Thursday, March 26, 2015

မင်းသွေးသစ်ရဲ့ တော်လှန်ကဗျာ

ဗကသ

‘’ဗ’’ ဆိုတာ…
ကော်ဖီတခွက်
ဆေးပေါ့လိပ်တစ်လိပ်
စာအုပ်တစ်အုပ်နဲ့
စိတ်ကျက်စားရာဖန်တီး
စနစ်ပြောင်းတော်လှန်ရေးခရီးမှာ
လှောခတ်ရင်း တက်မကျိုးစေဖို့
ကိုယ့်ကိုကိုယ် အာဟာရပြန်ဖြည့်နေခဲ့ရ။


ငါ့တို့က…
မိုးခါးရေကိုသောက်ဖို့ငြင်းသူ
အဟောင်းတွေကြားထဲ
မေ့လျော့စွာသီးချင်းဆိုနေဖို့ ပျင်းကြသူ
လူ့ဖြစ်တည်မှု ပဓာနအတွက်
အချိန်ယူတွေးတောသူ
အမှောင်နဲ့အလင်း တိုက်ပွဲကြား
ကိုယ့်ကိုကိုယ်လောင်ကျွမ်းခံ
အလင်းပေးရင်း
နောင်မျိုးဆက်တွေရဲ့
ဖရောင်းတိုင်လိုလူ
အရံသင့်ခူးခတ်ထားတဲ့
မုသာဝါဒညစာစားပွဲကိုမသွား
လယ်တောကိုသာဆင်းကြသူ။

ယုံကြည်မှုတစ်ခုအတွက်
ခရီးကြမ်းကြမ်းကိုဖြတ်နေသူ
နေပူစပ်ခါးထဲ
နှစ်ရှည်ပင်များပျိုးနေသူ
တိုက်ပွဲရောင်နဲ့ပြောင်လက်
အရောင်ထွက်နေကြရင်း
ဦးနှောက်ကိုသွေး
နှလုံးသားကိုစတေးရင်း
ဘ၀ခါးခါးထဲ
အင်နဲ့အားနဲ့ချိုမြနေကြသူ
ထီမထင်အပြုံးနဲ့
ကိုယ့်ဘ၀ကိုယ်ပိုင်ကြသူ။

မင်းသွေးသစ်
ဗကသ များအဖွဲ့ချုပ်။

(၂၀၁၄ ခုနှစ်အစောပိုင်းက ဒီကဗျာကိုရေးသားခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်ကို့ Tag လုပ်ပြီး Facebook ပေါ် သူတင်ခဲ့ပေမဲ့ အဲဒီ မူရင်းပို့စ်ကို ရှာမတွေ့တော့ပါ။ ဒါကြောင့် ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက ထားဝယ်မှာကျင်းပတဲ့ ABSDF ၂၅ နှစ်ပြည့်အခန်းနားမှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံကို သူငယ်ချင်း တယောက်ဆီကတောင်းပြီး ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More