Saturday, May 18, 2019

ဘားအံမှာ ဘာသွားလုပ်တာလဲ...(၂)

ဘားအံရောက်တော့ တာလပေါ ဟင်းရတဲ့ထမင်းဆိုင်တခုမှာ နေ့လည်စာစားရင်း လာကြိုမဲ့ ရဲဘော်ကြီးကို စောင့်ပါတယ်။ တာလပေါဟင်းက ကရင်ရိုးရာဟင်းဆိုပြီး တောပြန်တွေ အတော်ကြိုက်ကြပါတယ်။ ကိုယ်က တော့ တောထဲမှာတုန်းက မောင်ကျော်တွေဖြစ်သလိုချက်ကျွေး (တောထဲမှာ ဆီမရှိ။ အစာပလာမရှိ) တာကို စားမိကတည်းက တာလပေါဆို သိပ်စိတ်မ၀င်စားတော့ပါ။ ဒါပေမဲ့ အခု ကရင်မြိ့တော်ရောက်တုန်းတော့ စားကြည့်ဦးမှဆိုပြီးမှာတော့ ကုန်ပြီတဲ့။



ဟိုမှာ လာကြိုတဲ့ ရဲဘော်ကြီးရောက်လာပြီ။ ဒုက္ခပါပဲ။ ဟောလီးဒေးထွက်လာပါတယ်ဆိုမှ လာကြိတဲ့ကားမှာ ခွပ်ဒေါင်းအလံတံဆိပ်ကြီးနဲ့။ ဒါကြောင့်ပြောတာပေါ့- သွားလေရာ တောင်တွင်းက ဇတ်လမ်းနဲ့ သိပ်မကင်းလှဘူးဆိုတာ။ ဟိုတယ်က ကြိုတင် ဘိုကင်လုပ်မထားတော့ ကားတစီးနဲ့ တခုဝင် တခုထွက် လိုက်မေးပေါ့။ ကန်သာယာဘေးက တည်းခိုခန်းက နေရာအတော်မိုက်ပေမဲ့ အခန်းက မရှိတော့ဘူး။ မြိ့အ၀င်နားက ထူး ထူးရှယ် ဟိုတယ်ကြီးတွေကလည်း အတော်ဈေးမြောက်မဲ့ပုံဆိုတော့ မနည်းမများ ၃ သောင်းလောက်သွားတဲ့ သံလွင်မြစ်ကမ်းနားက ဟိုတယ်တခုမှာ စခန်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။

ခရီးစဉ်က အားလုံးမှ ၃ ရက်တည်း။ အခုပဲ နေ့လည် တနာရီဆိုတော့ ဘားအံမှာလည်ဖို့က မနက်ဖန် တရက်ပဲ နေ့ပြည့်ရှိမယ်။ သဖက်ခါ နေ့လည်ပြန်မှ ရန်ကုန် ညနေပြန်ရောက်။ နောက်တနေ့ မနက် အလုပ်ပြန်ဝင်ရမှာ။ ဒီအချိန် ဘယ်နေရာတွေ လည်လို့ကောင်းလဲဆိုပြီး ဟိုတယ်မှာမေးကြည့်တော့ ဂု ၂ ခုလောက်နဲ့ လင်းနိ့တွေ ထွက်တဲ့ဂူသွားကြည့်လို့မီသေးတယ်ပြောပါတယ်။

ဒါပေမဲ့ တောပြန်ကိုယ့်အဖို့က ရဲဘော်ဟောင်းတွေ တွေ့ရေးက ပထမ ဦးစားပေး။ ဘားအံမှာ တောပြန် အတော်များပေမဲ့ ABSDF ဒုဥက္ကဌအဖြစ် တာဝန်ထမ်းခဲ့ဖူးတဲ့ ဦးယုနွယ် တယောက်ပဲ သွားတွေ့ဖြစ်ခဲ့ပါတယ်။ သု့အသက်က ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတု။ ၇၀ ကျော်နေပြီ။ စာရေးသူနဲ့မတွေ့တာကလည်း နှစ် ၃၀ လောက်ရှိနေပြီဆိုတော့ ချက်ချင်းမမှတ်မိ။ ကော့မုးရာ (၀မ်ခ)စခန်းအကြောင်း၊ သံလွင်စခန်းက အရေးပေါ် ညီလာခံတွေအကြောင်းပြောမှ ပြန်မှတ်မိ။

