Friday, March 6, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၄၉ )

DVB ရုံး ထမင်းအိုးကွဲခြင်း

ခေါင်းစဉ်ကိုဖတ်ပြီး DVB ကလူတွေ အိုးစားကွဲတဲ့အကြောင်း ရေးတော့မယ်လို့မထင်လိုက်ပါနဲ့။ DVB ရုံးရဲ့ စားဖိုခန်းက တကယ့်ထမင်းအိုးကြီးကွဲသွားတဲ့အကြောင်း တင်ပြချင်လို့ပါ။ လူပုဂ္ဂိုလ်အမည်တွေကို ထည့်မရေးချင်ပေမယ့်လည်း ဒီကိစ္စဟာ ကျနော်တို့အလုပ်ထုတ်ခံ ရတဲ့အထိဖြစ်လာတဲ့ နောက်ဆက်တွဲ ပြသာနာတွေနဲ့ ဆက်စပ်နေနိုင်တာကြောင့် ပါဝင်ပတ်သက်နေသူတွေအားလုံးကို တောင်းပန်ရင်း အားနာနာနဲ့ ဆက်ရေးပါရစေ။

(၂၀၀၉  ၀န်းကျင်ကတွေ့ရတဲ့ DVB-TV ကွန်ထရိုးခန်း မြင်ကွင်းတခု)

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုးရတဲ့ရက်လား၊ နောက်တရက်လား ကျနော်အသေချာ မမှတ်မိတော့ပါ။ သေချာတာကတော့ အဲဒီနေ့မှာ ကျနော် TV ပရီစန်တာ တာဝန်ကျပါတယ်။ TV စတူဒီယိုထဲမှာ ညနေ  နာရီသတင်း (အော်စလိုအချိန် နေ့လည်တနာရီဝန်းကျင်) ဖတ်ပြီးလို့ ပြန်အထွက် အားလုံးစုပြီး နေ့လည်စာ စားစဉ်မှာ အဲဒီလို ထမင်းအိုးကွဲတဲ့ဇတ်လမ်း စတင်ခဲ့တာပါပဲ။

ရုံးမှာ ထမင်းချက်စားခွင့်ရှိသလား၊ အိမ်ကနေ ထမင်းဗူးယူမလာကြဘူးလားဆိုပြီး စာဖတ်ပရိသတ်တချို့က မေးခွန်းထုတ်နိုင်ပါတယ်။ ဒီလိုပါ။ ရှေ့အခန်းတွေမှာတင်ပြခဲ့တဲ့အတိုင်း DVB ရုံးက တခြားရုံးတွေထက် နည်းနည်းပိုထူးပါတယ်။ နော်ဝေးဥပဒေအရ ရုံးခန်းအတွင်းဆေးလိပ်မသောက်ရ၊ ဘာမလုပ်ရ၊ ညာမလုပ်ရ ပိတ်ပင်ထားပေမဲ့ မြန်မာတွေချည်းရှိတဲ့ရုံးဆိုတော့ မြန်မာ့နည်းမြန်မာ့ဟန် အဆင်ပြေသလိုပေါ့။

မှတ်မိသလောက်ဆိုရင် ၁၉၉၉ ခုနှစ်မှာ DVB ရုံးဆီ ကျနော်စရောက်စဉ်က ရုံးခန်းအတွင်း (ရုံးခန်းရဲ့ မီးဖိုချောင်အပါဝင်) ဆေးလိပ်သောက်ခွင့်မရှိပါ။ ဘယ်သူမှလည်း မသောက်ရဲပါ။ ဘာကြောင့်လဲဆိုရင် အဲဒီအချိန်က NBC (နော်ဝေး-မြန်မာကော်မီတီ) ရုံးနဲ့ DVB ရုံးပူးတွဲဖွင့်ထားလို့ဖြစ်ပါတယ်။ ၂၀၀၂ ၀န်း ကျင်မှာ NBC ရုံး တခြားနေရာဆီ ပြောင်းသွားတဲ့အချိန်ကစပြီး မြန်မာတွေရဲ့ DVB သာကျန်တော့တဲ့ အတွက် မြန်မာ့နည်း မြန်မာ့ဟန် စတင်ခဲ့တာလို့ထင်ပါတယ်။

