The Voice Daily,
26-Mar-2018
အနာဂတ်ကောင်းဖို့ အတိတ်ကိုမေ့စို့
အတိတ်ကအမှားတွေအကြောင်း ငြင်းခုံနေရင် အနာဂတ်ဆီ မသွားနိုင်တော့ဘဲ အတိတ်မှာပဲ တဝဲလည်လည်ဖြစ်နေမယ်။ ဒါကြောင့် အတိတ်ကိုမေ့ထားပြီး အနာဂတ်ကိုသာ ဦးတည်ရမယ်လို့ မြန်မာနိုင်ငံရေးသမားတချို့က လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း စတင်ပြောဆိုလို့လာပါတယ်။ အဲဒီနောက်ပိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အသံတွေကျယ်လောင်လာပြီး အာဏာရှင်ဟောင်းတွေ၊ အာဏာရှင်သစ်တွေ၊ ခရိုနီ၊ ခရိုပြာတွေ အားလုံးနဲ့ လက်တွဲဆောင်ရွက်ရမယ်ဆိုတဲ့ လမ်းကြောင်းပေါ် ဒီလူတွေ ရောက်သွားခဲ့ပါတယ်။
ဒီသဘောတရားဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ထွက်ပေါ်ခဲ့တဲ့ ကြောင်ဖြူ-ကြောင်မည်းက အဓိကမဟုတ်ဘူး။ ကြွက်ခုတ်ဖို့သာ အဓိကဆိုတဲ့ စကားလုံးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ အဓိပ္ပာယ်က စံတွေ၊ မူတွေက အဓိကမဟုတ်ဘူး။ အလုပ်ဖြစ်ရေးက အဓိကဆိုတဲ့ဘက်ကို ဦးစားပေးလာတဲ့သဘောပါ။
စံချိန်စံညွှန်းကို အလေးထားသူတွေက ဒီအဆိုကို လက်ခံဖို့ ဝန်လေးနေဆဲဖြစ်ပေမယ့် အများစုကတော့ သဘောတရားအငြင်းပွားရေးထက် ပြည်သူတွေ ထမင်းဝရေးက ပိုအရေးကြီးတယ်။ ဒါကြောင့် ပြည်သူသာ အကျိုးရှိမယ်ဆိုရင် အရင်ကဖြစ်ခဲ့တဲ့ မှားတာ၊ မှန်တာကို ခဏထား။ လူဆိုးရော သူခိုးပါ အားလုံးနဲ့လက်တွဲဆောင်ရွက်နိုင်မှ တိုင်းပြည်တိုးတက်လာမှာဖြစ်တယ်လို့ ပြောလာကြပါတယ်။
ကဲ... ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ စတင်လာခဲ့တဲ့ မြန်မာ့နည်း မြန်မာ့ဟန် သီအိုရီ အခု ဘယ်လောက်အလုပ်ဖြစ်နေပြီလဲ။ စစ်အာဏာရှင်တွေ၊ ခရိုနီစီးပွားရေးသမားတွေက မြန်မာ့နိုင်ငံရေးတိုးတက်မှု၊ စီးပွားရေးတိုးတက်မှုအတွက် ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နေပြီလဲ။ ဒါမှမဟုတ် ဒီမူဝါဒက ဒီမိုကရေစီအင်အားစုတွေအပေါ် Backfire (ပြောင်းပြန်ရလဒ်) ဖြစ်လာနေပြီလား။ ၅ နှစ်တာ အစိုးရသက်တမ်းရဲ့ တစ်ဝက်ခရီးမှာ ဒါတွေကို မေးခွန်းထုတ်သင့်တယ် မဟုတ်ပါလား။
လူ့အခွင့်ရေးဆုတွေ ပြန်ရုပ်သွားခြင်း
