Tuesday, March 3, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၄၈)

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ

၂၀၁၀ ရွေးကောက်ပွဲပြီးလို့ သတင်းတပတ်အကြာ။ ကြိုတင်မဲတွေ၊ နယ်စပ်တိုက်ပွဲတွေနဲ့ ရှုတ်နေတုန်း နိဝင်ဘာလ ၁၃ ရက်နေ့ ညနေ နာရီမှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပါတယ်။ ဒီနေ့မှာပြန်လွတ်ပေးမယ်လို့ အစိုးရကကြေညာထားပေမဲ့ ယုံတ၀က် မယုံတ၀က်နဲ့ပါ။ ဒါပေမယ့် ညနေ နာရီမှာတော့ ရဲချုပ်ခင်ရီ ကိုယ်တိုင် ဒေါ်စု အိမ်ထဲဝင်လာပြီး အကျယ်ချုပ်သက်တန်း ကုန်ဆုံးပြီဖြစ်တဲ့အကြောင်း အမိန့်ဖတ်ပြသွား တယ်လို့ အဲဒီနေ့က ထုတ်ပြန်တဲ့ အစိုးရသတင်းမှာ တွေ့ရပါတယ်။

(၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာစဉ်)

ဒါဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်းအရေးအခင်းကတည်းကဖမ်းထားတဲ့အတွက် နှစ်နီးပါး ကြာပြီးမှ ပြန်လွတ်ပေးတဲ့သဘောပါ။ ဒီ့မတိုင်ခင် ဖမ်းဆီး-ပြန်လွတ်မှတ်တမ်း ကိုပြောရမယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲ အတွက်စည်းရုံးမှုလုပ်နေတုန်း ၁၉၈၉ ဇူလိုင်လ ၂၀ ရက်နေ့မှာ ပထမဆုံးအကြိမ် ဖမ်းဆီး ခံရပါတယ်။ နှစ်အကြာ ၁၉၉၅ ဇူလိုင် ၁၀ ရက်နေ့မှာ ပြန်လွတ်လာပါတယ်။ တခါ ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဒုတိယ အကြိမ်အဖမ်းခံရပြီး ၂၀၀၂ ခုနှစ် မေလ ရက်နေ့မှာပြန်လွတ် လာပါတယ်။ ဒါကြောင့် ၁၉၈၈ ကနေ ၂၀၁၀ ခုနှစ် အကြား ၂၁ နှစ်တာကာလအတွင်း ၁၅ နှစ်က အကျယ်ချုပ်ကျခံနေခဲ့ရတယ်လို့ သတင်းသမားတွေက ညွှန်းဆိုလေ့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာပြီဆိုတော့ အားလုံး သူအိမ်ရှေ့ပြေးကြတာပေါ့။ ရန်ကုန်မှာရှိတဲ့ သတင်းသမားတွေ၊ ပရိတ်သတ်တွေကိုပြောတာပါ။ နော်ဝေးမှာရှိတဲ့ ကျနော်တို့သတင်းခန်းက လူတွေကတော့ အဲဒီလို ဘယ်ပြေးနိုင်ပါ့မလဲ။ ဒီတာ့ အရင်လိုပဲ တယ်လီဖုန်းနဲ့ဗျုးခွင့်ရအောင် ကြိုးစားရမှာပေါ့။ ဒါပေမယ့် ခေတ်ကပြောင်းသွားပြီ။ DVB UG Network သိပ်ကောင်းနေပြီဖြစ်တဲ့အတွက် တယ်လီဖုန်းကို အားကိုးနေစရာမလိုတော့၊ ကင်မရာ မင်းတွေ၊ VJ (ဗီဒီယို ဂျာနယ်လစ်) တွေ ကို်ယ်တိုင် ဒေါ်စုခြံထဲအထိ ရောက်နေပြီလို့ ဆိုပါတယ်။

‘’Burma VJ အဖွဲ့တွေ ဒေါ်စု ခြံထဲအထိရောက်နေပြီ။ သူတို့ပို့ပေးတဲ့ ဗွီဒီယိုထဲက အသံတွေကို ဆွဲယူ လွှင့်ရုံပဲ’’ ဆိုပြီး တာဝန်ရှိသူတွေကပြောထားတော့ အေးဆေးပေါ့။ DVB အော်စလိုရုံးဝန်ထမ်းတွေထဲမှာ NLD နဲ့နီးစပ်သူ၊ NLD လိုလားသူများသလို Burma VJ ကင်မရာသမားတွေထဲမှာလည်း NLD လူငယ်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အတော်များများရှိတယ်လို့ သိရပါတယ်။

ဒီလို ရှိနေတယ်ဆိုပေမယ့် နောက်တရက် (နိုဝင်ဘာလ ၁၄ ရက်)   နာရီသတင်းလွှင့်ခါနီးအချိန်အထိ အင်တာဗျုးအသံက မရောက်လာသေးပါ။ တခြားစင်ပြိုင်ရေဒီယိုတွေဖြစ်တဲ့ VOA (ညနေ နာရီမှ နာရီ အထိ) RFA ( နာရီမှ နာရီအထိ) BBC ( နာရီ ၁၅ မှ   နာရီအထိ) တွေက ကိုယ့်ရှေ့မှာ လွှင့်ပြီးနေပြီ။ ကိုယ့်ရေဒီယိုက အခုထိ အသံမရသေး။

အဲဒီမှာ ကျနော်ပေါက်ကွဲပြိး ၀ူးဝါးလုပ်တော့တာပါပဲ။ ဘာကြောင့်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမ ဆုံး အင်တာဗျုးရသင့်တဲ့ မီဒီယာဟာ DVB မဟုတ်ပါလား။ အရင်ခေတ်ကတလျောက်လုံး DVB ကို အထူးဦးစားပေးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ဆက်ဆံခဲ့တာပါ။ DVB ကို သူတို့ရဲ့အသံ၊ သူတို့ရဲ့ရေဒီယိုအဖြစ် NLD ပါတီဝင်တွေက ထင်ထားခဲ့ကြတာ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် DVB အသံကိုကြားရဖို့အရေး ရေဒီယိုငယ်လေးကို ခြင်ထောင်တိုင်ပေါ်တင်ပြီ ခဲရာခဲဆစ် ဖမ်းယူခဲ့ရပုံကို အရင်တကြိမ် အကျယ်ချုပ်က လွတ်လာစဉ်က DVB ရေဒီယိုကို ပြောပြခဲ့ဖူးတယ် မဟုတ်ပါလား။

အခုတော့ တခြားရေဒီယိုတွေက ဒေါ်စု နဲ့အင်တာဗျုးတွေလွှင့်သွားပြီးပြီ။ NLD ရေဒီယို၊ ဒေါ်အောင် ဆန်းစုကြည် ရေဒီယိုလို့အများကသတ်မှတ်ထားတဲ့ DVB က အင်တာဗျုးမရဘူးဆိုတော့ ကျနော်က သီးမခံနိုင်တော့ပါ။ တယ်လီဖုန်းနဲ့အင်တာဗျုးလုပ်စရာမလိုတော့ဘူးလို့ပြောတဲ့ သတင်းအယ်ဒီတာ ကိုမိုးအေးကို ကွိုင်ရှာတော့တာပေါ့။ ကိုမိုးအေးကတခါ Burma VJ တာဝန်ရှိသူနဲ့ ညွန်မှုးတွေကို ကျနော် ပွဲကြမ်းနေတဲ့အကြောင်း ထပ်သွားပြောမိတယ်နဲ့တူပါတယ်။

ဒီလိုနဲ့နောက်တရက် (တခြားရေဒီယိုတွေထက် ၂၄ နာရီနောက်ကျပြီးမှ) ညနေမှာတော့ Burma VJ ရဲ့ ဗွီဒီယို အင်တာဗျုးက ဒီနေ့အထိ မရ မသေချာသေးတဲ့အတွက် တယ်လီဖုန်းနဲ့သာမေးပါတော့ဆိုပြီး ခွင့်ပြုချက်ရလာပါတယ်။ ဒီတော့မှ အရင်က ခေါ်နေကြ NLD ပြောခွင့်ရပဂ္ဂိုလ် ဦးညဏ်ဝင်းနဲ့ ရုံးအဖွဲ့မှုး ဦးသိန်းဦးတို့ဆီ အမြန်ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုးလုပ်နိုင်ဖို့ ကြိုးစားရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် DVB ရေဒီယို (နော်ဝေး) နောက်ဆုံး အင်တာဗျုး

ဒီလိုနဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ နာရီလောက်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်း ပြောခွင့်ရ ပါတယ်။ NLD ရုံးချုပ်ရော၊ သူ့အိမ်ရော တယ်လီဖုန်းလိုင်းတွေအဖြတ်ခံ ထားရဆဲဆိုတော့ ဦးညဏ်ဝင်းရဲ့ လက်ကိုင်တယ်လီဖုန်းနဲ့ ပဲဗျုးရပါတယ်။ ဒါဟာ ၂၀၀၃ ခုနှစ် မတ်လတုန်းက (ဒီပဲယင်းခရီးစဉ်မထွက်ခင်) အင်တာဗျုးအပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် ကျနော်ကိုယ်တိုင်မေးဖူးခြင်းဖြစ်ပါတယ်။

(DVB ရေဒီယို စတူဒီယိုအတွင်း တယ်လီဖုန်းနဲ့ အင်တာဗျုးလုပ်နေစဉ်)

(အရင် အင်တာဗျုးတွေကိုတော့ သတင်းအယ်ဒီတာ ကိုမိုးအေးက မေးခဲ့တာပါ) တနည်းအားဖြင့်ပြောမယ် ဆိုရင် DVB သတင်းသမားတာဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်နောက်ဆုံး ဗျုးခွင့်ရခြင်းလည်း ဖြစ်ပါတယ်။ ထပ်ဖြည့်ပြောရမယ်ဆိုရင် DVB ရေဒီယို (နော်ဝေးစတူဒီယို) ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးမေးမြန်းခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတော့ ဒီအင်တာဗျုးဟာ DVB အတွက် နောက်ဆုံး အင်တာဗျုး ဖြစ်လိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါ။

၁၂ မီနစ်ကျော်ကျော်ရှိတဲ့ အဲဒီ အင်တာဗျုးကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့   နာရီသတင်း မှာလွှင့်ခဲ့ပါတယ်။ တခါ အဲဒီအသံကိုပဲ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ၊ သူပြန်လွတ်လာစဉ် လူထုတွေ သူအိမ်ရှေ့လာကြိုပုံတွေနဲ့ရောပြီး DVB-TV မှာလည်းပြသခဲ့ပါတယ်။ ဒါပေမယ့် တခြားစင်ပြိုင်ရေဒီယို တွေထက် ၂၄ နာရီနောက်ကျပြီးမှ လွှင့်ခွင့်ရတာကိုတော့ ကျနော့်စိတ်ထဲ မကျေနပ်ပါ။

အဲဒီ အင်တာဗျုးအတွင်း အဓိကဖြေကြားချက်တွေကတော့ (အသံဖွိုင်ကို အောက်မှာ နားဆင်နိုင်ပါတယ်) လူငယ်တွေအရင်ထက်ပိုနိုးကြားလာကြောင်း၊ အပြောင်းအလဲကိုလိုချင်ရင် ကိုယ့်ဘာသာလုပ်ရမှာ ဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစိုးရနဲ့ဆွေးနွေးချင်ကြောင်း၊ ကြံ့ခိုင်ရေးပါတီမှ ဦးဌေးဦးကတောင် NLD နဲ့ လက်တွဲဆောင်ရွက်ချင်တယ်ဆိုတဲ့သဘောမျိုး မြန်မာတိုင်းမ်သတင်းစာ ကိုပြောထားတာတွေ့မိကြောင်း၊ NLD ဖက်က ကြိုဆိုကြောင်း၊ ဒါပေမယ့် လက်တွေ့လက်တွဲဆောင်ရွက်ဖို့ ကိုတော့ စီအာပီပီ အပါဝင်၊ မဟာမိတ်အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရင်ဆွေးနွေးရဦးမှာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

တိုင်းရင်းသားကိစ္စကိုမေးတဲ့အခါမှာတော့ စီအာပီပီ အစည်းဝေးမကြာခင်ကျင်းပမှာဖြစ်ကြောင်း၊ တိုင်းရင်း သားတွေ အားလုံးလိုချင်တဲ့ ပြည်ထောင်စုဖြစ်လာအောင် ဆက်လုပ်ရမှာဖြစ်ကြောင်းပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးမေးတဲ့အခါမှာတော့ ဒီရွေးကောက်ပွဲမှာ မတရားမှုတွေရှိတယ်ဆိုပြီး ၀င်ပြိုင်တဲ့ ပါတီတွေကပြောနေတဲ့အတွက် ဒါကို အသေချာသိနိုင်ဖို့ NLD က ကော်မရှင်တရပ်ဖွဲ့ စစ်ဆေးပြီး အစီရင်ခံသွားမယ်လို့ပြောပါတယ်။ ရွေးကောက်ပွဲဝင်တဲ့ပါတီတွေအပေါ်သဘောထားကိုမေးတဲ့အခါမှာတော့ အဲဒီပါတီ ၃၇ ခုနဲ့ လက်တွဲဆောင်ရွက်နိုင် ဖို့အမြဲတန်း တံခါးဖွင့်ထားတယ်လို့ဖြေပါတယ်။ 

မှတ်ပုံတင်အသစ်ပြန်မလုပ်တဲ့အတွက် NLD ပါတီ သက်တန်းကုန် သွားပြီဆိုပြီး အစိုးရဖက်ကပြောနေတဲ့ အပေါ် ဘာဆက်လုပ်မလဲဆိုတဲ့မေးခွန်းကိုတော့ တရားရုံးကိစ္စကိုမပြောချင်ကြောင်း၊ ဒါပေမယ့် NLD ပါတီ သက်တန်းကုန် မကုန်ဆိုတာဟာ ပြည်သူလူထုနဲ့သာဆိုင်ကြောင်းဖြေပါတယ်။ နိုင်ငံခြား စီးပွါးရေးပိတ်ဆို့မှု ရုတ်သိမ်းပေးဖို့လိုမလို မေးတဲ့အခါမှာတော့ လက်ရှိ ပြည်တွင်းအခြေနေတွေကိုအသေးစိပ်လေ့လာဖို့ လို သလို ဆက်ရှင်လုပ်ထားတဲ့ အနောက်နိုင်ငံတွေနဲ့လည်း ဆွေးနွေးချင်သေးတယ်လို့ပြောပါတယ်။

နည်းပညာတိုးတက်လာပုံအကြောင်းမေးတဲ့အခါမှာတော့ မနေ့က သူလွတ်လာချိန်မှာ လူငယ်အတော်များ များက လက်ကိုင်ဖုန်းတွေနဲ့ဓာတ်ပုံရိုက်နေတာတွေ့မိကြောင်း။ ဒါဟာ ၂၀၀၃ ခုနှစ် သူအဖမ်းမခံရခင်က ထက် အများကြီး တိုးတက်လာတဲ့သဘော။ တနည်းအားဖြင့် အရင်ခေတ်ကလို တိုင်းပြည်ကိုပိတ်ထားလို့ မရတော့ဘူး။ ဒီဖုန်းတွေက တိုင်းပြည်ကိုပွင့်လင်းအောင်လုပ်တဲ့နေရာမှာ အကူညီပေးနိုင်တဲ့ ပစ္စည်းတွေဖြစ် တယ်လို့ပြောပါတယ်။ ဒီဖုန်းတွေ ကျေးဇူးကြောင့် အခု DVB နဲ့ပြောခွင့်ရနေတယ်မဟုတ်ဘူးလား ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

ဒါတွေက ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ညက လွှင့်ခဲ့တဲ့ အင်တာဗျုးထဲက ကောက်နှုတ်ချက်ပါ။ သတင်းသမားတချို့ပြောလေ့ရှိတဲ့အတိုင်း သတင်းထဲဖေါ်ပြတဲ့အချက်တွေထက် သတင်းထဲမထည့်ပဲ ချန်ထားတဲ့အချက်က ပိုစိတ်ဝင်စားဖို့ကောင်းလေ့ရှိတယ်ဆိုသလို အခုလည်း မလွှင်ပဲချန်ထားခဲ့တဲ့၊ လွှင့်ဖို့ပြောတာမဟုတ်ပဲ DVB ၀န်ထမ်းတွေ ( DVB က ကျောင်းသားလေးတွေ၊ ရဲဘော်လေးတွေ) သိအောင်ပြောတဲ့အချက်က ပိုစိတ်ဝင်စားဖို့ ကောင်းမယ်ထင်ပါတယ်။ 


အသံလှိုင်းမကြည်လင်မှုနဲ့ အဟောင်းတွေပြန်လွှင့်မိတဲ့ကိစ္စ

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောတာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ DVB ဟာ ဒီမိုကရေစီလှုပ်ရှားမှုကို ကိုယ်စားပြုတဲ့မီဒီယာ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆုအမည်နဲ့ရထားတဲ့ မီဒီယာ) ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုးလုပ်ခွင့်ရတိုင်း DVB အပေါ်ဝေဖန်ချက်ပေးဖို့၊ ရဲဘော် ရဲဘက်တွေကို စိတ်ဓာတ်ခွန်အားပေးဖို့ ကျနော်တို့မေးနေကြပါ။

(DVB ရေဒီယို စတူဒီယိုမှ အသံလွှင့်နေစဉ်)

DVB အပေါ် ဝေဖန်ချက်တွေထဲက ကျနော်မှတ်မိသလောက်ကို ပြန်ကောက်ရမယ်ဆိုရင် သူ့အိမ်မှာ TV စလောင်း မရှိတဲ့အတွက် အခုအချိန်အထိ DVB-TV ကို တခါမှ မကြည့်ဖူးသေးဘူးလို့ ဒေါ်အောင် ဆန်းစုကြည် ကပြောပါတယ်။ ရေဒီယို အကြောင်းပြောတဲ့ အခါမှာတော့ (အရင်က ခြင်ထောင်တိုင် ပေါ်မှာတင်ပြီး နားထောင်ခဲ့ရဖူးတဲ့) DVB ရေဒီယိုဟာ အခုတလော အတော်ဖမ်းရခက်နေကြောင်း၊ ပိုဆိုးတာက တခါတရံ ပရိုဂရမ်ဟောင်းတွေကိုပြန်လွှင့်ပြီး ပရိသတ်ကိုလည်း တောင်းပန်မှု မလုပ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

သူပြောတဲ့လေသံက အပြစ်တင်တဲ့လေသံမဟုတ်ပဲ ရဲဘော်ရဲဘက်အချင်းချင်း အပြုသဘောဝေဖန်တဲ့ လေသံလို့ ကျနော်ခံစားမိပါတယ်။ ဒါဟာ နည်းပညာအပိုင်းဖြစ်ပြီး ကျနော်တို့သတင်းသမားတွေနဲ့ မဆိုင်ကြောင်း၊ တာဝန်ရှိသူတွေဆီ တင်ပြပေးမှာဖြစ်ကြောင်း ကျနော်က အတိုချုံးဖြေကြားမိပါတယ်။ တကယ်က ညွှန်မှုးတွေအပေါ် မကျေလည်လို့ အဲဒီလိုဖြေလိုက်တာမဟုတ်ပါ။ တကယ်လည်း ဒီကိစ္စက သတင်းသမားတွေနဲ့မဆိုင်ပါ။ နည်းပညာအပိုင်းနဲ့သာဆိုင်ပါတယ်။ 

ဒါပေမယ့် ညွှန်မှုးတွေက ဒီအချက်ကိုသဘောတူပုံမရပါ။ (တည့်တည့်မပြောပေမဲ့) အင်တာဗျုးလုပ်တဲ့ ကျနော်ဟာ DVB ရဲ့အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်နားလည်လက်ခံတဲ့အထိ မရှင်းပြပဲ တာဝန်ရှိသူတွေအပေါ်  အပြစ်ပုံချတဲ့သဘောဖြစ်နေတယ်၊ ဖုန်းလိုင်းမချခင်မှာ ညွှန်မှုးတွေကိုခေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပေးပြောသင့်တယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။

ခက်တော့ ခက်သား။ အရေးကြီးပုဂ္ဂိုလ်တဦးဦးနဲ့ အင်တာဗျုးလုပ်တဲ့အခါ သတင်းသမားတွေဖက်က ဘယ်အချက်ကို အဓိကဦးစားပေးသလဲဆိုတာ စဉ်းစားသင့်ပါတယ်။ တခြားသတင်းသမားတွေကိုတော့ ကျနော်တခါမှမမေးဖြစ်ခဲ့ပါ။ ကျနော့်အတွက်တော့ ကိုယ်မေးချင်တဲ့အချက်ကို မေးခွင့်ရဖို့၊ သူ့ဖြေတဲ့ အသံကို ကွာလတီကောင်းကောင်းရဖို့၊ အထူးသဖြင့် မေးနေတုန်းတန်းလန်း ဖုန်းလိုင်းမပြတ်စေဖို့နဲ့ အသံတွေ တဂျစ်ဂျစ်မမြည်စေဖို့ဖြစ်ပါတယ်။

ဒီတော့ အလာပ သလာပကို (ဖုန်းလိုင်းပြတ်မှာစိုးတဲ့အတွက်) အချိန်ကုန်ခံပြီး ပြောချင်စိတ်မရှိပါ။ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့၊ မူဝါဒနဲ့ဆိုင်တဲ့ကိစ္စအတွက် ပြောစရာရှိရင် ညွှန်မှုးတွေကိုယ်တိုင် ဖုန်းခေါ်ပြော လို့ရနေတာပဲ။ Burma VJ တဖွဲ့လုံးလည်း ဒေါ်စုခြံဝင်းနဲ့ NLD ရုံးထဲရှိနေတာပဲ။ ကြိုက်တဲ့အချိန် သူတို့ဘာသာ တွေ့ဆုံမေးမြန်းလို့ရတာပဲဆိုပြီး ကျနော်စိတ်ထဲ နားလည်ထားခဲ့ပါတယ်။ ဘယ်လိုပဲ ဆင်ခြေပေးနေစေကာမူ ဒီအချက်က ကျနော်အပေါ် ညွှန်မှုးတွေမကျေလည်မှု နောက်တခုဖြစ်စေခဲ့ဟန် တူပါတယ်။

ဒါပေမယ့် လူမှုသဘောတရားအရ အလာပ သလာပကို အင်တာဗျုးမလုပ်ခင် အရင်ဆုံးပြောရတယ် မဟုတ်ပါလား။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုအကြံပြုချက်ပြောနေစဉ်မှာ ကျနော်က တယ်လီဖုန်း လိုင်းပြတ်သွားမှာကိုစိုးလို့ သိပ်အချိန်ပေးပြီးရှင်းပြမနေပါ။ ကိုယ်ရဲ့အဓိကတာဝန်က ဒါတွေ ရှင်းပြနေဖို့ မဟုတ်။ သူနဲ့ အင်တာဗျုးလုပ်ဖို့သာဖြစ်ပါတယ်။ ဒီတော့ ကျန်တဲ့ ကိစ္စကိုသိပ်အလေးမထားမိပါ။ အဲဒါကြောင့် တာဝန်ရှိသူတွေကို တင်ပြပေးမယ်ဆိုပြီး စကားဖြတ်လိုက်တာဖြစ်မယ်လို့ ထင်မိပါတယ်။

သတင်းသမားတာဝန်မဟုတ်ပဲ နည်းပညာသမားတွေရဲ့တာဝန်သာဖြစ်တယ်ဆိုတဲ့စကားကို လှိုင်းတိုရေဒီယို တွေ၊ စလောင်း TV တွေနဲ့ အလှမ်းဝေးတဲ့ အများပြည်သူ နားလည်ဖို့မလွယ်ပါ။ ကြိုးစားပြီး အကျဉ်းရုံးရှင်းပြ ရမယ်ဆိုရင်ကျနော်တို့သတင်းသမားတွေရဲ့ အဓိကတာဝန်ဟာ သတင်းရအောင်လိုက်ဖို့၊ အင်တာဗျုးရဖို့၊ အသံကွာလတီကောင်းဖို့၊ တင်ပြပုံကောင်းဖို့၊ သမာသမတ်ကျဖို့စသဖြင့် လုံးနဲ့ဆိုင်တဲ့သတင်းကိစ္စသာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို အပီအပြင် ပြင်ဆင်ထားတဲ့ အသံတွေ ပရိတ်သတ်နားဝဆီရောက်ဖို့၊ ဒါမှ မဟုတ် ပရိတ်သတ်ရှေ့က တီဗွီ စခရင်ဆီ ရောက်ဖို့ကတော့ နည်းပညာတာဝန်သာဖြစ်ပါတယ်။ 

အော်စလိုစတူဒီယိုကလွှင့်လိုက်တဲ့သတင်းတပုဒ် ပရိတ်သတ်နားစည်အထိရောက်လာပုံ အဆင့်ဆင့်ကို ပြောရမယ်ဆိုရင် ပထမဆုံး စတူဒီယို စက်ဆရာက အသံမလွှင့်ခင် မီနစ်အလိုမှာ ကိုယ့်အသံကို လွှင့်ပေးဖို့ငှားထားတဲ့ လန်ဒန်က အသံလွှင့်စတေရှင်ဆီ ဖုန်း (အော်တို) လှမ်းချိတ်ရပါတယ်။ လန်ဒန်နဲ့ အခြားဥရောပနိုင်ငံတွေမှာရှိတဲ့ အဲဒီအသံလွှင့်ဌာန -ခု လောက်ကနေ အာဖရိကနဲ့ တခြားနေရာတွေ ဆီမှာရှိတဲ့ အသံလွှင့်ရုံတွေဆီ တယ်လီဖုန်း ဆက်ချိတ်ပါတယ်။ အားလုံး OK ပြရင် အဲဒီအသံ ပရိတ်သတ် နားစည်ဆီ ရောက်ပါတယ်။

OK မပြရင် မရောက်ပါဘူး။ OK ဖြစ်မဖြစ် စတူဒီယိုက စက်မှာပေါ်နေပါတယ်။ တကယ်လို့ နာရီထိုးတဲ့ အထိ OK မပြဘူးဆိုရင် လန်ဒန်က အသံလွှင့်စတေရှင်ဆီ ဖုန်းထပ်ခေါ်ရပါတယ်။ သူကတခါ အာဖရိက (အရင်ကတော့ မာလက်ဂစကာကျွန်း) မှာရှိတဲ့ အသံလွှင်ရုံကိုမေးပါတယ်။ တကယ်လို့ ဖုန်းလိုင်းအဆင် မပြေလို့ဖြစ်စေ၊ တခြားကိစ္စကြောင့်ဖြစ်စေ ဒီနေ့ပို့တဲ့အသံ သူတို့ဆီမရောက်ဘူးဆိုရင် မနေ့ကရှိပြီးသား အသံကိုပဲ သူတို့က ပြန်လွှင့်လေ့ရှိပါတယ်။ အထူးသဖြင့် လူမရှိပဲ အော်တိုလွှင့်တဲ့ မနက်ပိုင်းအသံလွှင့်ချက် အများစုမှာ အဲဒီလိုကြုံရလေ့ရှိပါတယ်။ 

လူမရှိပဲ ဘယ်လိုလွှင့်သလဲဆိုတဲ့ မနက်ပိုင်းအစီစဉ်ကို နည်းနည်းထပ်ရှင်းပြရမယ်ဆိုရင် အော်စလို သတင်း ခန်းမှာ တခြားစင်ပြိုင်ရေဒီယိုတွေလို မနက်ပိုင်း၊ ညပိုင်းခွဲပြီးဆင်းဖို့ လူအင်အား၊ ငွေအင်အားမရှိပါ။ စုစု ပေါင်းမှ ၃-၄ ဦးပဲရှိပါတယ်။ ဒီအတွက် သတင်းသမားတွေဟာ ညပိုင်းကိုသာ Live တိုက်ရိုက်လွှင်ပြီး မနက်ပိုင်းအတွက်ကိုတော့ အဲဒီညပိုင်း တာဝန်ပြီးတာနဲ့ (နော်ဝေးဥပဒေအရ တနေ့ နာရီခွဲထက် ပိုခိုင်းခွင့် မရှိဆိုပေမဲ့ DVB သတင်းသမားတွေကတော့ ၁၀ နှစ်ကျော်လုံးလုံး တနေ့ ၁၀ နာရီထက်မနည်း လုပ်ခဲ့ရ ပါတယ်ကြိုတင်အသံသွင်းပြီး ကွန်ပြူတာပေါ် ရက်ဒီတင်ထားခဲ့ပါတယ်။ အဲဒီကွန်ပြူတာကို နာရီနိုးစက် အမိန့်ပေးသလိုမျိုး အော်စလို အချိန် နာရီခွဲ၊ မြန်မာစံတော်ချိန် မနက် နာရီမှာ စတင် အသံထွက်ဖို့ အော်တို အမိန့်ပေးထားခဲ့ရပါတယ်။

မြန်မာနိုင်ငံလို လျှပ်စစ်မီး ခဏခဏပျက်နေရင်တော့ ဒီအစီအစဉ်က အလုပ်မဖြစ်နိုင်ပါ။ အော်စလိုမှာတော့ ၁၀ နှစ်တာကာလအတွင်း - ခါပဲ မီးပျက်တာကြံဖူးပါတယ်။ ထားတော့။ အဲဒီလို မီးပျက်တာဖြစ်စေ၊ တခြားပြသာနာကြောင့်ဖြစ်စေ၊ အားလုံးကွက်တိ OK မဖြစ်ရင် ကျနော်တို့တင်ထားခဲ့တဲ့အသံက မထွက် လာတော့ပါ။ ဒီတော့ ကျန်ာတို့ငှားထားတဲ့ စတေရှင်ကလည်း ဒီတိုင်း ဘာအသံမှ မထွက်ပဲထားတာနဲ့ စာရင် (အသံလွှင့်ခမရမှာ စိုးတာလည်းပါနိုင်ပါတယ်) မနေ့ကရှိပြီးသားအသံကိုပဲ ပြန်လွှင့်ပေးလေ့ရှိပါတယ်။

ဒီလိုနဲ့ DVB ရေဒီယိုဟာ အဟောင်းတွေကို ပြန် ပြန်လွှင့်ပြီး အဟောင်းပြန်လွှင့်တယ်လို့လည်းမပြောဘူး။ ပြန်လည်း မတောင်းပန်ဘူးဆိုတာဖြစ်လာတာပေါ့။ ဒါပေမယ့် အဲဒီလိုဖြစ်နေတယ်ဆိုတာကို ကျနော်တို့ သတင်းသမားတွေက မသိပါ။ ဒါဟာ နည်းပညာနားလည်သူ စက်ဆရာတွေ၊ စက်ပိုင်းဆိုင်ရာကိစ္စတွေကို တာဝန်ယူထားသူတွေ ( ညွန့်ချုပ် ကိုအေးချမ်းနိုင်နဲ့ နည်းပညာတာဝန်ခံ ကိုသန်းဝင်းထွဋ်တို့) တို့သာ အသေချာသိပါတယ်။ ကျနော်တို့က ဘယ်အချိန်မှ သိသလဲဆိုရင် အခု ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောသလို ပြည်တွင်းရှိ ရေဒီယိုပရိသတ်တဦးဦးက ဘယ်နေ့က ဘယ်လိုအဟောင်းတွေလွှင့်သွား တယ်လို့ပြန်ပြောပြမှ သိရတဲ့ဘ၀ပါ။

ဒီလိုမျိုးဖြစ်နေမှန်း အသေချာမသိတော့ တောင်းပန်ရကောင်းမှန်းလည်း ကျနော်တို့ကမသိပါ။ ဒါပေမယ့် (ဒေါ် အောင်ဆန်းစုကြည်အပါဝင်) ပရိတ်သတ်က စက်ဆရာတွေ၊ နည်းပညာတာဝန်ခံတွေကို သိတာ မဟုတ်။ ရေဒီယိုမှာ အသံလွှင့်နေတဲ့၊ TV မှာ ပုံကြီးပေါ်နေတဲ့ ကျနော်တို့သတင်းသမားတွေကိုသာ သိတယ်မဟုတ်ပါလား။ ဒီတော့ ကျနော်တို့ကိုပဲ အပြစ်တင်ကြတာပေါ့။

ဒီလိုရှုတ်ထွေးလှတဲ့ DVB ရဲ့ အသံလွှင့်ပုံအဆင့်ဆင့်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ သွားရှင်းပြနေဖို့ ကျနော့်မှာ ဘယ်အချိန်ရှိပါ့မလဲ။ အဲဒါကိုရှင်းပြရင်းနဲ့ အင်တာဗျုးမလုပ်ရခင် ဖုန်းလိုင်းပြတ်သွားမှာပေါ့။ ဒါကြောင့် ဒီလိုရှည်လျားထွေပြား မရှင်းပြဖြစ်တာပါ။ အခုလိုရှင်းပြထားတာကိုတောင် စာဖတ်သူတွေ နားလည် မလည် သိပ်မသေချာလှပါ။ 

ဒါကလည်း DVB ရဲ့ ထူးခြားချက်ပါ။ တခြားစင်ပြိုင်ရေဒီယိုတွေဖြစ်တဲ့ BBC, VOA, RFA တွေမှာ ဒါမျိုးပြသာနာ မရှိပါ။ ဘာကြောင့်လဲဆိုရင် အဲဒီအသံလွှင့်ဌာနတွေက ဗြိတိန်နဲ့ အမေရိကန်အစိုးရရဲ့ အသံလွှင့်ဌာတွေဖြစ်တာကြောင့် သူတို့မှာ ကိုယ်ပိုင်အသံလွှင့်စက်တွေရှိပါတယ်။ အာရှမှာ ထပ်ဆင့် အသံလွှင့်ရုံတွေရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့အသံလှိုင်းတွေက DVB ထက် ဆ၊ ဆလောက် ပိုကြည်လင်နေတာပေါ့။

DVB က အတိုက်အခံရေဒီယိုဆိုတော့ ကိုယ်ပိုင် အသံလွှင့်ရုံမရှိတဲ့အပြင် အာရှအစိုးရတွေဆီမှာ ထပ်ဆင့် အသံလွှင့်ရုံငှားခွင့်မရပါ။ ဒီလိုနဲ့ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာစတင်ခဲ့တဲ့ DVB ရေဒီယိုဟာ ကျနော်တို့အလုပ်ဖြုတ်ခံရတဲ့ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလအထိ (၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ မှာတော့ DVB ရေဒီယိုကို လုံးဝ ရပ်နားလိုက်ပြီဖြစ်ပါတယ်) အသံလှိုင်းက တခါမှ ကြည်ကြည်လင်လင် မရခဲ့ပါ။ ဒီအတွက် ကိုယ့်ဘာသာလည်း မကျေနပ်သလို ပရိတ်သတ်တွေလည်း ကျေနပ်ကြမည်မဟုတ်ပါ။ ဒီဖြစ်စဉ်တွေအတွက် ဒီနေရာကနေ တတ်နိုင်သလောက်ရှင်းပြရင်း ပရိတ်သတ်အားလုံးကို တောင်းပန် လိုက်ရပါတယ်။
.......................................................

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျုးအသံကို အောက်ပါ Links မှာ နားဆင်နိုင်ပါတယ်။

..............

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More