၂၀၀၅ ခုနှစ်အထိ DVB ရုံးခန်းဟာ တထပ်တည်းသာရှိပေမဲ့ TV စတင်ချိန်မှာတော့ နောက်ထပ် တထပ်ကို ပါ ထပ်ငှားလိုက်ပါတယ်။ DVB ရုံးရှိတဲ့အဆောက်ဦက အထပ် ထပ်ရှိပြီး အပေါ်ဆုံး ထပ်က DVB ရုံးခန်း။ အောက်ဆုံး ထပ်က နော်ဝေးလက်သမားဆရာတဦးရဲ့ အလုပ်ရုံဖြစ်ပါတယ်။ အဆာက်ဦဟာ L ပုံစံရှိပြီး ပေ ၆၀၊ ပေ ၁၅ ပတ် လည်လောက်ရှိမယ်ထင်ပါတယ်။ မှန်နဲ့ကာထားတော့ အတော်သားသား နားနား ရှိပါတယ်။

အဲဒီလို သားနားလှတဲ့ရုံးခန်းရဲ့ နောက်ဖေးမှာ စားဖိုခန်းနဲ့ အိမ်သာရှိပါတယ်။ ပထမ ပိုင်းမှာတော့ ယူလာတဲ့ ထမင်းဗူးတွေကို အဲဒီခန်းမှာစုစားကြတယ်ဆိုပါတော့။ နောက်ပိုင်းလူများလာတဲ့အချိန်၊ အထူးသဖြင့် TV ပေါ်လာပြီး လူသစ်တွေထပ်ရောက်လာတဲ့အချိန်မှာ ဆေးလိပ်သောက်တဲ့ လူအင်အားကလည်းများလာ။ ထမင်းဗူးမယူ တကိုယ်တော်သမားတွေကလည်းများလာရာကနေ နေ့ခင်းဖက် ရုံးမှာထမင်းချက်စားတဲ့ အစီအစဉ် စတင်ပ်ါလာပါတယ်။

ဒီအစီရဲ့တာဝန်ခံကတော့ အင်္ဂလိပ်ပိုင်းသတင်းဌာနမှ ကိုပါစကယ် ခူးသွယ် (From the land of Green Ghosts, အိုဘယ့် အစိမ်းတို့မြေ စာအုပ်ကိုရေးသားခဲ့သူ) ဖြစ်ပါတယ်။ အပြောအဟောကောင်းပြီး ဗဟုသုတကြွယ်လှတဲ့ တောင်ပေါ်သား စာရေးဆရာဟာ အချက်အပြုတ်ကိုလည်း အတော်ဝါသာနာထုံ ပါတယ်။ တချို့လူတွေက ထမင်းဖိုး ပုံမှန်မပေးသည့်တိုင် သူကတော့ နေလည်စာကိုပုံမှန်ချက်ကြွေးပါတယ်။ သောကြာနေ့လိုမျိုးဆိုရင် ညနေစာပါချက်ပြီး ပုလင်းထောင်သူတွေကို ဧည့်ခံလေ့ရှိပါတယ်။

ရုံးချိန်အတွင်း ရုံးခန်းထဲ ဆေးလိပ်သောက်၊ ထမင်းချက်ကြတဲ့အပြင် ရုံးချိန်အလွန် ညနေပိုင်းဆိုရင်လည်း အဲဒီစားဖိုခန်းဟာ အရက်ဘား ဖြစ်သွားလေ့ရှိပါတယ်။ အပြင်မှာသွားသောက်ရင် ဈေးကကြီး၊ နော်ဝေး တွေကြားမှာထိုင်ရတာ မလွတ်လပ်တာနဲ့ နီးစပ်တဲ့မြန်မာမိတ်ဆွေတချို့က ပုလင်းဆွဲပြီး DVB ရုံးဆီ လာသောက်လေ့ရှိပါတယ်။ 

