Friday, May 17, 2019

မြို့ပြနဲ့ဝေးရာ ခဏတာသို့...

ဖေဖေါ်ဝါရီ ၂၅- တွံတေး
...
ငယ်ငယ်တုန်းက တောမှာမွေးတာဆိုတာ့ မြို့ကိုရောက်ဖူးချင်တယ်။ မြို့မှာ နေချင်တယ်။ အဲဒီကာလက မြို့ပြရဲ့ မွန်းကြပ်မှုကို မသိသေး။ ကျောင်းသား ဘ၀ မြို့မှာနေတယ်ဆိုတာကလည်း ခဏပါပဲ။ ဒီလိုနဲ့ တောကြီးမျက်မည်းထဲမှာ ၁၀ နှစ်ကျော်၊ ဥရောပမဲဇာမှာ ၁၀ နှစ်ကျော်နေပြီး ရန်ကုန်မြို့ပြကို တခါပြန်ရောက်။


ဥရောပမဲဇာမှာတုန်းကတော့ လူဦးရေနည်းပြီး လေထုညစ်ညမ်းမှုနည်းလို့လား၊ လမ်းစည်းကမ်း ယာဉ်စည်းကမ်းတွေပဲကောင်းလို့လား မသိ။ မြို့ပြကို မွန်းကျပ်မှုမဖြစ်မိ။ ဒီမှာတော့ ရောက်ပြီးသိပ်မကြာခင် မြို့ပြကို မွန်းကြပ် သလိုခံစားလာရ။
ဒီကအလုပ်အတော်များများကလည်း တပတ်မှာ ၆ ရက်လုပ်ကြရတယ်လို့ ဆိုပါတယ်။ နားတဲ့တရက်မှာ ဘယ်သွားမလဲ...။ တညအိပ် ၂ ရက်ခရီးမဟုတ် တော့ ရန်ကုန်ကနေ မိုင် ၁၀၀ ကျော်လို့မရ။ ပြီးခဲ့တဲ့ လတွေတုန်းကတော့ ပဲခူးဖက်က ရွှေ့ပြည်ကို ခဏရောက်ဖြစ်ခဲ့တယ်။ မြို့ပြနဲ့ ခဏဝေးသလို ခံစား ရပါတယ်။
အခုတခေါက်တော့ လှေစီးပြီး တွံ​တေးကိုသွားခဲ့။ ကားချည်းပဲနေစဉ်စီးနေ တာဆိုတော့ ယာဉ်အပြောင်းအလဲပြင် မြင်ကွင်းကလည်း အတော်ပြောင်း သွား။ တွံတေးဆိုတာ တွံတေးသိန်းတန်တို့၊ တွံတေးစိုးအောင်တို့ရဲ့ မြို့ဆိုတာကလွဲပြီး ဘာမှကြိုမသိ။ ဗီုလ်တထောင်ဆိပ်ကမ်းကနေ မနက် ၉ နာရီ ထွက်။ (နားရက်မှာ အိပ်ရာစောစောထပြီး ၈ နာရီခွဲအရောက် လှေဆိပ်အရောက်လာဖို့ဆိုတာ မြို့ပြနေ သူတဦးအဖို့ သိပ်မလွယ်လှ)

တွံတေးကို မီနစ် ၉၀ မောင်းရပါတယ်။ ကြီးမြင်တိုင်ဝန်းကျင်ကနေ တွံတေးတူးမြောင်ထဲကိုဝင်၊ ဘယ်ဖက်မှာ ဒလမြို့နယ်။ ယာဖက်မှာ ဆိပ်ကြီးခနောင်တို။ ရန်ကုန်ဖက်ကမ်းကနေ ဒလကို မကြာခနမြင်ဖူးနေပေမဲ့ ဆိပ်ကြီးခနောင်တို ဒီနားရှိနေမှန်း ကြိုမသိခဲ့ဘူး။ ခရီးစဉ်ကိုလဲ ကြိုကြည့်မထားတော့ ပြန်လာမှ ဂိုဂယ်ပြန်ခေါက်၊ ပြန်ရှာနေရ။


