ပေးဆပ်သူတို့ရဲ့ ဒဏ်ရာများ...
လာမယ့် မတ်လ ၁၃ ရက်နေ့ဟာ ၃၈ နှစ်မြောက် ဖုန်းမော်နေ့ - မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။
တနည်းအားဖြင့် (၈-၈-၈၈) ရှစ်လေးလုံးအရေးတော်ပုံ စတင်ပေါက်ဖွားတဲ့ ပထမဆုံးနေ့၊ ၃၈ နစ်မြောက်နေ့ပေါ့။
၈-၈-၈၈ နှစ်ပတ်လည်နီးလာချိန်မှာ ၈၈၈၈ လေးလုံးမှာ ပါဝင်ခဲ့သူတွေ၊ ၈၈ မျိုးဆက်တွေအပေါ် ဝေဖန်တိုက်ခိုက်မှုတွေ တိုးလာနေတာ ဆိုရှယ်မီဒီယာပေါ် တွေ့နေရပါတယ်။
လူတိုင်းမှာ လွတ်လပ်စွာဝေဖန်ခွင့်ရှိတဲ့အတွက် ဘာမှမပြောမလိုပါ။
ဒါပေမယ့် တာဝန်ရှိသူ၊ အပြစ်ရှိသူကို အတိအကျပြောဖို့လိုပါတယ်။ မျိုးဆက်တခုလုံးကို ဝေဖန်တာမျိုး မလုပ်သင့်ပါ။
စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေးအတွက် ရိုးသားစွာပေးဆပ်သွားသူတွေကို လေးစားဖို့ လိုအပ်ပါတယ်။
---
စိတ်ထဲမှာ ဒီလိုဝေဖန်ချက်တွအပေါ် မကျေမနပ်ဖြစ်နေစဉ်မှာ...
ရဲဘော်ဟောင်းတဦးက ဒီမနက် ဖုန်းဆက်လာပါတယ်။
ABSDF - မင်းသမီးခစန်းအကြောင်း မနေ့ကရေးထားတာတွေ့လို့...
ကျဆုံးရဲဘော်တွေထဲက စောလားဒိုရဲ့ ဓာတ်ပုံမှတ်တမ်းများရှိလား... သူ့ ဆွေမျိုးတယောက်က မေးလာလို့...တဲ့။
သူမေးမှ ကိုယ်လည်း အသဲအသန် လိုက်ရှာရတယ်...။ တော်သေးတယ်၊ မှတ်တမ်းပုံ သေးသေးလေး တပုံတွေ့လို့၊ ကူးပြီး ပို့ပေးလိုက်ရပါတယ်။
စောလားဒိုနဲ့အတူ မင်းသမီးစခန်းမှာ သေဆုံး-ကျဆုံးသွားတဲ့ ရဲဘော် ၈၀ ကျော်ရှိပါတယ်။
ABSDF တခုလုံးဆိုရင် ကျဆုံး-သေဆုံး ရဲဘော် ၆၀၀ ကျော်ရှိပါတယ်။ ဒါ ၂၀၁၃ ငြိမ်းချမ်းရေးကာလက စာရင်းကိုပြောတာ။ အခုဆိုရင် ABSDF က နွေဦးတော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်နေတဲ့အတွက် ကျဆုံး-သေဆုံးစာရင်း ထပ်တိုးနေနိုင်ပါတယ်။
ဒီလူတွေပေးဆပ်သွားတာနဲ့... ဟိုလူတွေရဲ့ ဝေဖန်မှုကိုခံရတာ တန်ပါရဲ့လား...
ကိုဖုန်းမော်နေ့မှာ အချင်းချင်းဝေဖန်မှုတွေကို လျော့ချပြီး မျိုးဆက်အားလုံး လက်တွဲဆောင်ရွက်ရေးဖက် ဦးစားပေးကြဖို့ နိုးဆော်လိုက်ပါတယ်။
---
ပေးဆပ်သွားသော ရဲဘော်များအားလုံးကို ဒီနေရာကနေ အလေးပြုလိုက်ပါတယ်။
မင်းသမီးစခန်းက (၁၉၈၈- ၁၉၉၈- အကြား) ကျဆုံး-သေဆုံး ရဲဘော် ၈၀ ကျော်ထဲက ရရှိသမျှ မှတ်တမ်းပုံကို တင်ပေးလိုက်ပါတယ်။
သာမန်စာဖတ်ပိတ်သတ်အတွက် ဒီ ဓာတ်ပုံတပုံက ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ကျဆုံး-သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုအတွက်တော့ ဒီဓာတ်ပုံတပုံဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပုံတခုဖြစ်ပါတယ်။
(အရေးပေါ်ကာလက ကူးထားတဲ့အတွက် ပုံတွေက သိပ်မရှင်းပါ။ မူရင်း ပုံရှိသူများ၊ အခြားပုံရှိသူများ မျှဝေပေးကြပါရန် တိုက်တွန်းပါသည်)။
လေးစားစွာဖြင့်...
ရဲဘော်ဝင်းထိန် @ ထက်အောင်ကျော်။
(၈- မတ် - ၂၀၂၆)။








0 comments:
Post a Comment