Tuesday, October 6, 2026

ကျနော်တွေ့ခွင့်မရလိုက်တဲ့ NCG ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း...

 ကျနော်တွေ့ခွင့်မရလိုက်တဲ့ NCG ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း...

-







မကြာသေးခင်ကသွားခဲ့တဲ့... အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ကမ်း ပြည်နယ်များခရီးစဉ်အတွင်း ABSDF ရဲဘော်ဟောင်းတွေ၊ မဟာမိတ်အဖွဲ့အသီးသီးက ရဲဘော်ဟောင်းတွေ၊ မီဒီယာလောက လုပ်ဖေါ်ကိုင်ဖက် မိတ်ဟောင်း-ဆွေဟောင်းတွေအတော်လေး အစုံအလင် တွေ့ခွင့်ရခဲ့ပါတယ်။


ဒါပေမယ့် တွေ့မယ်ပြောထားပြီးမှ တွေ့ခွင့်မရလိုက်သူ တဦးကတော့ NCG ဝန်ကြီးချုပ်၊ DVB တည်ထောင်သူ ဒေါက်တာစိန်ဝင်း...ပဲဖြစ်ပါတယ်။


မနှစ်က အနောက်ဖက်ကမ်း ပြည်နယ်တွေဆီသွားပြီး ရဲဘော်ဟောင်းတွေနဲ့တွေ့နေစဉ်မှာ ဝန်ကြီးချုပ်ကတော် ဒေါ်စီစီသွယ်က ဖိတ်ခေါ်ပါတယ်။...“ဒီဖက်ကိုလည်း လာကြဦးလေ၊ ဆရာက လူဟောင်းတွေကို တွေ့ချင်နေတယ်”...တဲ့။


လူဟောင်းဆိုတာ DVB မာနယ်ပလော ခေတ်ဦးပိုင်းကနေ DVB ပြည်တော်ပြန်ဝင်သွားတဲ့ကာလအထိ တာဝန်ထမ်းခဲ့သူတွေ၊ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို မကြာခန အင်တာဗျုးသူတွေ၊ ဒေါ်စီစီသွယ် ဝန်ကြီးချုပ်ဆီမသွားခင် အော်စလိုမှာ စောင့်နေရစဉ်ကာလက ရင်းနှီးစွာ တွေ့ခဲ့ဖူးသူတွေကို ဆိုလိုတာလို့ ယူဆရပါတယ်။


“ဒီနှစ်တော့ အနောက်ဖမ်းကမ်းလောက်ပဲ၊ ရှေ့နှစ်ကျမှ အဲဒီဖက် လာခဲ့မယ် ... မစီ၊ ဝန်ကြီးချုပ် နေကောင်းတယ်မို့လား...” အနာဂတ်ကို ကြိုမသိတော့ ဒီလိုပဲ ဝတ်ကျေတန်းကျေ ပြောခဲ့မိတာပေါ့။


ဒါပေမယ့် မထင်မှတ်ပဲ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း (အသက် ၈၃ နှစ်) က ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၆ ရက်မှာ ကွယ်လွန်သွားခဲ့ပါပြီ...။

---


ဒေါ်စီစီသွယ်ရဲ့ ဖိတ်ခေါ်ချက်အရ ဝန်ကြီးချုပ်အိမ်ကိုရောက်သွားပေမယ့် ဝန်ကြီးချုပ်က မရှိတော့ပါ...။ သူ့ကိုယ်စား သူ့ဓာတ်ပုံတွေနဲ့ စာအုပ်ပုံကြီးတွေကိုသာ တွေ့ခွင့်ရပါတော့တယ်။


“ဆရာက သူ့စာအုပ်တွေကို အရမ်းတန်ဖိုးထားတယ်၊ နေရာရွှေ့တာ မကြိုက်ဘူး”... ဆိုပြီး ဒေါ်စီစီက ဒေါက်တာစိန်ဝင်းအကြောင်း အမှတ်တရတွေ၊ ဆေးရုံတက်ရပုံတွေ စသဖြင့် ပြန်ပြောပြနေပါတယ်။


“ဆရာ့ကို ကိုထက်အောင်ကျော် အင်တာဗျုးထားတဲ့ နောက်ဆုံးအင်တာဗျုးဖြစ်မယ်ထင်တယ်၊ ၂၀၁၉ ရန်ကုန်ရောက်တုန်းက ဗျုး ထားတာ ပြန်တွေ့လို့ လရောင်ကို မကြာခန ပြန်နားထောင်ခိုင်းထားတယ်”...ဆိုတာလည်း ပါ ပါတယ်။


လရောင်ဆိုတာက ဒေါက်တာစိန်ဝင်းရဲ့ သားငယ်၊ အကြီးမအမည်က လပြည့်၊ နတ်မောက်နယ်က ဗိုလ်လရောင်နဲ့ ဗိုလ်အောင်ဆန်းတို့ရဲ့ မျိုးဆက်တွေပေါ့...။


ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးရိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝမ်းကွဲအကိုဆိုပေမယ့် ဒေါက်တာစိန်ဝင် နေထိုင်ပုံက သိပ်အေးပါတယ်။

---


ဝန်ကြီးချုပ်ကို ပထမ ဆုံးအကြိမ် ကျနော်တွေ့ဖူးတာ ၁၉၉၁ အစောပိုင်း ဖေဖေါ်ဝါရီလလို့ ထင်ပါတယ်။၊ ဘန်ကောက်က ဆူခွန်ဗစ်လမ်းသွယ်တခုထဲရှိ ဦးစိုးပိုင်ရဲ့ အိမ်မှာ...


မာနယ်ပလောမှာ အမျိုးသားညွန့်ပေါင်အစိုးရ - NCGUB ဖွဲ့ပြီးကာစ နိုင်ငံတကာသံတမန်တွေနဲ့တွေ့ဆုံရေးအတွက် ဘန်ကောက်ကို ခနတက်လာတာ...။ အဲဒီနောက် ကျနော်တို့တပ်တွေရှိရာ မင်းသမီးခစန်းဆီ ဝန်ကြီးချုပ်နဲ့အဖွဲ့ ရောက်လာပါတယ်။


နောက်ပိုင်းတော့ မတွေ့ဖြစ်တော့ပါဘူး။ သူက ဝန်ကြီးချုပ်...  ကိုယ်က မင်းသမီးစခန်းက ထောက်ပံ့ရေးတာဝန်ခံ ဒုရဲဘော်... ထပ်တွေ့စရာ အကြောင်း ဘယ်ရှိပါ့မလဲ...


ဒါပေမယ့် အနာဂတ် ကံတရားဆိုတာ ဘယ်ကြိုသိနိုင်ပါ့မလဲ...


၁၉၉၅ မှာ ကိုယ်က DVB တောတွင်း သတင်းထောက်ဖြစ်လာ၊ ၁၉၉၉ မှာ DVB အော်စလိုရုံးကို စတင်ရောက်ဖူး၊ ၂၀၀၀ ပြည်လွန်နှစ်တွေမှာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ အော်စလိုမှာ ပြန်တွေ့၊ အင်တာဗျုးတွေလုပ်...။ နောက် တနှစ်တကြိမ် DVB ဘုတ်အဖွဲ့အစည်းဝေးလား... ပုံမှန်တွေ့ဖြစ်တယ်ဆိုပါတော့။


၂၀၁၂ ဇွန်လမှာလို့ထင်ပါတယ်၊ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းကို အော်စလိုမှာ နောက်ဆုံးတွေ့ခဲ့တာ...။


အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုလက်ခံရယူဖို့ နော်ဝေကို ပထမ ဆုံးအကြိမ်ရောက်လာစဉ်မှာ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းလည်း နော်ဝေကို ရောက်လာတာဖြစ်ပါတယ်။


အဲဒီနောက်ပိုင်းတော့ DVB လည်း နေပြည်တော်ဖက် ခြေလှမ်းချဲ့၊ ကိုယ်တွေလည်း DVB နဲ့ဝေးရာဖက် ကန်ထုတ်ခံရ၊ ဒေါက်တာစိန်ဝင်းလည်း DVB ဘုတ်အဖွဲ့ဝင် မဟုတ်တော့တဲ့အခါ... တွေ့စရာအကြောင်းက မရှိတော့ပါ။


ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၉ ခုနှစ်ရဲ့ နွေဦးရာသီတခုမှာ ဒေါက်တာစိန်ဝင်း ပြည်တော်ပြန်လာမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ရှိတယ်၊ မြန်မာနိုင်ငံမှာ ကျောင်းဆရာပြန်လုပ်မယ်ဆိုတဲ့သတင်း ဝင်လာပါတယ်။


အဲဒီအချိန် ကျနော်က ရန်ကုန်အခြေစိုက် မီဒီယာတခုမှာ တာဝန်ထမ်းနေတော့ ဒေါက်တာစိန်ဝင်းကို ဆက်သွယ်ပြီး အင်တာဗျုး ရအောင် တောင်းခဲ့ဖူးပါတယ်။ ... ခုနှက ဒေါ်စီစီသွယ် ညွှန်းဆိုနေတဲ့ ...ဒေါက်တာစိန်ဝင်းနဲ့ နောက်ဆုံးအင်တာဗျုး ဆိုတာ အဲဒါ ပါပဲ။


ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းအကြောင်း ဒီလို အမှတ်တရတွေ ပြောပြီးတဲ့နောက် ... သူရဲ့ ဓာတ်ပုံတွေ၊ ပန်းချီကားတွေကို ဓာတ်ပုံရိုက်၊ သူ့ရဲ့ စာအုပ်စင်ကို ဓာတ်ပုံရိုက်၊ အဲ... သူရဲ့ အိမ်ရှေ့မှာ ဓာတ်ပုံရိုက်ပြီး... သူမရှိတော့တဲ့ သူရဲ့ နေအိမ်ကို နုတ်ဆက် ထွက်ခွာလာခဲ့ရပါတယ်...။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More