အကူအညီပေးတာအပြင် ဝေဖန်ထောက်ပြ ဖိအားပေးဖို့ပါ လိုလာပြီ
The Voice Daily, 11-03-2015.
နော်ဝေ ပါလီမန်ရှေ့က ဆန္ဒပြပွဲ
ရန်ကုန်က သပိတ်မှောက်ကျာင်းသားတွေအပေါ် စွမ်းအားရှင်တွေရဲ့အကြမ်းဖက်ဖမ်းဆီးမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲ ရှိတယ်ဆိုလို့ နော်ဝေးပါလီမန်ရှေ့ဆီ (မတ်လ ၇ ရက်နေ့) နေ့လည်တနာရီ ၀န်းကျင်မှာ ကျနော်ထွက်လာခဲ့ပါတယ်။ ဥရောပမှာ နွေဦးရောက်ပြီဆိုပေမယ့် အော်စလို ရာသီဥတုက ထိုင်းထိုင်းမှိုင်းမှိုင်းရှိနေဆဲ။ လေအေးတွေတိုက်နေပြီး အပူချိန်က ၅ ဒီဂရီ စင်တီဂရိတ်ခန့်သာရှိပါတယ်။
(မတ်လ ၇ ရက်နေ့က နော်ဝေးပါလီမန်ရှေ့ ဆန္ဒပြနေသူများ)
နှင်းကာအကျီတွေ၊ အနွေးထည်ထူထူတွေ၊ ခေါင်းစွပ်တွေ၊ လက်အိတ်တွေ ၀တ်ဆင်ဝတ်ဆင်ထားတဲ့ အာရှတိုက် သား ၅၀ ခန့်ဟာ အလံတွေ၊ ဆိုင်းဘုတ်တွေကိုင်ပြီး ပါလီမန်ရင်ပြင်ရှေ့မှာစုဝေးနေကြပါတယ်။ စနေနေ့ဖြစ်လို့ ပါလီ မန်ကပိတ်ထားပေမယ့် လမ်းသွားလမ်းလာ အတော်များများကတော့ ဒီလူတွေ ဘာလုပ်မလဲဆိုပြီး ကွက်ကြည့်၊ ကွက်ကြည့် လုပ်နေကြပါတယ်။ အဲဒီလို ကြည့်နေတုန်း…
‘’ရပ်၊ ရပ်၊ ချက်ချင်းရပ်။… အကြမ်းဖက်မှုတွေ ချက်ချင်းရပ်’’
‘’ရပ်၊ ရပ်၊ ချက်ချင်းရပ်။… အကြမ်းဖက်မှုတွေ ချက်ချင်းရပ်’’
‘’Burmese Militant Government… Down, Down’’.
‘’Terrorist Burmese Government… Down, Down’’
မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာကြွေးကြော်သံတွေကို ကြားရပြီးတဲ့နောက် အဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ကိုမြင့်အေးက ဘာကြောင့် ဒီနေ့၊ ဒီနေရာမှာ ဆန္ဒပြရသလဲဆိုတဲ့အကြောင်း အင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ အကျဉ်းရုံးရှင်းပြပါတယ် ။ လတ်တလောဖြစ်ပေါ်နေတဲ့ ကျောင်းသားဆန္ဒပြပွဲ၊ ပညာရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအခြေ နေတွေ၊ ဒီနှစ် ထဲ ရွေးကောက်ပွဲကျင်းပဖို့ပြင်နေပုံတွေကို လမ်းသွားလမ်းလာတချို့က ရပ်ပြီးနားထောင်နေကြပါတယ်။
အဲဒီနောက်မှာတော့ ကြွေးကြော်သံတွေ တခါထပ်အော်ပြန်ပါတယ်။ ပြီးတော့ ၁၉၉၀ လွှတ်တော်အမတ်ဦးဖြစ်သူ ဦးဗိုလ်သောင်းက မိန့်ခွန်းပြောပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးရဲ့ သ၀ဏ်လွှာတချို့ဖတ်ပါတယ်။ အဲဒီလို မိန့်ခွန်းပြောသူတွေထဲက နော်ဝေး-မြန်မာကော်မီတီမှ ညွှန်ကြားရေးမှုး Audun Aagre ရဲ့ စကားအနှစ်ချုပ်ကို ကောက်နှုတ် တင်ပြချင်ပါတယ်။
နော်ဝေ အရပ်ဖက်အဖွဲ့စည်းတွေရဲ့ စိုးရိမ်မှု