၂ နှစ်ကျော်ကာလအတွင်း အသိသာဆုံးမြင်ရတဲ့ Backfire ကတော့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကပေးထားတဲ့ ဆုလာဘ်တွေ အတော်များများ ပြန်လည်ရုပ်သိမ်းသွားခြင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ်ထောက်ခံနေသူတွေကတော့ ဒါဟာ အရေးမကြီးဘူး။ ဆုရဖို့လုပ်နေတာမဟုတ်တဲ့အတွက် နိုင်ငံတကာက ကြိုက်သလိုပြော၊ ပြည်တွင်းမှာ အများစုထောက်ခံပြီး အလုပ်ဖြစ်နေရင်ပြီးတာပဲလို့ ဆိုကြပါတယ်။
ဒါပေမဲ့ ပညာတတ်အသိုင်းအဝိုင်းနဲ့ ဝေဖန်ဆန်းစစ်သူတွေကြားမှာတော့ ဒီကိစ္စပေါ် မေးခွန်းထုတ်မှုတွေ ရှိလာနေပါတယ်။ မြန်မာ့ဒီမိုကရေစီအသွင်ပြောင်းမှုလုပ်ငန်းစဉ်ဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ လွဲလာနေလို့ ဒီလိုဆုတွေ ပြန်ရုပ်သိမ်းခံနေရတာလား။ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်ကို သည်းသည်းလှုပ်ထောက်ခံခဲ့တဲ့ အနောက်ကမ္ဘာကလူတွေ ဘာကြောင့် ချက်ချင်းကြီး သဘောထားပြောင်းသွားကြတာလဲ။ စဉ်းစားစရာတွေက တသီတတန်းကြီးပါပဲ။
ဒီလိုဆုတွေ ပြန်ရုပ်သိမ်းခြင်းအကြောင်း ပြောမယ်ဆိုရင် ဟိုးလေးတကျော်ဖြစ်နေတဲ့ ဘင်္ဂါလီ (နိုင်ငံတကာမီဒီယာအခေါ် ရိုဟင်ဂျာ) တွေ သိန်းနဲ့ချီထွက်ပြေးနေရတဲ့ ရခိုင်မြောက်ပိုင်းပြဿနာကို ချန်လှပ်ထားလို့ မရနိုင်ပါ။ နိုင်ငံတကာဘက်က ဒီကိစ္စကို လူ့အခွင့်အရေးချိုးဖောက်မှုလို့ မြင်ထားပြီး မြန်မာအများစုဘက်ကတော့ နိုင်ငံတော်အချုပ်အခြာအာဏာ ပြဿနာ၊ အမျိုးဘာသာပြဿနာလို့ မြင်ထားကြပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မြန်မာတို့ရဲ့ စံချိန်စံညွှန်း ကွာဟနေတဲ့ သင်္ကေတတစ်ခုပေါ့။
ဒါပေမဲ့ ပြဿနာက ဒီလောက်နဲ့ ပြီးမသွား။ လူ့အခွင့်အရေး စံပြပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးချိုးဖောက်နေမှုတွေကို ဘာမှဝင်ရောက်မတားဆီးဘူး။ လက်တွေ့မတားနိုင်ရင်တောင် သဘောတရားအရ ဝင်ရောက်တားဆီးတာတောင် မလုပ်ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးချိုး ဖောက်နေသူတွေနဲ့ ကြံရာပါဖြစ်တယ်။ အာဏာရှင်တွေကိုအရေးယူရင် သူ့ကိုပါအရေးယူရမယ်ဆိုတဲ့အထိ နိုင်ငံတကာဘက်က ပြောလာနေပါတယ်။
ရန်-ငါ စည်း ဆက်ထားဖို့မလိုတော့ပေမယ့် Moral စည်းတော့ တောင့်ထားဖို့လိုသေးတယ်
တကယ်တော့ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် လူဆိုးရော၊ သူခိုးပါ အားလုံးနဲ့ လက်တွဲဆောင်ရွက်ဖို့ ဝန်မလေးဘူးဆိုတဲ့ မူဝါဒကိုချမှတ်ပြီးကတည်းက ရန်-ငါ စည်းဆိုတာ မရှိတော့ပါ။ ဒါပေမဲ့ လူတိုင်းဟာ နိုင်ငံရေးသမားမဟုတ်တဲ့အတွက် တချို့လူတွေမှာ သူ့ဘာသာ သတ်မှတ်ထားတဲ့ ခံယူချက်၊ စံသတ်မှတ်ချက်တွေက အခုချိန်ထိ ခိုင်ခိုင်မာမာကျန် နေကြဆဲဖြစ်ပါတယ်။
