ဝါဒဖြန့်ချိရေး စက်ကွင်းထဲမှာ တဝဲလည်လည်
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အချိန်ကြာလာတာနဲ့အမျှ အမြင်တွေလည်း အမျိုးမျိုး ထွက်ပေါ်လာနေပါတယ်။ ဒီအမြင်မျိုးစုံကို ပုဂ္ဂလိကပိုင် လွတ်လပ်တဲ့ စာနယ်ဇင်းတွေအပြင် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook ပေါ်မှာလည်း အထင်အရှား တွေ့လာနေရပါတယ်။
(၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄-၂၅ က ကျင်းပတဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဆွေးနွေးပွဲ)
ဒါပေမဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် အသွင်ပြောင်းနေပါတယ်ဆိုတဲ့ အစိုးရပိုင် စာနယ်ဇင်းနဲ့ အသံလွှင့် မီဒီယာတွေမှာတော့ ကွဲပြားတဲ့အမြင်ကို ထည့်ပေးတာ မရှိသလောက် နည်းနေဆဲ ဖြစ်ပါတယ်။ ဒီလိုမထည့်တဲ့အပြင် နောက်ကြောင်းပြန်လှည့်ပြီး အရင်ခေတ်ကလို ဝါဒဖြန့်ချိရေးဆန်တဲ့ လမ်းကြောင်းဆီ ပြန်ဦးလှည့်သွားပြီလားလို့တောင် မေးခွန်းထုတ်စရာတွေ တွေ့လာနေရပါတယ်။
အများပြည်သူ ဝန်ဆောင်မှုလား၊ အစိုးရအတွက် ဝါဒဖြန့်ချိရေးလား
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ (Media in Service to the Public) “အများပြည်သူအတွက် ဝန်ဆောင်မှု မီဒီယာ” ဆွေးနွေးပွဲကနေ စတင်ရေတွက်မယ်ဆိုရင် အစိုးရပိုင် မီဒီယာကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် အသွင်ပြောင်းမယ်လို့ ကြေညာခဲ့တာ ၂ နှစ်ခွဲနီးပါး ရှိနေပါပြီ။ ဒါပေမဲ့ အခုချိန်ထိတော့ အစိုးရပိုင် မီဒီယာဟာ အစိုးရအာဘော်၊ စစ်တပ်အာဘော်၊ ဝါဒဖြန့်ယန္တရား အဆင့်ကကို မတက်နိုင်သေးပါ။
လွန်ခဲ့တဲ့ ၂၅ နှစ်က အခြေအနေနဲ့စာရင် အုပ်ချုပ်ရေး ပုံသဏ္ဌာန် ပြောင်းလဲလာမှုအရ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို သတင်းစာထဲမှာ ထည့်ပေးလာတာမျိုး၊ အစိုးရဝန်ကြီးကို လွှတ်တော်အမတ်က မေးခွန်းထုတ်တာမျိုးတွေကိုတော့ သတင်းစာထဲ တွေ့လာရပါတယ်။ တစ်ခါ ဒီတိုက်ပွဲရက်တွေအတွင်း ထူးထူးခြားခြား တွေ့လာရတာက ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ကောက်နုတ်ချက်တွေကို သတင်းစာထိပ်မှာ ဖော်ပြလာခြင်းပါပဲ။
အရင်ကဆိုရင် အောင်ဆန်းဆိုတဲ့ အမည်ကို သုံးမိလို့၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို နေအိမ်မှာ ချိတ်ထားမိလို့ ဖမ်းဆီးထောင်ချခံရဖူးတယ် မဟုတ်ပါလား။ ဒီတစ်ချက်တည်းနဲ့တင် အစိုးရသတင်းစာဟာ အရင်လို မဟုတ်တော့ဘူးလို့ ပြောရတော့မလိုပါပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်မိန့်ခွန်းတွေကို အသေအချာဖတ်ကြည့်တော့ ဗိုလ်ချုပ်ကို လေးစားလွန်းလို့ ထည့်ထားတာနဲ့မတူ။ လက်ရှိ စစ်ပွဲ၊ ကျောင်းသားဆန္ဒပြပွဲ၊ အလုပ်သမားဆန္ဒပြပွဲတွေအပေါ် လူထုအာရုံကို လှည့်စားနိုင်ဖို့ ၁၉၄၇ ဝန်းကျင်က ပြောခဲ့တဲ့ ဗိုလ်ချုပ်မိန့်ခွန်းတွေကို လိုရာဆွဲသုံးထားသလို ဖြစ်နေတာကို တွေ့ရပါတယ်။