တွံတေးတူးမြောင်းထဲဝင်လာကတည်းက မြင်ကွင်းဟာ ရန်ကုန်နဲ့ ဘာမှ မဆိုင်တော့ပါ။ တကယ်ကျေးလက်ဒေသ။ ဒီဒေသက လူတွေအတော်များများ လှေတွေနဲ့ခရီးသွားနေကြတုန်း။ တချို့ဆို လက်လှော်လှေတွေနဲ့။ ရန်ကုန်မှာမြင်ခွင့်မရတဲ့ မော်တော် ဆိုင်ကယ်တွေကိုလဲ ဆိပ်ကြီးခနောင်တို ရွာတန်းဖက်မှာ လှမ်းမြင်နေရပါတယ်။ တချို့လှေဆိပ်တွေမှာ ဆိုင်ကယ် ကယ်ရီတွေအများကြီး။
ဟိုဖက်နားမှာ စေတီတဆူ။ တဲအိမ်တန်းတခု။ တံငါလှေတစီး၊ စက်လှေတွေက ဟိုဖက်ဒီဖက် အပြေးအလွှား။ ဒီလိုငေးလို့ကောင်းတုန်း ဧရာမတံတားကြီး တခုကိုတွေ့။ ဒါဟာ မကြာသေးခင်ကမှပေါ်လာတဲ့ လှိုင်သာယာနဲ့ တွံတေးဖက် ကူးတဲ့တံတား။ ဒီတားပေါ်လာတော့ တွံတေးဖက်ကို လှေချည်း အားကိုးနေစမရာမလိုတော့ပါ။
Water taxi ရဲ့အပေါ်ထပ်မှာနေရာယူလာတာဆိုတော့ လေကောင်းလေသန့် အတော်ရပါတယ်။ ခရီးသည် ၁၀၀ လောက်ရှိပါတယ်။ လူငယ်တွေ၊ စုံတွဲတွေက အများစု၊ သူတို့က လတ်ဆတ်တဲ့လေနဲ့ ပတ်ဝန်းကျင်အလှကို သိပ် စိတ်မ၀င်စားအား။ အားလုံးနီးပါး selfie ဆွဲနေကြ။ လှေဦးခန်းကနေ ပတ်ဝန်း ကျင်ကိုဓာတ်ပု့ရိုက်ခွင့်ရဖိုအရး သူတို့နဲ့အရင် အပေးအယူလုပ်ရသေး။
ထားတော့။ ဒီလိုနဲ့ ၁၁ နာရီမထိုးခင်မှာ တွံတေးဆိပ်ကမ်းကို ဆိုက်ပါတယ်။ အပေါ်ရောက်တော့ ကျောင်းကား ၂ စီးက ကြိုနေလေရဲ့။ ကျောင်းကို ဘာသွားလုပ်မှာလဲဆိုတော့ မဟုတ်ဘူး။ ဒီကျောင်းကားတွေက ခရီးသည်တွကိုကြိုပြီး အိုးဖုတ်တဲ့နေရာ၊ ယက်ကန်းနေရာနဲ့ ဘုရားလိုက်ပို့ပေးမှာတဲ့။ 
ကားက ၂ စီးထဲ ဆိုတော့ ၂ သုတ်ဆွဲရတယ်။ အိုးဖုတ်တဲ့နေရာရောက်ပါပြီ။ စပယ်ရှယ်ရွံစေးကို ဘယ်လိုရှာထားမှန်းမသိ။ ကျွမ်းလိုက်တဲ့လူတွေ။ အိုးကို ပုံစံမထုတ်ပဲ ဒီတိုင်း လက်မှန်းတဲ့လုပ်သွားတာ အံ့သြစရာ။ (တကယ်က အိုး တွေအားလုံး ဒီလိုပဲလုပ်တယ်ဆိုပါတယ်။ ကိုယ်ကမမြင်ဖူးတော့ ပုံစံခွက်ထဲ ထည့်သွန်းတယ်ပဲ ထင်ထားတာ) ပန်းအိုးယူမလား။ ရေအိုးယူမလား၊ ရေနွေးခယားယူမလား..အကုန်ရတယ်။ 