တစ်လောက လူထုရွေးချယ်ခံ တိုင်းအစိုးရဝန်ကြီးချုပ်တစ်ဦးနဲ့ အာဏာရှင်ဟောင်းရဲ့မြေးတစ်ဦး တွဲရိုက်ထားတဲ့ဓာတ်ပုံ မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး လူမှုကွန်ရက်မီဒီယာ Facebook ပေါ် ရောက်လာပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီဓာတ်ပုံကို တင်လိုက်မှန်းမသိပေမယ့် တိုင်းအတွင်းမှာတော့ ဝေဖန်မှုဂယက် အတော်ထသွားခဲ့ပါတယ်။ NLD ပါတီဝင် ရွေးကောက်ခံဝန်ကြီးတစ်ဦးနဲ့ အာဏာရှင်မျိုးဆက်သစ်တွေအကြား ဒီလိုပူးပေါင်းဆောင်ရွက်သင့်ပါသလားဆိုပြီး အတော်များများက မေးခွန်းထုတ်ကြပါတယ်။
တိုင်းအစိုးရဘက်က ပြန်ရှင်းတာကတော့ အာဏာရှင်မျိုးဆက်သစ်ကို အားပေးတာမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တယ်ဆိုလို့ တခြားစီးပွားရေးလုပ်ငန်းရှင်တွေလို ပုံမှန်တွေ့ဆုံခြင်းသာ ဖြစ်တယ်လို့ဆိုပါတယ်။ အလုပ်သဘောအရဆိုရင်တော့ ဒီရှင်းလင်းချက်ဟာ လုံလောက်ပါတယ်။ အားလုံးနဲ့ လက်တွဲဆောင်ရွက်မယ်လို့ မူဝါဒချထားတဲ့အတွက် ဒီလိုတွေ့ဆုံမှုဟာ ဘာပြစ်မှုမှမမြောက်ပါ။ ဘာအမှားအယွင်းမှ မရှိပါ။
ဒါပေမဲ့ သာမန်နိုင်ငံသားတစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ စွဲကပ်နေဆဲဖြစ်တဲ့ စံချိန်စံညွှန်းဆိုင်ရာ၊ ဂုဏ်သိက္ခာဆိုင်ရာ သတ်မှတ်ချက်တွေအရ ဒါမျိုးမလုပ်သင့်ဘူး၊ ဒါမျိုးလုပ်တာဟာ ဒီမိုကရေစီရေးအတွက် အသက်ပေးသွားသူတွေကို စော်ကားရာရောက်တယ်ဆိုပြီး ခံစားနေကြပါတယ်။
တကယ်ဆို သာမန်လူထုတင်မကပါဘူး။ တော်လှန်ရေးသမားဟောင်းတွေရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေနဲ့။ ပြည်တော်ပြန်ခရီးစဉ်တွေအတွင်း တွေ့ခဲ့ဖူးတဲ့ တော်လှန်ရေးရဲဘော်ဟောင်းတွေက လက်ရှိ သူပုန်ခေါင်းဆောင်ပိုင်းနဲ့ အာဏာရှင်တွေ၊ ခရိုနီတွေ စံနှုန်းမဲ့ နီးနီးကပ်ကပ်ပေါင်းသင်းဆက်ဆံနေတဲ့အပေါ် စိတ်မချမ်းမသာ ဖြစ်နေကြပါတယ်။ အသက်ပေးသွားတဲ့ အောက်ခြေရဲဘော်တွေကို စော်ကားရာရောက်နေတယ်ဆိုပြီး သူတို့က ပြောကြပါတယ်။
တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် အာဏာရှင်တွေနဲ့လက်တွဲပြီး ဒီမိုကရေစီကိုဖော်ဆောင်တဲ့အခါ ရန်-ငါ စည်းဆက်ထားဖို့ မလိုတော့ပေမယ့် Moral (အကျင့်သိက္ခာ၊ ကိုယ်ကျင့်တရား) စည်းလေးတော့ ခြားထားဖို့ လိုနေဦးမယ်ထင်ပါတယ်။
