Friday, May 17, 2019

ဘားအံမှာ ဘာသွားလုပ်တာလဲ...(၁)

သင်္ကြန်ပိတ်ရက်အစား နားရက်မှာ ဘားအံသွားမယ်ပြောတော့ "ဘားအံမှာ ဘာသွားလုပ်မှာလဲ။ ချောင်းသာဖက်သွားပါလား"- ဆိုပြီး မိတ်ဆွေတချိ့ကပြောပါတယ်။ သင်္ကြန်အကြိုနေ့က ချောင်းသာကို နေ့ချင်းပြန်သွား ဖူးထားပြီးသားဆိုတော့ တခါမှ မရောက်ဖူးသေးတဲ့ ဘားအံကိုပဲရွေးလိုက်ပါတယ်။



ဒီရွေးချယ်မှုရဲ့နောက်မှာ ကရင်မြို့တော်နဲ့ တွဲကပ်နေတဲ့ မာနယ်ပလောတွေ၊ ဒေါနတောင်တန်းတွေ၊ ရဲဘော်ဟောင်းတွေ၊ မူးနော်တွေ၊ မူကနော်တွေ ပါနေမယ်ဆိုတာ အစောပိုင်းက ကိုယ့်ဘာသာတောင် သတိမထားမိဘူး။ (ပုဂံနဲ့ ချောင်းသာခရီးကလွဲရင် ကျန်ခရီးတွေအားလုံးက တောထဲက ဇတ်လမ်းနဲ့တနည်းမဟုတ် တနည်းဆက်စပ်နေတာချည်း)  လောလောဆယ် မြင်နေရတဲ့အခင်းအကျင်းကတော့ ချောင်းသာကိုသွားတဲ့လမ်းနဲ့ ဘားအံကိုသွားတဲ့လမ်း ဘာမှ မဆိုင်ဘူးရယ်။

ကံကောင်းထောက်မစွာနဲ့ ဘတ်စ်ကားအစား မဲဆောက်သွားမဲ့ မိတ်ဆွေတယောက်ရဲ့ ကားနဲ့လိုက်ခွင့်ရလို့ လမ်းတွေကို အသေချာမြင်လိုက်ရတာလို့လဲ ဆိုနိင်ပါတယ်။ မြို့ထဲကနေအထွက် အဝေးပြေးလမ်းပေါ်မတက်ခင်လေးမှာ 0 mile ဆိုင်တန်းတွေက အတော်မိုက်တယ်။ ချောင်းသာဖက်အသွား လှိုင်သာယာဖက်မှာ ဒီလိုမျိးဆိုင် မတွေ့မိပါဘူး။ ထိုင်း လမ်းတွေ၊ ထိုင်းကဆိုင်တွေနဲ့ အတော်တူပါတယ်။ အာဆီယံအဆင့် မီတယ်ပေါ့။

၇ နာရီလောက်မှာ မနက်စာအဖြစ် မုန့်ဟင်းခါးသုံးဆောင်ပြီးနောက် အဝေးပြေးလမ်းပေါ်ကနေ ၃၉ မိုင်အထိ ခရီးဆက်ခဲ့ပါတယ်။ အဲ- ခုနက ဆိုင်မှာ အိမ်သာတွေလဲ အာဆီယံအဆင့်မီပါတယ်။ (ဥရောပနေ ပြန်လာသူ တဦးဖိ့ လမ်းခရီးမှာ အိမ်သာမကောင်းတဲ့ပြသာနာကလည်း အတော်ကြီးမားပါတယ်။) တလောက အင်တာဗျးလုပ်ဖြစ်ခဲ့တဲ့ စီးပွားရေးပညာရှင်တဦးကတော့ မြန်မာနိင်ငံမှာ အသေချာသတ်မှတ်ထားတဲ့ တိုင်းတာရေး စနစ်မရှိဘုး။ မန်းလေးကနေ ၁၀၅ မိုင်အထိ မိုင်စနစ်နဲ့သွားပြီး အဲဒါကျော်သွားရင် ကီလိုမီတာဖြစ်သွားတယ်၊ အလေးချိန်မှာလဲ ဒီလိုပဲ။ တချိ့နေရာတွေမှာ ပိသာနဲ့ပြောပြီး တချိ့နေရာတွေမှာ ကီလိုဂရမ်နဲ့ပြောကြတယ်လိ့ ဆိုပါတယ်။

