Sunday, July 12, 2026

Constructive Engagement ခေတ်မှ Recalibrated Engagement ခေတ်အထိ ရောက်လာသော်လည်း...

Constructive Engagement ခေတ်မှ  Recalibrated Engagement ခေတ်အထိ ရောက်လာသော်လည်း... (မြန်မာ့အရေးဟာ အာဆီယံအတွက် ဗြဟ္မာဦးခေါင်းဖြစ်နေဆဲ)

-





(၁)- အပေါ်က ခေါင်းစဉ်မှာ ဖေါ်ပြထားတဲ့ သံတမန်သုံး (ဂျာနယ်လစ်တွေလည်း လိုက်သုံးရတာပေါ့) စကားလုံး ၂ ခုကို အာဆီယံအကြောင်း လေ့လာဖူးသူတွေ အတော်များများ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။


Constructive Engagement (အပြုသဘော ဆက်ဆံရေးဆိုလား) ဆိုတာ စာရေးသူတို့ခေတ် ၁၉၉၇ နောက်ပိုင်းမှာ အာဆီယံထဲ မြန်မာကိုဆွဲသွင်းပြီးကတည်းက အာဆီယံ ခေါင်းဆောင်တွေနဲ့ မြန်မာ စစ်အစိုးရ အဆက်ဆက်ကပြောခဲ့တဲ့ သံတမန်စကားလုံးပေါ့။


အဲဒီတုန်းကတော့ ကိုယ်က တက်ကြွလှုပ်ရှားသူတဦးဆိုတော့... အတော်နားကြားပြင်းကပ်ခဲ့ဖူးတဲ့ စကားလုံးတလုံးပါ။

---


(၂) - အဲဒီလိုနဲ့ ကာလရွေ့လျားလာပြီး ခေတ်တွေပြောင်းသွား၊ အခု ၂၀၂၁ နောက်ပိုင်း (နောက်ဆုံးအကြိမ်ဖြစ်ပါစေ) စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အာဆီယံရဲ့ မူ ၅ ချက်ဆိုတာနဲ့ ဆက်လက်ချီတက်...


၅ နှစ်သာကြာ - ဘာမှဖြစ်မလာတဲ့အခါ... Recalibrated Engagement (ပြန်လည်ချိတ်ဆက်ဆောင်ရွက်ခြင်း) ဆိုတဲ့ စကားလုံးသစ် ပေါ်လာပြန်...


လက်ရှိ နွေဦးတော်လှန်ရေး တပ်ဦးမှာ တက်ကြွလှုပ်ရှားနေသူတွေကော ဒီစကားလုံးကို နားကြားပြင်းကပ်သလား... သံတမန်ဆက်ဆံရေး စိတ်မဝင်စားကြဘူးလား... ပြောချင်စိတ်တောင် မရှိကြတော့တာလား...  ဝေဖန်သံ သိပ်မကြားမိသလိုလို...။

---


(၃) -ဒီလိုနဲ့ မနေ့ကတော့ (ဇူလိုင် ၁၂ က) အဲဒီ Recalibrated Engagement (ပြန်လည်ချိတ်ဆက်ဆောင်ရွက်ခြင်း) ဆိုတဲ့ စကားလုံးသစ်ကို လက်တွေ့အသုံးချတဲ့အနေနဲ့ အာဏာသိမ်းပြီးကတည်းက လူချင်းမတွေ့နိုင်ဘူးလို့ ငြင်းပယ်ထားတဲ့ အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်ကို ပထမ ဆုံးအကြိမ် လူချင်းတွေ့ပြီး ပွဲထုတ်လာ...


“ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်၊ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုတွေကို ဖြိုခွင်းနေတယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (EAO)တွေနဲ့ ဆွေးနွေးနေပါတယ်” ဆိုပြီး စကမ ဝန်ကြီး ဦးတင်မောင်ဆွေက တင်ပြတယ်လို့ ပွဲစီစဉ်သူ ထိုင်း ဝန်ကြီးနဲ့ သဘာပတီ အာဆီယံ အလှည့်ကျ ဥက္ကဌ ဝန်ကြီးတို့က သတင်းထောက်တွေကို ပြန်ပြောပြပါတယ်။


ဆိုတော့ကာ... ၁၉၉၇ နောက်ပိုင်း နဝတ- နအဖ ခေတ် စစ်တပ်အာဏာပိုင်တွေဖက်က ပြန်ပြောပြတာနဲ့ အခု ၂၀၂၁ နောက်ပိုင်း စစ်တပ်အာဏာပိုင်တွေဖက်က ပြန်ပြောပြတဲ့ အချက်အလက်တွေ၊ စတိုင်လ်တွေ ဘာကွာသလဲ...


အာဆီယံဖက်က လက်ခံတွေ့ဆုံတဲ့ ဝန်ကြီးတွေရဲ့ ရပ်တည်ချက်တွေ၊ စတိုင်လ် တွေကော ဘာများကွာသွားသလဲ...

---


(၄) ဇတ်ကောင်တွေပြောင်းသွားပေမယ့် ဇတ်လမ်းကတော့ အရင် နိုက်တီးဂွမ်းတီးကအတိုင်း စစ်တပ်ကို (နိုင်အောင် မတိုက်နိုင်တဲ့အခါ) ချော့ပေါင်းရမယ့် မူဝါဒ၊ လက်ရှိ အာဏာကိုင်ထားသူကို ချော့မော့ပေါင်းသင်းရေး၊ အကြမ်းဖက်မှုတွေ လျှောချပြီး နဂိုအခြေနေ ပြန်ရောက်ရေး ပါပဲ...


အဲတော့ ဘာတွေဆက်ဖြစ်မလဲ...


ဘာတွေဆက်ဖြစ်မယ်မှန်း မသိနိုင်သေးပေမယ့် မနက်ဖန်မှာ NUG, ERO, SCEF ကိုယ်စားလှယ်တွေနဲ့ အာဆီယံ သံတမန်တွေ တွေ့ဆုံဖို့ရှိတယ်ဆိုတာကတော့ အရင်ထက် နည်းနည်း ပိုထူးတယ်လို့ထင်ပါတယ်။ (အရင် NCG ခေတ်ကလည်း တရားဝင် မဟုတ်ပေမယ့် အလွတ်သဘော တွေ့ဆုံတာတွေရှိခဲ့တာပါပဲ)


သေချာတာကတော့ (တဖက်နဲ့ တဖက် မနိုင်တော့လို့ စားပွဲဝိုင်းမှာ ဆွေးနွေးရတော့မယ်ဆိုရင်၊ ဒါမှမဟုတ် အာဆီယံနဲ့ နိုင်ငံတကာဖက်က အဲဒီလို မြင်လာပြီဆိုရင်) ဆွေးနွေးပွဲတွေကို ဖြတ်သန်းရတော့မယ်... နိုင်ငံရေး- သံတမာန်ရေးဖက်မှာ စစ်တပ်နဲ့ ယှဉ်ရတော့မယ်ဆိုရင် ကိုယ့်ဖက်က အသာစီးရအောင် ...


သံရေးတမန်ရေးကိစ္စတွေကို တက်ကြွလှုပ်ရှားတဲ့ ရဲဘော်တွေအားလုံး (တာဝန်အရကို) မလွဲမသွေ လေ့လာရတော့မှာဖြစ်ပါတယ်။

===

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More