တခါတလေတော့လည်း တယောက် ၅၀၊ ၁၀၀ စီစုပြီး ရုံးချိန်မကျော်မီ အရက်ဆိုင်ပြေးဝယ်ကြပါတယ်။ (အော်စလိုမှာက အရက်ကို အစိုးရကထိမ်းထားပြီး ရုံးဖွင့်ရက် မနက် ၁၀ နာရီကနေ ညနေ နာရီ အတွင်းသာ ၀ယ်ခွင့်ရှိပါတယ်။ ဘီယာကိုတော့ ညနေ နာရီအထိ ၀ယ်နိုင်ပါ တယ်။ တနင်္ဂနွေဆို လုံးဝဆိုင်ပိတ်ပါတယ်) 

အဲဒီလို အဆင်ပြေသလိုနေလာခဲ့တဲ့ကျနော်တို့ဟာ အလုပ်ကလွဲရင် ကျန်တာကို ဘာမှစိတ်မ၀င်စားကြပါ ဘူး။ တခါတလေဆိုရင် အရက်ဝိုင်းမှာတောင် အလုပ်အကြောင်းဆက်ပြောနေကြလို့ အပြင်ကနေလာတဲ့ ဧည့်သည်တွေက တားယူရတဲ့အထိပါပဲ။ အဲဒီလို ခင်ခင်မင်မင်နေလာကြတဲ့လူတွေဟာ တခါတလေ ကျတော့လည်း အချင်းချင်း အော်ကြီးဟစ်ကျယ် ထငြင်းပြီး နံရံကို လက်သိးနဲ့ထိုးတဲ့အထိ ဖြစ်ခဲ့တာမျိုး လည်းရှိခဲ့ဖူးပါတယ်။

ဒီလို ''နံရံကို လက်သီးနဲ့ထိုးတယ်'' သီးချင်းနဲ့ နာမည်ကြီးလာသူကတော့ (ကျနော်ဆွဲဖွင့်မိသောတခါးများ အစီစဉ်မှုး) ကိုနေဇော်နိုင် ဖြစ်ပါတယ်။ ရုံးချိန်နောက်ပိုင်း အရက်ဝိုင်းမှာ လက်စွမ်းပြတာဆိုတော့ ဒါဟာ အလုပ်တာဝန်နဲ့မဆိုင်တဲ့အတွက် ဘယ်သူကမှ ဘာမှမပြောကြပါ။ ဒါပေမယ့် ဒီတကြိမ် ဆရာသမား လက်စွမ်းပြတာက ရုံးချိန်အတွင်း ထမင်းစားချိန်ကြီးမှာဆိုတော့ နည်းနည်းတော့ ကျွဲမြီးတိုချင်စရာ။

အဲဒီနေ့က ထမင်းဝိုင်းမှာ ကိုပါစကယ် မရှိပါဘူး။ ပရီစန်တာ ကျနော်နဲ့ ကွန်ထရိုးခန်းက ဆရာသမား  ဦး ဖြစ်တဲ့ ကိုသန်းဝင်းထွဋ်၊ ကိုနေဇော်နိုင်နဲ့ ကိုဇော်မိုးဝေတို့ ဦးတည်း။ ထမင်းစားလို့ကောင်းတုန်းမှာ ကိုသန်းဝင်းထွဋ်က ကိုနော်ဇော်နိုင်ကို မခံချင်အောင် ပါတယ်။ ဘာအကြောင်းအရာလည်းဆိုတာကို မမှတ်မိတော့ပေမဲ့ ဟင်းအဝေမတည့်လို့ ရန်ဖြစ်ကြတာ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်

