Friday, March 20, 2015

ကိုးကန့် သမိုင်း စာမျက်နှာများကို ပြန်လှန်ခြင်း

(မှတ်တမ်း ပြန်ရှာချင်သူများအတွက် ရည်ရွယ်တင်ထားခြင်းဖြစ်သည်)

ဆောင်းပါး

ကိုးကန့် သမိုင်း စာမျက်နှာများကို ပြန်လှန်ခြင်း

Share on gmailShare on twitter
ကိုးကန့်,
၂၀၀၉ ခုနှစ် မြန်မာ့ တပ်မတော်မှ မတိုက်ခိုက်မီ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်ကို ကလေးငယ်များနှင့် အတူ တွေ့ရစဉ်
ရှမ်းပြည်နယ် မြောက်ပိုင်းအစွန်မှ ကိုးကန့်ဒေသတွင် တိုက်ပွဲများရုတ်တရက် ပေါ်ပေါက်လာခြင်းက လူအတော်များများကို အံ့အား သင့်စေခဲ့သည်။ တိုက်ခိုက်လာသူများသည် မြန်မာနိုင်ငံသားများ မဟုတ်ဟု တချို့သူများက လူမှုကွန်ရက် မီဒီယာများတွင် ရေးသား ခဲ့ကြသည်။ အစိုးရ တာဝန်ရှိသူ တဦးကပင်လျှင် တိုက်ပွဲများကို တရုတ်၏ ကျူးကျော်မှုတခုအဖြစ် အမည်တပ်ခဲ့သည်။

ကိုးကန့်ဒေသတွင် နေထိုင်ကြသူများ၏ ၉၀ ရာခိုင်နှုန်းသည် တရုတ်လူမျိုးများ ဖြစ်နေပြီး မြန်မာ စကား ပြောနိုင်သူကလည်း အနည်းငယ်သာ ရှိနေ သော်လည်း အမှန်တရားက ဤမျှ မရိုးစင်းပါ။ ကိုးကန့်ဒေသက တရုတ်နယ်စပ် မြန်မာနိုင်ငံ ဘက်ခြမ်းအတွင်းတွင် တည်ရှိနေသည်။ ကိုးကန့် တိုင်းရင်းသားများသည်လည်း အစိုးရက တရားဝင် အသိအမှတ်ပြုထားသည့် မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲတွင် တခုအပါအဝင်ဖြစ်သည်။ သို့သော် လည်း သူတို့သည် မြန်မာနိုင်ငံသို့ မည်ကဲ့သို့ ရောက် ရှိ လာကြသနည်း။ သူတို့ မည်သူတွေ ဖြစ်သနည်း။

ကိုးကန့်ဒေသသည် ၁၈၉၇ ခုနှစ်တွင် ဘေဂျင်း သဘောတူညီချက် (Beijing Convention) အရ ဗြိတိသျှလက်အောက်သို့ ရောက်ရှိခဲ့သည်။ တိုင်းရင်းသား လူမျိုးစုအရေးကို အရေးမထားခဲ့ခြင်း ဖြစ်ပုံရ သည်။ သို့သော်လည်း ထိုအချိန်က ယူနန်ပြည်နယ် သည် ဘေဂျင်းမြို့မှ ဧကရာဇ်၏ ထိန်းချုပ်မှုအောက် တွင် အပြည့်အဝ ရှိမနေခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကိုးကန့်တို့သည် ရှမ်းပြည်နယ်အတွင်းမှ သိန္နီနယ်နှင့် ပိုမိုနီးကပ်ပြီး ကုန်သွယ်မှု ပြုလုပ်ရာတွင်လည်း အရှေ့ဘက်အစား အနောက်ဘက်သို့သာ သွားလေ့ ရှိပါသည်။

သို့သော်လည်း ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးက သံလွင်မြစ်အရှေ့ဘက်အထိ ခိုင်ခိုင်မာမာ တိုးချဲ့ခဲ့ သည်။ ဗြိတိသျှတို့က ၄င်းတို့၏ အကြံဉာဏ်ကို ရယူသော သံလွင်မြစ် အနောက်ဘက်အခြမ်းမှ သိန္နီ စော်ဘွားမှတဆင့် သံလွင်အရှေ့ဘက်ခြမ်းမှ အင်အား နည်းသည့် ကိုးကန့်အာဏာပိုင်များကို အုပ်ချုပ် စေခြင်းဖြင့် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သည်။

လွတ်လပ်ရေးရပြီးခေတ် မြန်မာအစိုးရသည် ကိုးကန့်ဒေသကို ဗဟို၏ ထိန်းချုပ်မှုအောက်သို့ သိမ်းသွင်းရာတွင် ဗြိတိသျှတို့လောက် အောင်မြင်မှု ရရှိအောင် မပြုလုပ်နိုင်ခဲ့ပါ။ ၁၉၅၀ နှစ်များ အစောပိုင်းတွင် တရုတ်ကွန်မြူနစ်တို့၏ တိုက်ခိုက်မှုကြောင့် နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးလာသော တရုတ် အမျိုးသားရေးဝါဒီ ကူမင်တန် (KMT) တပ်ဖွဲ့များ က ကိုးကန့်ဒေသ တခုလုံးနီးပါးကို သိမ်းပိုက်ထား နိုင်ခဲ့သည်။