သတင်းစာရဲ့ တခြားစာမျက်နှာတွေမှာတော့ လောက်ကိုင်စစ်ပွဲ ကျဆုံးစစ်သည်များ၊ ဒဏ်ရာရ စစ်သည်များအတွက် အလှူငွေထည့်ဝင်ဆိုတဲ့ ဓာတ်ပုံသတင်းတွေ အတော်များများ တွေ့ရပါတယ်။ တစ်ခါ အဲဒီတပ်မတော်သားတွေအတွက် စစ်တပ်က ဗိုလ်မှူးကြီးတွေ ကိုယ်တိုင် ဦးစီးအလှူခံနေကြောင်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေကိုပါ အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အစိုးရနဲ့ လွှတ်တော်ကြားမှာ အလုပ်တာဝန် ခွဲဝေမှုနဲ့ သီးခြားလွတ်လပ်တဲ့သဘော နည်းနည်းဆောင်လာပေမယ့် အစိုးရနဲ့ စစ်တပ်ကြားမှာတော့ အလုပ်တာဝန် ခွဲဝေမှု မရှိသေးဘဲ စစ်တပ်နဲ့ အစိုးရ အတူတူလို ဖြစ်နေဆဲလို့ သတင်းစာက သက်သေခံနေပါတယ်။
တစ်နေ့ကဆိုရင် “လောက်ကိုင်ဒေသတွေ တိုက်ပွဲဝင်နေသော တပ်မတော်သားများ ဘေးကင်းလုံခြုံရေး ဆုတောင်းပွဲ ပျဉ်းမနား (နေပြည်တော်) မှာ ပြုလုပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဓာတ်ပုံကြီးကို မျက်နှာဖုံးမှာ တင်ထားတာမျိုးအထိ အစိုးရသတင်းစာက ဖော်ပြလာတာ တွေ့ခဲ့ရပါတယ်။ တစ်ခါ ထူးထူးခြားခြား လောက်ကိုင်တိုက်ပွဲသတင်းကို အစိုးရသတင်းစာမှာ နေ့စဉ် အလေးပေး ဖော်ပြနေတဲ့အပြင် ကျဆုံးစစ်သည်တွေရဲ့ နာရေးကြော်ငြာတွေကိုလည်း (အရင်က ထည့်ခွင့်မပေးဘူးလို့ ဆိုပါတယ်) ထည့်ခွင့်ပေးလာတာ တွေ့ရပါတယ်။
ဒါပေမဲ့ ဒီတိုက်ပွဲရဲ့ အခြားတစ်ဖက်မျက်နှာက ဖုန်ကြားရှင်အဖွဲ့ MNDAA ရဲ့ ကြေညာချက်ကိုဖြစ်စေ၊ ဒီအဖွဲ့ ပါဝင်နေတဲ့၊ လက်ရှိအစိုးရနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ ကြေညာချက်တွေကို ဖြစ်စေ၊ နိုင်ငံရေးပါတီတွေရဲ့ စစ်ရေးအစား ဆွေးနွေးရေးနည်းနဲ့ အဖြေရှာပါဆိုတဲ့ တောင်းဆိုချက်ကို ဖြစ်စေ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကိုဖြစ်စေ အစိုးရသတင်းစာမှာ ဖော်ပြတာ မတွေ့မိပါဘူး။ တစ်ခါ ဒီပြဿနာအပေါ် ပညာရှင်တွေရဲ့အမြင်၊ သတင်းဝေဖန်သူတွေရဲ့ လွတ်လပ်တဲ့ အတွေးအမြင် ဆောင်းပါးတွေကိုလည်း အစိုးရသတင်းစာက ဖော်ပြတာမျိုးလည်း မတွေ့မိသေးပါဘူး။
လွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဝါဒဖြန့်ချိရေး စက်ကွင်း
ပိုထူးတာကတော့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေလို့ အများက ယူဆထားကြတဲ့ သံဃာ့အဖွဲ့အစည်းတွေ၊ အနုပညာ အဖွဲ့အစည်းတွေကပါ အစိုးရ ပြောသလိုပြောပြီး အစိုးရ လုပ်သလို လိုက်လုပ်လာခြင်းကတော့ ဒီတိုက်ပွဲကာလအတွင်း ထူးခြားချက်အဖြစ် တွေ့လာရပါတယ်။ အများက လေးစားတဲ့၊ အများဆီက အလှူခံပြီး လူမှုအကျိုးပြုလုပ်ငန်းတွေလည်း ဆောင်ရွက်နေတဲ့ သီတဂူဆရာတော်က တပ်မတော်သားများအတွက် သိန်း ၃၀၀ လှူဒါန်းဆိုတာမျိုး သတင်းစာထဲ တွေ့ရပါတယ်။ တကယ်တော့ ဒီဆရာတော်ဟာ တိုင်းရင်းသားတွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေး ရစေချင်ကြောင်း၊ စစ်ပွဲတွေရပ်စေချင်ကြောင်း ပြောခဲ့ဖူးသူပါ။