ဒါပေမဲ့ ဒီအဝေးပြေးလမ်းမှာတော့ မိုင်တိုင်ရော၊ ကီလိုတိုင်ရော ၂ ခုစလုံးရှိပါတယ်။ မြန်မာနိင်ငံမှာ အစိုးရ ၂ ရပ်ရှိနေသလို အချိန်အတွယ်နဲ့ အတိုင်းအတာမှာလဲ စနစ် ၂ မျိးရှိပါတယ်လိ့ ကျနော့်မိတ်ဆွေက အသော ၀င်ဖောက်ပါတယ်။ ကားဆရာကတော့ မိုင်တိုင်နဲ့ ကီလိုတိုင်ကိုကြည့်ပြီး ၃၉ မိုင်ဆို ကီလို ၆၀ လောက်ရှိမှာ ပေါ့။ အဲဒါပြီးရင် ဘုရားကြီးကနေ ဝေါဖက် ဖြတ်ဝင်ရမယ်ဆိုပါတယ်။



အဝေးပြေးလမ်းက အတော်ကောင်းပေမဲ့ နိင်ငံတကာက အဝေးပြေးလမ်းတွေလို ဘေးမှာ ခြံစည်းရုံး အလုံ ပိတ်ထားတာမျိးမရှိ။ မိုင် ၁၀၀ လောက်အရှိန်နဲ့မောင်းနေတဲ့ ဟိုက်ဝေးလမ်းဘေးက မြေနီလမ်းပေါ်မှာ နွား လှည်းလဲရှိတယ်။ မော်တော်ဆိုင်ကယ်လဲရှိတယ်၊ လမ်းဖြတ်ကူးတဲ့ လူတွေ၊ ယဉ်တွေလဲ ရှိတယ်။ ဟိုက်ဝေး စနစ်က တမျိးကြီးရယ်။ .."ဒါနေ့ဖက်မို့တော်သေးတယ်။ ဟိုတခါတန်းကဆို ညဖက်မှောင်နေတဲ့အထဲ အဲဒီလမ်း လယ်မှာ ကားတာယာကြီးချထားတာ။ ကီလို ၁၀၀ နှုန်းလောက်မောင်းနေတာဆိုတော့ ဘယ်လိုမှ ရှောင်ချိန် မရဘူး။ တည့်တည့်ကြီး တိုက်ပစ်လိုက်ရတယ်။ ရှောင်ရင် မှောက်မှာ."..ဆိုပြီး ကားဆရာကပြောပါတယ်။

ဒါကြောင့် ညဖက်မှာ ကားတွေ မကြာခဏ တိမ်းမှောက်တာ၊ တိုက်မိတာတွေဖြစ်နေတာပေါ့။ အဲလို ကား မှောက်ရင် ၀င်လုတဲ့ လူတွေလဲရှိတယ်လိ့ ကားဆရာကဆိုပါတယ်။ ခြံစည်းရုံးမရှိတဲ့ ဟိုက်ဝေးလမ်းရဲ့ ထူးခြား ချက်များပေါ့။ ဒီကားဆရာပြောမှ ချောင်းသာသွားတုန်းကပြောတဲ့ ကားဆရာစကားကို သွားသတိရမိတယ်။ အဲဒီတုန်းက ညဖက်ကြီးမောင်းတာ။ လမ်းကအတော်ဆိုးတာပဲ။ ကားတွေ ဒီလောက်သွားနေတာ ဘာကြောင့် မပြင်ကြတာလဲ ဆိုပြီးစာရေးသူက ငြီးမိတော့... "အဝေးပြေးလို လမ်းတွေ သိပ်ကောင်းနေရင် ကားသမား တွေအိမ်ငိုက်ပြီး ယဉ်တိုက်မှုဖြစ်မှာစိုးလို့ ဧရာဝတီတိုင်းအစိုးရက နဂိုလမ်းအတိုင်း ထိမ်းထားပေးတာပါ'' တဲ့။ အတော်အကောင်းမြင်တတ်တဲ့ ကားဆရာပါပဲ။