ယူနန်ပြည်နယ်မှ ဆုတ်ခွာထွက်ပြေးလာသည့် ကူမင်တန်တပ်ဖွဲ့များနှင့် ဒေသသုံး တရုတ်စကားလည်း တူညီသလို ဒေသခံ ခေါင်းဆောင်များ၏ စိုးရိမ်မှုကလည်း ရှိနေသည့်အတွက် တူညီသောနိုင်ငံ ရေး အမြင်များဖလှယ်ရင်း ကိုးကန့်လူမျိုးစု ခေါင်း ဆောင် အများအပြားသည် တရုတ်အမျိုးသားရေး ဝါဒီများနှင့် မဟာမိတ်များ ဖြစ်ခဲ့ကြသည်။

စီးပွားရေးအရ ကိုးကန့်ဒေသသည် အလွန် ဆင်းရဲနွမ်းပါးသည့် ဒေသဖြစ်သည်။ တောင်ကုန်း များက မြင့်မားပြီး ရေလည်းရှားသည့်အတွက် ဆန်စပါးစိုက်ပျိုးရေးမှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ဒေသခံများသည် ရောင်းချရန် သို့မဟုတ် အစားအစာနှင့် လဲလှယ်ရန် သီးနှံ ၂ မျိုး ဖြစ်သည့် ဘိန်းနှင့် လက်ဖက်အပေါ်တွင်သာ မှီခိုနေခဲ့ကြရသည်။

လက်ဖက်ကို သိန္နီနှင့် လားရှိုးရှိ ဈေးကွက်များ သို့ တင်ပို့ရောင်းချပြီး ဘိန်းကိုမူ ဒေသတွင်းတွင် ရောင်းချသည်။ ၁၉၅၀ နှစ်များအတွင်း ရှမ်းပြည်နယ် တွင် စစ်ပွဲများ ဖြစ်ပေါ်လာသည့်အခါ ဘိန်းသည် ကိုးကန့်လူမျိုးများအတွက် ဝင်ငွေရစရာ တခုတည်း သော သီးနှံဖြစ်လာခဲ့သည်။ မော်ဖင်းပါဝင်မှု မြင့်မား သည့်အတွက် ကိုးကန့်ဒေသမှ ဘိန်းသည် ဒေသ တွင်းတွင် အကောင်းဆုံးအဖြစ် သတ်မှတ်ခြင်းခံရ သည်။

စစ်ဘုရင်များနှင့် ဘိန်း

၁၉၅၀ နှစ်များအတွင်းက ကိုးကန့်ဒေသကို အမှန်တကယ် အုပ်ချုပ်နေသူမှာ အောလစ်ဗ်ယန်း ဆိုသည့် အမျိုးသမီးဖြစ်သည်။ သူ၏ ကိုယ်ပိုင် စစ်တပ်တွင် လူ ၁၀ဝ၀ နီးပါးရှိသည်။ ကူမင်တန် အဖွဲ့၏ ကျောထောက်နောက်ခံနှင့်အတူ သူ၏ ဩဇာအာဏာတိုးတက်လာပြီး ပထမဆုံး စစ်ဘုရင်မ ဖြစ်လာသည်။ ထိုင်းနိုင်ငံ နယ်စပ်သို့  ထရပ်ကား တန်းများဖြင့် ဘိန်းတင်ပို့ နိုင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် အောလစ်ဗ်ယန်း အဖမ်းခံခဲ့ရ သော်လည်း စစ်ဘုရင် ယဉ်ကျေးမှုက ဆက်လက် ရှင်သန်နေခဲ့သည်။ သူ၏ အစ်ကိုဖြစ်သူ ဂျင်မီယန်း က ကူမင်တန်နှင့် နိုင်ငံရေးအရ ဆက်လက် ပူးပေါင်းခဲ့သလို စီးပွားရေးလုပ်ငန်းများလည်း ဆက် လုပ်ခဲ့သည်။ ဂျင်မီယန်းသည် ပညာတတ်တဦး ဖြစ်ပြီး တောင်ကြီးမြို့ရှိ ရှမ်းစော်ဘွားများ၏ သား သမီးများအတွက် ဖွင့်လှစ်ထားသည့် ကျောင်း၊ ရန်ကုန်တက္ကသိုလ်နှင့်  ဒုတိယ ကမ္ဘာစစ်အတွင်းက တရုတ် နိုင်ငံရှိ ချုံကင်း (Chongqing) တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၀ တွင်ကိုးကန့် ဒေသ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ နောက် နှစ်အနည်းငယ် ကြာသည့်အခါ East Burma ဘဏ်ကို တည်ထောင်ခဲ့သည်။

နောက်ဆုံးတွင် ဂျင်မီယန်းကို သူ၏ လက် အောက်ခံ တပ်မှူးတဦး ဖြစ်သည့် လော်စစ်ဟန်က ဖြုတ်ချခဲ့သည်။ ထိုအချိန်က လူသိနည်းသေးသော လော်စစ်ဟန်သည် ယနေ့ခေတ်တွင် အရှိန်အဝါ အကြီးဆုံး ကုမ္ပဏီလုပ်ငန်းစုကြီးများထဲမှ တခုဖြစ်သည့်  Asia World ၏ မန်နေးဂျင်း ဒါရိုက်တာ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်၏ ဖခင်ဖြစ်ပါ သည်။ ကိုးကန့်ဒေသ၊ တရုတ် နယ်စပ်အနီးမှ တာဆူချင်း ကျေးရွာဇာတိ လော်စစ်ဟန်ကို ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ မူးယစ်ဆေးဝါးဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် နယ်လ်ဆင် ဂရော့စ် (Nelson Gross) က “အရှေ့တောင်အာရှ ဘိန်းဖြူ ကုန်သွယ်မှု၏ အဓိကလူ” ဟု အမည်ပေးလိုက် သည့် အချိန်တွင် နိုင်ငံတကာက သိသောသူဖြစ်လာ ခဲ့သည်။

ထိုအချိန်က ရန်ကုန်မှာရှိနေသည့် စစ်အစိုးရ နှင့် ပုံမှန်မဟုတ်သည့် သဘောတူညီချက်များ ရှိခဲ့ သည့်အတွက် ထိုသို့နာမည်ဆိုး ထွက်ခဲ့ရခြင်းလည်း ဖြစ်သည်။ ဒေသတွင်းမှ လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ပေးသည့်အတွက် ရှမ်းပြည်နယ်တွင်းရှိ အစိုးရက ထိန်းချုပ်ထားသည့် လမ်းများကို အသုံးပြု ၍ မူးယစ်ဆေး ကုန်သွယ်မှုတွင် အသုံးပြုခွင့် ရရှိခဲ့ သည်။ လော်စစ်ဟန်၏အစ်ကိုလော်စစ်ကိုကကိုးကန့် ဒေသ၏ ရဲအဖွဲ့အကြီးအကဲဖြစ်သည့်အတွက် ဒေသ တွင်းတွင်လည်း အနှောင့်အယှက် မရှိခဲ့ပါ။

အစိုးရဘက်တွင် စစ်ဘုရင် တဦးဖြစ်သော လော်စစ်ဟန် ရှိနေချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဘက်တွင်လည်း ဖုန်ကြားရှင်နှင့် သူ၏ ညီ ဖြစ်သူ ဖုန်ကြားဖူတို့ ရှိနေသည်။ သူတို့သည်လည်း တချိန်က ဂျင်မီယန်း၏ ကိုယ်ပိုင်တပ်ဖြစ်သော ကိုးကန့် တော်လှန်ရေးတပ်ဖွဲ့တွင် ပါဝင်ခဲ့သူများ ဖြစ်ကြသည်။ ၁၉၆၇ ခုနှစ် ဇူလိုင်လတွင် တရုတ် နိုင်ငံမှ ဗကပ ကေဒါများက သူတို့ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းများ ထောက်ပံ့ရန် ကတိပြုခဲ့ကြ သည်။

ထို့နောက် သူတို့သည် အောလစ်ဗ်ယန်း၏ အဖွဲ့ဝင်များ မဟုတ်တော့ပါ။ ၁၉၆၈ ခုနှစ်တွင် ဗကပ၏ အစိတ်အပိုင်းတခု အဖြစ် တရုတ်နိုင်ငံ၏ အကူအညီဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထား သည့် တပ်ဖွဲ့များကို အသုံးပြုကာ ကိုးကန့်ဒေသကို ကူမင်တန်နှင့် ၄င်း၏ မဟာမိတ်များ လက်မှ သိမ်းပိုက်ယူခဲ့သည်။ အမှန်တကယ်အားဖြင့် ဗကပ ဗဟိုသည် ကိုးကန့်ဒေသကို စိတ်ဝင်စားမှု အနည်း ငယ်သာ ရှိခဲ့ပါသည်။ သူတို့၏ တပ်ဖွဲ့များ မြန်မာ နိုင်ငံ မြေပြန့်ဒေသများသို့ ဆင်းရာတွင် အခြေစိုက် စခန်းတခုအဖြစ် အသုံးပြုရန်သာ မျှော်လင့်ထားခဲ့ သည်။

ကိုးကန့်ဒေသနှင့် သံလွင်မြစ် အနောက်ဘက် ကမ်းကို ဆက်သွယ်ပေးထားသည့် ကွမ်းလုံတံတားကို ထိန်းချုပ်နိုင်ရေး အတွက် အစိုးရတပ်များနှင့် ဗကပ တပ်ဖွဲ့များ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၂ ခုနှစ် ဇန်နဝါရီလ အထိ တိုက်ခိုက်ခဲ့ကြသည့် ၄၅ ရက် ကြာ စစ်ပွဲတွင် အစိုးရတပ်ဖွဲ့များ အောင်မြင်မှု ရရှိခဲ့ပြီး ဗကပများ သံလွင်မြစ် အနောက်ဘက် ကမ်းသို့ ခြေချရန် အားထုတ်မှုကို ရပ်တန့်နိုင်ခဲ့ခြင်းမှာ လော်စစ်ဟန်၏ နယ်မြေကျွမ်းကျင်မှုကြောင့်လည်း တစိတ်တပိုင်း ဖြစ်ခဲ့သည်။

