Thursday, March 12, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၅၀)

ဘတ်ဂျက်ပြသာနာနဲ့ အယ်ဒီတာ အပြောင်းအရွှေ့


ဝန်ထမ်းတွေအချင်းချင်းကြား မကျေလည်မှုတွေ၊ အတွင်းရေးပြသာနာတွေနဲ့ရှုတ်နေတုန်း ၂၀၁၁ ခုနှစ် ဇန်နာဝါရီလ ရက်နေ့မှာ ညွှန်မှုး ကိုအေးချမ်းနိုင်ဆီကနေ ဘတ်ဂျက်လိုငွေပြနေတယ်ဆိုတဲ့ အီးမေးလ် တစောင်ဝင်လာပါတယ်။ ဒါပေမယ့် DVB မှာ လိုငွေပြတာဟာ သတင်းမဟုတ်တော့ ပါဘူး။ အမြဲတန်းလိုလို လိုငွေပြလိုက်၊ ဘတ်ဂျက်ပြတ်လိုက်၊ လစာနောက်ကျလိုက်၊ တခြားအဖွဲ့တွေဆီမှာ အရေးပေါ် ငွေချေး လိုက်လုပ်နေရတာကို DVB နဲ့ နီးစပ်သူတိုင်း သိပြီးသားပါ။ ဒီတော့ ဘတ်ဂျက်လိုငွေပြနေတယ်ဆိုတဲ့ ဒီအီးမေးလ်ကို စိတ်ဝင်တစား မဖတ်ဖြစ်ပါ။

(ဒုညွန်ချုပ် ကိုခင်မောင်ဝင်းနှင့် ဘုတ်အဖွဲ့ဥက္ကဌ Harald Bøckman တို့ကို တွေ့ရစဉ်)

ဒါပေမယ့် သတင်းအယ်ဒီတာ ရာထူးကိုမထားတော့ဘူး။ သတင်းရော၊ အပတ်စဉ်ကဏ္ဍပါ ခုစလုံးကို အယ်ဒီတာတဦးတည်းသာထားတော့မယ်ဆိုပြီး ပါလာတော့ နည်းနည်းလန့် သွားပါတယ်။ ဘာတွေဖြစ် ကုန်ပြီလဲဆိုပြီး ဆက်ဖတ်ကြည့်တော့

၂၀၁၁ ခုနှစ်တွင်း DVB တနှစ်စာဝင်ငွေဟာ ပုံမှန်ထက် ၁၅ ရာခိုင်နှုံန်းလျော့နည်းမည်။ ပုံမှန် ထောက်ပံ့နေ သည့် အဖွဲ့ကြီးနှစ်ခုမှ ထောက်ပံ့ကြေးကို ၂၀၁၁ ခုနှစ်အတွင်း ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ဒီအတွက် ပုံမှန် လုပ်ဆောင်ချက်များဆက်လုပ်နိုင်ရန် ‘’နာကျင်သည့်ဆုံးဖြတ်ချက်အချို့’’ ကို ချမှတ်ရနိုင်သည်လို့ ညွန်ချုပ် က နိဒါန်းချီထားပါတယ်။

လတ်တလောဆုံးဖြတ်ချက်ဆိုတဲ့အပိုင်းမှာတော့ ဖျော်ဖြေရေးဌာနကို ရပ်နားသည်။ ဖျော်ဖြေရေးအယ်ဒီတာ မသီတာမှ ညွန်ချု၏တာဝန်ပေးချက်အရ ရုပ်မြင်သံကြားတင်ဆက်မှုအစီစဉ်များကို ဆက်လုပ်သွားမည်။ ကုန်ကျစရိတ်ချွေတာနိုင်ရန်၊ ထပ်နေသည်အလုပ်များ လျှော့စေရန်အတွက် သတင်းဌာနနှင့် အပတ်စဉ် ဌာနနှစ်ကို တခုတည်းဖြစ်ပေါင်းစီးသွားမည်။ ဤဌာနကို ဦးခင်မောင်စိုး (မောင်သာမည) မှ အယ်ဒီတာ အဖြစ်ဦးဆောင်မည်။ ဤအပြောင်းအလဲအတွက် ဖြေးဖြေးချင်းအကောင်ထည်ဖေါ်သွားမည်။