အသွင်ကူးပြောင်းရေးကာလနှင့် Moral ပြဿနာ
Moral စည်းမရှိတဲ့ပြဿနာက နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာတင် မကပါဘူး။ လူမှုရေးကိစ္စမှာပါ ဆိုးဆိုးဝါးဝါးဖြစ်တာကို တွေ့နိုင်ပါတယ်။ လတ်တလောမြင်နေရတဲ့ သာဓကတချို့ကို ထုတ်ပြရမယ်ဆိုရင် NLD ပါတီရဲ့ ဥပဒေအကြံပေးအရာရှိ ဦးကိုနီ လုပ်ကြံခံရမှုအတွက် တရားရုံးမှာစစ်ဆေးနေစဉ် လူသတ်သမားကို ထောက်ခံပါတယ်ဆိုတဲ့ စာတွေရေးထားတဲ့ တီရှပ်တွေဝတ်ပြီး လူတချို့က ပေါ်တင်လာရောက် ဆန္ဒပြတာမျိုး၊ လူသတ်သမားရဲ့ ဆရာတော်ပါဆိုပြီး ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါးက Facebook ပေါ် ပြောဆိုတာမျိုးတွေဟာ Moral ပြဿနာ ကြီးမားလာနေခြင်းကို သက်သေပြနေပါတယ်။
တစ်နေ့က နေပြည်တော်မှာ ယာဉ်တိုက်မှုဖြစ်တော့ ကားသမားက ရပ်မပေးဘဲ ဆက်မောင်းပြေးတဲ့အတွက် ချိတ်မိတဲ့ ဆိုင်ကယ်သမား ပွဲချင်းပြီး သေသွားတယ်ဆိုပါတယ်။ ကားသမားက စစ်မှုထမ်းဖြစ်နေလို့ ရွေးပြောခြင်းမဟုတ်ပါ။ စစ်မှုထမ်းမဟုတ်တဲ့ တခြားလူတွေလည်း ဒီလိုပဲ တိုက်ပြီးရင် မောင်းပြေးကြတာ သတင်းတွေထဲ မကြာခဏဖတ်နေရပါတယ်။ ဘာကြောင့်လဲ။
ပြီးခဲ့တဲ့ခရီးစဉ်တုန်းက ရန်ကုန်မြို့လယ်မှာ လမ်းဖြတ်ကူးတော့ ကားတွေက ရပ်မပေးဘူး။ ဟွန်းအသားကုန်တီးပြီး သေသွားချင်လားလို့ အော်ပြောပါတယ်။ လူကူးမျဉ်းကျားပေါ်ကူးနေတဲ့လူက အမှားလား၊ စည်းကမ်းမဲ့မောင်းတဲ့ ကားသမားက အမှားလား။ ယာဉ်ထိန်းရဲကလည်း ဒါတွေကို စိတ်မဝင်စားတော့ စာရေးသူနဲ့ တခြားတစ်ဦးနှစ်ဦးမှအပ ဘယ်သူကမှ မျဉ်းကျားမှာကူးတာမတွေ့၊ အားလုံးကြုံတဲ့နေရာမှာကူး။ ကားတွေလည်း ကြုံသလိုမောင်းနဲ့ အမှားအမှားချင်း အဆင်ကိုပြေလို့။ အမှန်ကိုပြောရင်တောင် လူတွေက လက်မခံချင်တော့တဲ့အဆင့်အထိ Moral ပြဿနာက ရှိလာနေပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်၊ စာရေးသူတို့ ကျောင်းသားဘဝကဆို “ခြင်္သေ့မှန်ရင် မြက်မစားဘူး”၊ “မိုးခါးရေ မသောက်ဘူး”၊ “လူဆိုးတွေနဲ့တော့ မပေါင်းနိုင်ဘူး”...စသဖြင့် စံသတ်မှတ်ချက်တွေ အတော်များများ ရှိပါသေးတယ်။ အခု ဒါတွေမရှိတော့ပါ။ မြက်ပဲဖြစ်ဖြစ်၊ အသားပဲဖြစ်ဖြစ် ဘားစားစား ဗိုက်ပြည့်ဖို့က အဓိကဖြစ်လာနေပါတယ်။ လူဆိုးပဲဖြစ်ဖြစ်၊ သူခိုးပဲဖြစ်ဖြစ် အာဏာရှိသူ၊ ငွေရှိသူဆိုရင် လက်ဆွဲနှုတ်ဆက်ဖို့ ဝန်မလေးနေတော့ပါ။ အာဏာရှင်တွေ၊ ခရိုနီတွေဆီမှာ အခစားဝင်နေကြတဲ့ တစ်ချိန်က တော်လှန်ရေးသမား၊ နိုင်ငံရေးသမားဆိုသူတွေ များလာနေတဲ့အထိ Moral ပြဿနာ ကြီးမားလာနေပါတယ်။