ထို့ကြောင့် နောက်ပိုင်းတွင် ဘိန်းဖြူချက်လုပ် သည့် စက်ရုံများရှိနေသည့် ထိုင်းနိုင်ငံနယ်စပ် အနီး သို့ ဘိန်းများပို့သည့် အခါတွင် အစိုးရတပ်ဖွဲ့များက အတုံ့အလှယ်အနေဖြင့် လော်စစ်ဟန်ကို ကူညီပေး ခဲ့ကြသည်။ ထိုသို့ ခွင့်ပြုထားခြင်းမှာ လော်စစ်ဟန်က အစိုးရကို ပြန်လည်ဆန့်ကျင်ခဲ့သည့်အတွက် အဖမ်း ခံလိုက်ရသည့် ၁၉၇၃ ခုနှစ်အထိ ဖြစ်သည်။ သို့သော်လည်း ၁၉၈၀ ခုနှစ်တွင် အထွေထွေ လွတ် ငြိမ်းချမ်းသာခွင့် ပေးသည့်အခါ သူ့ကို ပြန်လွှတ်ပေး ခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ထွက်ပြေး ခိုလှုံနေသည့် ဂျင်မီယန်းကိုလည်း ပြန်လာခွင့် ပြုခဲ့သည်။

၁၉၆၈ ခုနှစ်တွင် ကွန်မြူနစ်တို့က သိမ်းပိုက် လိုက်သည့်အတွက် ကိုးကန့်ဒေသတွင် လူမှုရေးနှင့် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ စစ်ဘုရင်ဟောင်းများ ထွက်ပြေးသွားခဲ့ကြပြီး ၄င်းတို့ ကျန်ရစ်ခဲ့သည့် မြေများကို မြေယာ မရှိသည့် လယ် သမားများကို ဝေမျှပေးခဲ့သည်။ သိမ်းယူပြီး နှစ် အနည်းငယ်အတွင်း အုပ်ချုပ်ရေးကို ပြန်လည် တည်ဆောက်နိုင်ခဲ့သော်လည်း ဗကပ များ မဖြေရှင်း နိုင်သည့် အဓိက ပြဿနာတခုမှာ ဘိန်းဖြစ်သည်။

သင့်လျော်သည့် စိုက်ပျိုးသီးနှံ ရှာဖွေရန် ခက် သည့်အတွက် ကွန်မြူနစ်အုပ်ချုပ်ရေးကာလ အစော ပိုင်းနှစ်များအတွင်း ဒေသခံ ဘိန်းစိုက်တောင်သူများ ကို အစားထိုးစိုက်ပျိုးရန် ဗကပ အနေဖြင့် မတတ် နိုင်ခဲ့ပေ။ သို့သော်လည်း ၁၉၇၀ နှောင်းပိုင်းတွင် တရုတ်နိုင်ငံက အကူအညီပေးခြင်း ရပ်ဆိုင်းလိုက်ပြီး နောက် ကွန်မြူနစ်များသည် ထိရောက်သည့် အစား ထိုး သီးနှံ ရှာဖွေရန် စိတ်ဝင်စား မှုလျော့ကျသွားသည် ဟု ယူဆရပါသည်။ လူတန်းစားအလွှာ အဆင့်ဆင့် တွင် အောက်ခြေ၌ ရှိနေသော ဒေသခံ တောင်သူ များအတွက် ဘိန်းစိုက်ပျိုးခြင်းဖြင့် ဘဝတိုးတက်မှု မရှိခဲ့ဟု ဆိုနိုင်သော်လည်း ကွန်မြူနစ်တပ်မှူးများ အတွက်တော့ တိုးတက်မှုကို ရှာဖွေနိုင်ခဲ့သည်။

၎င်းတို့ထဲမှ တဦးမှာ ဖုန်ကြားရှင်ဖြစ်သည်။ ကွန်မြူနစ်ပါတီဝင်တယောက် မည်သည့်အခါမျှ မဖြစ်ခဲ့သော်လည်း ကိုးကန့် ဒေသအတွင်းမှ ဗကပ တပ်ဖွဲ့များကို ဦးဆောင်ရသည့် ဖုန်ကြားရှင်က နောက်ပိုင်းတွင် ဒေသတွင်း မူးယစ်ဆေးဝါး ကုန်သွယ် မှု ဘက်ကို အာရုံစိုက်လာခဲ့သည်။ ဝီကီလိခ်စ် (Wikileaks) တွင် ပေါက်ကြားခဲ့သည့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ၂၀ဝ၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့်ပေးပို့ခဲ့သော ကြေးနန်းစာတွင် “အမေရိကန် မူးယစ်တိုက်ဖျက်ရေး အေဂျင်စီ  (DEA) က ဖုန်ကြားရှင်ကို ၁၉၇၅ ခုနှစ်ခန့်ကတည်း က မူးယစ်ဆေး အဓိက ကုန်သွယ်နေသူ တဦးအဖြစ် ဖော်ထုတ်သတ်မှတ်ခဲ့သည်” ဟု ဖော်ပြထားသည်။

ထိုအချိန်လောက်မှာပင် ဖုန်ကြားရှင်က ကွန်မြူနစ် ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်တွင် ပထမဆုံးဖြစ်သည့် ဘိန်းဖြူချက် စက်ရုံတရုံ တည် ထောင်ခဲ့သည်ဟု လွတ်လပ်သော သတင်းရင်းမြစ် များက ပြောသည်။ ၄င်း၏ ထိန်းချုပ်နယ်မြေ အတွင်းတွင် ဘိန်းစိုက်ပျိုးခြင်းနှင့် ဘိန်းစိမ်းများ ရောင်းဝယ်ခြင်းအပေါ် ပါတီက အခွန်ကောက်ခံ သည်။ သို့သော် ဖုန်ကြားရှင်ကို ကွန်မြူနစ်ပါတီက “ဝ” ဒေသအတွင်းမှ ပန်ဆိုင်းရှိ ဗကပ ဌာနချုပ်သို့ ရွှေ့ပြောင်းစေခဲ့သည့်အတွက် ဘိန်းဖြူ ထုတ်လုပ်ရေး မှာ အလှမ်းဝေးနေခဲ့ရသည်။ သို့သော်လည်း သူက မကြာမီမှာပင် ပန်ဆိုင်း အရှေ့ဘက် တောင်တန်းများ အတွင်း ဝမ်ဟိုတောင်တွင် စက်ရုံတခု တည်ဆောက် နိုင်ခဲ့သည်။

