စာအုပ်ကြော်ညာ တလတာ...
“သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” Ebook စာအုပ်ကို စတင်ရောင်းချနေပြီဖြစ်ကြောင်း ဧပြီ ၁၁၊ သင်္ကြန်အကြိုနေ့မှာ ကြော်ညာခဲ့တဲ့အတွက် ဒီနေ့ တလ ပြည့်ပါပြီ။
တလတာအတွင်း အုပ်ရေ ၄၀ ကျော်သာ အားပေးတဲ့အတွက် မှန်းထားတာထက် တော်နည်းတယ်လို့ ဆိုရပါမယ်။ လူငယ်တွေပြောနေတဲ့ စကားလုံးအတိုင်းဆိုရင် ကမ်ပိန်း တာ့ဂတ်ပြည့်ဖို့ အများကြီးလိုသေးတယ်ပေါ့။
ကြော်ညာကို တလထက်ပို မထည့်သင့်ဘူးထင်တဲ့အတွက် ဒီနေ့မှာ Pin Post မထားတော့ပါဘူး။ ဒါပေမယ့် အဲဒီလင့်မှာ ဆက်လက်ဝယ်ယူ အားပေးနိုင်ပါသေးတယ်။
-
စာအုပ်တွေအများကြီးရောင်းရမယ်ထင်ပြီး... ရောင်းရငွေထဲက အချို့ကို မင်းသမီးစခန်းက အာဇာနည်ဗိမာန်အတွက် အသုံးပြုမယ်ဆိုပြီး အာချောင်မိတာ ပြန်တောင်းပန်ရမလိုဖြစ်နေပါတယ်။
အခုတိုင်းကတော့ Ebook ရောင်းရငွေက ပုံနှိပ်စာအုပ်အဖြစ် ပြန်ထုတ်ဝေဖို့တောင် အနိုင်နိုင်ပဲ။ (ဒါပေမယ့် အာဇာနည်ဗိမာန်ကိစ္စကိုလည်း နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေပေါ်မူတည်ပြီး ရဲဘော်ဟောင်းတွေနဲ့ ဆွေးနွေးကာ ဆက်လက် ဆောင်ရွင်သွားမှာဖြစ်ပါတယ်)
ကျေးဇူးတင်ဖို့ကောင်းတာကတော့ တအုပ်ကို ၅ ဒေါ်လာ သတ်မှတ်ထားပေမယ့် ၁၀ ဒေါ်လာမက ပေးဝယ်သူတွေ၊ ထူးထူးခြားခြား ဒေါ်လာ ၁၀၀ အထိ ပေးဝယ်သူ ရဲဘော်ဟောင်း ၃ ဦးကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်ချင်ပါတယ်။
-
နောက်တချက်ကတော့ ဒီစာအုပ်ကို ဖတ်ပြီး ၁၉၈၈- ၉၀ ဝန်းကျင်က လက်နက်ကိုင်တော်လှန်ရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေကို အများကြီးလေ့လာနိုင်ခဲ့တယ်လို့ လက်ရှိ နွေဦးတော်လှန်ရေးကို ဦးဆောင်တိုက်ပွဲဝင်နေတဲ့လူငယ်တဦးက ပြန်ပြောပြတာကို ကြားမိတဲ့အတွက် ဂုဏ်ယူမိပါတယ်။
၈ လေးလုံးအရေးတော်ပုံနဲ့ ABSDF မှတ်တမ်းအဖြစ် ဒီစာအုပ်ကို ထုတ်ဝေတယ်ဆိုပေမယ့် အဲဒီကာလတိုက်ပွဲအတွင်း ပါဝင်ခဲ့သူတွေ၊ သူတို့ရဲ့ မိသားစုတွေအတွက် မှတ်တမ်းအဖြစ်သိမ်းထားဖို့အပြင် မျိုးဆက်သင့် လူငယ်တွေ သမိုင်းအဖြစ် လေ့လာနိုင်ဖို့လည်း ပါဝင် ပါတယ်။
၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းကနေ ၁၉၈၈ အလွန်ခေတ်အထိ မြန်မာ့လက်နက်ကိုင်တော်လှန်ရေးဟာ ရှေ့ကိုမတက်ပဲ ဒီဘူတာမှာပဲ ပြန်-ပြန်ဆိုက်နေတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
အခုတကြိမ်မှာတော့ ဒီဘူတာကို ပြန်မဆိုက်ပဲ ပန်းတိုင်ရောက်တဲ့အထိ ချီတက်နိုင်ဖို့အရေးမှာ ဒီစာအုပ်က တစုံတရာ တွန်းအားဖြစ်စေမယ်၊ ဒီစာအုပ်ကိုဖတ်မိပြီး အရင်က မှားခဲ့တဲ့ အမှားတွေကို ရှောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
-
၂၀၁၃ ခုနှစ်၊ မေလ၊ နိုင်ငံရေးရာသီဥတု ကောင်းစဉ်တုန်းက ဒီစာအုပ်ကို ရန်ကုန်မှာ ပထမ အကြိမ် ထုတ်ဝေခဲ့ဖူးပေမယ့် အခုချိန်မှာတော့ ပြည်တွင်းမှာ ထုတ်ဖို့ မဖြစ်နိုင်သေးပါဘူး။
ဆိုတော့ ပြည်ပမှာ ထုတ်ဝေရေးအတွက် ကြိုးစားသွားမှာဖြစ်ပါတယ်။ ပြင်ဆင်ချိန်၊ စာတွေ ပြန်စီပြန်စစ်ချိန်၊ ပုံနှိပ်ချိန်တွေအားလုံးညှိုနှိုင်းပြီးရင်တော့ ၈ လေးလုံး ၃၈ နှစ်ပြည့်နေ့မှာ ထုတ်ဝေနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါကြောင်း စာဖတ်ပရိသတ်တွေ၊ ရဲဘော်တွေအားလုံးကို အသိပေး တင်ပြလိုက်ရပါတယ်။
အားလုံးကို လေးစားစွာဖြင့်...
ရဲဘော်ဝင်းထိန် @ ထက်အောင်ကျော်
(၁၀ မေ ၂၀၂၆)
---
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ebook ကို https://ebooks.akmoe.uk မှာ ဝယ်ယူအားပေးနိုင်ပါပြီ။







0 comments:
Post a Comment