ဒီပြဿနာတွေအတွက် ဘယ်သူ့ဆီမှာ တိုင်တန်းရမှာလဲ၊ ဒီပြဿနာ ပြေလည်အောင် ဘယ်သူတွေက ဖြေရှင်းပေးနိုင်မှာလဲ။ ဒီဆောင်းပါးရေးနေစဉ် ကြားလိုက်မိတဲ့ ဘီဘီစီသတင်းတစ်ပုဒ်မှာတော့ ကျေးလက်ဒေသက ပြည်သူတချို့ဟာ အစိုးရကိုလည်း အားမကိုးရဲ၊ တပ်မတော်ကိုလည်း ကြောက်နေရဆဲဖြစ်တာမို့ တပ်သိမ်းမြေတွေ ပြန်ရရေးအတွက် ရိုးရာနတ်ဆီမှာ ဆုတောင်းပွဲလုပ်နေကြတယ်ဆိုပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ မြေနီကုန်းရွာမှာ အခုလို ဆုတောင်းပွဲ လုပ်နေတာဖြစ်ပြီး ဒီသတင်းဟာ အဲဒီနေ့အတွက် Facebook မှာ လူစိတ်ဝင်စားမှု အများဆုံးရနေတဲ့သတင်း ဖြစ်တယ်ဆိုပါတယ်။
ကဲ... အများပြည်သူဘဝ အားကိုးရာမဲ့ဖြစ်နေပြီလား။ အမှန်တရားပေါ် ရပ်တည်လိမ့်မယ်လို့ အများက ယုံထားတဲ့လူတွေက အတိတ်မှာ အမှား ကျူးလွန်ခဲ့ဖူးသူတွေနဲ့ လက်တွဲဆောင်ရွက်နေကြတဲ့အခါ အဲဒီလူတွေကိုပါ ပြည်သူက အားကိုးယုံကြည်ဖို့ စိတ်ပျက်သွားကြတာမျိုးလား။ ရွေးကောက်ခံအစိုးရနဲ့စာရင် ရိုးရာနတ်ကမှ တပ်သိမ်းမြေကို ပြန်ရအောင်လုပ်ပေးနိုင်မလားဆိုပြီး လူထုက အရွဲ့တိုက်ပြနေတာမျိုးလား။ အသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီအင်စတီးကျူးရှင်းတွေ ဘာမှ အခိုင်အမာ မတည်ဆောက်နိုင်လို့ အခုလိုဖြစ်သွားတာမျိုးလား။
အနှစ်ပြန်ချုပ်ရရင်တော့ နှစ် ၆၀ နီးပါး စစ်အာဏာရှင်အစိုးရ အဆက်ဆက်ရဲ့ ဖိနှိပ်မှုအောက်မှာ ပြားပြားဝပ်နေခဲ့ရတဲ့ အများပြည်သူဘဝ တစ်စုံတစ်ရာ သက်သာချောင်ချိလာစေရေးအတွက် အာဏာရှိသူ၊ ငွေရှိသူနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်၊ အတိတ်ကအမှားတွေအတွက် ဘာမှ မပြောတော့ဘူးဆိုတဲ့ မူဝါဒကို နားလည်ပေးလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီမူဝါဒရဲ့ ဘေးထွက်ဆိုးကျိုးသက်ရောက်မှုက နိုင်ငံရေးနယ်ပယ်တင်မကပဲ အများပြည်သူအကြားအထိ Moral ကျဆင်းမှုပြဿနာ အတော်ဆိုးဝါးလာနေပြီဆိုတာကိုတော့ နိုင်ငံရေးသမားတွေ အချိန်မီ ပြန်သုံးသပ်ဖို့ လိုနေပြီဖြစ်ပါတယ်။ ။
ထက်အောင်ကျော်
0 comments:
Post a Comment