ဘားအံနေကလည်း အတော်ပူသား။ (ရန်ကုန်ထက်တော့ နဲနဲအေးတယ်ထင်တာပဲ) ၅ နာရီလောက်မှာတော့ ဘားအံမြိ့ကို အပေါ်ကနေလှမ်းမြင်ရတဲ့ စေတီတဆူဆီတက်ပြီး ကြည့်ခွင့်ရခဲ့ပါတယ်။ ညနေစာအတွက်က တော့ ဘားအံလဲ မြိတ်-ထားဝယ်-မော်လမြိုင်လိုပါပဲ။ ထိုင်းပြန်တွေ ချက်တဲ့ ထိုင်းအစာတွေက ထိုင်းထက်တောင်ကောင်းသေး။ ကိုယ်တွေလည်း ထိုင်းမှာပြေးရင်းလွှားရင်း ၁၀ နှစ်ဝန်းကျင်၊ ဥရောပမှာ ၁၅ နှစ်ကျော်နေခဲ့ပေမဲ့ ဥရောပစာကိုမကြိက်ပဲ ထိုင်းစာကိုသာစွဲလမ်းမိ။ မြန်မာစာထက်တောင် ထိုင်းစာကို ပိုကြိုက်နေခဲ့ မိပေါ့။

တကယ်ဆို ဘီယာခွက်လေးမပြီး သံလွင်မြစ်ဘေးက နေ၀င်ချိန်ကိုမြင်နိင်တဲ့နေရာလေးမှာထိုင်ပြီး စားသောက်ချင်တာ။ ဒါပေမဲ့ လမ်းပြရဲဘော်ကြီးက သိပ်ရိုမစ်တစ်မဖြစ်တော့ တောထဲကစတိုင်အတိုင်းပဲ ဖြစ်သလို ဗိုက်ဖြည့်လိုက်ရပေါ့။ ဘားအံမှာ နေ၀င်ချိန် သံလွင်မြစ်ဘေးမှာထိုင်ပြီး ငေးနိင်တဲ့နေရာ နောက်တခေါက်အတွက် ထပ်ရှာရဦးမှာပေါ့။



နောက်တရက် တနင်္ဂနွေကတော့ တကယ့်ခရီးသွားနေ့ပါပဲ။ မနက် ၇ နာရီ မနက်စာစားပြီးကတည်းက ထွက်လိုက်တာ ည ၈ နာရီကျော်မှ ဟိုတယ် ပြန်ရောက်ပါတယ်။ အယ်- ကားငှားခတွေက အမျိးမျီးရှိတယ်။ ဟိုတယ်က စီစဉ်ပေးတဲ့ သုံးဘီးကားက တနေ့ကုန်အတွက် ၃ သောင်းခွဲ။ ၃-၄ ယောက်စုသွားရင် ပိုတန်တယ်။ တခြားခရီးသည်တွေကိုမေးကြည့်မယ်ဆိုပေမဲ့ ကိုယ်လိုတကိုယ်တော်ခရီးသွားသူက သိပ်မရှိလှ။ အားလုံး သူ့ကားနဲ့သူ။ သူ့အုပ်စုနဲ့သု။ အပြင်က ကားငှားရင်လည်း ၄ သောင်းလောက်ပဲကျမှာဆိုတော့ တရက်တာအတွက် ကားတစီးငှားခဲ့ပေါ့။

ကျနော်ကိ လိုက်ပို့်နေတဲ့ ရဲဘော်ကြီးကတော့ တောင်တွေ၊ ဂူတွေကို စိတ်မ၀င်စားဘူး။ ဒါပေမဲ့ ကျနော် တယောက်တည်း ဂူထဲဝင်ရင်အဆင်မပြေမှာစိုးလိ့ဆိုပြီး ၁၀ နှစ်အရွယ် သူ့တ ချာတိတ် နစ်ယောက်ကို လမ်းပြ အဖြစ်ထည့်ပေးလိုက်ပါတယ်။ နှစ်ယောက်စလုံးကရင်စကားချည်းပြောနေလို့ နယ်စပ်က ကရင်စခန်းတွေကို တောင် ပြန်သတိရမိ။ ကံကောင်းတာကတော့ ကားဆရာက အတော်သဘောကောင်းပါတယ်။

ပထမ ဆုံးသွားတဲ့ ဂူက ဣစာသရလှိုဏ်ဂူ တော်။ အတော်ဝေးတယ်။ နာရီဝက်လောက်မောင်းရပါတယ်။ ပထမ ပိုင်းလမ်းကောင်းပေမဲ့ နောက်ပိုင်းမှာ ဂူအတွက် သီးခြားဖောက်ထားတဲ့လမ်းကျဉ်း၊ ပြီးတော့ ဂူနားရောက် တော့ လယ်ကွင်းတခုကိုဖြတ်ရ။ မိုးရွာရင် ဗွက်နစ်မဲ့သဘောရှိ။ လယ်ကွင်းအလွန်မှာ ဧရာမတောင်ကြီး တလုံး၊ အဲဒီတောင်ခြေမှာ လျောင်းတော်မူဘုရားဂု။ အဲဒီဘုရားခြေရင်းမှာတော့ ဂုထဲဝင်နိင်တဲ့ ဂူပေါက်ငယ်။

မနက် ၈ နာရီဆိုတော့ စောသေးလို့လားမသိ။ လူသိပ်မရှိသေး။ ချာတိတ် ၂ ယောက်အားကိုးနဲ့ ဂူထဲဝင်ပြီး အထဲမှာ ဘာတွေရှိလဲ မေးတော့ သူတိုလဲ အခုမှ  ပထမ အခေါက်ရောက်ဖူးတာတဲ့။ (တခြားဂူတွေကို ရောက်ဖူးပြီးဖြစ်ပေမဲ့)။ ဂူကအတော်ကျယ်တယ်။ အပေါ်မှာ ကျောက်ဆစ်ရုပ်ဆွဲတွေနဲ့။ အောက်မှာက ရေစီးထားတဲ့ ချောင်းပုံစံ။ ငယ်ငယ်တုန်းက ပထ၀ီမှာသင်ဖူးတဲ့ မြေအောက်ချောင်းဆိုတာ ဒါမျီးဖြစ်မယ်နဲ့ တူပါတယ်။

ဒီဂူရဲ့ထူးခြားချက်က (တခြားဂုတွေ သွားပြီးမှသိရ) လျှပ်စစ်မီးထွန်းပေးထားတာကလွဲရင် ကျန်တာအားလုံး သဘာဝအတိုင်းရှိနေခြင်းပါပဲ။ ပြီးတော့ ဖိနပ်လဲ စီးခွင့်ပေးထားပါတယ်။ (ဥရောပကပြန်လာသူတဦးအဖို့ ဖိနပ်မစီးပဲ စိမ့်စိုစိုမြေပေါ် လမ်းလျောက်ရတာ အဆင်မပြေပါ။ ဖိနပ်မပါပဲ လမ်းလျောက်တာ သဲသောင်ပြင် တနေရာပဲကောင်းပါတယ်)။ ဂူထဲမှာမြင်ရတာတွေအားလုံး တကယ့်အထူးအဆန်းတွေပါပဲ။ ကိုယ်က ကင်မရာ တလုံးနဲ့လျောက်ရိက်နေပေမဲ့ ဂူထဲတွေ့တဲ့ ခရီးသွား (ကောင်မလေးတွေများ) ကတော့ တွေ့သမျှနေရာမှာ selfei ဆွဲနေလေရဲ့။ သူတို့ပုံတွေမပါအောင် မနည်းရှောင်တိမ်း ညှိနှိုင်းရိုက်ခဲ့ရ။






၁၀ မီနစ်လောက်လမ်းလျောက်ပြီးတော့ ဆက်သွားလို့မရလောက်အောင် ဂူပေါက်က ကျဉ်းသွားပါတယ်။ ဒါပေမဲ့ ကျနော်ရဲ့လမ်းပြ ဆရာ နှစ်ယောက်က အေးဆေးလေး ၀င်သွားလေရဲ့။ ဆယ်နှစ်အရွယ် ကလေးတွေ အတွက် ကုန်းကုန်းကွကွသွားရတာပြသာနာမရှိပေမဲ့ အသက် ၅၀ ကျော်အရွယ် ကျောပိုးအိတ်လည်းလွယ် ထားသူအဖို့တော့ သိပ်မလွယ်ပါဘူး။ ကုန်းကွ ကုန်းကွ တမီနစ်လောက်ကြိုးစားလိုက်တော့ ဟိုဖက်ကို ရောက်သွားပါတယ်။ တကယ်က ပေ ၃၀ လောက်နေရာလေးပဲ ဒီလို ကုန်းကွ သွားရတာပါ။

နောက်ထပ် ၁၀ မီနစ်လောက် ထပ်လျောက်တော့ အပေါ်ဖက်ကိုတက်ပြီး တောင်ရဲ့အခြားတဖက်က ထွက်ပေါက်ဆီ ရောက်သွားပါတယ်။ တချိ့နေရာမှာ အလူမီနီယံလှေကားဆင်ပေးထားပေမဲ့ နေရာအတော်များများမှာတော့ ၀ါးလှေကားတွေ။ တောထဲက ကရင်အိမ်တွေကိုတောင် သတိရမိ။ အသက် ၂၀ ကျော်တုန်းက ကရင်အိမ်က ၀ါးလှေကားတွေက ပြသာနာမရှိပေမဲ့ အသက် ၅၀ ကျော် ဥရောပပြန်တဦးအဖို့ ၀ါးလှေကားတက်ရတာ သိပ်မလွယ်လှပါဘူး။ လေကောင်းလေသန့်မရလို့လားမသိ။ အမောကလည်း အတော်ဆို့သား။

(မြင်ကွင်းကို ရေးပြရခက်လို့ ဓာတ်ပုံတွေကိုသာ ကြည့်တော်မူပါ။ တကယ့်ကို လှပ အံ့သြဘွယ်ဆိုတာကိုေ တာ့ ကိုယ်တိုင်ရောက်မှ ခံစားနိင်မယ်ထင်ပါတယ်။ သဘာဝဟာ လူသားတွေဖန်တီးထားတာထက် ပိုမို ဆန်းကျယ်လှပါတယ်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More