‘’ခင်ဗျားတို့အားလုံး ဒီနေရာမှာ အခုလိုပြန်လာပြီး ဆန္ဒပြနေတာကို မြင်ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဘာကြောင့်လည်းဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လုံးလုံး လုပ်လာခဲ့တဲ့ ဆန္ဒပြပွဲတွေကို အခု အစိုးရသစ်လက်ထက်မှာ လုပ်ဖို့မလိုတော့ဘူးဆိုပြီး ကျနော်ထင်ခဲ့မိလို့ပါ’’ လို့ သူကနိဒါန်းချီပါတယ်။ ပြီးတော့မှ အခုသတင်းပတ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ အခြေနေဆိုးတွေက ခင်ဗျားတို့ကို ဒီနေရာမှာ ဆန္ဒပြဖို့ တွန်းပို့လိုက်တယ်ဆိုတာကို ကျနော် ရင်ထဲ၊ နှလုံးသားထဲကကို နားလည်ပါတယ် လို့ပြောပါတယ်။
( NBC မှ Audun အမှာစကားပြောနေစဉ်)
ဒါကြောင့် မြန်မာအစိုးရရဲ့လုပ်ရပ်အပေါ် အားလုံးကမေးခွန်းထုတ်လာပြီး နိုင်ငံတကာရှိ မြန်မာတွေ လမ်းမပေါ်ပြန် ရောက်လာတယ်။ မြန်မာ့အရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေက မြန်မာ့ အခြေအနေအပေါ် ပြန်လည်သုံးသပ်ဖို့ သတိရလာစေတယ် လို့သူကပြောပါတယ်။
‘’မြန်မာနိုင်ငံမှာ စစ်ဖက်ရဲ့အခန်းကဏ္ဍကိုအလေးထားလေ့လာဖို့လိုပါတယ်။ ဒီမိုကရေစီသဘောတရားအရ အာဏာ ခွဲဝေမှုရှိတယ်ဆိုပေမဲ့ စစ်ဖက်က အာဏာတွေအများကြီးကို်င်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း စစ် ဖက်က သီးခြားလွတ်လပ်စွာဆောင်ရွက်ခွင့်ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ သမ္မတဦးသိန်း စိန်နဲ့ ၀န်ကြီးတွေရဲ့ပြောဆိုမှု၊ MPC မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ပြောဆိုမှုတွေတင်မကပဲ စစ်ဖက်ရဲ့လှုပ်ရှားမှုအခြေ နေကိုပါ အသေးစိပ်လေ့လာထည့်တွက်ဖို့လိုလာပါတယ်’’ လို့ Audun ကပြောပါတယ်။
သူရဲ့တွက်ဆချက်အတိုင်းဆိုရင် အခုကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲတဲ့ အရပ်ဝတ်စွမ်းအားရှင်တွေအပါဝင် ရဲ တပ်ဖွဲ့တွေအားလုံးကို ပြည်ထဲရေးကကိုင်ထားတယ်။ ပြည်ထဲရေးဟာ သမ္မတအောက်မှာမရှိပဲ ကာကွယ်ရေးဦးစီး ချုပ်အောက်မှာတိုက်ရိုက်ရှိနေတယ်။ ကျောင်းသားတွေအပါဝင် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အား စုတွေနဲ့ အစိုးရကညှိနှိုင်းနေပေမဲ့ တဖက်ကလုံခြုံရေး၊ စစ်ရေးအခြေနေကိုတော့ စစ်ဖက်က ကိုင်တွယ်ထားဆဲဖြစ် နေပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ မြန်မာအစိုးရကို ထောက်ခံတဲ့အခါမှာ လွန်ခဲ့တဲ့ ၄ နှစ်ကလိုမျိုး ချွင်းချက် မရှိ မျက်စိမှိတ်ထောက်ခံတာမျိုးကိုရပ်ပြီး ကန့်သန့်ချက်တွေ၊ ချွင်းချက်တွေထားပြီး ထောက်ခံတာမျိုး ပြောင်းလုပ်ဖို့ လိုလာပြီ။ ဘာမှမဝေဖန်ပဲ တိတ်ဆိတ်စွာနေခဲ့တဲ့ပေါ်လစီကို ပြန်သုံးသပ်ဖို့လာပြီလို့ သူကဆိုပါတယ်။
‘’ရဲ၊ စစ်တပ်နဲ့ အစိုးရဖက်ကတာဝန်ရှိသူတွေက ကျောင်းသားတွေအပါဝင် အတိုက်ခံအင်အားစုကို ဘယ်လို ပြုမူ ဆက်ဆံသလဲဆိုတာကို အသေးစိပ်စောင့်ကြည့်လေ့လာဖို့လိုလာပါတယ်။ တခါ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲရှိတဲ့ အတွက် သူတို့ရဲ့ခေါင်းဆောင်ကို ပြည်သူတွေက လွတ်လပ်စွာရွေးချယ်ခွင့်ရဖို့လိုပါတယ်။ ဒါကို စစ်ဖက်နဲ့ လက်ရှိ အစိုးရက လေးစားအသိအမှတ်ပြုဖို့လိုပါတယ်။ ဒီလိုလေးစားလာအောင် နိုင်တကာအသိုင်းအ၀ိုင်းက တနည်းနည်း နဲ့ဆောင်ရွက်ပေးဖို့လိုနေပါတယ်’’ လို့ Audun က ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာရဲ့ တုန့်ပြန်မှု
မြန်မာ့ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာကူညီပေးခဲ့သူ NGO တဦးက အခုလိုပြောသွားပေမဲ့ သူပြောသလို နိုင်ငံတကာအစိုးရတွေက လိုက်လုပ်ပါ့မလား။ နော်ဝေးအစိုးရ၊ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့ဖက်က သူတို့ရဲ့ မူဝါဒတွကို တကယ်ပြန်သုံးသပ်ပါ့မလား ဆိုတာကတော့ မေးခွန်းအဖြစ်ရှိနေဆဲပါ။ အခုအချိန်ထိတော့ အစိုးရဖက်က စွမ်းအားရှင်တွေသုံးပြီး အကြမ်းဖက်ဖမ်းဆီးတာကို ကန့်ကွက်ကြောင်းထုတ်ပြန်ချက်ကလွဲပြီး မူဝါဒဆိုင်ရာ ပြန်လည်သုံးသပ်မှုလုပ်မယ်ဆိုတဲ့ ကြေငြာချက်မျိုး မကြားရသေးပါဘူး။
( အီးယူ၊ နော်ဝေးနဲ့ နိုင်ငံတကာရဲ့ မြန်မာအပေါ်ထားတဲ့ မူဝါဒတွေ ပြန်သုံးသပ်ဖို့တောင်းဆိုနေသူများ)
အတိအကျပြောရမယ်ဆိုရင် လက်ပတ်နီဝတ် အရပ်သားတွေကိုသုံးပြီး အခုလိုအကြမ်းဖက်နှိပ်နှင်းတာကို ကန့် ကွက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ဥရောပသမဂ္ဂတို့က အခုလ ၆ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ဖမ်းဆီးတာ၊ အင်အာသုံးဖြိုခွဲတာဟာ ဒီမိုကရေစီစနစ်ဆီ အသွပြောင်းဖို့ ကြိုး ပမ်းဆောင်ရွက်မှုတွေနဲ့ မကိုက်ညီဘူးလို့ အမေရိကန်ကပြောပါတယ်။
မြန်မာရဲတွေကို သင်တန်းပေးမှုနဲ့ပတ်သက်ပြီး ရန်ကုန်ရှိသူတို့ရုံးရှေ့မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြခြင်းကိုခံရတဲ့ အီးယူ ရုံးဖက်ကတော့ သူတို့အနေနဲ့ ရဲတွေကိုသာ သင်တန်းပေးပြီး လက်ပတ်နီဝတ်တွေဟာ သူတို့နဲ့ဘာမှ မဆိုင် ဘူးလို့ပြောပါတယ်။ ဒါအပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဥပဒေဘောင်ထဲကနေ ငြိမ်းငြိမ်းချမ်းချမ်း စုဝေး ခွင့်တို့ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်လို့ အီးယူ ရန်ကုန်ရုံးရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
ဒီကြေညာချက် ၂ ခုနဲ့ လူ့အခွင့်ရေးအဖွဲ့ HRW ရဲ့ ကြေညာချက်ကလွဲရင် တခြားနိုင်ငံ၊ တခြားအဖွဲ့တွေဆီက တုန့်ပြန်ချက်မတွေ့ရသေးပါဘူး။ ဘာကြောင့်လဲ။
အရင်စစ်အစိုးရခေတ်က အစိုးရအပေါ်ဝေဖန်မှုတွေ ချက်ချင်းထုတ်လေ့ရှိတဲ့ နိုင်ငံတကာအစိုးရတွေ အခုချိန်မှာ ဘာကြောင့် တုန့်ဆိုင်းဆိုင်းဖြစ်ကုန်ကြတာလဲ။ လူ့အခွင့်အရေးထက် စီးပွါးရေးရင်းနှီးမြှုပ်နှံမှုဖက်ကို ပိုအာရုံစိုက် နေကြလို့လား။ ဒါမှမဟုတ် လူသိရှင်ကြား ထုတ်ဖေါ်မဝေဖန်ပဲနဲ့ ဦးသိန်းစိန်အစိုးရကို သံတမန်နည်းနဲ့ တိုးတိုးတိတ် တိတ်နားချနေသလား။
ပြည်ပရောက်မြန်မာတွေရဲ့အား အရင်လိုရှိသေးရဲ့လား
နိုင်ငံတကာအစိုးရတွေဖက်က မြန်မာအစိုးရအပေါ် ဖိအားပေးမှုတွေလုပ်လာစေဖို့အတွက် အဲဒီနိုင်ငံ အသီးသီး ဆီရောက်နေတဲ့ ပြည်ပရောက်မြန်မာတွေရဲ့ လှုပ်ရှားနိုင်မှုစွမ်းအားကလည်း အရေးကြီးမယ် ထင်ပါတယ်။ အရင် စစ် အစိုးရခေတ်က သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာ့သံရုံးတွေရှေ့မှာ၊ ကုလသမဂ္ဂရုံးအပါဝင် နိုင်ငံတကာရုံးတွေရှေ့ မှာ မကြာခဏဆန္ဒပြလေ့ရှိတဲ့ ပြည်ပရောက်သူတွေရဲ့ လှုပ်ရှားမှုဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီး က တည်းက ငြိမ်သက်သွားခဲ့တာ အခုချိန်အထိပါပဲ။
(၁၉၉၀ လွှတ်တော်အမတ်တဦးဖြစ်သူ ဦးဗိုလ်သောင်း အမှာစကားပြောနေစဉ်)
ကျနော်မှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်၊ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလမှာ သမ္မတဦးသိန်းစိန် နော်ဝေးလာစဉ် က ဆန္ဒပြပြီးနောက်ပိုင်း အခုတကြိမ်ဟာ ပထမဆုံးပါပဲ။ ဒီတကြိမ်ထူးတာကတော့ အလားတူဆန္ဒပြပွဲတွေကို ဂျပန် နဲ့ အမေရိကန်မှာလည်းလုပ်ကြတယ်လို့သိရပါတယ်။ ဒါပေမယ့် အရင်က မကြာခဏဆန္ဒပြကြတဲ့ ထိုင်း၊ အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ တခြားနိုင်ငံတွေရှိ မြန်မာတွေဆီကတော့ ဘာအသံမှမကြားရသေးပါ။
တခါ ၀ါရှင်တန်အခြေစိုက် US Campaigne for Burma အပါဝင် မြန်မာ့အရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ၊ တခြား နိုင်ငံအသီးသီးရှိ အဖွဲ့တွေ၊ မြန်မာ့အရေးကျွမ်းကျင်သူတွေရဲ့ အသံကိုလည်း အရင်လို မကြားရတော့ပါ။ အခုချိန်မှာ ဒီအသံတွေကို အရင်လိုပြန်ဖေါ်ဖို့လိုမလား။ မြန်မာအစိုးရကို ဆက်ဖိအားပေးဖို့ လိုမလား။ ပြန်သုံးသပ်ဖို့လိုလာ နေပါတယ်။
ပြုပြင်ပြောင်းလဲမှုအရှိန်ကောင်းနေတဲ့ ၂၀၁၃ နွေဦးနဲ့ အခု လက်ပတ်နီတွေလမ်းပေါ်ထွက်လာတဲ့ ၂၀၁၅ နွေဦး အကြား အခြေနေတွေက အတော်ပြောင်းလဲသွားခဲ့ပါပြီ။ သမ္မတဦးသိန်းစိန် နော်ဝေးကိုလာစဉ် ၂၀၁၃ မှာ ဆန္ဒပြ တော့ ဒီအချိန်မှာဘာကြောင့်ဆန္ဒပြတာလဲ။ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့အချိန်မှာ ဆန္ဒမပြပဲ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ရမှာမဟုတ်ဘူးလားဆိုပြီး မီဒီယာတွေက ဆန္ဒပြသူတွေကို မေးခွန်းထုတ်ခဲ့ ကြပါတယ်။
ဒါပေမယ့် ဒီတကြိမ်မှာတော့ အဲဒီလိုမေးခွန်းထုတ်သံ မကြားရတော့ပါဘူး။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီနေ့အခြေနေဟာ ၂၀၁၃ အခြေနေနဲ့မတူတော့ပါ။ အစိုးရဖက်က ပေးထားတဲ့ကတိတွေအတိုင်းမဆောင်ရွက်နိုင် တဲ့အပြင် ကတိပျက်မှုတွေ၊ အကြမ်းဖက်နှိပ်ကွပ်မှုတွေပါ လုပ်လာနေပြီဖြစ်တဲ့အတွက် ဆန္ဒပြမှုတွေဟာ လုပ်သင့် တဲ့အလုပ်၊ အစိုးရအပေါ် ဝေဖန်ထောက်ပြမှုတွေ တကယ်လုပ်ဖို့လိုနေပြီဆိုတာကို အားလုံးက လက်ခံလာတဲ့သ ဘောမျိုးတွေ့လာနေရပါတယ်။
ဒါပေမယ့် ဆန္ဒပြသူတွေရဲ့လက်ထဲမှာကိုင်ထားတဲ့ ကြွေးကြော်သံဆိုင်းဘုတ်တွေ၊ တောင်းဆိုသံဆိုင်းဘုတ်တွေထဲ ကအတိုင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂနဲ့နော်ဝေးအစိုးရရဲ့ မူဝါဒတွေကိုပြန်လည်သုံးသပ်ပေးဖို့၊ နိုင်ငံတကာရဲ့ အကူညီတွေအလုပ်ဖြစ်မဖြစ် ပြန်လည်သုံးသပ်ပေးဖို့ တကယ်ဖြစ်လာစေချင်ရင်တော့ ပြည်ပရောက်မြန်မာတွေရဲ့ ဆန္ဒပြပွဲတွေ၊ ဖိအားပေးမှုတွေက ဒီထက်မက အားရှိဖို့လိုမယ်ထင်ပါတယ်။
ပြည်တွင်းကိုဝင်သည်ဖြစ်စေ၊ ပြည်ပမှာဆက်နေသည်ဖြစ်စေ၊ ပြည်တွင်းဆီ ၀င်လိုက် ထွက်လိုက်လုပ်နေသည်ဖြစ် စေ၊ ဒီလူတွေအားလုံးရဲ့ အဓိကဦးတည်ချက်ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီထွန်းကားလာရေးပဲ မဟုတ်ပါ လား။ ဒါကြောင့် ဒီတည်ချက်အပေါ်မှာ အားလုံးစုစည်းပြီး ပြည်တွင်း-ပြည်ပ လှုပ်ရှားမှုတွေကို ဟန်ချက်ညီလုပ်သွား ဖို့၊ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရရဲ့ လွှဲမှားတဲ့လုပ်ရပ်တွေအပေါ် အသေချာထောက်ပြ ဝေဖန်ဖို့၊ နိုင်ငံတကာ အစိုးရတွေဆီကနေ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပေါ် ဒီထက်မက ထောက်ခံလာအောင် အားလုံး ၀ိုင်းဝန်း ဆောင်ရွက်ရမဲ့အချိန် ရောက်နေပြီဖြစ်ပါတယ်။ ။
(ဒီဆောင်းပါးဟာ မတ်လ ၈ ရက်နေ့မှာရေးပို့ထားတာဖြစ်တဲ့အတွက် ၁၀ ရက်နေ့ကဖြစ်ပွါးခဲ့တဲ့ လက်ပတန်းက ကျောင်းသားဆန္ဒဖြိုခွဲခံရမှုအကြောင်းမပါသေးပါ။ နောက်ထပ် ပြည်ရောက်တွေရဲ့ ဆန္ဒပြပွဲနဲ့ နိုင်ငံတကာရဲ့တုန့်ပြန်ချက်တွေကိုလည်း ဒီဆောင်းပါးထဲ မပါသေးပါ)။
0 comments:
Post a Comment