(အစိုးရသတင်းစာမှာဖေါ်ပြထားတဲ့ ရုပ်ရှင်အစည်းအရုံး ကြေညာချက်)
ဒီထက်ပိုထူးတာကတော့ အများပြည်သူကို ထမင်းရှင်ဆိုပြီး မကြာခဏ ပြောလေ့ရှိတဲ့ ရုပ်ရှင်သမားတွေရဲ့ လုပ်ရပ်ပါပဲ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးဟာ စစ်တပ်ကို ငွေလှူဒါန်းတာအပြင် ဖုန်ကြားရှင်အဖွဲ့နဲ့ ဒီအဖွဲ့ကို ထောက်ခံနေတဲ့ (အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ UNFC အဖွဲ့ဝင်တချို့) အခြားတိုင်းရင်းသားလက်နက်ကိုင်တွေကို ရှုတ်ချကြောင်း၊ တပ်မတော်ကို ထောက်ခံကြောင်းဆိုတဲ့ ကြေညာချက်ကို ထုတ်ပြီး သတင်းစာထဲ ထည့်လိုက်တာဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
အရင်စစ်အစိုးရခေတ်ကတော့ အစိုးရနဲ့ စစ်တပ်ကို ဒီလိုမျိုး မထောက်ခံရင် ရုပ်ရှင်ရိုက်ခွင့်၊ ပြခွင့်တွေ ပိတ်ပင်ခံရလေ့ ရှိတယ်လို့ ဆိုပါတယ်။ အခုရွေးကောက်ခံ အစိုးရခေတ်မှာကော ဒါမျိုးတွေ ရှိနေဆဲလား။ ဒါမှမဟုတ် အစိုးရ ပြောင်းသွားပေမယ့် အနုပညာသမားတွေရဲ့ ကြောက်ရွံ့မှု စိတ်အခံက မပြောင်းသေးတဲ့အတွက် အရင်လမ်းဟောင်းအတိုင်း ဆက်လျှောက်မိနေတာမျိုးလား။
အရင်ခေတ်ကလို “ပါပီမ” ဇာတ်လမ်းတွေ၊ ကွမ်လုံ ရက် ၄၀ တွေများ ပြန်ရိုက်ကြဦးမလား။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဝါဒဖြန့်ချိရေးစက်ကွင်းထဲ တဝဲလည်လည် ဖြစ်နေတာဟာ အစိုးရတင်မဟုတ်၊ အနုပညာရှင်တွေ၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် ဝါဒဖြန့်ချိမှု ကြားကနေ ရုန်ုးမထွက်နိုင်သေးဘူးဆိုတာ ပေါ်လွင်နေပါတယ်။
ဘယ်သူတွေက လွတ်လပ်စွာ ပြောရဲသလဲ
သတင်းသမားတွေ၊ လေ့လာသူတွေ၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ပြဿနာ ဖြစ်နေတဲ့ ဘက်နှစ်ဖက် (တစ်ခါတလေ ဘက် ၃-၄ ခု အထိ ရှိတတ်ပါတယ်) မှာ တစ်ဖက်ဖက်ကနေ ဝင်ရပ်ပြီး မထောက်ခံမိစေဖို့ အလွန်အရေးကြီးလှပါတယ်။ ဒီအချက်ဟာ လွယ်မလိုလိုနဲ့ အတော်ခက်ပါတယ်။ ဒါကြောင့် ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင် အဲဒီပြဿနာနဲ့ ဘာမှမဆိုင်တဲ့ နိုင်ငံခြားသတင်းထောက်တွေ၊ နိုင်ငံခြားကျွမ်းသူတွေရဲ့ ဝေဖန်ထောက်ပြမှုက အမှန်တရားနဲ့ အနီးစပ်ဆုံး ဖြစ်နေလေ့ ရှိပါတယ်။
ဆိုလိုတာက အခု ကိုးကန့်ပြဿနာအပေါ် ဥရောပကလာတဲ့ သတင်းထောက်တစ်ဦးရဲ့ အမြင်နဲ့ ရန်ကုန်မှာနေတဲ့ မြန်မာသတင်းထောက်တစ်ဦးရဲ့အမြင် မတူနိုင်ပါ။ အပြင်ကနေ တသီးတခြား ရောက်လာသူ နိုင်ငံခြားသတင်းထောက်မှာ ဘာအနှောင်အဖွဲ့မှမရှိ၊ ဘာအကျိုးစီးပွားမှမရှိ၊ အမျိုးသားရေးတို့၊ အချုပ်အခြာအာဏာတို့၊ တရုတ်ဆန့်ကျင်ရေးတို့၊ သူပုန်ဆန့်ကျင်ရေး၊ သူပုန်လိုလားရေးတို့ မရှိပါ။