ဗမာပြည် ကွန်မြူနစ်ပါတီတွင်း ပုန်ကန်မှု

ဗမာပြည် ကွန်မြူနစ်ပါတီမှ သဘောတရား ရေးရာအရ လုပ်ဆောင်သည့် အသက်အရွယ် ကြီးရင့်ပြီဖြစ်သော ဗမာလူမျိုး ခေါင်းဆောင်ပိုင်းနှင့် ပါတီ၏ စစ်တပ်မှ တောင်ပေါ်တိုင်းရင်းသား တပ်ဖွဲ့ ဝင်အဆင့်ဆင့်တို့ကြားမှ လူမျိုးရေး တင်းမာမှုများက ကြီးမားသော အာဏာဖီဆန်မှုကို ဖြစ်စေခဲ့သည်။ ထိုအဖြစ်များက ကိုးကန့်ဒေသတွင် ၁၉၈၉ ခုနှစ် မတ်လ အတွင်းတွင် ဖြစ်ပေါ်ခဲ့ပြီး မကြာမီမှာပင် တခြားသော ဗကပ ထိန်းချုပ်ထားသည့် ဒေသများ သို့ ပျံ့နှံ့သွားခဲ့သည်။

ဧပြီလ ရောက်သည့်အခါ ဗကပ ခေါင်းဆောင် များအားလုံး တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ ဗကပ တပ်များသည်လည်း လူမျိုးစုကို အခြေခံသည့် ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ အဖြစ်သို့ ပြိုကွဲသွားခဲ့သည်။ ၄င်းတို့ထဲတွင် အင်အား အကြီး မားဆုံးမှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဖြစ်သည်။ တခြားအဖွဲ့များ မှာ ဖုန်ကြားရှင် ပြန်သွားခဲ့သည့် ကိုးကန့်ဒေသမှအဖွဲ့၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ဖုန်ကြားရှင်၏ သမက် ဖြစ်သည့် စိုင်းလင်း ဦးဆောင်သည့်အဖွဲ့နှင့် ကချင် ပြည်နယ် ကမ်ပတီးနှင့် ပန်ဝါရှိ ဗကပ တပ်ဖွဲ့ဟောင်း များဖြစ်ကြသည်။ ကိုးကန့်အဖွဲ့ကို မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အဖြစ် သိလာခဲ့ကြသည်။

ဗမာပြည် ကွန်မြူနစ်ပါတီအတွင်း အာဏာ ဖီဆန်မှုများ ပေါ်ပေါက်ခဲ့ပြီး များမကြာမီမှာပင် ထိုစဉ်က မြန်မာနိုင်ငံ၏ ထောက်လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ်ခင်ညွှန့်က အောလစ်ဗ်ယန်း၊ လော် စစ်ဟန်နှင့် ဦးအောင်ကြီး (တရုတ်-ဗမာ ကပြား၊ ဗိုလ်မှူးချုပ်ဟောင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီး ထိုအချိန်တွင် NLD မှ နုတ်ထွက်ခဲ့ပြီ ဖြစ်သည်) တို့ကို ကိုးကန့်ဒေသသို့ စေလွှတ်ပြီး ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသူများနှင့် ညှိနှိုင်း ဆွေးနွေးစေခဲ့သည်။

အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုသည့် အတွက် အလဲအလှယ်အနေဖြင့် ဗကပ တပ်ဖွဲ့ ဟောင်းများက သက်ဆိုင်ရာ နေရာဒေသများကို ဆက်လက်ထိန်းချုပ်ခွင့်၊ ကိုယ်ပိုင်တပ်များကို ဆက်လက် ထားရှိခွင့်များပါဝင်သည့် အပစ်ခတ်ရပ်စဲ ရေး သဘောတူညီမှုများ ရရှိခဲ့သည်။ ထို့အပြင် မည်သည့် စီးပွားရေးလုပ်ငန်းမျိုးမဆို လုပ်ကိုင်ရန်လည်း ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူ နစ်ပါတီတွင်း ပုန်ကန်မှု မဖြစ်ပွားမီက မြန်မာနိုင်ငံ၏ နှစ်စဉ် ဘိန်းထုတ်လုပ်မှု ၈၃၆ တန်ရှိခဲ့ရာမှ ၁၉၉၅ ခု နှစ်တွင် ၂၃၄၀ တန်အထိ မြင့်တက်လာခဲ့သည်။

၁၉၈၉ ခုနှစ် ပါတီတွင်း ပုန်ကန်မှုက တရုတ် နယ်စပ် ဒေသများတွင် စီးပွားရေးနှင့် လူမှုရေး ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ ကွန်မြူနစ်ပါတီက မြေယာပြုပြင်ပြောင်းလဲရေးလုပ်ရန် အားထုတ်ခဲ့သော်လည်း ဒေသက ဆိုးဆိုးရွားရွား ဆင်းရဲနွမ်းပါးနေဆဲ ဖြစ်သည်။ ကိုးကန့်ဒေသလည်း ထိုနည်းတူပင် ဖြစ်သည်။ ၁၉၈၆ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများ အတွင်း ကိုးကန့်နယ်မြေတခုလုံး အတွင်းတွင် ကျနော် ခရီးရှည် သွားရောက်ခဲ့ပါသည်။ သံလွင်မြစ် ကို မြောက်ဘက်မှ ဖြတ်ကူးပြီး တောင်များကို ခြေ ကျင် ဖြတ်ကျော်၍ တောင်ဘက်ရှိ နမ်တင်းမြစ်အနီးမှ ချင်းရွှေဟော်သို့ ဆင်းခဲ့သည်။ “ဝ” တောင်ကုန်း များ အစပြုသည့်နေရာလည်း ဖြစ်ပါသည်။

ကောက်ရိုးနှင့် ရွှံ့များဖြင့် ဖြစ်သလိုဆောက်လုပ်ထားသည့် တဲကလေးမှာ ညပေါင်းများစွာ အိပ်စက်ခဲ့ရသည်။ ကိုးကန့်ဒေသ၏ တောင်ပေါ်မြို့တော် ဖြစ်သော တာရွှေထန် အမည်ရှိသည့် မြို့ငယ်လေးသို့လည်း သွားရောက် လည်ပတ်ခဲ့ပါသည်။ တာရွှေထန်၏ အသွင်အပြင်က တော်လှန်ရေးမတိုင်မီကာလများက ယူနန်ပြည်နယ်၏ ကျေးလက်ဒေသပုံစံ ဖြစ်ပါသည်။ ကျောက်ခင်းထားသည့် လမ်းများတွင် ကုန်သည်တို့၏ အိမ်များက တန်းစီနေ ပြီး ပေါင်းကူးပုံစံ ကျောက်တုံးတံတားများရှိသည်။ ဈေးအပြင်ဘက်တွင် ကျောက် တုံးနှင့် ဆောက်လုပ်ထားပြီး သစ်သား ဝရန်တာများ ထုတ်ထားသည့် အိမ်ကြီးအိမ်ကောင်းများ ရှိသည်။ တောင်ကြားအောက်ဘက်ရှိ ဈေးမြို့ဖြစ်သော လောက်ကိုင်ကမူ သစ်သားနှင့် ဝါးများဖြင့် ဆောက်လုပ်ထားသော မခိုင်ခံ့သည့် အဆောက် အအုံများ စုစည်းထား သည်ထက် နည်းနည်းသာ ပိုပါသည်။

ယနေ့အချိန်မှာတော့ လောက်ကိုင်က ကိုးကန့် ဒေသတွင် ကွဲပြားသော ကမ္ဘာတခု ဖြစ်နေသည်။ လတ်တလော သွားရောက်လည်ပတ်ခဲ့သူ တဦး၏ အဆိုအရ လောက်ကိုင်သည် အလွန်ထူးခြားပြောင်း လဲနေပြီဟုသိရသည်။ လမ်းကျယ်ကြီးများနှင့် အထပ် မြင့်အဆောက်အဦများ (အများအားဖြင့် ဟိုတယ်နှင့် ဖျော်ဖြေရေး အဆောက် အအုံများ) ကိုလည်း နေရာတိုင်းတွင် ဆောက်လုပ်နေသည်ကို တွေ့နေရသည်။ မြို့လယ်ကို မီးရောင်များ ထိန်လင်းနေသည့် အထပ် ၁၀ ထပ်ပါ အဆောက်အအုံတခုဖြစ်သော Royal Splendor International ဟိုတယ်က လွှမ်းမိုးထားပြီး အနီးတဝိုက်မှ လမ်းများတွင်လည်း ဟိုတယ်ငယ်များ၊ မိုဘိုင်းဖုန်းဆိုင်များ၊ နာမည်ကြီး အမှတ်တံဆိပ် ဖက်ရှင်ဆိုင်များနှင့် ကာစီနို လောင်း ကစားဝိုင်းများ ရှိနေသည်ဟုဆိုသည်။

“ SUV ကားသစ်တွေနဲ့ KK (ကိုးကန့်) နံပါတ် ပြားတပ်ထားတဲ့ကားတွေက အများဆုံးပဲ။ ဒါပေမယ့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ အလယ်ပိုင်း ပြည်နယ်က ရောက်လာတဲ့ ကားကောင်းတွေလည်း တွေ့ရတယ်။ ဒေသခံတွေနဲ့ ဧည့်သည်တွေ အားလုံး နီးပါးက ဟန်တရုတ်တွေပါ။ ဒါပေမယ့် ဆောက်လုပ် ရေးလုပ်ငန်းတွေမှာ လုပ်နေတဲ့သူတွေ အားလုံးနီးပါး ကတော့ ဗမာအလုပ်သမားတွေ ဖြစ်နေတယ်” ဟု သူကပြောသည်။

ဤသို့ဆိုပါလျှင် ပိုက်ဆံအားလုံးက ဘယ်က လာသနည်း။ မူးယစ်ဆေးက အဓိက ဝင်ငွေအရင်း အမြစ် ဖြစ်ပါသည်။ ဘိန်းကို ဘိန်းဖြူအဖြစ် ပြောင်း လဲထုတ်လုပ်သကဲ့သို့ မက်သဖက်တမင်း ဆေးများ လည်း ထုတ်လုပ်သည်။ တရုတ်နိုင်ငံမှ သေနတ်များ ကိုလည်း မြန်မာနိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်၍ လက်နက် အလွန်အမင်း လိုအပ်နေသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းသို့ မှောင်ခိုတင်ပို့ကြ သည်။ အဆိုပါ နည်းလမ်းများမှ ရရှိသည့် ဝင်ငွေများ ကို ကိုးကန့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံး ပြုကြသည်။ ဟိုတယ်လုပ်ငန်း၊ ကုန်သွယ်ရေး၊ အိမ်ခြံ မြေလုပ်ငန်းနှင့် မြန်မာနိုင်ငံ တခြားနေရာများမှ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြ သည်။

မဟာမိတ် ပြောင်းလဲခြင်း

သို့သော်လည်း ကွန်မြူနစ်ပါတီကို တော်လှန်ခဲ့ ပြီး နောက်ပိုင်းကာလများသည် ကိုးကန့်ဒေသခေါင်း ဆောင်များအတွက် ချောမွေ့သော ခရီးတခုတော့ မဟုတ်ခဲ့ပါ။ ကွန်မြူနစ်တပ်ဖွဲ့ဟောင်းများနှင့် သဘော တူညီချက် ရရှိပြီးသည့်အခါ ဗိုလ်ချုပ် ခင်ညွန့်က ဖုန်ကြားရှင်၏အဖွဲ့ကို ဒေသတွင်းမှ အစဉ်အလာ ခေါင်းဆောင်များဖြစ်သည့် ယန်းမိသားစုထက်ပို၍ မျက်နှာသာပေးခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းက အရေး ပါသည့် နည်းဗျူဟာ အမှားအယွင်းတခု ဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ယန်းမိသားစုများက ဖုန်ကြားရှင်ကို ဆန့်ကျင်သည့် ရန်ဘက်များ ဖြစ်လာကြသည်။

၁၉၉၂ ခုနှစ်တွင် ကိုးကန့်ဒေသအတွင်း ကာ လတို တိုက်ပွဲတခု ဖြစ်ပွားခဲ့ပြီးနောက် ဖုန်ကြားရှင် လည်း တရုတ်နိုင်ငံသို့ ယာယီ တိမ်းရှောင်သွားခဲ့ ရသည်။ သို့သော်လည်း အခြေအနေအရပ်ရပ်က ယန်းမိသားစု အတွက်လည်း အဆင်မပြေပါ။ ၁၉၉၄ ခုနှစ် အောက်တိုဘာလတွင် ကိုးကန့်ဒေသ၏ အကြီး အကဲသစ် ယန်းမိုလျန်း (Yang Molian) ၏ ညီ ဖြစ်သူ ယန်းမူကျန်း)  Yang Muxian သည် တရုတ် နိုင်ငံ ကူမင်းမြို့တွင် ဘိန်းဖြူရောင်းဝယ် ဖောက်ကား မှုဖြင့် သေဒဏ်စီရင်ခြင်း ခံခဲ့ရသည်။

ထို့နောက် မကြာမီတွင် ဗိုလ်ချုပ် ခင်ညွန့်နှင့် လော်စစ်ဟန်တို့ကကြားဝင်ပြီး ဖုန်ကြားရှင်နှင့် ယန်း မိသားစုကြားတွင် ပွဲစားလုပ်၍ ညှိနှိုင်းပေးခဲ့သည်။ ဖုန်ကြားရှင် ပြန်ရောက်လာပြီး မကြာခင်မှာပင် ကိုးကန့်ဒေသ၏ အင်အားကြီး ခေါင်းဆောင်အဖြစ်ကို ပြန်လည်ရယူနိုင်ခဲ့သည်။

ထိုအခြေအနေသည် အစိုးရတပ်က အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် (ယခု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ၏ ဦးဆောင်မှုနှင့် ကိုးကန့်နယ်မြေအတွင်း သို့ ဝင်ရောက်လာပြီး စစ် ဆင်ရေးတခု ဆင်နွဲခဲ့သည့် ၂၀ဝ၉ ခုနှစ် ဩဂုတ်လ အထိ တည်မြဲခဲ့သည်။ ထိုစစ်ဆင်ရေးကြောင့် ဒုက္ခသည် ၃ သောင်းကျော် တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြရသည်။ တရုတ်အာဏာပိုင်များက လည်း ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့သည်။

ဖုန်ကြားရှင်၏ အားကိုးရာဟု ဆိုနိုင်သည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်သာ ၂၀ဝ၄ ခုနှစ် အောက်တို ဘာလတွင် ရာထူးမှမပြုတ်ခဲ့လျှင် ထိုသို့ဖြစ်လာနိုင် စရာ အကြောင်းမရှိပါ။ တရုတ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွား ရသည့် ဖုန်ကြားရှင်၏ နေရာတွင် အစိုးရစစ်တပ်က ဒေသခံ ကိုးကန့်အရာရှိတယောက် ဖြစ်သော ပယ်စောက်ချိန် (Bai Suoqian) ကို ရွေး ချယ်၍ အစားထိုးခန့်ထားလိုက်သည်။ MNDAA  ကိုးကန့်အဖွဲ့မှ ပယ်စောက်ချိန်ကို သစ္စာခံသည့် ဂိုဏ်းခွဲက အစိုးရ အသိအမှတ်ပြုသည့် နယ်ခြား စောင့်တပ်ဖွဲ့တခုလည်း ဖြစ်လာသည်။