အိုးဖုတ်တဲ့နေရာမှာ မီနစ် ၃၀ ခန့်ကြာပြီးတော့ ယက်ကန်းယက်တဲ့နေရာ။ စက်မှုတော်လှန်ရေးခေတ်မှာ ယက်ငကန်းတွေ ကျန်နေသေးတာ အံ့သြစရာ။ ဒါပေမဲ့ သူတို့လက်ယာ လွယ်အိတ်နဲ့ ချည်ထည်တွေက အတော်ကောင်းမွန် သပ်ရပ်ပါတယ်။ ကိုယ်ကတော့ အိုးလဲမသိ၊ လွယ်အိတ်လဲမရှိဆိုတော့ လိုက်ငေးရုံသက်သက်။
ပြီးတော့ တွံတေးသိန်းတန်သီချင်းတွေထဲ ကြားဖူးနေတဲ့ ရွှေဆံတော် စေတီ။ နေကလည်း အတော်ပူသည် ဆိုတော့ ရင်ပြင်တော် တပတ်ပြည့်အောင် မနည်းကြိုးစားလျောက်ခဲ့ရ။ တချို့ကတော့ လှေပေါ်ကကျွေးတဲ့ ထမင်းကျော်ကိုယူလာပြီး ဘုရားရင်ပြင်က ဇရပ်မှာစားနေကြ။ စေတီခြေရင်းမှာ တော့ တွံတေး ငါးချည်တဲ့။ ဆူရှီနဲ့တူလို့ သွားငေးခဲ့ရသေး။
မည်သို့ပင်ရှိစေကာမူ ရန်ကုန်မြို့ပြနဲ့ တနေကုန်ဝေးပြီး ကျေးလက်အငွေ့ အသက်၊ ရေလှိုင်းကရက်၊ တောတောင်ရှုခင်းတွေကိုမြင်ခွင့်ရတဲ့အတွက် အားသစ်တဖန်ပြည့်လာစေတာ သေချာပါတယ်။ 


ဥရောပမဲဇာမှာတုန်းက နော်ဝေမိတ်ဆွေတဦးကပြောပါတယ်။ နော်ဝေ မှာ နေရင် ဆောင်းကို မိတ်ဆွေဖွဲ့ထားနိုင်မှတဲ့။...အခု ရန်ကုန်မှာတော့ နွေကို မိတ်ဆွေဖွဲ့ထားနိုင်မှဖြစ်မယ်။ ဒီလောက်ပူတဲ့ရာသီဥတု။ ဒါတောင် ဖေဖေါ်ဝါရီဆိုတာ ပြကဒိန်အရ အေးတဲ့ရာသီ။ မတ်-ဧပြီဆိုရင် ဘယ်လိုနေမလဲ။ အယ်နီညိုဝင်ပြီး အပူချိန်ကဲမယ်ဆိုပြီး မိုး-ဇလကလည်း ပြောထားတယ်ဆိုတော့ နွေကို မိတ်ဆွေဖွဲ့မထားရင် မလွယ်ဘူး။
မိတ်ဆွေဖွဲ့တယ်ဆိုပြီး အဲကွန်းခန်းထဲ ထိုင်နေလို့မဖြစ်သေး။ ကိုယ်လက် လှုပ်ရှား အားကစားကလုပ်ဖို့ကလဲ မလွယ်။ အထူးသဖြင့် ရန်ကုန်မှာ စက်ဘီး လမ်းမရှိ၊ မီဒီယာသမား မိတ်ဆွေတချို့ကတော့ပြောပါတယ်။ ညနေပိုင်းဖြစ်ဖြစ် မနက်စောစောဖြစ်ဖြစ် လမ်းလျောက်ပါ။ ဂျွန်ကင်ပြေးပါ။ ဒါမှ ရေရှည်မှာ အိုကေ မယ်။ သူတို့လဲ တပတ်မှာ ၃ ရက်လောက် အနည်းဆုံးလုပ်တယ်ဆို ပါတယ်။


ကိုယ်က ဒီမှာရောက်တာ ၆ လရှိနေပြီ။ ကားကြောက်လို့ စက်ဘီးမစီးရဲ။ လမ်းလျောက်ဖို့ကလဲ မနက်စောစောမနိုး။ ညနေက အလုပ်မပြီးသေး။ အလုပ်ကအထိုင်များတော့ ဗိုက်ကထွက်လာ။ ကဲ.. နွေကို မိတ်ဆွေဖွဲ့ဖို့ နည်းလမ်း သစ်တွေ ရှာလိုက်ပါဦးမယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More