သေနတ်နဲ့မပစ်တော့ဘဲ တုတ်နဲ့ရိုက်တာကို တိုးတက်မှုအဖြစ်ပြောသင့်သလား
The Voice Daily, 18-03-2015.
ကျောင်းသားဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲခံရခြင်း
လက်ပံတန်းက ကျောင်းသားဆန္ဒပြပွဲကို မတ်လ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေဖက်က အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွဲလိုက်တဲ့အတွက် အားလုံး အထိန့်တလန့်ဖြစ်သွားကြပါတယ်။ ဒီမိုကရေစီခေတ်မှာလည်း ရဲ တပ်ဖွဲ့ဝင်တွေက ဒီလို ရိုက်ခွင့်ရှိတုန်းလား။ အာဏာရှင်ခေတ်နဲ့ ဒီမိုကရေစီခေတ်ကြားမှာ ရဲ တွေနဲ့ အာဏာ ပိုင်တွေရဲ့ လုပ်ရပ်နဲ့ စိတ်ဓတ်က ဘာမှမပြောင်း လဲသေးဘူးလားလို့ မေးခွန်းထုတ်လာကြပါတယ်။
(သေနတ်ခေတ်ကနေ တုတ်ခေတ်ဆီရောက်လာတဲ့ မြန်မာ ရဲ များ) ဓာတ်ပုံ- ဧရာဝတီ။
ဒါပေမယ့် တချို့ဆန်းစစ်သူတွေကတော့ အရင်ခေတ်ကလို စစ်တပ်ကိုမသုံးဘူး။ သေနတ်နဲ့ပစ်ခတ်ဖြိုခွင်း တာ မလုပ်ဘူး။ ရဲ အင်အားသက်သက်ကိုသာသုံးပြီး နံပတ်တုတ်နဲ့ရိုက်တာလောက်ပဲလုပ်ခဲ့တယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၂၇ နှစ်နဲ့စာရင် စိတ်ဓတ်မပြောင်းသေးပေမဲ့ လုပ်ဟန်တော့ နည်းနည်းပြောင်းလဲ လာတယ်။ သေနတ်နဲ့ပစ်တဲ့ခေတ်ကနေ တုတ်နဲ့ရိုက်တဲ့ခေတ်ဆီ တဆင့်တိုးတက်လာတယ်လို့ ‘ရွဲ့' ပြောကြ ပါတယ်။
ဒါဖြင့် လွန်ခဲ့တဲ့ ၂၇ နှစ်က ဘာတွေဖြစ်ခဲ့သလဲ။ အကျဉ်းရုံးပြန်ကြည့်မယ်ဆိုရင် မဆလ ခေတ် ၂၆ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် အစိုးရဆန့်ကျင်ရေး ကျောင်သားဆန္ဒပြပွဲကို လုံထိန်းရဲက ပစ်ခတ်ဖြိုခွင်းခဲ့ တဲ့အတွက် စက်မှုတက္ကသိုလ်ကျောင်သား ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ၂ ဦးဟာ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ကျဆုံးခဲ့ရပါတယ်။ အဲဒီကအစပြုပြီး သြဂုတ်လမှာ တနိုင်ငံလုံးအနှံ့လူထုအုံကြွမှုဖြစ်ရာကနေ ၈ လေးလုံးအရေးတော်ပုံဆိုပြီး သမိုင်းတွင်ခဲ့ပါတယ်။
ဒီဖြစ်စဉ် ၂ ခုဟာ အချိန်ကာလအားဖြင့် ၂၇ နှစ်ကွာသွားပြီဆိုပေမဲ့ တူညီချက်တွေအများကြီးရှိနေဆဲပါ။ ပထမ အချက်က မတ်လ ပထမ သတင်းပတ်မှာဖြစ်တာ တူညီနေပါတယ်။ ဒုတိယအချက်က အာဏာ ပိုင်တွေရဲ့ ကျောင်းသားတွေအပေါ်အကြမ်းဖက် နှိပ်ကွပ်ရေးသဘောထားကတူညီနေပါတယ်။ တတိယ အချက်ကတော့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ စီးပွါးရေးအဆင်မပြေတဲ့ ပြည်သူအများစုရဲ့ အစိုးရအပေါ် မကျေလည်မှုတိုးပွါလာခြင်းတွေက တူညီနေပါတယ်။
လူပြောင်းပေမဲ့ Mindset မပြောင်းသေး
အထက်မှာဖေါ်ပြခဲ့တဲ့အတိုင်း တူညီချက်တွေရှိသလို မတူညီမှုတွေလဲအများကြီးပါ။ ပထမ အချက်က ဒီနေ့ ဆန္ဒပြနေတဲ့ကျောင်းသားတွေဟာ လွန်ခဲ့တဲ့ ၂၇ နှစ်က ဆန္ဒပြခဲ့တဲ့ ၈၈ မျိုးဆက်တွေမဟုတ်တော့ပါ။ အသက် ၂၀ ၀န်းကျင် ၂၀၁၅ မျိုးဆက် ကျောင်းသားလေးတွေသာဖြစ်ပါတယ်။ ဒီလိုပါပဲ ဒီကျောင်းသားတွေ ကို ရိုက်နှက်ဖမ်းဆီးခဲ့သူတွေဟာလဲ လွန်ခဲ့တဲ့ ၂၇ နှစ်က ဆန္ဒပြပွဲတွေကိုနှိပ်နှင်း ပစ်ခတ်ခဲ့တဲ့ စစ်သားတွေ၊ ရဲသားတွေ မဟုတ်တော့ပါဘူး။ မျိုးဆက်သစ်ကျောင်းသားတွေနဲ့ မျိုးဆက်သစ် ရဲသားတွေသာဖြစ်ပါတယ်။
(နေပြည်တော်ရှိ ရာဇ၀င်ထဲက စစ်ဘုရင်များ) ဓာတ်ပုံ- ရိုက်တာ
၂ ဖက်စလုံးက ဒီလိုမျိုးဆက်သစ်တွေဖြစ်နေပါရဲ့နဲ့ ဘာကြောင့် မျိုးဆက်ဟောင်းက လမ်းကြောင်းအတိုင်း ရိုက်နှက် ဖြိုခွဲတဲ့ဘက်ဆီ ဦးတည်သွားရတာလဲဆိုတာကတော့ စဉ်းစားစရာပါ။ ပိုဆိုးတာက ဒီလိုအကြမ်း ဖက်ရိုက်နှက်တာမျိုး မဖြစ်အောင်၊ အဓိကရုဏ်းတွေကို စနစ်တကျကိုင်တွယ်တတ်အောင် EU (ဥရောပသမဂ္ဂ) ကနေ မြန်မာရဲတွေကို မကြာသေးခင်ကမှ သင်တန်းပေးထားခြင်းပါပဲ။ ဒီလို နိုင်ငံတကာ အဆင့်မှီ သင်တန်းပေးထားတဲ့ကြားက ဘာကြောင့် အခုလိုဆိုးဆိုးဝါးဝါးဖြစ်သွားရတာလဲ။
ဖြစ်နိုင်ခြေတခုကတော့ ကျောင်းသားတွေရော၊ ရဲတွေပါ မျိုးဆက်သစ်တွေဖြစ်ပေမဲ့ ရဲတွေကို အမိန့်ပေး နေတဲ့၊ ပြည်ထဲရေးဌာန၊ နယ်-လုံ ဌာနတွေကိုကိုင်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ပုဂ္ဂိုလ်တွေဟာ အရပ်သားတွေမဟုတ်ဘဲ စစ်ဗိုလ်တွေဖြစ်နေဆဲ။ ခေတ်သစ်နည်းနာတွေအစား ခေတ်ဟောင်းက စဉ်းစား ချက်အတိုင်း သွားနေဆဲဖြစ်ပြီး ၂ ဖက်စလုံးအနိုင်ရနိုင်တဲ့ Win-Win အဖြေရှာနည်းကိုနားမလည်သေး။ တဖက်သတ်အနိုင်ယူတဲ့နည်း၊ ချေမှုန်းရေးနည်းကိုသာ အားသန်နေဆဲ၊ ဒီနည်းတခုတည်းကိုသာ လုပ်တတ်နေဆဲဖြစ်တာကြောင့်လို့ တွက်ဆမိပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်မယ်လို့ကြွေးကြော်ပြီး တက်လာ တဲ့ သမ္မတဦးသိန်းစိန်အစိုးရ သက်တန်း ၅ နှစ်ပြည့်ခါနီးတဲ့အထိ အရပ်သားစစ်စစ်တွေဆီ အာဏာ မလွဲနိုင်သေး။ စစ်ဖက်က အရာရာကိုကြီးစိုးထားဆဲဖြစ်တဲ့အတွက် အခုလို အကြမ်းဖက်မှုတွေ သမိုင်း တပတ် ပြန်လည်လာတယ်လို့ ယူဆနိုင်ပါတယ်။
မီဒီယာ တင်ပြပုံအပြောင်းအလဲ
၂၇ နှစ်တာ ဒီမိုကရေစီအရေးတိုက်ပွဲအတွင်း အသိသာဆုံးအပြောင်းအလဲကတော့ မီဒီယာ တွေရဲ့ အခန်း ကဏ္ဍဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၇ နှစ်ကဆိုရင် စက်မှုတက္ကသိုလ်ကကျောင်းသားတွေ ဆန္ဒပြနေတာကို ရန်ကုန်မြို့တွင်းရှိ တခြားကျောင်းက ကျောင်းသားတွေတောင် သိဖို့မလွယ်ပါ။ နယ်မြို့တွေဆို ပိုဆိုးပေါ့။ သြဂုတ်လ ၈ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းတာနဲ့ ဆန္ဒပြမယ်ဆိုတာကိုတောင် လန်ဒန်မှာအခြေစို်က်တဲ့ BBC သတင်းဌာန (လိုင်းတိုရေဒီယို) ကနေတဆင့် အချိန်းအချက် လုပ်ခဲ့ရတယ်မဟုတ်ပါလား။
အခုတော့ အဲဒီလိုမဟုတ်တော့။ ဆန္ဒပြကျောင်းသားတွေလက်ထဲမှာ အင်တာနက်ပါတဲ့၊ Facebook အပါဝင် ဆိုရှယ်မီဒီယာတွေသုံးနိုင်တဲ့ လက်ကိုင်တယ်လီဖုန်းကိုယ်စီနဲ့ဖြစ်နေပြီ။ ဖြစ်ပျက်နေတဲ့ သတင်းတွေကို မီနစ်ပိုင်း အလိုက် တနိုင်ငံလုံးဆီ၊ တကမ္ဘာလုံးဆီဖြန့်နေနိုင်တဲ့အခြေအနေ။ တခါ ပုဂ္ဂလိကပိုင် သတင်းစာ၊ ဂျာနယ်၊ အွန်လိုင်း မီဒီယာတွေက သတင်းသမားတွေလည်း ဆန္ဒပြကျောင်းသား တွေချီတက်ရာလမ်းတလျောက်နဲ့ ဖြိုခွဲခံရတဲ့အချိန်အထိ ကျောင်းသားတွေနဲ့အတူရှိနေပြီ မီနစ်ပိုင်းအလိုက် သတင်းတွေကို တင်ပြနေနိုင်ခဲ့ပါတယ်။
ဒီလို မီဒီယာတွေ ရှိနေတဲ့ကြားထဲကနေ ကျောင်းသားတွေကို အကြမ်းဖက်ရိုက်နှက်ဖြိုခွဲတာ။ သတင်း ထောက်တွေကိုပါ ဆွဲရိုက်၊ ဆွဲဖမ်းလုပ်ခဲ့တဲ့တာကတော့ အံသြစရာပါပဲ။ တဖက်ကနေပြန်ပြောမယ်ဆိုရင် လည်း သတင်းထောက်တွေဒီလိုရှိနေလို့၊ မီဒီယာလွတ်လပ်ခွင့်နဲ့ ဆိုရှယ်မီဒီယာတွေ ဒီလောက်ပွင့် လင်းနေလို့သာ အရင်ခေတ်ကလို သေနတ်နဲ့မပစ်ပဲ တုတ်နဲ့ရိုက်တာလောက်နဲ့တင် အာဏာပိုင်တွေဖက်က ကျေနပ်လိုက်ရတဲ့သဘောလို့လည်း ပြောနိုင်မယ်ထင်ပါတယ်။
တချိန်တည်းမှာပဲ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ္မတရုံးနဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်တချို့ကလည်း ဆိုရှယ်မီဒီယာ Facefoob ကိုသုံးပြီး ဆန္ဒပြကျောင်းသားတွေနဲ့ အများပြည်သူရဲ့ အမြင်တွေကိုေ၀၀ါး သွားအောင်၊ အချင်းချင်းသဘောထားကွဲအောင် အစိုးရဖက်ကအမြင်တွေကိုရေးသားပြီး တန်ပြန် ထိုးနှက်နိုင်ခဲ့ပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီနေ့ကာလ ပဋိပက္ခတွေ၊ တိုက်ပွဲတွေဟာ အရင်ခေတ်ကလို ဆန္ဒပြ ပွဲဖြစ်နေတဲ့နေရာ၊ တိုက်ပွဲဖြစ်နေတဲ့ စစ်မြေပြင်တခုတည်းကတင် အဆုံးအဖြတ်ပေးတာမဟုတ်တော့။ မီဒီယာ ပေါ်မှာ၊ အထူးသဖြင့် အွန်လိုင်းမီဒီယာ၊ ဆိုရှယ်မီဒီယာတွေပေါ်က လူထုဆန္ဒသဘောထားတွေကို စနစ်တကျ အသုံးချတတ်ရေးကလည်း အရေးကြီးလာပါတယ်။
အဲဒီတော့ ဘာဖြစ်လဲ၊ ဘာဆက်လုပ်ကြမလဲ
ဒီမေးခွန်းကိုတော့ အားလုံးအသေချာစဉ်းစားပြီး အဖြေရနိုင်တဲ့လမ်းကြောင်းတခုအထိ ရောက်အောင် အကျယ်တ၀င့် ဆွေးနွေးသင့်ပါတယ်။ အခုချိန်ထိတွေ့နေရသလောက်ကတော့ ၂ ဖက်စလုံးရဲ့ အနေထား ဟာ Back to Squire One မူလ အခြေနေဆီနောက်ပြန်ဆုတ်သွားကြပြီး မကျေလည်မှုတွေ၊ ခံစားချက်တွေပေါ်အခြေခံကာ လွန်ခဲ့တဲ့ ၂၇ နှစ်ကသွားခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း ပြန်သွားကြမယ် ဆိုတဲ့ ပုံမျိုး မြင်နေရပါတယ်။
(ကျောင်းသားတွေအကြမ်းဖက်ခံရမှုအပေါ် ကန့်ကွက်ဆန္ဒပြနေကြတဲ့ နိုင်ငံတကာရောက် မြန်မာများ) ဓာတ်ပုံ- ထက်အောင်ကျော်။
တချိန်တည်းမှာပဲ လွှတ်တော်ထဲဝင်ပြီး အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မယ်၊ တိုင်းပြည်တိုးတက်လာအောင် ဆောင်ရွက်မယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ၊ ပါတီခေါင်းဆောင်တွေအပေါ် ဝေဖန်မှုတွေ၊ အားမလိုအားမရဖြစ်မှုတွေကလည်း တိုးလာနေပါတယ်။ ကျောင်းသားဆန္ဒပြပွဲ ဖြိုခွဲခံရမှု အပေါ် ဒီပါတီကြီးက ဘာမှအသေချာမကာကွယ်ပေးတဲ့အတွက် ဒီပါတီဟာ လူထုကို ကိုယ်စားပြုသေးရဲ့ လားဆိုပြီးတောင် မေးခွန်းထုတ်လာနေကြပါတယ်။
ဒါပေမယ့် တဖက်ကနေပြန်ကြည့်မယ်ဆိုရင်လည်း မြန်မာ့အတိုက်ခံပါတီဟာ နိုင်ငံတကာရှိ အတိုက်ခံပါတီ တွေလို လက်ရှိအစိုးရအပေါ် ‘’အယုံအကြည်မရှိ အဆို’’ တင်ပြီး ပါလီမန်ထဲကနေ သပိတ်မှောက်ထွက်သွား နိုင်တဲ့အခြေနေ မရှိသေးပါ။ ဘာကြောင့်လဲဆိုရင် အတိုက်ခံ အမတ်ဦးရေက ၄၀ ၀န်းကျင်သာရြှိုပီး ကြံ့ခိုင်ရေးနဲ့ တပ်မတော်အမတ် ဦးရေက ၄၀၀ လောက်အထိရှိနေလို့ဖြစ်ပါတယ်။ ဒီတော့ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်ဦးရေများများရဖို့ အရေးကသာ ဒီပါတီအတွက် အဓိကဦးစားပေး ဖြစ်နေပုံရပါ တယ်။
တခါ အစိုးရနဲ့အပစ်ခတ်ရပ်စဲရေးလုပ်ပြီး ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်အောင် ကြိုးစားနေကြတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေရဲ့ အနာဂတ်ကလည်း မသေချာမချာဖြစ်လာနေပါတယ်။ ဆွေးနွေးလိုက်၊ ပြန်တိုက်လိုက်နဲ့ အခုချိန်ထိ လုံးချာလည်နေဆဲပါ။
ဒါက ပြည်တွင်းအခြေအနေ။ ပြည်ပဖက်ကိုကြည့်မယ်ဆိုရင်လည်း ရှေ့မှာတင်ပြခဲ့တဲ့ နိုင်ငံရေးပါတီကြီးတွေ၊ ငြိမ်း အဖွဲ့တွေလိုပါပဲ၊ အရင်က စစ်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိတဲ့ အမေရိကန်နဲ့ ဥရောပ သမဂ္ဂအပါဝင် အင်အားကြီးနိုင်ငံတွေဟာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းကစပြီး ဦးသိန်းစိန် အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှ အလုပ်ဖြစ်မယ်ဆိုပြီး ပိုအော ကူညီထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် လက်ပံတောင်းအရေးအခင်းအပြီးမှာတော့ သူတို့ကိုလည်း အများကဝေဖန်လာတဲ့အတွက် မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒတွေကို ပြန်လည်သုံးသပ်ရမဲ့အခြေနေအထိ ဖိအားပေးခံလာနေရပါတယ်။
တခါ ပြည်ပရောက်မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေကြားမှာလည်း ဦးသိန်းစိန်အစိုးရအလုပ်ဖြစ်မလားဆိုပြီး ဒီတိုင်း စောင့်ကြည့်နေလို့ မဖြစ်တော့ဘူး။ ဒီထက်အခြေနေတွေပိုဆိုးမလာအောင် ကိုယ်ရောက်နေတဲ့နိုင်ငံ ကနေ ဆန္ဒထုတ်ဖေါ် ဖိအားပေးမှဖြစ်မယ်။ ကန့်ကွက်ရှုတ်ချမှဖြစ်မယ်ဆိုတဲ့ အရင် စစ်အစိုးရခေတ်က လုပ်ခဲ့ဖူးတဲ့ နည်းလမ်းဟောင်းတွေအတိုင်း လှုပ်ရှားမှုတွေ ပြန်လုပ်လာနေကြပါတယ်။
ဒီလိုအခြေနေမှာ သမ္မတဦးသိန်းစိန်နဲ့ သူရဲ့အကြံပေးတွေက ဘယ်လို ဆုံးဖြတ်ကြမလဲ။ လွန်ခဲ့တဲ့ ၂၇ နှစ်က ရွေးခဲ့တဲ့လမ်းဟောင်းအတိုင်း ချေမှုန်းရေးလမ်း၊ တဖက်သတ်အနိုင်ယူရေးလမ်းကိုပဲ ထပ်ရွေးကြဦးမှာလား။ Win-Win နှစ်ဖက်စလုံးအရှုံးမရှိတဲ့လမ်းကိုရှာမလား။
သေချာတာတခုကတော့ ကျနော်တို့နိုင်ငံက နိုင်ငံရေးသမားတွေ ဒီလို သမိုင်းတပတ်ပြန်လည်ပြီး သေနတ်နဲ့ ပစ်မလား၊ တုတ်နဲ့ရိုက်မလား ငြင်းခုန်ဆွေးနွေးနေစဉ်မှာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေရှိ နိုင်ငံရေးသမားတွေ ကတော့ တုတ်ခေတ်၊ ဓားခေတ်၊ သေနတ်ခေတ်၊ အချင်းချင်းချတဲ့ခေတ်တွေကို ရာဇ၀င်ထဲမှာချန်ထားခဲ့ပြီး လူအခွင့်ရေးနဲ့ စီးပွါးရေးထွန်းကားတဲ့ ခေတ်သစ်ကမ္ဘာဆီ အရှိန်အဟုန်နဲ့ ခရီးနှင်နေပြီဖြစ်ပါတယ်။ ။
ထက်အောင်ကျော်
0 comments:
Post a Comment