သို့သော် ဖုန်ကြားရှင်ကလည်း ပြန်လာနိုင်ရန် လျှို့ဝှက်စီစဉ်နေခဲ့သည်။ ယခုနှစ် ပြည်ထောင်စုနေ့ မတိုင်မီ အချိန်တွင် သူ၏အစီအစဉ် အကောင်အထည် ပေါ်လာပြီး တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ပယ်စောက်ချိန်လည်း ကိုးကန့်ဒေသကို စွန့်ခွာ၍ လုံခြုံမှုရှိသည့် နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးခဲ့ရသည်။ သူ၏အနာဂတ်ကလည်း မသေ ချာသေးပါ။ ကိုးကန့်ဒေသမှ ပဋိပက္ခက မြန်မာနိုင်ငံ မြောက်ပိုင်းမှ တခြားဒေသများသို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိကိုလည်း စောင့်ကြည့်ရဦးမည် ဖြစ်သည်။

တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်  (TNLA) မှ ရာနှင့်ချီသော တပ်သားများနှင့် ရခိုင် တပ်မတော် (Arakan Army) မှ တပ်ဖွဲ့ဝင်အနည်း ငယ်တို့လည်း ဖုန်ကြားရှင်၏  MNDAA နှင့်အတူ ဝင်ရောက်တိုက်ခိုက်နေသည်ဟု သတင်းများ ထွက် ပေါ်ခဲ့သည်။ အင်အားကြီးသည့်  UWSA က MNDAA ကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေး နေသည်ဆိုသည်မှာလည်း လျှို့ဝှက်ချက်တခုမဟုတ် နိုင်ပါ။

ယခုကဲ့သို့ ရှုပ်ထွေးသည့် အခြေအနေသစ်တွင်  UWSA ၏အခန်းကဏ္ဍက တရုတ်နိုင်ငံမှ လုံခြုံရေး တပ်ဖွဲ့များ ၏ ရပ်တည်မှုနှင့် ပတ်သက်၍ မေးခွန်း ထုတ်စရာများ ဖြစ်လာစေခဲ့သည်။  UWSA သည် တရုတ်လုံခြုံရေး အဖွဲ့များနှင့် နီးကပ်သော ဆက် သွယ်မှုရှိပြီး တပ်ဆင်အသုံးပြုနေသည့် လက်နက် များ (မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် တခြား ခေတ်မီ စစ်အသုံးအဆောင်များ အပါအဝင်) အားလုံးကို တရုတ်ထံမှ ရရှိထားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ခွင့်ပြုချက်မရှိဘဲ UWSA က MNDAA ကို လက်နက်ပစ္စည်းများ ထောက်ပံ့ပေး လိမ့်မည်ဟု ယူဆရန် ခက်ခဲပါသည်။

MNDAA  တွင် မျိုးဆက်သစ် အရာရှိများက တာဝန်ယူနေခြင်းမှာလည်း ထင်ရှားပါသည်။ အသက် ၈၅ နှစ်ကျော်ခဲ့ပြီဖြစ်သော ဖုန်ကြားရှင်က တရားဝင် ခေါင်းဆောင်အဖြစ် ရှိနေသည့်အချိန်တွင် သူ၏ အကြီးဆုံးသား ဖုန်တာရှန်က စစ်တပ်ကို ဦးဆောင်နေသည်။

နောက်ထပ်အရေးပါသော ခေါင်းဆောင်တဦး မှာ MNDAA ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းဖြစ် သည်။ ဖုန်ကြားရှင်၏ အငယ်ဆုံး သမီးနှင့် လက်ထပ်ထားသူလည်းဖြစ်သည်။ မန္တလေး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ သော ဦးထွန်းမြတ်လင်းက တရုတ်နာမည်အစား မြန်မာနာမည် အသုံးပြုရသည် ကို ပိုမိုသဘောကျသူလည်း ဖြစ်ပါသည်။ သူနှင့် နီးကပ်သော လုပ်ဖော်ကိုင်ဖက်များက သူ့ကို နိုင်ငံရေးဗဟုသုတြွကယ်ဝသူဖြစ်သည်ဟု ဆိုကြသည်။

ထို့ကြောင့် မြောက်ပိုင်းဒေသမှ လက်နက်ကိုင် အဖွဲ့များ ပိုမိုကျယ်ပြန့်စွာ ပေါင်းစည်းခြင်းကို တား ဆီးရန် မဖြစ်နိုင်ပါ။ သို့သော်လည်း လက်ရှိပဋိပက္ခမှ မည်သည့်ရလဒ် ထွက်ပေါ်လာသည်ဖြစ်စေ နေပြည် တော်မှ အာဏာပိုင်များအတွက် ကိုးကန့်ဒေသကို ထိရောက်စွာ အုပ်ချုပ်နိုင်ရေးသည် လွယ်ကူသော အလုပ်တခု ဖြစ်လာမည် မဟုတ်ပါ။ ကိုးကန့်ဒေသ သည် “ဝ” တောင်ကုန်းများကဲ့သို့ပင် ဗဟိုအစိုးရ တခု၏ အုပ်ချုပ်မှု အောက်တွင် မည်သည့်အခါကမှ ရှိမနေခဲ့သည့်အတွက် ဖြစ်ပါသည်။

(The Irrawaddy အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့ သော ဘာတေးလ်လင့်တနာ (Bertil Lintner) ၏ Kokang: The Backstory ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More