ဒါပေမဲ့ မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦး အတွက်တော့ အဲဒီလိုမဟုတ်။ ဘက်တစ်ခုခုဘက်ကို အချိန်မရွေး ယိမ်းသွားနိုင်ပါတယ်။ အခု ကိုးကန့်စစ်ပွဲကို အစိုးရနဲ့ တပ်မတော်က ပြောနေတဲ့အတိုင်း အချုပ်အခြာအာဏာကို ကျူးကျော်မှုလို့ လက်ခံလိုက်ပြီဆိုရင် မြန်မာနိုင်ငံသား ဖြစ်တဲ့ အဲဒီသတင်းထောက်ဟာ ဒါကိုဆန့်ကျင်ပြီး ပြောဖို့ ခက်သွားပြီ။ ဆန့်ကျင်ပြောမိရင် အချုပ်အခြာအာဏာကို မလေးစားသူ၊ မျိုးချစ်စိတ်မရှိသူ၊ သူခိုးဓားရိုးကမ်းသူ စသဖြင့် အမျိုးမျိုး စွပ်စွဲခံသွားရနိုင်ပါတယ်။
ဦးသိန်းစိန် အစိုးရသစ် တက်ခါစက ဖြစ်ပွားခဲ့တဲ့ (အခုထိလည်း တစ်ခါတလေ ပေါ်လာဆဲ) ဘာသာရေး ပဋိပက္ခအတွင်း မြန်မာသတင်းထောက်တွေ သတင်းရေးပုံနဲ့ နိုင်ငံခြားသတင်းထောက်တွေ သတင်းရေးပုံကို လေ့လာကြည့်ရင် ဒီအချက်က သိသာနိုင်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် အငြင်းပွားမှုမှာ ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့ မြန်မာသတင်းသမား အများစုက ဗုဒ္ဓဘာသာဘက်ကို လိုက်ပြီး ရေးကြတာ တွေ့ရပါတယ်။ အခု ကိုးကန့်ပြဿနာမှာလည်း အလားတူပါပဲ။ ပြည်မမှာ အနေများတဲ့ သတင်းသမားအများစုဟာ အစိုးရနဲ့ စစ်တပ်ဘက်ကို လိုက်ပြီးရေးမိကြတာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
အရင် KIA (ကချင်လွတ်မြောက်ရေး တပ်မတော်) နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေ၊ တအာင်းအဖွဲ့နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေ၊ DKBA နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း အဲဒီ လက်နက်ကိုင်အဖွဲ့တွေဆီအထိ သွားပြီး သတင်းယူတာ၊ ဓာတ်ပုံရိုက်တာတွေကို မြန်မာသတင်းထောက်နဲ့ နိုင်ငံခြားသတင်းထောက်တချို့ လုပ်ခွင့်ရခဲ့ပေမယ့် ကိုးကန့်တိုက်ပွဲမှာတော့ အဲဒီလို မတွေ့ရပါဘူး။ ကိုးကန့်အဖွဲ့နဲ့အတူ လိုက်ပြီး သတင်းယူတဲ့ သတင်းထောက်နဲ့ သတင်းဓာတ်ပုံ မတွေ့မိသေးပါဘူး။
ကိုးကန့်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အသံကို တယ်လီဖုန်းကတစ်ဆင့် ကြားရရုံသာ မီဒီယာတွေက လုပ်နိုင်ခဲ့ပါတယ်။
ဒီကြားထဲ သူပုန်တွေနဲ့ ဆက်သွယ်ရင် ပုဒ်မ ၁၇-၁ မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ အရေးယူခံရနိုင်တယ်ဆိုပြီး အစိုးရဘက်က ပြောလိုက်တဲ့အခါမှာတော့ အခြေအနေဟာ ပိုဆိုးသွား။ ပိုပြီး တစ်ဖက်သတ်ဆန်တဲ့ သတင်းပေးပို့မှုတွေဆီ တွန်းပို့လိုက်သလို ဖြစ်သွားစေပါတယ်။
ဆိုရှယ်မီဒီယာဟာ လွတ်လပ်မှု အရှိဆုံးလား