(သတင်းအယ်ဒီတာ) ဦးမိုးအေးမှ ရုပ်သံ၊ ရေဒီယို၊ အင်တာနက်တို့တွင် ညွှန်ချုပ်၏တာဝန်ပေးချက်အရ ကိုယ်ပိုင်အစီအစဉ်များထုတ်လုပ်မည်။ နောက်ဆက်တွဲအပြောင်းအလဲများအတွက် DVB ဘုတ်အဖွဲ့၊ DVB ညွှန်မှုးနှစ်ဦးနှင့် ဆွီဒင်ရေဒီယိုမှ အုပ်ချုပ်ရေးအကြံပေးတို့ဆွေးနွေးလျက်ရှိပြီး ၀န်ထမ်းများအားလုံးကို ဆက်လက်အကြောင်းကြားသွားမည်ဖြစ်ပါသည်တဲ့။


အဲဒါ ဇန်နာဝါရီလ ရက် နေ့စွဲနဲ့ပေးပို့လာတဲ့ ညွန်ချုပ် ကိုအေးချမ်းနိုင်ရဲ့ အီးမေးလ်အနှစ်ချုပ်ပါ။ အဲဒီကာလ ကတော့ နေ့စဉ်သတင်း တနာရီစာပြည့်အောင်ရှာရေး၊ TV နဲ့ရေဒီယို နှစ်ခုစလုံးအတွက် ပရီစန်တာလုပ်ရေး၊ သတင်းတည်းဖြတ်ရေးတွေနဲ့အလုပ်ရှုတ်နေတော့ ဒီစာကို အသေချာမဖတ်ဖြစ်ပါဘူး။ အခုလိုဆောင်းပါးပြန် ရေးမယ်ဆိုတော့မှ အီးမေးလ်အဟောင်းတွေကိုရှာပြီး အသေးစိပ်ဖတ်ဖြစ်တာပါ။

ပြန်တွေးကြည့်မယ်ဆိုရင်တော့ ဒီလိုတရားဝင်စာမထွက်လာခင်ကတည်းက ကြိုတင်ဆုံးဖြတ်ထားပြီးသား ဆိုတာကို သတင်းအယ်ဒီတာ ကိုမိုးအေး သိပြီးဖြစ်မှာပါ။ ဒါပေမယ့် သူ့လက်အောက်က ကျနော်တို့ကို ဘာမှကြုတင် အသိပေးခြင်းမရှိပါဘူး။ လျှို့ဝှက်ထားရမယ်လို့ ပြောထားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူဟာ သတင်းအယ်ဒီတာမဟုတ်တော့တဲ့အတွက် ကျနော့်တို့ကို ပြောပိုင်ခွင့်မရှိတော့ တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကျနော်သတိထားမိသလောက်ဆိုရင် ထမင်းအိုးကွဲတဲ့ဇတ်လမ်းပြီး ကတည်းက သူနဲ့ ညွှန်မှုးတွေ အစည်းဝေးခန်းမှာ ဆွေးနွေးနေကြတာ နေ့စဉ်လိုလိုပါပဲ။

ဒီနေရာမှာ အသိပေးတင်ပြဖို့လိုလာတဲ့အချက်က DVB ရဲ့ အရေးကြီးဆုံးဖြတ်ချက်တွေကို ဘယ်သူတွေက ဘယ်လိုချမှတ်ခွင့်ရှိသလဲဆိုတဲ့အပိုင်းပါ။ အရင် အမျိုးသားညွန်ပေါင်းအစိုးရ NCGUB အောက်မှာတုန်း ကတော့ နိုင်ငံရေးအရ NCG က တာဝန်ခံပြီး အုပ်ချုပ်ရေးကိုတော့ ညွှန်မူး (အဲဒီကာလက ဦးဟန်ညောင် ရွှေ) က တာဝန်ယူပါတယ်။ လွတ်လပ်တဲ့ DVB အဖြစ်ကြေညာပြိးနောက်မှာတော့ ဘုတ်အဖွဲ့ဆိုတာရှိ လာပါတယ်။

အဲဒီဘုတ်မှာ ဘယ်သူတွေပါသလဲဆိုတော့ ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်း၊ ညွှန်မှုးဟောင်း ဦးဟန်ညောင်ရွှေ၊ တခါ ဘန်ကောက် The Nation မှ အယ်ဒီတာတဦးအပါဝင် နိုင်ငံတကာမှ မီဒီယာအရေးကျွမ်းကျင်သူ ဦး ခန့်၊ ပြီးတော့ NBC နော်ဝေး-မြန်မာကော်မီတီမှ Harald Bøckman နဲ့ နော်ဝေးမှ Kristin Havgar တို့ဖြစ် ပါတယ်။ နော်ဝေးမှာနေတဲ့ Harald Bøckman နဲ့ Kristin Havgar တို့က ဘုတ်အဖွဲ့ရဲ့ ဥက္ကဌနဲ့ အတွင်းရေး မှုးတွေ ဖြစ်ပါတယ်။ အဲဒီအောက်မှာ ညွှန်မှုးနဲ့ အယ်ဒီတာတွေရှိပါတယ်။ DVB က ထုတ်ထားတဲ့ ဥပဒေအရ ညွန်မှုး ဦးဟာ ဥပဒေအရ ဘုတ်အဖွဲ့ဝင်တွေဖြစ်ပါတယ်။ 

နေ့စဉ်ယန္တယားလည်ပတ်ရေးအတွက်ကိုတော့ ညွှန်မှုးနှစ်ဦးနဲ့ အယ်ဒီတာတွေ (နောက်ပိုင်းမှာတော့ ပြည် တွင်း UG တာဝန်ခံ Burma VJ မှ ကိုမျိုးမင်းနိုင်အပါဝင်) ဆွေးနွေးဆုံးဖြတ်ပါတယ်။ ဒါပေမယ့် ၂၀၁၀ နှောင်းပိုင်းမှာ အယ်ဒီတာတွကို သတင်းအလုပ်နဲ့သာဆိုင်တယ်လို့ပြောပြီး အုပ်ချုပ်ရေးကိစ္စမှန်သမျှ ညွှန်မှုး နှစ်ဦးတည်း (ပြည်တွင်း လိုအပ်ချက်အရ တခါတရံ ကိုမျိုးနိုင်ပါနိုင်) ကသာ ဆုံးဖြတ်တော့တယ်လို့ သိရပါ တယ်။ ဆိုလိုတာကတော့ သတင်းအယ်ဒီတာကိုမိုးအေးကို အစီစဉ်ရှိရှိ တဖြေးဖြေးနဲ့ စီမံခန့်ခွဲမှုတာဝန် ကနေ ကြိုတင်ဖယ်ရှားထားတဲ့ သဘောလို့ ယူဆနိုင်ပါတယ်။


ကံဆိုးသူ မောင်ရှင် ဦးနဲ့ ရေတိမ်နစ်တော့မဲ့ DVB သဘောင်္ကြီး

ဘတ်ဂျက် ၁၅ ရာခိုင်နှုန်းနည်းသွားလို့ သတင်းဌာနနဲ့ အပတ်စဉ်ဌာနကိုပေါင်းမယ်။ သတင်းအယ်ဒီတာကို ဖြုတ်မယ်ဆိုတဲ့အထိ ဒီကိစ္စက ကိုယ်နဲ့တိုက်ရိုက်မဆိုင်သေးတော့ စိတ်ပူရကောင်းမှန်း မသိသေးပါဘူး။ နေ့စဉ်သတင်းအလုပ်တွေနဲ့ အလုပ်ရှုတ်နေရင်းနဲ့ တခုလုံးရဲ့ အခြေနေကို စဉ်းစားဖို့အချိန်မရလိုက်ဘူး ဆိုပါတော့။ ဒီလိုနဲ့ ဇန်နာဝါရီလ ၁၉ ရက်နေ့မှာ ကံဆိုးသူ ဦးကို အလုပ်ထုတ်ရတော့မယ်ဆိုတဲ့ အကြောင်းကြားစာကြီး ဘုတ်အဖွဲ့ဥက္ကဌ Harald Bøckman ဆီက အီးမေးလ်ဝင်လာပါတယ်။

(ညွှန်ချုပ် ကိုအေးချမ်းနိုင်နှင့် စာရေးသူတို့အား တွေ့ရစဉ်)

၂၀၁၁ ခုနှစ်အတွင်း DVB ယန္တယားလည်ပတ်နိုင်ဖို့ ခရိုနာငွေ ၂၃ သန်း လိုအပ်ပေမယ့် အလှုရှင်တွေရဲ့ အခြေနေအရ သန်း ၂၀ ခန့်သာရရှိကြောင်း၊ ဒီလိုဘတ်ဂျက်အဆင်မပြေတဲ့အတွက် လက်ရှိအလုပ်တွေကို လက်ရှိဝန်ထမ်းဦးရေအတိုင်း ဆက်သွားဖို့မဖြစ်နိုင်ကြောင်း၊ ညွန်မှုး ဦးရဲ့တင်ပြချက်အပေါ် ဘုတ်အဖွဲ့ ဥက္ကဌနဲ့အတွင်းရေးမှုးတို့ရဲ့ စဉ်းစားချက်အရ အောက်ပါအတိုင်း အကြံပြုပါတယ်ဆိုပြီး ကံဆိုးသူ မောင်ရှင် ဦးကို အလုပ်ထုတ်ပစ်မှ DVB လှေကြီး ဆက်မောင်းလို့ရမယ်ဆိုတဲ့ အစီစဉ်တခုကို ချပြလာပါတယ်။

မနက်ပိုင်း တနာရီစာ ရေဒီယိုအသံလွှင့်မှုကိုရပ်နားမယ်။ ဒါဆိုရင် ရေဒီယိုအသံလွှင့်ရုံငှားခကနေ တနှစ်စာ အတွက် ခရိုနာ သိန်းထွက်လာမယ်။ ရေဒီယိုနဲ့ဆိုင်တဲ့ကိစ္စအားလုံးကို အော်စလိုကနေ ချင်းမိုင်ကိုရွှေ့မယ်၊ ဒါဆိုရင် အော်စလိုမှာရှိတဲ့ ရေဒီယိုသတင်းသမား ဦးရဲ့လစာနဲ့ သူတို့ရဲ့ သတင်းလိုက်တဲ့ တယ်လီဖုန်း အသုံးစရိတ်တွေကိုလျော့ချနိုင်မယ်။ အဲဒီကနေ တနှစ်အတွက်အနည်းဆုံး ခရိုနာ တသန်းထွက်လာမယ်။ ပြိးရင် ရေဒီယိုစတူဒီယိုရှိတဲ့ ထပ်ကိုလည်း ပြန်အပ်မယ်။ နောက်ထပ် ငွေတချို့ထပ်ထွက်လာမယ်လို့ ဆိုထား ပါတယ်။

ကျန်တာကတော့ ရှေ့ပိုင်းက ညွှန်မှုးစာထဲမှာပါတဲ့အတိုင်း ဖျော်ဖြေရေးဌာနကိုဖြုတ်မယ်။ ဒါဆိုရင် ခရိုနာ သိန်း ထွက်လာမယ်။ သတင်းနဲ့ အပတ်စဉ်ကဏ္ဍကိုပေါင်းမယ်။ ငွေနည်းနည်ထပ်ထွက်လာမယ်။ လစာ အများဆုံး ညွန်မှုးတွေထဲကနေ ရာခိုင်နှုံန်းလစာဖြတ်မယ်။ ခရီးစရိတ်တွေလျော့မယ်၊ ဘုတ်အဖွဲ့အစည်း အဝေးတွေလျော့မယ်။ ဒါဆိုရင် နောက်ထပ် နည်းနည်းထပ်ထွက်လာနိုင်တဲ့အတွက် သိန်းမကာမိရင် တောင် သိန်းကျော်တော့ ကာမိနိုင်တယ်ဆိုပြီး ဘုတ်အဖွဲ့ဥက္ကဌက လမ်းကြောင်းပေးထားပါတယ်။


ဒီကိစ္စတွေကို နော်ဝေးအလုပ်သမားဥပဒေနဲ့အညီဖြစ်စေရေးအတွက် ဇန်နာဝါရီလ ၂၀ ရက်နေ့မှာ ၀န်ထမ်း အားလုံး ပါတဲ့အစည်းအဝေးလုပ်မယ်ဆိုပြီး အဲဒီစာက ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် စာပို့အချိန်က ၁၉  ရက်နေ့ည ၉  နာရီကျော်မှ ဆိုတော့ ၂၀ ရက်နေ့ အစည်းဝေးရောက်တဲ့အထိ အဲဒီစာကို မဖတ်ဖြစ်သေးပါ။ ဒီတော့ ရေဒီယိုသတင်းထောက် ဦးကို အလုပ်ဖြုတ်မယ်၊ ဒါမှမဟုတ် ဆန္ဒရှိရင်၊ ခရီးသွားခွင့်လက်မှတ် လည်းရှိရင် ချင်းမိုင်ရုံးမှာသွားလုပ်နိုင်တယ်ဆိုတဲ့ထဲမှာ ကိုယ်ပါတယ်လို့ ထင်မထားပါဘူး။ 

ဘာကြောင့်လည်းဆိုရင် DVB ရဲ့အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံးကာလ ၁၉၉၅ ၀န်းကျင်ကတည်းက ABSDF တောတွင်းစခန်းတွေကနေ သတင်းပို့ပြီး သတင်းထောက်ဖြစ်လာသူ၊ ငယ်မွေးခြံပေါက် သတင်းထောက်ဆိုတော့ ဒီလိုလူကို ထုတ်လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ပါ။ ထုတ်ချင်းထုတ်ရင် နောက်မှ ရောက်လာတဲ့ လူသစ်တွေကိုထုတ်မှာပေါ့။ နော်ဝေးအလုပ်သမား ဥပဒေအရရော၊ မြန်မာနိုင်ငံက အဖွဲ အစည်းတွေရဲ့ လုပ်ထုံးလုပ်နည်းအရပါ ဒီလိုပဲ လုပ်နေကြတယ်မဟုတ်ပါလား။ 

ဒီတော့ ၂၀ ရက်နေ့အစည်းဝေးခန်းထဲရောက်တဲ့အထိ ကိုယ့်ကိုအလုပ်ထုတ်ဖို့ခေါ်တဲ့ အစည်းဝေးမှန်းမသိ သေး။ ညံ့လိုက်တဲ့သတင်းထောက်။ အလုပ်ကလွဲပြီး ဘာမှအလေးမထားတဲ့လူ ဒီတကြိမ် ကောင်းကောင်း ခံလိုက်ရတယ်ဆိုပါတော့။



ချင်းမိုင်ပြောင်းရေး မသေချာ၊ စာအုပ်ရမှ ပြန်လျှောက်ပါ

ကိုယ့်ကို အလုပ်ထုတ်လိမ့်မယ်လို့ထင်မထားတော့ အဲဒီ ၂၀ ရက်နေ့က အစည်းဝေးဆီ ဘာမှပြင်ဆင်မသွား ခဲ့ပါ။ စည်းဝေးကျင်းပတဲ့အချိန် ညနေ  နာရီခွဲဆိုတာ ရေဒီယိုက အသံလွှင့်လို့တောင်မပြီးသေး။ ညပိုင်း ပြီးရင် မနက်ပိုင်းအတွက်ပါပြင်ရဦးမယ်။ ဒီတော့ ကိုယ့်အလုပ်ကိုပြီးအောင်လုပ်နေရင်းနဲ့ နာရီကျော်မှ ကျနော်တို့ ဦး (အလုပ်ထုတ်ခံရမဲ့ ရေဒီယိုသတင်းသမား၊ TV ပရီစန်တာတွေဖြစ်တဲ့ ကျနော်၊ မခင်နှင်း ထက်နဲ့ နန်းခမ်းကယောက်) စည်းဝေးခန်းထဲရောက်ပါတယ်။

(အစည်းဝေးခန်းနံရံမှာတွေ့ရတဲ့ တချိန်က ဆုလာဘ်များ)

DVB ၀န်ထမ်းတွေအပြင် ဘုတ်အဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှုးနဲ့ အလုပ်သမားဆိုင်ရာ ရှေ့နေတဦးကိုလည်းတွေ့ ရပါတယ်။ နော်ဝေး အလုပ်သမားဥပဒေတွေအကြောင်းရှင်းပြပေမယ့် ကိုယ်တွေက ဘာမှသိပ်နားမလည်။ DVB ကို နော်ဝေး ဥပဒေနဲ့အညီ မှတ်ပုံတင်ထားတယ်ဆိုပေမဲ့ နေ့စဉ်လည်ပတ်နေရတာက မြန်မာ့နည်း မြန်မာ့ဟန်အတိုင်းဆိုတော့ အလုပ်သမားအခွင့်အရေး ဘာတွေရှိမှန်းတခါမှ မလေ့လာဖြစ်ခဲ့ပါ။ ကိုယ့် ဘာသာလဲ အလုပ်သမားဆိုတာထက် တော်လှန်ရေးသမားဆိုပြီးခံယူထားတော့ အခွင့်အရေးနဲ့ဆိုင်ရင် ဘာမှမယူမိအောင် နေခဲ့မိတယ်ဆိုပါတော့။

ဒီလိုနဲ့ တနာရီကျော်ဆွေးနွေးပွဲဟာ သူတို့ပြောတာကိုပဲနားထောင်ရင်းပြီးသွားခဲ့ပါတယ်။ နောက်ပိုင်းမှ သတိထားဖြစ်တာက အဲဒီအစည်းဝေးဆီ ရှေ့နေခေါ်ထားတာဟာ အလုပ်ထုတ်ခံရမဲ့ ကျနော်တို့ ဦးဖက်က မေးမြန်းသမျှကို ဥပဒေနဲ့ အညီရှင်းပြဖို့တဲ့။ ကျနော်တို့က ဘာမှမမေးတော့ အလုပ်ထုတ်ခံရမှာတောင် ဒီလူတွေမသိဘူးလားဆိုပြီး အဲဒီရှေ့နေ စဉ်းစားနေမလားမသိပါ။

ဘယ်အချိန်ကျမှ ကိုယ့်ကို တကယ်အလုပ်ထုတ်တော့မယ်ဆိုတာကို သိသလဲဆိုရင် ဇန်နာဝါရီလ ၂၄ ရက် နေ့မှာ အလုပ်ထုတ်ခံရမဲ့သူ ဦးတည်းကို အမည်နဲ့တပ်ပြီး အစည်းဝေးခန်းထဲခေါ်၊ ဘုတ်အဖွဲ့ဥက္ကဌက ရှင်းပြမှ ‘’သြော် တကယ်အလုပ်ထုတ်ခံရတော့မှာပါလား’’ ဆိုပြီး သိလိုက်ရပါတယ်။ တယောက် မီနစ် ၃၀ စီလောက် ပြောခွင့်ပေးပါတယ်။ 

တကယ်ဆိုရင် ၃ လကြာမှတခါ၊ ၆ လကြာမှတခါလောက်သာရုံးကိုရောက်လှေ့ရိတဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ DVB ရဲ့နေ့စဉ်အလုပ်တွေ၊ အပေါ်ထပ်အဆောက်ဦကလူတွေနဲ့ နေ့စဉ်တာဝန်ကျသတင်းသမားတွေကြား ဆက်ဆံရေးအခြေနေကို ဘာမှမသိပါ။ ဒါကြောင့် အခုဆုံးဖြတ်ချက်ဟာ ညွှန်မှုးတွေရဲ့တင်ပြချက်သက်သက် အပေါ်အခြေခံဆုံးဖြတ်ထားချက်သာဖြစ်တယ်။ ဆုံးဖြတ်ချက်မချခင် ၀န်ထမ်းအားလုံးနဲ့ဆွေးနွေးသင့်တယ် ဆိုပြီး ကျနော်တို့ဖက်က တင်ပြခဲ့ပါတယ်။

တခါ တကယ်လို့ ဘတ်ဂျက်မလောက်ဘူးဆိုရင် တခြားနည်းမရှိတော့ဘူးလား။ ဘာကြောင့် ကျနော်တို့ ၃ ဦးကိုမှရွေးပြီးအလုပ်ထုတ်ဖို့ရွေးချယ်ခဲ့တာလဲ။ တခြားနည်းလမ်းတွေကို ပြန်စဉ်းစားပါဦးဆိုပြီး အယူခံခဲ့ တယ်ဆိုပါတော့။ ဒါပေမယ့် သူတို့ဖက်ကတော့ ညွှန်မှုးတွေတင်ပြတဲ့အတိုင်း ဆုံးဖြတ်ထားချက်ကို  ပြန်ပြင် မဲ့ပုံ မရှိတော့ပါ။

နောက်ဆုံးတဦးချင်းကြားနာမှုမလုပ်ခင် အချိန်ထပ်ပေး ဆွေးနွေးပါဦးဆိုပြီး ကျနော်တို့ဖက်က တင်ပြတဲ့ အတွက် တကြိမ်ထပ်ဆွေးနွေးခွင့်ပေးပါသေးတယ်။ ဒါပေမယ့် သူတိုရဲ့ ဆုံးဖြတ်ချက်ကိုတော့ မပြင်တော့ပါ။ မပြင်တဲ့အပြင် ချင်းမိုင်မှာသွားပြီးတာဝန်ထမ်းနိုင်တယ်ဆိုတဲ့ အစောပိုင်းကကမ်းလှမ်းချက်ကိုပါ ပယ်ချလိုက် ပါတယ်။ ပထမပိုင်း ကမ်းလှမ်းချက်အရဆိုရင် အော်စလိုမှာအလုပ်ထုတ်လိုက်ပေမဲ့ ချင်းမိုင်ရုံးမှာသွား လုပ် နိုင်တယ်။ ချင်းမိုင်မှာပေးတဲ့ လစာနှုန်းထားအတိုင်းရမယ်ဆိုတာပါဝင်ပါတယ်။

ဒါပေမယ့် အဲဒီကမ်းလှမ်းချက်ကိုလက်ခံပြီး ချင်းမိုင်ကိုလိုက်မယ်ပြောတဲ့အခါမှာတော့ လက်ရှိကျနော်တို့ ကိုင်ထားတဲ့ နော်ဝေးခရီးသွားလက်မှတ်စာအုပ်က ပြည်ပမှာထွက်ပြီး အလုပ်လုပ်ခွင့်မရှိပါ။ လထက်ပိုပြီး ပြည်ပမှာနေရင် နော်ဝေးပြန်လာခွင့်မရှိတော့ဘူးလို့ဆိုပါတယ်။ ဒါကြောင့် နော်ဝေးပြင်ပဆီ အကြာကြီး ထွက်အလုပ်လုပ်နိုင်တဲ့ နိုင်ငံသားစာအုပ်ရပြီးမှ ပြန်လာလျှောက်ပါ။ အခုလောလောဆယ်တော့ အနား ယူလိုက်ပါတော့ဆိုပြီး တည့်တည့်ပြောလိုက်မှပဲ ‘’သြော် အခြေနေက ဒီလိုကိုဖြစ်သွားပြီကိုး’’ ဆိုပြီး သိခွင့်ရလိုက်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More