ကဲ- ဧရာလမ်းနဲ့ ရာမညလမ်းကို နှိုင်းယှဉ်ရင်းနဲ့ စစ်တောင်းတံတားတောင် ကျော်တော့မယ်။ တံတားအ၀င်က စစ်ဆေးရေးဂိတ်ကိုမြင်မှ လမ်းတလျောက်ပေးခဲ့ရတဲ့ တိုးလ် ဂိတ်ကြေးတွေ၊ မြိ့ဝင်ကြေးတွေကို သတိထားမိပါတယ်။ ခုနက ချောင်းသာဖက်သွားတဲ့လမ်းမှာ လမ်းကြေး၊ တိုးလ်ဂိတ်ကြေးမှ မပေးရပဲ။ ဒီဖက်မှာတော့ လမ်းတွေကို BOT စနစ်နဲ့လုပ်ထားတာဆိုတော့ အဲဒီအတွက် အများကြီးပေးရပါတယ်။ ဒါပေမဲ့ လမ်းကကောင်းတော့ ဒီလိုပေးရတာ တန်ပါတယ်။ မတန်တာကတော့ ဘာမှန်းမသိပဲ ကောက်နေတဲ့ မြိ့ဝင် ကြေးတွေပါပဲ။

အစိုးရသစ်လက်ထက်မှာ ဒါတွေ မကောက်တော့ဘူးဆိုပေမဲ့ ဒေသခံတွေ အလုပ်လက်မဲ့ (တခြားအလုပ် ကလဲ ဒီလိုလွယ်ကူပြီး ၀င်ငွေမကောင်းနိင်) ဖြစ်မှာစိုးလို ဆက်လက်ခွင့်ပြူထားတယ်လို့ပဲ အကောင်းမြင် ပေး လိုက်ပါတယ်။ စစ်တောင်းတံတားကုးပြိး ကျိက်ထုံမြိ့ထဲအ၀င် ကျိုက်ထီးရိုးလမ်းခွဲအလွန်မှာ ထူးထူးခြားခြား ဧရာမအလှူပွဲကြီးတခုကိုတွေ့ရပါတယ်။ ဆင် ၁၀ ကောင်၊ မြင်းအကောင် ၂၀ ကျော်၊ နွားလှည်း ၃၀ ခန့်နဲ့ မော်တော်ယဉ် ၁၀၀ ခန့်ပါတဲ့ အလှူပွဲကြီးဆိုတော့ ကျိက်ထုံတမြိုလုံး လမ်းတွေပိတ်ကုန်ရော။ ကိုယ်တွေက အဆင်းကားမို့နဲနဲတော်သေးတယ်။ မော်လမြိင်၊ ဘားအံ၊ ထားဝယ်ဖက်ကနေ တက်လာတဲ့ ကားတွေ ရာနဲ့ချီပြီး ပိတ်မိခဲ့ပေါ့။




ရန်ကုန်ကနေ မော်လမြိင်-ထားဝယ်ဖက်လမ်းတွေကိုသွားဖူးပြီးသားမို့ သထုံကနေ ဘားအံလမ်းခွဲ ရောက်တဲ့ အထိက စာရေးသူအတွက် အသစ်အဆန်းမဟုတ်။ ဟော...အခု သထုံ-ဘားအံ လမ်းခွဲရောက်ပါပြီ။ ဒီဖက်မှာလဲ BOT စနစ်ကဆက်သွားနေတော့ လမ်းတွေက ကောင်းနေဆဲ။ သထုံက ထွက်တာနဲ့ ချောင်းတခု၊ စစ်ဆေးရေးဂိတ်တခုကိုတွေ့ပါတယ်။ စာကိုအသေချာဖတ်ကြည့်တော့ ဒုံသမနိ ချောင်းတဲ့။ တော်လှန်ကဗျာ ဆရာတဦးဖြစ်တဲ့ ကိုငြိမ်းဝေရဲ့ ကဗျာထဲမှာ ဒီချောင်းအမည်ကို ရင်းနှီးဖူးခဲ့ပေါ့။

အရင်ကဆို ဒီတံတားက စစ်ဆေးရေးဂိတ် မကြာခန အတိုက်ခံရတာပေါ့။ အားလုံးဆင်းပြီး မှတ်ပုံတင်ပြ အစစ်ခံရတဲ့အခြေအနေကနေလွတ်တာတောင် မကြာသေးဘူး။ ငြိမ်းချမ်းရေးရပြီးမှ ဒီနေရာတွေ အေးသွားတာ ဆိုပြီး ကားဆရာကပြောပါတယ်။ အင်း... မွန်ပြည်နယ်-နဲ့ ကရင်ပြည်နယ် နယ်စပ်ချောင်း ဒုံသာမနိမှာ လူဆင်းပြီး မှတ်ပုံတင်ပြစရာမလိုတော့ပေမဲ့ မွန်-တနသ်ာရီနယ်စပ်က မလွဲတောင်ဂိတ်မှာ အခုချိန်အထိ လူဆင်း မှတ်ပုံတင်စစ်တဲ့စနစ် ဘာကြောင့် ဆက်ကျင့်သုံးနေတာလဲဆိုတာ စဉ်းစားလို့ကိုမရဘူး။

ဒုံသာမနိချောင်းကိုကျော်ပြီဆိုတော့ ကရင်ပြည်နယ်ထဲရောက်ပြီ။ ဟိုရှေ့နားမှာ မြိုင်ကလေး ဘိလပ်မြေ စက်ရုံရှိပါတယ်။ ဒီအတွက် ကုန်ကြမ်းဖြစ်တဲ့ ထုံးကျောက်တောင်တွေက ဟိုနား ဒီနား ထိုးထိုးထောင်ထောင်။ မြင်ကွင်းက မွန်-တနသာင်္ရီဖက်လို တောင်စဉ်တန်းတွေမဟုတ်ပဲ လုံးချင်း ကျောက်တောင်တွေ ဟိုတလုံး၊ ဒီတလုံး။ မွန်ပြည်နယ် ကျိက်မရောဖက် ထုံးကျောက်တောင်တွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဘားအံအ၀င်နားက ထုံးကျောက်တောင်တလုံးကတော့ ဘိလပ်မြေအတွက် ဘ၀ပြောင်းပေးလိုက်ရလိ့ မြေခခါနီးနေတာကို တွေ့ ရပါတယ်။



ဟိုး..မှာ ဇွဲကပင်တောင်ကိုမြင်နေရပြီ။ ရှေ့နားက သစ်ပင်တန်းကိုကျော်တော့ သံလွင်မြစ်ကူး သံလွင်တံတားကြီး ရုတ်တရက်တွေ့လိုက်ရပါတယ်။ ဒီတံတားကျ (မွန်ပြည်နယ်က ဘီလုးချောင်းတံတားလို) ဘာကြောင့် ဗိုလ်ချပ်အောင်ဆန်းတံတားလို့အမည်မပေးတာလဲဆိုပြီး ကားဆရာကိုမေးတော့ ဒီတတားက ဒီအစိုးရမတိုင်ခင်ကတည်းက ရှိနေတာကြပြီလိ့ ဆိုပါတယ်။

ဒီလို ဟိုငေး ဒီတွေးနဲ့ ၁၁ နာရီလောက်မှာ ဘားအံမြိ့ထဲ ရောက်လာပါတယ်။ ရန်ကုန်-ဘားအံ ကီလို ၃၀၀ နီးပါး (291.6 km) ကို ၄ ခွဲ၊ ၅ နာရီလောက်ပဲမောင်းရပါတယ်။ လမ်းတွေသိပ်ကောင်းနေလို့လား။ တောင်မရှိလို့လား။ တောင် မရှိတာကတော့ စာရေးသူအတွက် အထူးအဆန်းပါပဲ။ ဘာကြောင့်လဲဆို နယ်စပ်တကျောမှာ ၁၀ နှစ်လောက် သွားခဲ့ဖူးတဲ့ ကရင်ပြည်နယ်မှာ တောင်မတက်ရတဲ့နေရာ မရှိသလောက်ပါပဲ။ ဒါပေမဲ့ ဒီဖက်မှာတော့ ဘားအံရောက်တဲ့အထိ တောင်တက်စရာမလိုဘူး။ ဇွဲကပင် အပါဝင် တောင်တွေက သူ့ဘာသာ လုံးချင်းစီ ရှိနေပြီး ကားလမ်းတွေက တောင်အောက်က မြေပြန့်မှာချည်းဖြစ်နေပါတယ်။
...


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More