ဒီလိုအခြေအနေမျိုးမှာ မူလသတင်းကို မူလပုံစံအတိုင်း အများဆုံး မြင်ရ၊ ဖတ်ရတဲ့နေရာဟာ မြန်မာတွေ အသုံးများတဲ့ ဆိုရှယ်မီဒီယာ Facebook ပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာဆိုတဲ့အတိုင်း ဘယ်သူကိုမှ ကိုယ်စားပြုစရာ၊ တာဝန်ခံစရာ မလိုတဲ့အတွက် အရှိကို အရှိအတိုင်း လွတ်လပ်ပွင့်လင်းစွာ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။
အစိုးရနဲ့ တပ်မတော်ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးတဲ့ ဓာတ်ပုံတွေ၊ ဖြစ်စဉ်တွေကို စစ်တပ်လိုလားတဲ့ စစ်ဗိုလ်ဟောင်းတွေ၊ လက်ရှိ စစ်သားတွေရဲ့ နေဝန်းနီ (ရမခ စစ်တိုင်းတံဆိပ်) Profile ပါ Facebook အကောင့်တွေမှာ တွေ့နိုင်ပါတယ်။ သူတို့တင်တဲ့အထဲမှာ မှားတာရော၊ မှန်တာရော၊ အမှားတစ်ဝက်၊ အမှန်တစ်ဝက် ရောပါနိုင်ပေမယ့် ဒါဟာ မူလသတင်းအရင်းအမြစ်နဲ့ အတော်နီးစပ်တဲ့အတွက် သတင်းသမားတွေ၊ သတင်းဝေဖန်သူတွေ၊ လေ့လာသူတွေအဖို့ အလွန်အသုံးဝင်တဲ့ Source တစ်ခုလို့ ဆိုနိုင်ပါတယ်။
တစ်ခါ ဒီစစ်အုပ်စုကို မလိုလားတဲ့၊ သူပုန်အဖွဲ့တွေနဲ့ နီးစပ်သူတွေကလည်း တပ်မတော်ဘက်က တင်တဲ့ပုံတွေ၊ သတင်းတွေနဲ့ ဆန့်ကျင်ဘက်ပုံတွေ၊ သတင်းတွေကို တင်လေ့ရှိပါတယ်။ ဒါပေမဲ့ အရင်ကချင်စစ်ပွဲတုန်းကလောက် သူပုန်ဘက်က အမြင်တွေ၊ ပုံတွေကို များများမတင်နိုင်တာကတော့ ကိုးကန့်စစ်ပွဲရဲ့ အားနည်းချက်တစ်ခုအဖြစ် တွေ့ရပါတယ်။
ဒီလို နှစ်ဖက်အမြင်အပြင် အဲဒီအမြင်တွေအောက်မှာ ထင်မြင်ချက် ရေးထားသူတွေရဲ့ အမြင်ပေါင်းစုံကလည်း အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အသုံးအနှုန်းတချို့ ရိုင်းစိုင်းတာကလွဲရင် တကယ့်ပွင့်လင်းလွတ်လပ်မှု ရှိတဲ့၊ ဟန်ဆောင်မှုကင်းတဲ့ တစ်ဦးချင်းစီရဲ့ အတွင်းစိတ်ကူးတွေကိုတောင် လှမ်းမြင်နိုင်ပါတယ်။
အနှစ်ပြန်ချုပ်ရရင်တော့ တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ ဆန္ဒပြပွဲ ဖြစ်စဉ်တွေကို အရှိအရှိအတိုင်း မီဒီယာတွေက မြင်ကွင်းစုံတင်ပြဖို့ လိုပါတယ်။ အဲဒီလို မြင်ကွင်းစုံကို မြင်ခွင့်ရမှ အများပြည်သူက အမှားအမှန်ကို သူတို့ဘာသာ အသေအချာ စဉ်းစားရွေးချယ် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလို မဟုတ်ဘဲ ကိုယ်လိုချင်သလောက်ပဲ ဆွဲယူဖော်ပြတာမျိုး၊ ဝါဒဖြန့်ချိရေးအတွက် သတင်းအချက်အလက်ကို အသုံးချတာမျိုး မလုပ်သင့်ပါ။ အထူးသဖြင့် ပြည်သူ့အခွန်ငွေနဲ့ လည်ပတ်နေတဲ့ အစိုးရမီဒီယာ အနေနဲ့ အခုလို ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းနေပါတယ်လို့ ကြေညာထားတဲ့ ကာလမျိုးမှာ အစိုးရနဲ့ စစ်တပ် အကျိုးအတွက် ဝါဒဖြန့်ချိရေး မလုပ်မိစေဖို့ အထူးသတိထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment