တပ်မတော်များ အသွင်ပြောင်းချိန်
တပ်မတော်နေ့လား၊ တော်လှန်ရေးနေ့လား
မတ်လ ၂၇ ရက်နေ့ရောက်တိုင်း တပ်မတော်နေ့ဆိုပြီး စစ်ရေးပြ အခမ်းအနားတွေလုပ်၊ စစ်အင်အားတွေ ထုတ်ပြ၊ တပ်မတော်ဦးစီးချုပ်က မိန့်ခွန်းပြောနေတာကို နေပြည်တော် စစ်ရေးပြကွင်းမှာရော၊ မြန်မာ့-ရုပ်သံမှာပါ လူအတော်များများ မြင်မိ၊ ကြားသိပြီး ဖြစ်မှာပါ။ ဒါပေမဲ့ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို လေ့လာသူကတော့ နည်းနေဆဲလို့ ထင်ပါတယ်။
တပ်မတော်ဆိုင်ရာ သမိုင်းအချက်အလက်တွေအရ မြန်မာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ဒုတိယကမ္ဘာစစ်တွင်းကာလ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတဲ့ ဂျပန်ပြန် ရဲဘော်သုံးကျိပ်ဝင်တွေက စတင်ဖွဲ့စည်းခဲ့ပါတယ်။ တစ်ခါ ၁၉၄၂ သြဂုတ်လ ၂၆ ရက်နေ့ ရောက်တဲ့အခါမှာတော့ BIA ကို BDA မြန်မာ့ကာကွယ်ရေး တပ်မတော် အဖြစ် ပြန်လည်စုဖွဲ့ခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာတော့ BDA ကနေ BNA မြန်မာ့အမျိုးသား တပ်မတော် အဖြစ် ပြန်လည်စုဖွဲ့ခဲ့ပြန်ပါတယ်။
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ရောက်တဲ့အခါမှာတော့ BNA ဟာ ဂျပန်ဘက်ကနေ အင်္ဂလိပ် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေဆီ ဘက်ပြောင်းပြီး ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့ပါတယ်။ အဓိက ပြောချင်တာက မတ်လ ၂၇ ရက်နေ့ဟာ တပ်မတော်နေ့ မဟုတ်ပါ။ တကယ်တမ်း တပ်မတော်နေ့လို့ သတ်မှတ်မယ်ဆိုရင် အထက်ဖော်ပြပါ သမိုင်းစဉ်ထဲက တပ်မတော် စဖွဲ့တဲ့နေ့ပဲ ဖြစ်ဖြစ်၊ ပြန်လည်စုဖွဲ့တဲ့နေ့ပဲ ဖြစ်ဖြစ် တစ်ခုခုကို ရွေးသင့်ပါတယ်။
မှတ်မိသလောက်ဆိုရင် အရင်မဆလခေတ် အစောပိုင်းက မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ အဖြစ် ပြက္ခဒိန်မှာ ဖော်ပြလေ့ ရှိပေမယ့် မဆလခေတ် နှောင်းပိုင်းမှာတော့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) ဆိုပြီး နှစ်ခုတွဲ ဖော်ပြလာပါတယ်။ ရှစ်လေးလုံး နောက်ပိုင်းရောက်တဲ့ အခါမှာတော့ တော်လှန်ရေးနေ့ ဆိုတာကို လုံးဝဖြုတ်ထားခဲ့ပြီး တပ်မတော်နေ့ တစ်ခုတည်းသာ ကျန်ပါတော့တယ်။
ဒါက စစ်တပ်ကြီးစိုးတဲ့ စစ်အစိုးရခေတ်မှာ ဖြစ်သွားတာ ဆိုတော့ ဘာမှပြောဆိုဝေဖန်လို့ မရ။ အခုတော့ အရပ်သားတွေ ဦးစီးတဲ့ ရွေးကောက်ခံ အစိုးရခေတ် ရောက်နေပြီလို့ ဆိုကြပါတယ်။ ဒါဆိုရင် တပ်မတော်နေ့ကို တော်လှန်ရေးနေ့ အဖြစ် အမည်ပြန်ပြောင်းခွင့် ရလာနိုင်မလား။ တပ်မတော်က နိုင်ငံရေး၊ အုပ်ချုပ်ရေးနယ်ပယ်ကနေ ပြန်ထွက်ပြီး နိုင်ငံတကာ တပ်မတော်တွေလို ကာကွယ်ရေး အလုပ်ကိုသာ လုပ်တဲ့ တပ်အဖြစ် အသွင်ပြောင်းသွားနိုင်မလား။
တပ်မတော် အမျိုးမျိုး
တပ်မတော်လို့ ပြောတဲ့အခါ နေပြည်တော် စစ်ရေးပြကွင်းထဲမှာ စစ်ရေးပြနေတဲ့ မြန်မာ့တပ်မတော်သားတွေကိုသာ လူများအစုက ပြေးမြင်လေ့ ရှိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ တပ်မတော် အရေအတွက်က နည်းတာမဟုတ်။ တောတွင်းလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဦးဆောင်နေတဲ့ MPC (မြန်မာငြိမ်းချမ်းရေးစင်တာ) ရဲ့ စာရင်းဇယားအရတင် မြန်မာနိုင်ငံမှာ တပ်မတော် ၁၇ ခု ရှိပါတယ်။
အဲဒီထဲက အစိုးရတပ်နဲ့ တိုက်နေဆဲ အဖွဲ့တွေက KIA ကချင်လွတ်လပ်ရေးတပ်မတော်၊ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ AA ရခိုင့်တပ်မတော်တို့ ဖြစ်ပါတယ်။ လက်ရှိ အပြင်းအထန် တိုက်ပွဲဖြစ်နေတဲ့ ဖုန်ကြားရှင်ရဲ့ MNDAA တပ်ကိုတော့ MPC မျက်နှာဖုံး စာမျက်နှာမှာ ဖော်ပြထားခြင်း မရှိသေးပါဘူး။
လက်ရှိအစိုးရနဲ့ နိုင်ငံတော်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တောတွင်းတပ်မတော် ၁၁ ခု ရှိပါတယ်။ UWSA “ဝ” ပြည် သွေးစည်းရေးတပ်မတော်၊ NDAA (မိုင်းလား) ဒီမိုကရက်တစ် အမျိုးသားမဟာမိတ် တပ်မတော်၊ DKBA ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်၊ RCSS/SSA ရှမ်းပြည်တပ်မတော်၊ CNF/CNA ချင်းအမျိုးသား တပ်မတော်၊ KNU/KNLA ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ SSPP ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ NMSP/MNLA မွန်အမျိုးသား လွတ်မြောက်ရေး တပ်တော်၊ KNPP ကရင်နီ အမျိုးသားတပ်မတော်၊ PNLO ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော်နဲ့ ABSDF ကျောင်းသားတပ်မတော်တို့ ဖြစ်ပါတယ်။
ပြည်နယ်အဆင့် လက်မှတ်ထိုးတဲ့ တပ်မတော်က သုံးခုရှိပြီး KPC, ALP, KNSC-K တို့ ဖြစ်ပါတယ်။ ဒါက MPC က လုပ်ထားတဲ့ စာရင်း။ တကယ့်စာရင်းက ဒီထက်များနိုင်တယ် ဆိုတာကို နယ်စပ်ဒေသဆီ ရောက်ဖူးသူတိုင်း သိပါတယ်။
မေးခွန်းကတော့ ဒီတပ်တွေ အားလုံးနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ။ ဒီတပ်တွေ အားလုံးကို ကာကွယ်ရေးဦးစီးချုပ် အမိန့်အောက်မှာ ဘယ်လိုထားမလဲ။ ၂၀၀၉ ဝန်းကျင်ကတော့ ဒီတပ်တွေ အားလုံးကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမှု လုပ်တဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ဖူးပါတယ်။ အခုအကြီးအကျယ် တိုက်နေတဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့ MNDAA ဆိုတာ ၂၀၀၉ နယ်ခြားစောင့်တပ် အဆင်မပြေမှုရဲ့ နောက်ဆက်တွဲ တစ်ခုပါ။
တပ်မတော်ထဲ ဘာကြောင့် ဝင်ကြသလဲ
တပ်တွေ အမျိုးမျိုးရှိတော့ တပ်ထဲဝင်တဲ့ အကြောင်းအရာတွေကလည်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ပထမဆုံး နိုင်ငံတော်စရိတ်နဲ့ လည်ပတ်နေတဲ့ လခစား မြန်မာ့တပ်မတော်ဆီ ဝင်တဲ့လူတွေကို မေးကြည့်သင့်ပါတယ်။ အခု တပ်မတော်နေ့ အခမ်းအနားမှာ ချီတက်နေတဲ့ စစ်ကြောင်းတွေက စစ်သည်တွေကို သွားမေးရင် အမိမြေကို အသက်နဲ့လဲပြီး ကာကွယ်ချင်လို့၊ မျိုးချစ်စိတ် ရှိလွန်းလို့ဆိုပြီး ဖြေကြမယ် ထင်ပါတယ်။
ဒါပေမဲ့ ဆယ်တန်းအောင်ပြီး ဗိုလ်လောင်းဖြေမယ့်သူတွေ၊ အကြောင်းကိစ္စ တစ်ခုခုကြောင့် တပ်ထဲရောက်လာတဲ့ အောက်ခြေတပ်သားတွေကို မေးရင်တော့ ကွဲပြားတဲ့ အဖြေကို ကြားရနိုင်ပါတယ်။ ၁၉၄၁ ခုနှစ်မှာ BIA ကို ဖွဲ့စည်းစဉ်က မျိုးချစ်စိတ်အပြည့်နဲ့ ဝင်ခဲ့တာ သေချာပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၇၀ ကြာပြီးတဲ့အချိန်၊ အခုခေတ်ဟာ အဲဒီလို မဟုတ်တော့ပါ။
ကျွန်တော် စကားပြောခွင့် ရခဲ့တဲ့ စစ်ဗိုလ်အသိုင်းအဝိုင်း မိသားစုတွေကတော့ စစ်ဗိုလ်ဖြစ်တာကိုသာ အားပေးပြီး တပ်သားအဖြစ် စစ်ထဲဝင်ဖို့ အရေးကိုတော့ လိုလိုလားလား မရှိကြပါ။ စစ်သားမဖြစ်ချင်ဘဲ စစ်ဗိုလ်ပဲ ဖြစ်ချင်တာကိုက တပ်ထဲဝင်ခြင်းရဲ့ရည်ရွယ်ချက်အပေါ် မေးခွန်းထုတ်စရာပါ။
စစ်ဗိုလ်ဖြစ်ရင် ဂုဏ်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ တိုက်ပွဲမှာသာ ထိခိုက်ဒဏ်ရာရမှု မရှိဘူးဆိုရင် တစ်သက်စာအတွက် ဘဝမှာ ဘာမှပူစရာ မလိုတော့ပါ။ စစ်ဗိုလ်လစာအပြင် တခြားအခွင့်အရေးတွေ အများကြီးရမယ်။ စစ်ဗိုလ်ဘဝကနေ အနားယူရင်တောင် ဌာနဆိုင်ရာ တစ်ခုခုမှာ အရာရှိ ဆက်ဖြစ်မယ်။ သူတို့ဘဝက ဘာမှပူစရာ မလိုတော့ပါ။ ဒါကြောင့် ဝင်ကြတယ်လို့ သူတို့က ဆိုပါတယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ စစ်အုပ်ချုပ်ရေး နှစ် ၅၀ ခေတ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေး ၅ နှစ်တာခေတ်ဆီ ရောက်နေပြီ ဆိုပေမယ့် စစ်ဗိုလ်တွေအပေါ် လူတွေရဲ့ စံသတ်မှတ်ချက်တွေ၊ တန်ဖိုးထားမှုတွေက မပြောင်းလဲသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ကြံ့ခိုင်ရေးပါတီမှ နာမည်ကြီး စစ်ဗိုလ်ဟောင်း အမတ်တစ်ဦးရဲ့ Facebook ပေါ်က စာသားတစ်ခုကို ကိုးကားရရင် ပိုမြင်သာမယ် ထင်ပါတယ်။
“လူတွေက အပြင်မှာတော့ NLD နဲ့ ဒီမိုကရေစီ အင်အားစုတွေကို ထောက်ခံတယ်လို့ ပြောကြတာပေါ့ဗျာ။ ဒါပေမဲ့ သတင်းစာကြော်ငြာတွေကို အသေအချာ ဖတ်ကြည့်လိုက်ရင် ကောင်မလေးတွေက နိုင်ငံရေးသမားနဲ့ လက်ထပ်တာ မတွေ့မိဘူးဗျ။ စစ်ဗိုလ်နဲ့ လက်ထပ်တဲ့ သတင်းတွေပဲ အများဆုံး ဖတ်နေရဆဲပါ” တဲ့။
ဒါက လူအများစုကြီးနဲ့ဆိုင်တဲ့၊ နိုင်ငံတော်ဘတ်ဂျက်နဲ့ လည်ပတ်နေတဲ့ လခစား မြန်မာ့တပ်မတော်သားတွေရဲ့ အခြေအနေပါ။ ရှေ့မှာတင်ပြခဲ့တဲ့ တောတွင်းလက်နက်ကိုင် တပ်မတော်သားတွေကကော ဘာကြောင့် တပ်ထဲဝင်ကြတာလဲ။ ခေါင်းဆောင်ပိုင်း အနည်းအကျဉ်းက မြန်မာတပ်မတော်က ဗိုလ်ချုပ်တွေလို အခွင့်အရေးတချို့ ရကောင်းရနေနိုင်ပေမယ့် အောက်ခြေတပ်သား အများစုကြီးကတော့ မြန်မာတပ်မတော်သားတွေလို လစာတောင် မရပါ။ သူ့အမျိုးသားလွတ်မြောက်ရေးအတွက် မျိုးချစ်စိတ်နဲ့ တပ်ထဲဝင်ကြသူတွေက အများစုလို့ ထင်ပါတယ်။ အမျိုးသားရေး တာဝန်အရ စစ်မှုမထမ်းမနေရ အမိန့်ကြောင့် ဝင်လာရသူ တချို့ ရှိတယ်လို့လည်း ကြားနေရပါတယ်။
ဖက်ဒရယ်တပ်မတော် ဖြစ်လာဖွယ် ရှိသလား
မြန်မာနိုင်ငံမှာ တပ်မတော် ၂၀ လောက် ရှိတယ်လို့ ပြောတာကို လက်ရှိ အစိုးရတပ်မှာ ပါနေသူတွေ၊ အစိုးရတပ်နဲ့ နီးစပ်သူတွေက ကြိုက်ချင်မှ ကြိုက်မှာပါ။ ဒါပေမဲ့ ဒါဟာ အရှိတရားကို ပြောခြင်းသာ ဖြစ်ပြီး ကြိုက်ခြင်း မကြိုက်ခြင်း စိတ်ခံစားချက်နဲ့ မဆိုင်ပါဘူး။ ဒီအရှိတရားကို လက်ရှိအစိုးရနဲ့ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေက လက်ခံလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာတွေကို ဦးသိန်းစိန်အစိုးရ သက်တမ်း ငါးနှစ်စလုံးမှာ ဦးစားပေး ဆောင်ရွက်နေတာပေါ့။
အခုလည်း ငြိမ်းချမ်းရေးစင်တာ MPC ခန်းမမှာ အစိုးရကိုယ်စားလှယ်နဲ့ သူပုန်ကိုယ်စားလှယ်တွေ အကြိတ်အနယ် ဆွေးနွေးနေပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေးအတွက် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပြီး သဘောတူညီချက်တွေလည်း အတော်ရနေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ အပြီးသတ် လက်မှတ်ထိုးမှု ဘယ်တော့ လုပ်နိုင်မလဲ ဆိုတာကတော့ မသေချာသေးပါ။
ဒီထက်ပိုအရေးကြီးတာက လတ်တလော ဖြစ်ပေါ်နေတဲ့ ကိုးကန့်ဒေသက တိုက်ပွဲတွေကို ဘယ်နည်းနဲ့ အဖြေရှာမလဲ။ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနဲ့ ဆွေးနွေးပြီး ကိုးကန့်ကျမှ အပြုတ်တိုက်မယ် ဆိုတာကတော့ လက်တွေ့မကျပါ။ တစ်ခါ “ဝ” အဖွဲ့ကလည်း အခုလုပ်နေတဲ့ ဆွေးနွေးပွဲမှာ မပါဘူးလို့ သိရပြန်ပါတယ်။
တကယ်လို့ အားလုံး သဘောတူလို့ အပစ်ရပ်လက်မှတ် ထိုးပြီးရင်တောင် ဒီတပ်မတော် ၂၀ ကို တစ်ခုတည်း ဖြစ်အောင် ဘယ်လိုပေါင်းစပ်မလဲ။ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် တပ်မတော်တွေရဲ့ အနာဂတ်ကို ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာဟာ မေးခွန်းအဖြစ် ရှိနေဆဲပါ။
ဆွေးနွေးပွဲရဲ့ ဦးဆောင်အဖွဲ့တစ်ခု ဖြစ်တဲ့ UNFC (ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့) ကတော့ ဖက်ဒရယ် တပ်မတော် ဆိုတာကို အဆိုပြုထားတယ်လို့ ကြားရပါတယ်။ ဒါပေမဲ့ သူတို့ဆိုလိုတဲ့ ဖက်ဒရယ် တပ်မတော်ရဲ့ ပုံသဏ္ဌာန်နဲ့ ဖွဲ့စည်းပုံကို မထုတ်ပြန်သေးတဲ့အတွက် ဘယ်လိုတပ်မတော်မျိုးလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သေချာတာ တစ်ခုကတော့ လက်ရှိ မြန်မာ့တပ်မတော် ပုံစံကို တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က မကြိုက်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ဒါဖြင့် သာမန်တိုင်းသူပြည်သားတွေကကော လက်ရှိ တပ်မတော်ပုံစံ၊ လုပ်ဟန်၊ ကိုင်ဟန်တွေကို ကြိုက်ကြပါရဲ့လား။ ဒါလည်း မေးခွန်းထုတ်စရာပါပဲ။
ဒါကြောင့် အားလုံးက လက်ခံနိုင်တဲ့၊ အားလုံးရဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်တဲ့ နိုင်ငံတကာတန်းဝင် တပ်မတော်တစ်ရပ် မြန်မာနိုင်ငံမှာ လိုအပ်နေပါတယ်။ ဒီလိုဖြစ်လာစေဖို့အတွက် တပ်ပိုင်းဆိုင်ရာ စုဖွဲ့မှုတွေ၊ အရည်အသွေးတွေကို စနစ်ကျပြုပြင်ဖို့ လိုသလို အများပြည်သူ ရဲ့ တပ်မတော်အပေါ် အမြင်ကြည်လင်လာအောင်လည်း ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။
အထူးသဖြင့် လွန်ခဲ့တဲ့ နှစ် ၅၀ စစ်အုပ်ချုပ်ရေးကာလအတွင်း မှားယွင်းမှုတွေကြောင့် တပ်မတော်နဲ့ တပ်မတော် အသိုင်းအဝိုင်းအပေါ် အခွင့်ထူးခံ လူတန်းစားတစ်ရပ် အဖြစ် အများက မြင်ခဲ့တာကို ပြုပြင်ဖို့ လိုပါတယ်။ သမ္မတကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးအထိ (ရှိသမျှရာထူးအားလုံးကို) တပ်မတော် အရာရှိဟောင်းတွေက ဦးစီးချုပ်ကိုင်ထားတာမျိုးကို လျှော့ချပြီး အရပ်သားတွေဆီလည်း လုပ်ပိုင်ခွင့် ခွဲပေးဖို့ လိုပါတယ်။
တစ်ချိန်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်း ပါလီမန်ထဲနေရာ ယူထားတာကိုလည်း တဖြည်းဖြည်း လျှော့ချသင့်ပါတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရက အမိန့်ပေးတဲ့အတိုင်း တာဝန်ထမ်းနိုင်တဲ့ နိုင်ငံတကာတန်းဝင် တပ်မတော်တစ်ခု ဖြစ်လာအောင် စနစ်တကျ အဆင့်ဆင့် အသွင်ပြောင်းရေး ဆောက်ရွက်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment