Friday, March 27, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၅၃)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလနှင့် DVB အရွေ

ဒေါ်လာ သိန်းလာဘ်စားမှု၊ ၀ါရင့်သတင်းထောက်တွေ အလုပ်ထုတ်ခံရမှုတွေရှိခဲ့ပေမယ့်လည်း DVB ရဲ့ သြဇာ အရှိန်အ၀ါဟာ ပရိသတ်အပေါ် ကြီးမားနေဆဲဖြစ်ပါတယ်။ DVB ယာယီညွှန်မှုးအပါဝင် ပြည်ပက မီဒီယာဆရာကြီးတွေ နေပြည်တော်ဆီအ၀င်အထွက်လုပ်ခွင့် ရနေပြီဆိုပေမဲ့ သတင်း လွတ်လပ်ခွင့်မရှိ သေးပါ။ ဒီလို အခြေနေမှာ အစိုးရသစ်ရဲ့ကိုယ်စားလှယ် ၀န်ကြီးဦးအောင်ကြည်နဲ့ အတိုက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေးနွေးမှုအရေအတွက်များလာပြီး NLD ပါတီ ရွေးကောက်ပွဲ ၀င်နိုင်အောင် ရွေးကောက်ပွဲ ဥပဒေကို ပြန်ပြင်ပေးမယ်လို့ အစိုးရဖက်က ကမ်းလှမ်းခဲ့ပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ပထမ ဆုံးအကြိမ် တွေ့ဆုံစဉ်)

မှတ်တမ်းတွေအရဆိုရင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ အဲဒီလိုသဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။ တချိန်ည်းမှာပဲ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်ဦးညဏ်ဝင်းကနေ အစိုးရဖက်ကသာ ရွေးကောက်ပွဲဥပဒေကို ပြင်ပေးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ရွေးကောက်ပွဲ ၀င်ကောင်းဝင်နိုင်တယ်လို့ မီဒီယာတွေ ကိုပြောလိုက်ပါတယ်။ 

အဲဒီနောက်ပိုင်း အောက်တိုဘာလ ၁၂ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့်ကို လွှတ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ ဇာဂနာ၊ မစုစုနွေး၊ ကိုဝင်းမော် (ရွှေသံစဉ်-DVB) နဲ့ ဗိုလ်ချုပ်ဆေထင်တို့ ပါဝင်ပါတယ်။ နိုင်ငံတကာ သံတမန်တချို့ မြန်မာနိုင်ငံဆီဝင်ခွင့်ရလာပြီး အစိုးရ၀န်ကြီးတွေအပြင် အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ပေးလာပါတယ်။ အဲဒီထဲမှာ နော်ဝေး နိုင်ငံတကာဖွံ့ဖြိုးမှုအကူညီပေး ရေးဝန်ကြီး Erik Solheim လည်းအပါဝင်ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ NLD ပါတီက ပါတီမှတ်ပုံတင်လုပ်ပြီး လာမဲ့ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ် ပြိုင်မှာဖြစ်တယ်လို့ ကြေညာချက်ထုတ်လိုက်ပါတယ်။ ဒီဇင်ဘာလ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်လရီကလင်တန် မြန်မာနိုင်ငံဆီရောက်လာပါတယ်။ ဒါဟာ နှစ် ၅၀ အတွင်း ပထမဆုံး အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးတဦးရဲ့ခရီးစဉ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ တကယ့် အပြောင်းအလဲတွေဖြစ်လာတော့မလားဆိုပြီး အားလုံးက မျှော်လင့်ခဲ့ပါတယ်။

ဒီဇင်ဘာ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကော့မှုးမြို့နယ်မှာ ၀င်ပြိုင်မယ်လို့ NLD က ကြေ ညာ လိုက်ပါတယ်။ ဇန်နာဝါရီလအတွင်းမှာတော့ NLD ပါတီကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြိး ဒေါ်အောင်ဆန်းစု ကြည် ဥက္ကဌဖြစ်လာပါတယ်။ အဲဒီနေ့မှာပဲ ပါတီဝင်အသစ်တွေကိုစတင်လက်ခံခဲ့ပြီး တနိုင်ငံလုံးရှိ ပါတီရုံးခန်းတွေ ကိုလည်း တဖြေးဖြေးနဲ့ စတင်ဖွှင့်လှစ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇန်နာဝါရီလ ၁၄ ရက်နေ့မှာတော့ နာမည်ကြီးတွေအပါဝင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် ထပ်လွတ်လာပါတယ်။ အဲဒီထဲမှာ မင်းကိုနိုင်၊ ကိုကိုကြီးအပါဝင် ကျောင်းသားခေါင်းဆောင်တွေ၊ ခွန်ထွန်းဦးအပါဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဇော်သက်ထွေး၊ နေဘုန်းလတ်အပါဝင် စာနယ်ဇင်း သမားတွေ၊ ဂန်ဘီရ၊ ၀ိရသူအပါဝင် သံဃာင်္တော်တွေ၊ ဗိုလ်ချုပ်ခင်ညွန့်အပါဝင် စစ်ထောက်လှမ်းရေး ဟောင်းတွေ အတော်စုံလင်တာကို တွေ့ရပါတယ်။

ဇန်နာဝါရီလကုန်ပိုင်းမှာတော့ ABSDF ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ကိုအောင်နိုင်ဦး၊ ကိုအောင်သူငြိမ်း အပါဝင် ပြည်ပရောက်နိုင်ငံရေးသမားနဲ့ ပညာရှင်တချို့ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံဆီလေ့လာရေး သွားကြပါတယ်။ တချိန်တည်းမှာပဲ ABSDF နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါဝင် နယ်စပ်တကျော ရှိ ဒီမိုကရေစီအင်အားစုတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ ပြည်တွင်းပြန်လာဖို့ အစိုးရဖက်က ဖိတ်ခေါ်ခဲ့ ပါတယ်။

ဒီလိုနိုင်ငံရေးအခြေနေတွေလှုပ်လှုပ်ရှားရှာဖြစ်လာတဲ့အချိန်မှာ VOA, BBC သတင်းဌာနတွေကလည်း မြန်မာနိုင်ငံဆီ ပြည်ဝင်ခွင့်ဗီဇာတွေရခဲ့ပါတယ်။ DVB ညွှန်မှုး ကိုအေးချမ်းနိုင်ကတော့ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါ ရီလ ၂၇ ရက်နေ့မှာ နေပြည်တော်ဆီရောက်လာခဲ့ပါတယ်။ အဲဒီနောက် ဒုညွှန်မှုး ကိုခင်မောင်ဝင်းလည်း ထပ်သွားခဲ့ပြီး DVB မြန်မာနိုင်ငံမှာပြန်လည်အခြေချရေးအတွက် အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ် လို့သိရပါတယ်။


လွှတ်တော်ဥက္ကဌ ဦးရွေမန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ DVB

နိုင်ငံရေးအခြေနေတွေ ဒီလိုပွင့်လင်းလာတာနဲ့အညီ နိုင်ငံတကာရဲ့ မြန်မာအစိုးရအပေါ် သဘောထားတွေ ကလည်း ပြောင်းလဲလာပါတယ်။ အရင်ကလုပ်ထားတဲ့ စီးပွါးရေးပိတ်ဆို့မှု၊ ဗီဇာ ပိတ်ဆို့မှုတွေကိုရုတ်သိမ်း ပေးဖို့စဉ်းစားလာပြီး ဦးသိန်းစိန်နဲ့တကွ ၀န်ကြီးတွေ၊ လွှတ်တော်အမတ်တွေကို လေ့လာရေးခရီးစဉ်တွေ အဖြစ် ဖိတ်ကြားလာကြပါတယ်။ ဒီအစီစဉ်အရ ၂၀၁၂ ခုနှစ် မေလအတွင်း နော်ဝေးနိုင်ငံဆီ ပထမ ဆုံး ရောက်လာတဲ့အဖွဲ့ကတော့ လွတ်တော်ဥက္ကဌ ဦးရွှေမန်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ပါပဲ။

(၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့က နော်ဝေးအမျိုးသားနေ့အခန်းနားမှာတွေ့ရတဲ့ ဦးရွှေမန်းနှင့်အဖွဲ့)

ထူးခြားတာကတော့ ဒီအဖွဲ့ထဲမှာ ကြံ့ခိုင်ရေးအမတ်တွေအပြင် ၂၀၁၂ ခုနှစ် ဧပြီလ ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်တော်အမတ်နေရာ ၄၀ လောက်အနိုင်ရထားတဲ့ NLD ပါတီမှ အမတ် ဦးလည်းပါလာပါတယ်။ တခါ NDF နဲ့ တိုင်းရင်းသားပါတီတွေက အမတ်တွေလည်းပါလာပါတယ်။ နော်ဝေး အစိုးရနဲ့ ပါလီမန်ရဲ့ ဖိတ်ကြားချက်အရ ရောက်လာသူတွေဖြစ်ပေမဲ့ ဒီမိုကရေစီဘက်တော်သားတွေဆိုတော့ ဒီမိုကရေစီကိုယ်စားပြုသတင်းဌာန DVB ရုံးခန်းဆီ ဒီလူတွေရောက်လာကြပါတယ်။

‘’အမတ်တွေက ခင်ဗျားတို့လူဟောင်းတွေကို တွေ့ချင်လို့’’ ဆိုပြီး သတင်းရတော့ DVB ရုံးဆီ ကျနော် ဆင်းသွားပါတယ်။ ဆင်းသွားတယ်ပြောလို့ ကျနော်က တောင်ပေါ်မှာနေပြီး DVB ရုံးက တောင်အောက် မှာလို့ မထင်လိုက်ပါနဲ့။ DVB မှာ တသက်လုံးလုပ်မယ်ဆိုပြီး စိတ်ကူးထားတဲ့ကျနော်ဟာ အလုပ်သွားရ လာရ လွယ်ကူအောင်ဆိုတဲ့ စိတ်ကူးနဲ့ DVB ရုံးအပေါ်ထပ်က အထပ်ခိုးအခန်းလေးကိုငှားနေခဲ့တာ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးကာလကနေ ဒီနေ့ အထိပါပဲ။ ဒီတော့ ရုံးတက်ခွင့်မရှိတော့ဘူးဆိုပေမယ့်လည်း ညနေရုံးဆင်းချိန် အရက်ဝိုင်းကိုတော့ (ညွန်မှုး ဦး မရှိဘူးဆိုရင်) ပုံမှန်နီးပါး မပျက်မကွက်တက်ရောက်နေ ဆဲပါ။

ဒီတော့ အတွင်းရေး၊ အပြင်ရေးသတင်းပေါင်းစုံကို သိနေဆဲဆိုပါတော့။ ရုံးခန်းထဲ ကျနော်ဝင်လာတဲ့အချိန် မှာ အမျိုးသမီးအမတ် ဦးကို မအေးအေးမွန်က TV စတူဒီယိုထဲမှာ အင်တာဗျုးလုပ်နေပါတယ်။ အဲဒီ အမတ်တွေကတော့ ကချင်ပါတီမှ ဒေါ်ဒွဲဘူ၊ ရှမ်းပါတီမှ နန်းဝါနု၊ ရခိုင်ပါတီမှ ဒေါ်ခင်စောဝေနဲ့ မွန်ပါတီမှ မိမြင့်သန်းတို့ဖြစ်ပါတယ်။ ရုံးခန်းထဲမှာတွေ့ရသူတွေကတော့ NLD မှ ဒေါက်တာမျိုးအောင်နဲ့ ကိုသိန်းဆွေ၊ NDF မှ ကိုခင်မောင်ရီ၊ ဖလုံစဝေါ်မှ စောသိန်းအောင်နဲ့ တစည မှ ဦးညဏ်ဆွေတို့ဖြစ်ပါတယ်။ 

အားလုံးကို နှုတ်ဆက်စကားပြောဖြစ်တယ်ဆိုပေမယ့် ညနေပိုင်း အရက်ဝိုင်းရောက်တဲ့အထိ အချိန်ကြာကြာ ပြောဖြစ်သူတွေထဲမှာတော့ ကိုခင်မောင်ရီ၊ ဖထီးစောသိန်းအောင်နဲ့ ဦးညဏ်ဆွေတို့သာကျန်ပါတယ်။ ပြောတဲ့အကြောင်း အရာကလည်း နေပြည်တော်ဧည့်ရိပ်သာ ( ကြံခိုင်းရေးအမတ်မှအပ ကျန်လွတ်တော် အမတ်တွေအားလုံး အဲဒီမှာ လခပေး တည်းရပါတယ်) မှာ မီးပျက်လို့ ခြင်ကိုက်တဲ့ကိစ္စကနေ ပါလီမန်ထဲ ဥပဒေကြမ်းအဆိုပြုတဲ့အထိ ပါဝင်ပါတယ်။

စစ်သားအမတ် ၂၅ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးအမတ်က ၇၀ ရာခိုင်နှုံးကျော်ရှိနေတဲ့ လက်ရှိလွှတ်တော်ကနေ အပြောင်းအလဲတွေတကယ်လုပ်နိုင်ပါ့မလား။ လူကြီးမင်းတို့ရဲ့အဆိုတွေကို လွတ်လပ်စွာတင်ပြခွင့်ရပါရဲ့ လားဆိုပြီး မေးကြည့်အခါမှာတော့ "အစောပိုင်းတုန်းကတော့ နဲနဲရှိန်နေလို့ သိပ်မတင်ပြရဲဘူးပေါ့ဗျာ။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသားအကြောင်း၊ ထောင်တွင်းအတွေ့အကြံတွေကိုပါ ထည့်ပြောနိုင်တဲ့ အထိ လွှတ်တော်က လွတ်လပ်လာပါတယ်" လို့ ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးသူ ဦးခင်မောင်ရီက ပြော ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ DVB ရုံးဆီရောက်လာတဲ့ အမတ်တွေအားလုံးကတော့ ဒီမိုကရေစီကို ယုံကြည်ပြီး လွှတ်တော်လမ်းကြောင်းကနေ သူတို့နိုင်သလောက် အများပြည်သူအတွက် လုပ်ပေးမယ်ဆိုတဲ့ဆန္ဒရှိကြ တာကို တွေ့ရပါတယ်။ DVB ရုံးဆီ မလိုက်လာပဲ ဦးရွှေမန်းတို့တည်းတဲ့ Grand Hotel မှာကျန်နေတဲ့ အမတ်တွေနဲ့တော့ စကားပာခွင့်မရလိုက်လို့ သူတို့ရဲ့သဘောထားကို သိခွင့်မရလိုက်ပါဘူး။ ဒါပေမယ့် DVB နဲ့ ဦးရွှေမန်း အင်တာဗျုးအတွင်း (DVB ရုံးဆီမလာပဲ ဟိုတယ်မှာ အင်တာဗျုးလုပ်ခြင်းဖြစ်) ပြောကြားချက် တွေအရတော့ သူတို့ကလည်း သူတို့နည်းသူတို့ဟန်နဲ့ ဒီမိုကရေစီသွားဖို့ကြိုးစားနေတယ်ဆိုတာကို သိခွင့်ရ ခဲ့ပါတယ်။

ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်းတွေ ဒီလိုပြောသွားပေမယ့်လည်း နောက်တရက် (မေလ ၁၇ ရက်) မှာကျင်းပတဲ့ နော်ဝေအမျီုးသားနေ့အခန်းနားတက်စဉ်မှာ မြန်မာနိုင်ငံကအခန်းနားတွေလို လူကြီး မင်းတွေ အတွက်သီးသန့်အထူးခန်း၊ အထူးခိုင်ခုံမထားပေးပဲ သာမန်ခုံတန်းမှာ အများပြည်သူနဲ့အတူ ထိုင် ခိုင်းတဲ့အတွက် မြန်မာလူကြီးမင်းတွေ နည်းနည်းစိတ်ကသိကအောင့်ဖြစ်ခဲ့ရတယ်လို့သိရပါတယ်။ ဒီမိုကရေစီကိုသွားချင်တယ်ဆိုပေမယ့်လည်း အခွင့်ထူးခံစစ်ဗိုလ်ဟောင်းလူတန်းစားရဲ့ စဉ်းစားပုံတွေက တော့ ကာလတခုထိ ဒီလိုဆက်ရှိနေသေးတယ်လို့ ထင်မြင်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် DVB ရုံးကို ဘာကြောင့်မလာသလဲ

လွှတ်တော်ဥက္ကဌ ဦးရွှေမန်းတို့အဖွဲ့ပြန်သွားပြီး သိပ်မကြာခင် ဇွန်လ ၁၅ ရက်နေ့မှာ လွှတ်တော်အမတ် လည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်လည်းဖြစ်၊ ၁၉၉၁ ခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အော်စလိုမြို့ဆီရောက်လာပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဆိုတော့ သူကိုကြိုတဲ့ပရိသတ်က ဦးရွှေမန်းတို့ကိုကြိုတဲ့ ပရိသတ် နဲ့မတူ။ နိုင်ငံတကာရောက် မြန်မာမိသားစုတွေ ရာနဲ့ချီပြီးလာရောက်ကြိုဆိုကြပါတယ်။


(၂၀၁၂ ခုနှစ် ဇွန်လက အော်စလိုမြို့ဆီရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာမိသားစုတွေက ကြိုဆိုနေစဉ်)

မြန်မာရိုးရာဝတ်စုံတွေ၊ တိုင်းရင်းသားဝတ်စုံတွေ၊ အနောက်တိုင်းဝတ်စုံတွေ စသဖြင့် အရောင်မျိုးစုံ၊ နောက်ခံသမိုင်းကြောင်းမျိုးစုံကလာတဲ့လူတွေဟာ ခွပ်ဒေါင်းအလံတွေဝှေ့ယမ်း၊ အိုးစည်ဗုံမောင်းတွေတီးပြီး အကအခုန်တွေနဲ့ ၀မ်းသာအားရကြိုဆိုကြတာကိုတွေ့ရပါတယ်။ ဒါက ဒေါ်စု စရောက်တဲ့နေ့က ပါလီမန်ရှေ့ နဲ့ Grand Hotel ရှေ့က မြင်ကွင်းကိုပြောတာပါ။

နောက်တရက်မှာတော့ ၁၉၉၁ ကတည်းရထားပေမယ့် အကျယ်ချုပ်ကျခံနေရလို့ လာမယူနိုင်ခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုကိုလက်ခံရင်း အော်စလိုမြို့တော်ခန်းမမှာ မိန့်ခွန်းပြောကြားပါတယ်။ ဒီအခန်းနား ဆီတက်ဖို့ တလနီးပါး ကြိုတင်စာရင်းပေးရတဲ့အတွက် နိုင်ငံတကာကနေရောက်လာတဲ့ မြန်မာတချို့ တက်ခွင့်မရလိုက်ပါ။ ဒါပေမယ့် ဒီအခန်းနားအပြီးမှာ မြန်မာပရိသတ်နဲ့ သီးခြားတွေ့တဲ့ နောက်ထပ် အခန်းနားတခုကို နိုဗယ်စင်တာမှာပြုလုပ်ခဲ့ပါသေးတယ်။ ပြီးတော့ အဲဒီစင်တာရှေ့က စင်မြင့်ပေါ်တက်ပြီး အော်စလိုလူထုနဲ့တွေ့ဆုံပွဲကလည်း တိုးမပေါက်အောင် စည်ကားခဲ့ပါတယ်။

ဒါက လူတိုင်း မြင်နိုင်သိနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေးခရီးစဉ်ပါ။ ဒါဖြင့် လူတိုင်း မသိနိုင်တဲ့ အခြေနေတွေကောရှိသေးလို့လားဆိုပြီး မေးစရာဖြစ်လာပါတယ်။ ရှိတယ်လို့ထင်ပါတယ်။ ထင်ပါတယ် ဆိုတာက ဒီသတင်းတွေကို ကျနော်ဟာ တဆင့်ခံကြားရတာသာဖြစ်ပြီး အခုချိန်ထိ တာဝန်ရှိသူတွေကို အတိအကျမေးမြန်းခွင့်မရသေးသလို တာဝန်ရှိသူတွေဖက်ကလည်း တစုံတရာထုတ်ဖေါ်ပြောဆိုခြင်း မရှိ သေးလို့ ဖြစ်ပါတယ်။ 

အဲဒီထဲက အထူးခြားဆုံးသတင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို DVB ရုံးဆီ လာလည်ဖို့ ညွှန်မှုးတွေက ဖိတ်ကြားခဲ့ခြင်းမရှိဘူး။ ဘာကြောင့်လည်းဆိုရင် အဲဒီအချိန်မှာ ပြန်ကြားရေးဝန်ကြီး (အဲဒီတုန်းက ဒုညွှန်မှုး အဆင့်ပဲရှိသေး) ဦးရဲထွဋ်တို့အဖွဲ့ ရုံးမှာရှိနေတာကြောင့်လို့ဆိုပါတယ်။ ဒါ တဆင့်ကြားရတဲ့သတင်းပါ။

ကျနော်ကို်ယ်တိုင်သိတာကတော့ ဒေါ်အောင်ဆန်းစုကြည်က Grand Hotel မှာတည်းနေစဉ် ဦးရဲထွဋ်တို့ အဖွဲ့ကလည်း အဲဒီဟိုတယ်နဲ့ကျောချင်းကပ်နေတဲ့ Hotell Bondeheimen မှာတည်းနေပါတယ်။ ဒေါ်စု ပွဲကို သတင်းလာယူတဲ့ မြန်မာသတင်းထောက်တချို့နဲ့ အဲဒီဟိုတယ်က ကော်ဖီဆိုင်မှာထိုင်နေတုန်း ‘’မြန်မာ ၀န်ကြီးတချို့ ပုလင်းတွေဆွဲပြီး ခုနလေးကတင် DVB ရုံးဆီထွက်သွားပြီ၊ ခင်ဗျားသောက်ချင်ရင် အမြန် လိုက်သွား’’ ဆိုပြီး သတင်းထောက်တဦးက ကျနော်ကိုပြောပါတယ်။

ထူးခြားတာကတော့ ဒီဝန်ကြီတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလိုကျောချင်းကပ်ဟိုတည်မှာတည်းနေ တာတောင် ဒေါ်စု ဆုယူတဲ့ပွဲဆီ တက်လာတာ မတွေ့မိပါဘူး။ နော်ဝေးအစိုးရဖက်ကနေ အတိုက်ခံနဲ့ အစိုးရ နီးနီးကပ်ကပ်ရှိအောင် စီစဉ်ပေးခဲ့ပုံရပေမယ့်လည်း ကျောချင်းကပ်ဆိုတော့ ၃ နဲ့ ၄ သဘောဖြစ်သွားပုံရ ပါတယ်။ နောက်တကြိမ်ဆိုရင်တော့ ကျောချင်းကပ်အစား မျက်နှာချင်းဆိုင်ဖြစ်စေ၊ ဟိုတယ်တခုတည်း မှာဖြစ်စေ တည်းနိုင်အောင် စီစဉ်ပေးနိုင်ရင် ကောင်းမလားလို့ စဉ်းစားရင်းပြုံးမိပါသေးတယ်။

ထားတော့။ အဲဒီအချိန်ထိ အလုပ်အထုတ်မခံရသေးတဲ့ ၀န်ထမ်းတဦးရဲ့ပြန်ပြောပြချက်အတိုင်းဆိုရင်တော့ ဦးရဲထွဋ်နဲ့ဝန်ကြီးအဖွဲ့ကို ၄ ထပ် (TV အထပ်) မှာဧည့်ခံပြီး ၃ ထပ် (ရေဒီယိုအထပ်) ဆီရောက်နေတဲ့ NCGUB ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းကိုတော့ ဘယ်သူကမှ အရေးတယူကြိုဆိုခြင်းမရှိဘူးလို့ သိရ ပါတယ်။ 

DVB ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ရှိနေဆဲဖြစ်တဲ့ ဒေါက်တာစိန်ဝင်းဟာ သူရဲ့ခေါင်းဆောင်လည်းဖြစ်၊ ညီမ လည်းတော်စပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့အတွက် အမေရိကန်ကနေ အော်စလိုဆီ ဒေါ်စု မလာခင်ရက်ပိုင်းလေးကမှ ရောက်လာတာလို့ သိရပါတယ်။ ဒါပေမယ့် ဒေါ်အောင် ဆန်းစုကြည်နဲ့ အဆက် အသွယ်မရသေးလို့ DVB ရုံးဆီ ရောက်လာပြီး ဗိုက်ဆာဆာနဲ့ မားမားခေါက်ဆွဲ ပြုတ်သောက်နေတာလို့ အဲဒီပုဂ္ဂိုလ်ကပြောပါတယ်။

‘’အပေါ်မှာ ၀န်ကြီးအသစ်တွေနဲ့ ၀ိုင်းကောင်း ပျော်မြူးနေကြတော့ ကျေးဇူးရှင် ၀န်ကြီးချုပ်ဟောင်းကို သူတို့ က မေ့ထားလိုက်ပြီပေါ့ဗျာ’’ ဆိုပြီး သူက သံဝေဂအသံနဲ့ ပြန်ပြောပြခဲ့ပါတယ်။ ကျနော်လည်း စိတ်မကောင်း ပါ။ ဒါပေမယ့် ဒီထက်ပိုစိတ်မကာင်းဘွယ်ကြားရတဲ့သတင်းက အဲဒီလို ၀န်ကြီးအသစ်တွေနဲ့ နှစ်ပါးသွား နိုင်ရေး၊ နေပြည်တော်နဲ့ ရွှေလမ်းငွေလမ်းဖောက်နိုင်ရေးအတွက် DVB ရုံးမှာ အလုပ်များနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို DVB ရုံးဆီမဖိတ်တော့ပဲ Grand Hotel မှာပဲ အင်တာဗျုးသွားလုပ်ခဲ့တယ် ဆိုတဲ့ သတင်းပါ။

ဒါတွေက နောက်ပိုင်းမှာ ကြားရတာပါ။ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည် DVB ရုံးဆီ ဘာကြောင့် မလာတာလဲ။ အလုပ်ကိစ္စများလွန်းလို့အချိန်မရရင်တောင် ခဏလေးဖြစ်ဖြစ် ၀င်လာသင့်ပါ တယ်။ DVB ဆိုတာ သူ့အမည်နဲ့ရထားတဲ့ သတင်းဌာန၊ သူ့အကျယ်ချုပ်ကျခံနေရစဉ်မှာ ရေဒီယိုလေးကို ခြင်ထောင်တိုင်ပေါ်တင်ပြီး ခဲရာခဲဆစ်နားဆင်ခဲ့ဖူးတဲ့ရေဒီယိုလို့ သူကိုယ်တိုင်ပြောခဲ့ဖူးတယ်မဟုတ်ပါလား။ အခုတော့ အော်စလိုကိုရောက်ပြီးမှ DVB ရုံးဆီ ခဏလေးတောင်မလာဘူးဆိုတော့ ဒီမိုကရေစီ ခေါင်းဆောင်တဦးအနေနဲ့ တာဝန်မဲ့ရာကျပါတယ်ဆိုပြီး ကျနော်က သူ့ကိုအပြစ်တင်နေတာပါ။

ဒါပေမယ့် လန်ဒန်ကိုရောက်တဲ့အခါမှာတော့ BBC ရုံးဆီသွားပြီး မြန်မာပိုင်း ၀ိုင်းတော်သားတွေနဲ့ ရင်းနှီးစွာ တွေ့ဆုံ စကားပြော၊ ဓာတ်ပုံရိုက်ထားတာတွေ့ရတော့ ကျနော့်စိတ်ထဲ ပိုခံစားရပါတယ်။ တခါ အမေရိကန် ခရီးစဉ်အတွင်းမှာလည်း VOA, RFA ရုံးတွေဆီသွားပြီး မြန်မာပိုင်းဝိုင်းတော်သားတွေနဲ့ ရင်းနှီးစွာတွေ့ဆုံ၊ ဓာတ်ပုံရိုက်ထားတာတွေ့တော့ ငါတို့ DVB ကို ဒေါ်စု ဘာများစိတ်ကွက်ခဲ့လို့လဲဆိုပြီး တွေးတောနေမိပါ တယ်။

ဒေါ်စုခရီးစဉ်ပြီးလို့ ၄-၅ လလောက်ကြာပြီးမှ DVB က သူ့ကိုမဖိတ်တဲ့အတွက် မလာဖြစ်ဘူးဆိုတာကို သတင်းကြားရပါတယ်။ ‘'သူက နိုင်ငံရေးသမား၊ ကျနော်တို့က ပရိုဖက်ရှင်နယ် သတင်းသမားတွေ၊ ဒါကြောင့် ကိုယ့်အလုပ်ကိုယ်လုပ်ရုံပဲ’’ ဆိုပြီး ညွှန်မှုးတဦးက ပြန်ပြောတယ်လို့လည်းကြားမိပါတယ်။ ဒီသတင်းတွေသာ တကယ်ဟုတ်တယ်ဆိုရင်တော့ DVB ညွှန်မှုးတွေဖက်က အသေအချာ ထုချေလွှာပေး သင့်တဲ့ကိစ္စပါပဲ။
..................................................

2 comments:

This comment has been removed by the author.

ရှေ့ပိုင်းမှာ မေ့ကျန်နေခဲ့လို့ နည်းနည်း ထပ်ဖြည့်ပြီး ဒီမှာပဲရေး လိုက်ပါတယ်...။
.........

DVB ညွန်မှုးတွေ နေပြည်တော်ကိုသွားပြီးတဲ့နောက် MRTV က လူတွေကို သင်တန်းပေးတာ၊ ကွန်ပြူတာနဲ့ အခြားပစ္စည်းတွေအလှူပေးတာအပြင် MRTV က သတင်းတချို့ကို DVB-TV မှာ လွှင့်ပေးဖို့ သဘောတူချက် လက်မှတ်ရေးထိုးခဲ့ရတယ်ဆိုပါတယ်။

လက်မှတ်ထိုးတဲ့စာချုပ်ကို ကျနော်မမြင်ရပေမယ့် MRTV က လွှင့်နေကြ သတင်းတချို့ကို DVB-TV မှာ လွှင့်တာကိုတော့ အသေချာ ကြည့်လိုက်ရပါ တယ်။

ဘယ်လိုသတင်းမျိုးလည်းဆိုတော့ အစိုးရ၀န်ကြီတွေ၊ စစ်ဗိုလ်တွေ နည်လှည့်ခရီးသွားပွဲသတင်းတွေပေါ့။ ဒါပေမယ့် ထူးခြားတာကတော့ ၀န်ကြီးကနေ အထက်အဆင့်ဆိုရင် MRTV ကပဲလွှင့်ပြီး ၀န်ကြီးကနေ အောက်အဆင့်လှုပ်ရှားမှုတွေကိုသာ DVB-TV က လွှင့်ခွှင့်ရတာကိုတွေ့ ရပါတယ်။

ဒါဟာ အစိုးရနဲ့အပေးအယူလုပ်တဲ့သဘော၊ အယ်ဒီတိုရီရယ် မူ မခိုင်တဲ့ သဘော၊ အစိုးရဖက် ယိမ်းသွားတဲ့သဘော (တချို့ကဆိုရင် အစိုးရလူဖြစ် သွားပြီလို့တောင်ပြော) အဖြစ် သတင်းသမားတချို့က ဝေဖန်ကြတာကို ကြားရပါတယ်။

ဒါပေမယ့် ညွှန်မှုးတွေဖက်ကတော့ ဒါဟာ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်တာ မဟုတ်ပဲ MRTV နဲ့ DVB-TV အကြား မီဒီယာသမားအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုသာဖြစ်တယ်လို့ ဆင်ခြေပေးတာကို ကြားခဲ့ရပါတယ်။

(ဝေဖန်ဖို့နဲ့ ဆင်ခြင်နိုင်ဖို့...)။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More