွေဝတ်ပြီး လူတချို့က ပေါ်တင်လာရောက် ဆန္ဒပြတာမျိုး၊ လူသတ်သမားရဲ့ ဆရာတော်ပါဆိုပြီး ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါးက Facebook ပေါ် ပြောဆိုတာမျိုးတွေဟာ Moral ပြဿနာ ကြီးမားလာနေခြင်းကို သက်သေပြနေပါတယ်။


တစ်နေ့က နေပြည်တော်မှာ ယာဉ်တိုက်မှုဖြစ်တော့ ကားသမားက ရပ်မပေးဘဲ ဆက်မောင်းပြေးတဲ့အတွက် ချိတ်မိတဲ့ ဆိုင်ကယ်သမား ပွဲချင်းပြီး သေသွားတယ်ဆိုပါတယ်။ ကားသမားက စစ်မှုထမ်းဖြစ်နေလို့ ရွေးပြောခြင်းမဟုတ်ပါ။ စစ်မှုထမ်းမဟုတ်တဲ့ တခြားလူတွေလည်း ဒီလိုပဲ တိုက်ပြီးရင် မောင်းပြေးကြတာ သတင်းတွေထဲ မကြာခဏဖတ်နေရပါတယ်။ ဘာကြောင့်လဲ။ 

ပြီးခဲ့တဲ့ခရီးစဉ်တုန်းက ရန်ကုန်မြို့လယ်မှာ လမ်းဖြတ်ကူးတော့ ကားတွေက ရပ်မပေးဘူး။ ဟွန်းအသားကုန်တီးပြီး သေသွားချင်လားလို့ အော်ပြောပါတယ်။ လူကူးမျဉ်းကျားပေါ်ကူးနေတဲ့လူက အမှားလား၊ စည်းကမ်းမဲ့မောင်းတဲ့ ကားသမားက အမှားလား။ ယာဉ်ထိန်းရဲကလည်း ဒါတွေကို စိတ်မဝင်စားတော့ စာရေးသူနဲ့ တခြားတစ်ဦးနှစ်ဦးမှအပ ဘယ်သူကမှ မျဉ်းကျားမှာကူးတာမတွေ့၊ အားလုံးကြုံတဲ့နေရာမှာကူး။ ကားတွေလည်း ကြုံသလိုမောင်းနဲ့ အမှားအမှားချင်း အဆင်ကိုပြေလို့။ အမှန်ကိုပြောရင်တောင် လူတွေက လက်မခံချင်တော့တဲ့အဆင့်အထိ Moral ပြဿနာက ရှိလာနေပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်၊ စာရေးသူတို့ ကျောင်းသားဘဝကဆို “ခြင်္သေ့မှန်ရင် မြက်မစားဘူး”၊ “မိုးခါးရေ မသောက်ဘူး”၊ “လူဆိုးတွေနဲ့တော့ မပေါင်းနိုင်ဘူး”...စသဖြင့် စံသတ်မှတ်ချက်တွေ အတော်များများ ရှိပါသေးတယ်။ အခု ဒါတွေမရှိတော့ပါ။ မြက်ပဲဖြစ်ဖြစ်၊ အသားပဲဖြစ်ဖြစ် ဘားစားစား ဗိုက်ပြည့်ဖို့က အဓိကဖြစ်လာနေပါတယ်။ လူဆိုးပဲဖြစ်ဖြစ်၊ သူခိုးပဲဖြစ်ဖြစ် အာဏာရှိသူ၊ ငွေရှိသူဆိုရင် လက်ဆွဲနှုတ်ဆက်ဖို့ ဝန်မလေးနေတော့ပါ။ အာဏာရှင်တွေ၊ ခရိုနီတွေဆီမှာ အခစားဝင်နေကြတဲ့ တစ်ချိန်က တော်လှန်ရေးသမား၊ နိုင်ငံရေးသမားဆိုသူတွေ များလာနေတဲ့အထိ Moral ပြဿနာ ကြီးမားလာနေပါတယ်။

ဒီပြဿနာတွေအတွက် ဘယ်သူ့ဆီမှာ တိုင်တန်းရမှာလဲ၊ ဒီပြဿနာ ပြေလည်အောင် ဘယ်သူတွေက ဖြေရှင်းပေးနိုင်မှာလဲ။ ဒီဆောင်းပါးရေးနေစဉ် ကြားလိုက်မိတဲ့ ဘီဘီစီသတင်းတစ်ပုဒ်မှာတော့ ကျေးလက်ဒေသက ပြည်သူတချို့ဟာ အစိုးရကိုလည်း အားမကိုးရဲ၊ တပ်မတော်ကိုလည်း ကြောက်နေရဆဲဖြစ်တာမို့ တပ်သိမ်းမြေတွေ ပြန်ရရေးအတွက် ရိုးရာနတ်ဆီမှာ ဆုတောင်းပွဲလုပ်နေကြတယ်ဆိုပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ မြေနီကုန်းရွာမှာ အခုလို ဆုတောင်းပွဲ လုပ်နေတာဖြစ်ပြီး ဒီသတင်းဟာ အဲဒီနေ့အတွက် Facebook မှာ လူစိတ်ဝင်စားမှု အများဆုံးရနေတဲ့သတင်း ဖြစ်တယ်ဆိုပါတယ်။

ကဲ... အများပြည်သူဘဝ အားကိုးရာမဲ့ဖြစ်နေပြီလား။ အမှန်တရားပေါ် ရပ်တည်လိမ့်မယ်လို့ အများက ယုံထားတဲ့လူတွေက အတိတ်မှာ အမှား ကျူးလွန်ခဲ့ဖူးသူတွေနဲ့ လက်တွဲဆောင်ရွက်နေကြတဲ့အခါ အဲဒီလူတွေကိုပါ ပြည်သူက အားကိုးယုံကြည်ဖို့ စိတ်ပျက်သွားကြတာမျိုးလား။ ရွေးကောက်ခံအစိုးရနဲ့စာရင် ရိုးရာနတ်ကမှ တပ်သိမ်းမြေကို ပြန်ရအောင်လုပ်ပေးနိုင်မလားဆိုပြီး လူထုက အရွဲ့တိုက်ပြနေတာမျိုးလား။ အသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီအင်စတီးကျူးရှင်းတွေ ဘာမှ အခိုင်အမာ မတည်ဆောက်နိုင်လို့ အခုလိုဖြစ်သွားတာမျိုးလား။

အနှစ်ပြန်ချုပ်ရရင်တော့ နှစ် ၆၀ နီးပါး စစ်အာဏာရှင်အစိုးရ အဆက်ဆက်ရဲ့ ဖိနှိပ်မှုအောက်မှာ ပြားပြားဝပ်နေခဲ့ရတဲ့ အများပြည်သူဘဝ တစ်စုံတစ်ရာ သက်သာချောင်ချိလာစေရေးအတွက် အာဏာရှိသူ၊ ငွေရှိသူနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်၊ အတိတ်ကအမှားတွေအတွက် ဘာမှ မပြောတော့ဘူးဆိုတဲ့ မူဝါဒကို နားလည်ပေးလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီမူဝါဒရဲ့ ဘေးထွက်ဆိုးကျိုးသက်ရောက်မှုက နိုင်ငံရေးနယ်ပယ်တင်မကပဲ အများပြည်သူအကြားအထိ Moral ကျဆင်းမှုပြဿနာ အတော်ဆိုးဝါးလာနေပြီဆိုတာကိုတော့ နိုင်ငံရေးသမားတွေ အချိန်မီ ပြန်သုံးသပ်ဖို့ လိုနေပြီဖြစ်ပါတယ်။ ။


ထက်အောင်ကျော်

Monday, March 12, 2018

နှစ်ပေါင်း ၃၀ ကြာပြီးတဲ့အခါ ၈၈ ကျောင်းသားတွေ ဘယ်နားမှာ

The Voice Daily.
12-Mar-2018 

နှစ် ၃၀ ပြည့် ဖုန်းမော်နေ့

မနက်ဖြန်ကျရောက်မယ့် မတ်လ ၁၃ ရက်နေ့ဟာ နှစ် ၃၀ ပြည့် ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ၁၉၈၈ ကာလက တက္ကသိုလ်ကျောင်းသားလူငယ်တွေ စတင်ခဲ့တဲ့ ၈ လေးလုံးလှုပ်ရှားမှု၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး - ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုစတင်ခြင်း နှစ် ၃၀ ပြည့်နေ့ပေါ့။



အဲဒီနေ့မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ အားလုံးသိပြီးသားမို့ သိပ်ရှင်းပြနေဖို့ လိုမယ်မထင်ပါ။ အားလုံးဆိုတာ ၈၈ ကို မီခဲ့သူ၊ ၈၈ ကနေ ဒီနေ့အထိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေကို မျက်ခြည်မပြတ်လေ့လာနေသူတွေကို ဆိုလိုတာပါ။ ဒါပေမဲ့ ၈၈ နောက်ပိုင်းမှာ မွေးသူတွေတောင် အခု အသက် ၃၀ ရှိနေပြီမို့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်က အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အသက် ၃၀ အောက် ဒီနေ့လူငယ်တွေ သိပါ့မလား။ စာသင်ကျောင်းတွေမှာကော ၈၈ သမိုင်းကို (NLD အစိုးရသစ် လက်ထက်မှာတောင်) သင်ကြားပေးနေရဲ့လား။

အနှစ်ချုပ်ပြောရမယ်ဆိုရင် ၂၆ နှစ်ကြာနေပြီဖြစ်တဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ်၊ ပညာရေးစနစ်တွေအပေါ် မကျေမလည်ဖြစ်နေတဲ့ ကျောင်းသားထုဟာ ၁၉၈၇ စက်တင်ဘာမှာ ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ငွေစက္ကူတွေကို တရားမဝင်တော့ဘူးလို့ အစိုးရက ရုတ်တရက် ကြေညာလိုက်တဲ့အတွက် သုံးစရာမရှိ၊ စားစရာမရှိဖြစ်သွားလို့ပါ။ အဲဒီလို အခံရှိနေရာကနေ ၁၉၈၈ မှာ ကျောင်းတွေပြန်ဖွင့်တော့ ပေါက်ကွဲမှုမြင့်မားလာတယ်လို့ ဆိုချင်ပါတယ်။

သာမန်ကြည့်လိုက်ရင်တော့ စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အင်းစိန်ဘက်က အရပ်သားတွေကြား မကျေလည်မှုကနေ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်နောက်ခံအချက်အလက်က နိုင်ငံရေးမကျေလည်မှုပါ။ ဒါကို အဲဒီကာလအစိုးရက စနစ်တကျမကိုင်တွယ်ဘဲ လက်နက်နည်းနဲ့ ပစ်ခတ်ဖြေရှင်းတော့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ မတ်လ ၁၃ ရက်နေ့မှာ ကျဆုံးခဲ့ရပြီး တခြားကျောင်းသားတွေ ဒဏ်ရာရ၊ တချို့ အဖမ်းခံရ၊ တချို့ ကျောင်းထုတ်ခံရ ဖြစ်ခဲ့ပါတယ်။

ဒါက ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းအတွင်း ဖြစ်ပွားခဲ့တာပါ။ ဒီသတင်းဟာ ရန်ကုန်ရှိ တခြားကျောင်းတွေနဲ့ ပြည်နယ်တိုင်းအသီးသီးရှိ ကျောင်းတွေ ဆီပျံ့နှံ့သွားပြီး တစ်နိုင်ငံလုံးမှာ ကျောင်းသားဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အကျိုးဆက်ကတော့ ကျောင်းတွေကိုပိတ်ပြီး ကျောင်းသားအားလုံးကို အိမ်ပြန်ပို့လိုက်တာပါပဲ။ ဇွန်လမှာ ကျောင်းတွေပြန်ဖွင့်တော့ အခြေအနေတွေဟာ ထိန်းမရတော့ဘဲ ဆန္ဒပြပွဲဆက်တိုက်ဖြစ်ကာ နောက်ဆုံး ၈ လေးလုံး အရေးတော်ပုံအဖြစ် လူသိများတဲ့ ဩဂုတ်လ ၈ ရက်နေ့ လူထုအုံကြွမှုကြီးဆီ ရောက်သွားခဲ့ပါတယ်။

အဲဒီ မတ်လ ၁၃ ကနေ စက်တင်ဘာ ၁၈၊ စစ်တပ်က အာဏာသိမ်းချိန်အထိ ပစ်ခတ်မှုတွေအတွင်း ကျဆုံးသူဦးရေ ၃၀၀၀ အထိရှိနိုင်တယ်လို့ သမိုင်းဆရာတွေက ပြောပါတယ်။ ဒါပေမဲ့ အခုချိန်အထိ အစိုးရဘက်က တရားဝင်ထုတ်ပြန်ထားတဲ့စာရင်း မရှိသေးပါ။ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ၈ လေးလုံးသမိုင်းပြတိုက်ဆိုပြီး ရန်ကုန်မှာလုပ်နေတယ်လို့ သတင်းတွေကြားရပေမယ့် လူ ၃၀၀၀ စလုံးရဲ့အမည်စာရင်းတွေရရဲ့လား၊ ကျောင်းသုံးသမိုင်းစာအုပ်မှာ ၈၈ သမိုင်းကို ဘယ်လိုရေးသားဖော်ပြထားသလဲ၊ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

ဒါက လွန်ခဲ့တဲ့နှစ် ၃၀ က ဖြစ်ခဲ့တဲ့ သမိုင်းကြောင်း အနှစ်ချုပ်ပါ။ စာရေးသူ တကယ်ပြောချင်တာက သမိုင်းကြောင်းမဟုတ်ပါဘူး။ အဲဒီသမိုင်းဖြစ်စဉ်အစပိုင်းမှာ ပါဝင်ခဲ့တဲ့ ၈၈ ကျောင်းသားတွေ အခု နှစ် ၃၀ ကြာပြီးတဲ့အချိန်မှာ ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေကြသလဲဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ က သူတို့မျှော်မှန်းခဲ့သလို စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းသွားပြီလား၊ ဒီမိုကရေစီအခွင့်အရေးတွေ ရနေပြီလား။ လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ အဲဒီကာလက သူတို့မျှော်မှန်းခဲ့တဲ့အတိုင်း ဟုတ်ပါရဲ့လား...။

လမ်းသုံးသွယ်နှင့် ၈၈

၈ လေးလုံး အရေးတော်ပုံအတွင်း ဦးဆောင်ပါဝင်ခဲ့သူတချို့ရဲ့ ပြန်လည်ပြောပြချက်အရ စက်တင်ဘာ ၁၈ မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကျောင်းသားလှုပ်ရှားမှုကို လမ်းသုံးသွယ်ခွဲပြီးလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်ဆိုပါတယ်။ တစ်ဖွဲ့က ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်) အဖြစ်ဆက်ရှိပြီး မြေအောက်လှုပ်ရှားမှုလုပ်မယ်။ တစ်ဖွဲ့က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအဖြစ် ထူထောင်ပြီး မြေပေါ်နိုင်ငံရေးလုပ်မယ်၊ တစ်ဖွဲ့က တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်မယ်လို့ ဆိုပါတယ်။


၈၈ ကျောင်းသားမှန်ရင် ဒီသုံးခုထဲက တစ်ခုခုမှာ ပါဝင်ခဲ့ဖူးမှာပါ။ စာရေးသူကတော့ တတိယအုပ်စုထဲမှာ ပါခဲ့သူတစ်ဦးပေါ့။ ဒီလမ်းသုံးသွယ်ကိုသိပြီး ကြိုတင်ပြင်ဆင် ပါဝင်ခဲ့တာမျိုးတော့မဟုတ်ပါဘူး။ လက်နက်နဲ့ပစ်ခတ်နေတဲ့ စစ်တပ်ကို လမ်းပေါ်ထွက် အော်ဟစ်ဆန္ဒပြနေရုံနဲ့ အပြောင်းအလဲက ဖြစ်လာမှာမဟုတ်ဘူး။ သေနတ်မှန်ပြီး သေဖို့ပဲရှိတယ်။ ဒီတော့ လက်နက်ရှိသူကို လက်နက်ကိုင်ပြီးတော်လှန်မှရမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုတွေနဲ့အတူ တခြားကျောင်းသား သူငယ်ချင်းတွေနဲ့ တောထဲရောက်သွားခြင်းသာ ဖြစ်ပါတယ်။

ဘယ်လိုနည်းနဲ့ပဲ ရောက်သွားသည်ဖြစ်စေ တောထဲရောက်သွားတဲ့ အင်အားတစ်သောင်းဝန်းကျင်ရှိ ကျောင်းသားတွေဟာ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ဖွဲ့ပြီး စစ်အာဏာရှင်တွေကို လက်နက်ကိုင် တော်လှန်ခဲ့ကြပါတယ်။ နှစ် ၃၀ ကာလအတွင်း ကျဆုံးသူ ၈၀၀ ကျော်ရှိတယ်လို့ ABSDF ဗဟိုက စာရင်းထုတ်ပြန်ထားပါတယ်။ ဆိုလိုတာက နှစ် ၃၀ ကြာတဲ့အထိ ပြည်တွင်း - ပြည်ပမှာ ဆက်လက်ရှင်သန်နေသူတွေဟာ ကံကောင်းထောက်မပြီး မသေပဲကျန်နေသူတွေသာ ဖြစ်ပါတယ်။

အလားတူ မြေပေါ်မြေအောက်လှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံရတဲ့ တခြားလမ်းနှစ်သွယ်က ကျောင်းသားတွေလည်း အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ရတာ မနည်းလှပါ။ လက်နက်ကိုင်တော်လှန်ရေးလောက် မများပေမယ့် ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။ ဘဝပျက်ခဲ့ရသူ ရာနဲ့ချီရှိခဲ့ပါတယ်။ ပြည်ပကိုထွက်ခွာခဲ့ရသူ ရာနဲ့ချီရှိခဲ့ပါတယ်။

ဟောအခု နှစ် ၃၀ ကြာပြီးတဲ့အချိန် ဇာတ်ပေါင်းခန်းရောက်တဲ့အခါမှာတော့ ABSDF ဟာ အစိုးရတပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေထဲ ပါဝင်နေပါပြီ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီလည်း နယ်စပ်ကနေ ပြည်တော်ပြန်ဝင်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လှုပ်ရှားနေပါပြီ။ ဗကသ ကျောင်းသားဟောင်းတွေလည်း NLD ပါတီထဲ ဝင်သူဝင်၊ လွှတ်တော်အမတ်ဖြစ်သူဖြစ်၊ ပါတီသစ်ထောင်သူထောင်၊ ၈၈ အမည်နဲ့ ဆက်ရပ်သူရပ် စသဖြင့် ပုံစံမျိုးစုံနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းသစ်မှာ ပါဝင်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။

ပန်းတိုင်ရောက်ပြီလား၊ အားလုံးပါဝင်ခွင့်ရပြီလား

စာရေးသူ တွေ့ဆုံစကားပြောမိသလောက် ၈၈ ရဲဘော်တွေဆီက ကြားရသမျှကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ပန်းတိုင်အဖြစ် ခံယူထားသူမရှိပါ။ ပန်းတိုင်ဆီချီတက်နိုင်တဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ တချို့ကပြောပြီး အများစုကတော့ ဒီနည်းဟာ အကောင်းဆုံးမဟုတ်ပေမယ့် လက်တွေ့အကျဆုံးနည်းတစ်ခု ဖြစ်တယ်လို့ ပြောကြပါတယ်။ တချို့ကတော့ လက်ရှိအနေအထားဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်လို့သာ မယုတ်မလွန် ပြောပါတယ်။ 


အဲ... တချို့ အနည်းစုကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ လမ်းမှန်ပေါ်ရောက်နေတာမဟုတ်ပဲ လမ်းမှားထဲကျသွားပြီ။ စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး ဒီမိုကရေစီရအောင်လုပ်မယ်ဆိုတာဟာ သီအိုရီအရကို မှားနေတယ်။ အတွေးအခေါ်အရ ဖောက်ပြန်သွားတာဖြစ်တယ်။ ဘာမူဝါဒမှ မရှိတော့ဘဲ စစ်အာဏာရှင်တွေ ပေးသမျှယူရမယ့်အခြေအနေ ရောက်သွားပြီလို့ ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။

အမြင်ဆိုတာ အမျိုးမျိုးရှိနိုင်တာမို့ ဘယ်သူကမှန်ပြီး ဘယ်သူက မှားတယ်လို့ ပြောဖို့ခက်ပါတယ်။ ကာလတစ်ခုဖြတ်သန်းပြီးရင် အဖြေပေါ်လာပါလိမ်မ့ယ်။ ဒါကြောင့် အမြင်မတူရင် အတိုက်အခံပါတီထောင်ပြီး လက်ရှိအစိုးရကို ဝေဖန်ထောက်ပြကြ၊ ဒါမှမဟုတ် အရပ်ဘက်အဖွဲ့အစည်းတွေ၊ တခြားအဖွဲ့တွေကနေ လက်ရှိအစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ကို ဝေဖန်ထောက်ပြထိန်းကျောင်းကြပေါ့။ တစ်နိုင်ငံလုံးရှိ သန်း ၅၀ စလုံးက အစိုးရကို ကန့်ကွက်သူမရှိ ထောက်ခံရေးဆိုတာ မဖြစ်နိုင်ပါဘူး။ သန်း ၅၀ စလုံးက အစိုးရကိုထောက်ခံနေပါတယ်လို့ ပြောရင်းလည်း မဆလခေတ်ကပြောသလို ၉၉ ရာခိုင်နှုန်း ထောက်ခံပါတယ်ဆိုတာနဲ့ တူသွားနိုင်ပါတယ်။

အရေးကြီးတာက ဘယ်လမ်းကြောင်းနဲ့ပဲလျှောက်လျှောက် အများပြည်သူအတွက် အကျိုးရှိရဲ့လားဆိုတဲ့ ပေတံနဲ့ပဲ တိုင်းတာရမယ်ထင်ပါတယ်။ အဲတော့ အခု NLD အစိုးရတက်လာချိန်မှာ အများပြည်သူဘဝ အရင်ကထက် ပိုအကျိုးရှိလာသလား။ စစ်အာဏာရှင်တွေနဲ့ တရားဝင်ပေါင်းသင်းခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ အခု ၂၀၁၈ အကြား ၆ နှစ်တာကာလအတွင်း အခြေအနေကို ပြန်ကြည့်ရင် အများပြည်သူဘဝဟာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်ကနေ နည်းနည်းချင်းစီတော့ သက်သာလာနေတယ်လို့ ဆိုချင်ပါတယ်။ 

ဒါပေမဲ့ ဒီလိုသက်သာလာခြင်းဟာ ဥပဒေအရ၊ အင်စတီကျူးရှင်းတွေအရ ဒီမိုကရေစီအခွင့်အရေးတွေ အခိုင်အမာရလာနေခြင်းလား၊ ဒါမှမဟုတ် စစ်အာဏာရှင်တွေက သနားကြင်နာစိတ်ဝင်လာပြီး ယာယီပေးလိုက်တဲ့ “ကျားသနားမှ နွားချမ်းသာ” ခွင့်ရတဲ့ အခွင့်အရေးတွေမျိုးလား ဆိုတာကတော့ သိပ်မရှင်းလှသေးပါ။

တစ်နည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ အင်စတီကျူးရှင်းအရ တစ်ဆင့်ပြီးတစ်ဆင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆီ စနစ်တကျသွားနေတာမျိုးမဟုတ်ဘဲ အာဏာရှင်တွေကို အလိုလိုက် အကြိုက်ဆောင်ပြီး ချော့မော့ပေါင်းသင်းနေရတဲ့ အနေအထားမှာရှိနေဆဲဖြစ်ပါတယ်။ ဒီလိုချော့ပေါင်းရင်းနဲ့ ဒီမိုကရက်တွေဘက်က အပြောအဟောကောင်းလွန်းလို့ အာဏာရှင်တွေ ဒီမိုကရက်တစ်ဖြစ်လာလေမလား၊ အာဏာရှင်ဟောင်းတွေဘက်က ပြန်စည်းရုံးလို့ ဒီမိုကရက်တွေပဲ အာဏာရှင်စတိုင် ဝင်သွားလေမလား။ အခုအစိုးရသစ်သက်တမ်း ၂ နှစ်ကျော်ကာလအတွင်းမှာတော့ ၅၀ - ၅၀ နဲ့ အပြန်အလှန် အားပြိုင်နေဆဲလို့ ယူဆရပါတယ်။

ဒီလို အကြိတ်အနယ်အားပြိုင်နေတဲ့အချိန်မျိုးမှာ ရှေ့မှာ နိဒါန်းချီခဲ့တဲ့၊ နှစ် ၃၀ ကြာ ဒီမိုကရေစီခရီးလမ်းကို စတင်ဖောက်ခဲ့တဲ့ ၈၈ ကျောင်းသားဟောင်းတွေ ဘယ်ရောက်ပြီး ဘာတွေလုပ်နေကြသလဲ။ ဒီအပြောင်းအလဲဖြစ်စဉ်မှာ ဒီလူတွေအားလုံး ပါဝင်ခွင့် အပြည့်အဝရကြပါရဲ့လား၊ ဘေးဖယ် ခံထားရသူတွေ ရှိနေဆဲလား၊ တကယ်လို့ အားလုံးကို ပါဝင်ခွင့်ပေးပါ့မယ်လို့ အစိုးရဘက်ကပြောမယ်ဆိုရင် ဒီလူတွေ အစိုးရပါတီထဲ ဝင်ကြမှာလား၊ မဟာမိတ်ပါတီထောင်မှာလား၊ အတိုက်အခံပါတီထောင်မှာလား၊ အရပ်ဘက်အဖွဲ့အစည်းတွေအဖြစ် ဆက်လှုပ်ရှားကြမှာလား၊ သာမန်အရပ်သားတွေအဖြစ်ပဲ နေကြတော့မလား။

သေချာတာကတော့ ဘယ်လိုနည်းနဲ့ပဲ နိုင်ငံရေးထဲပါဝင်ခွင့်ရသည်ဖြစ်စေ လက်ရှိဖြစ်နေတဲ့ အရပ်ဘက် - စစ်ဘက် အားပြိုင်ပွဲ၊ သို့မဟုတ် ဒီမိုကရက်တစ်အင်အားစုနဲ့ စစ်အာဏာရှင်ဟောင်းတွေရဲ့အားပြိုင်ပွဲမှာ အရပ်ဘက်အုပ်စု အင်အားကောင်းလာပြီး စစ်အာဏာရှင်အုပ်စု လုံးဝ အမြစ်ပြုတ်သွားရေးအတွက် ၈၈ အင်အားစုအားလုံး ဝိုင်းလုပ်ရမယ့်၊ ဝိုင်းလုပ်ခွင့်ပေးရမယ့်အချိန် ရောက်နေပြီဖြစ်ပါတယ်။ ။


ထက်အောင်ကျော်

Share

Twitter Delicious Facebook Digg Stumbleupon Favorites More