“ဖုန်းမော်နေ့မှာ အချင်းချင်းဆဲတာတွေရပ်ပါ၊ စကမ ကိုသာ ဦးတည်တိုက်ခိုက်ကြပါ”
(၁၂ မတ် ၂၀၂၆)
(၁) -
ခေတ်ကိုက ဆိုရှယ်မီဒီယာခေတ်ဆိုတော့ တနေ့တနေ့ ဆိုရှယ်မီဒီယာပေါ် ဘယ်သူက ဘာပြောလိုက်ပြန်ပြီ၊ ဘယ်သူကတော့ ဘယ်လိုပြန်တုန့်ပြန်လိုက်ပြီ၊ ဘယ်အဖွဲ့ကတော့ ဘယ်လိုကြေညာချက်ထုတ်လိုက်ပြီ... ဒီလိုဟာတွေနဲ့ပဲ အချိန်တွေကုန်နေကြသလား...
ဒီလို အားအားယားယား ပြောကြတဲ့အထဲ ၈၈ မျိုးဆက်တွေ အသုံးမကျဘူးဆိုတဲ့ ဝေဖန်မှုမျိုးပါလာတာကတော့ ဝမ်းနည်းစရာပါပဲ။ တဦးချင်းကိစ္စ၊ တဖွဲ့ချင်းကိစ္စနဲ့ မျိုးဆက်အလိုက်ကိစ္စကို မကွဲပြားကြတာလား...
၈၈ မျိုးဆက်တွေကို ၃၈ နှစ်ပြည့် ဖုန်းမော်နေ့အမီ အစီစဉ်ရှိရှိ တိုက်ခိုက်လာတာမျိုးလား...။
---
(၂) -
၈၈ မျိုးဆက်အပေါ် ဝေဖန်တိုက်ခိုက်မှုတွေ ဘယ်ကနေ ဘယ်လို စတင်လာသလဲ...
“ဗိုလ်နဂါးနဲ့အဖွဲကို NUG က အင်အားသုံး နှိမ်နှင်းတာကို ကန့်ကွက်ရာကနေ သဘောထားကွဲပြီး ၈၈ အပေါ် ဝေဖန်ရေး တိုးလာတာ” လို့ အကဲခတ်တဦးကပြောပါတယ်။
ဒါ လတ်တလောဖြစ်ပေါ်မှူအတွက် ဟုတ်လောက်ပါတယ်။ ဒါပေမယ့် ဒီ့မတိုင်ခင်ကတည်းကလည်း ၈၈ မျိုးဆက်အပေါ် ဝေဖန်မှုတွေကို ခပ်တိုးတိုး ကြားနေရတာပါ။
ဘာကြောင့် ဒီလိုဝေဖန်ရတာလဲ၊ ဒီလိုဝေဖန်သင့်သလား...။
---
(၃) -
မျိုးဆက်တွေအကြောင်းပြောမယ်ဆိုရင်...
၈၈ မျိုးဆက်မတိုင်ခင်မှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက် ဆိုတာတွေရှိပါတယ်။
၈၈ မျိုးဆက်တွေ လက်နက်ကိုင်တော်လှန်ရေးအတွက် (ဥပမာ - ABSDF) နယ်စပ်ဒေသကိုရောက်တော့... အရင်မျိုးဆက်တွေဖြစ်တဲ့ ၆၂ မျိုးဆက် (ဥပမာ- ဗမာပြည်ကွန်မြူနစ်ပါတီ)၊ ၇၄ မျိုးဆက် (ဥပမာ -ပြည်သူ့ပြည်ချစ်ပါတီ) တွေကို ခင်ဗျားတို့ မျိုးဆက်တွေ အသုံးမကျလို့ ၈၈ မျိုးဆက်တွေ တောထဲရောက်လာရတာ...ဆိုပြီး ပြောဆိုဝေဖန်သံ တခါမှ မကြားမိပါ။
ဒါဖြင့် ဘာကြောင့် အခု ၂၀၂၁ မျိုးဆက်ခေတ်ရောက်မှ သူ့အရင် မျိုးဆက် ၈၈ တွေ အသုံးမကျဘူးဆိုပြီး ဝေဖန်ရတာလဲ...။
ဝေဖန်သူတွေဟာ မျိုးဆက်ကို ကိုယ်စားပြုသူတွေလား၊ ထင်ရာမြင်ရာ လျောက်ပြောသူတွလား...
အသေချာ ဆန်းစစ်ဝေဖန်ဖို့ လိုလာပါတယ်။
---
(၄) -
အချက်အလက်တွေအရ အခု နွေဦးတော်လှန်ရေးထဲ ၈၈ မျိုးဆက်တွေ အရေးကြီးနေရာတွေမှာ တာဝန်ထမ်းနေကြတယ်ဆိုတာ သိနိုင်ပါတယ်။
NUCC မှာ ကိုမင်းကိုနိုင်ရှိနေပါတယ်။ NUG ထဲက ဝန်မင်းတွေထဲမှာလည်း ၈၈ ကို မီခဲ့သူတွေရှိမယ်လို့ ထင်ပါတယ်။
NUCC, NUG ကိုကျော်ပြီး ERO တွေဖက် ကြည့်လိုက်မယ်ဆိုရင်...
KIO/KIA က ဗိုလ်ချုပ်ဂွန်မော်ဟာ ၈၈ မျိုးဆက်ပါ။
အလားတူ KNU က ပဒိုစောတောနီး၊ KNPP က ကိုအောင်ဆန်းမြင့်၊ CNF က ဆလိုင်းထက်နီ၊ TNLA က ဗိုလ်ချုပ်တာဘုန်းကျော်တို့ဟာလည်း ၈၈ တွေပါပဲ။
အဲ... AA က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ အသက်နည်းနည်းငယ်သေးတယ်ဆိုတော့ ၉၆ မျိုးဆက်လောက်ဖြစ်မယ်ထင်ပါတယ်။ သေချာတာက အခု ၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြတဲ့ လူတွေဖြစ်ပါတယ်။
ဆိုတော့... ၈၈ မျိုးဆက်အပေါ် အသုံးမကျဘူးဆိုပြီး ဝေဖန်စရာအကြောင်း ဘာမှမရှိပါ။
၈၈ ထဲက လူတဦးစ၊ နှစ်ဦးစ ပြောတာဆိုတာ၊ ပြောပေါက်ဆိုပေါက်ကို မကြိုက်လို့ ဝေဖန်ရာကနေ ၈၈ မျိုးဆက်ကို ဝေဖန်တဲ့သဘောဖြစ်သွားတာလို့ ယူဆပါတယ်။
---
(၅) -
အဲတော့... အဲဒါ ဘယ်သူတွေလည်း ဆိုတာကိုတော့ အမည်တွေ ထည့်မရေးတော့ပါဘူး။
အဲလူတွေအားလုံး ဒီစာကိုဖတ်ပြီး ဆင်ခြင်ကြကုန်လော့...။
အဲလူတွေပြောတဲ့နောက် သံယောင်လိုက်ပြီး ဟိုဖက်ပတ်ဆဲ... ဒီဖက်ပတ်ဆဲ လုပ်နေသူတွလည်း ရပ်လိုက်ကြတော့...။
ဒီနေ့ ကျရောက်တဲ့ ၈၈ မျိုးဆက်၊ ၈ လေးလုံးအရေးတော်ပုံဖြစ်ပေါ်လာအောင် အသက်ပေးလှူသွားတဲ့ RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် အပါဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ ဖက်ဒရယ်အရေးအတွက် အသက်ပေးသွားတဲ့ ခေတ်အဆက်ဆက်က ကျောင်းသားတွေအားလုံးကို လေးစားသောအားဖြင့်...
အချင်းချင်း ဆဲတာတွေရပ်ပါ...
စကမ ကိုသာ ဦးတည်ဆဲကြပါ။
ဘုံရန်သူကိုသာ ဦးတည်တိုက်ကြပါ။
မိတ်ဖက်ပဋိပက္ခနဲ့ ရန်ဖက်ပဋိပက္ခကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းရှိပြီး...
တော်လှန်ရေးသမားကောင်းတွေ ဖြစ်လာကြပါစေသတည်း...။
===








0 comments:
Post a Comment