သူတို့နှစ်ဦးကြား ဒီလိုအမြဲ -နောက် နေကြပါ။ ကျန်တဲ့လူတွေက DVB ရောက်မှတွေ့ဖူးကြသူတွေဖြစ်ပေမဲ့ သူတို့ ဦးကတော့ အရင်ကတည်းက ရန်ကုန်စာပေလောကမှာ တတွဲတွဲနေလာသူတွေ၊ ဒီလိုပဲ လိုက်၊ နောက်လိုက်နေလာသူတွေလို့ဆိုပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ ကိုသန်းဝင်းထွဋ်ရဲ့ -နောက် မှုကို ကိုနေဇော်နိုင်က သီးမခံနိုင်ပဲ အတော်စိတ်ဆိုးနေပါတယ်။ 

ကိုသန်းဝင်းထွဋ်ကလည်း အခြေနေကိုကြည့်ပြီး လျော့ပေးတာမဟုတ်။ မြဲအတိုင်း ဆက် နေပါတယ်။ အဲဒီအချိန်မှာ ဘာမပြော၊ ညာမပြောနဲ့ ကိုနေဇော်နိုင်က ထမင်းအိုး အဖုံးကိုဆွဲယူပြီး အရှိန်နဲ့ဆောင့်ချ လိုက်တဲ့အတွက် ‘’ဂွမ်း’’ ဆိုတဲ့အသံနဲ့အတူ တစစီ ကျေမွသွားတဲ့ ထမင်းအိုးအဖုံး မှန်စတွေက (ထိုင်းက လာတဲ့ ထမင်းပေါင်းအိုးအဖုံးက မှန်စနဲ့ လုပ်ထားတာများပါတယ်) ကျနော်စားနေတဲ့ ထမင်းပန်းကန်ထဲ ကျလာပါတယ်။ 

စားလက်စ ထမင်းလုတ်ကို ဘယ်လိုမှ ဆက်မြိုလို့မရတော့။ မှန်ကွဲစတွေ ဗိုက်ထဲရောက်သွားရင် ဒုက္ခရောက်မှာစိုးတာနဲ့ ထမင်းစားခြင်းကို တန်းလန်းနဲ့ ရပ်လိုက်ရပါတယ်။ ဒါကို DVB ရဲ့ ထမင်းအိုးကွဲမှု ဇတ်လမ်းအဖြစ် လူသိများ ကြပါတယ်။ အဲဒီနေ့ကတော့ ဒီကိစ္စအပေါ် ဘာမှ အလေးအနက်မထားခဲ့ပါဘူး။ အရက်ဝိုင်းမှာ ''နံရံကိုလက်သီးနဲ့ထိုး'' သလိုမျိုး စိတ်ဆိုးနေတုန်း ခဏတာဖြစ်ခဲ့တဲ့အခြေနေလို့ပဲ ထင်ထားခဲ့ တာပါ။ ဒါပေမယ့် ပြသာနာက အဲဒီလောက်နဲ့မပြီး။ ကျနော့်အတွက် တကယ့်ထမင်းအိုး ကွဲမဲ့ကိန်း၊ ထမင်းငတ်မဲ့ကိန်း၊ အလုပ်ထုတ်ခံရမဲ့ကိန်းအထိ တွန်းပို့တဲ့အထဲမှာ ဒီပြသာနာလဲ တခုအပါဝင်ဖြစ်တယ် ဆိုတာကို နောက်ပိုင်းကြမှ သိလာခဲ့ရပါတယ်။


စက်ဆရာမကြည်လို့ အယ်ဒီတာကို အရေးယူခြင်း

ထမင်းမ၀လို့ အောက်ထပ် (-ထပ်ကို ရေဒီယိုအထပ်၊ ထပ်ကို TV အထပ်၊ သို့မဟုတ် အပေါ်ထပ်၊ အောက်ထပ်လို့ ခေါ်ကြပါတယ်။ အပေါ်ထပ်မှာ ကွန်ထရိုးခန်းမှ ဆရာသမား ဦးအပြင် ကိုပါစကယ်နဲ့ မအေးအေးမွန်လည်း ရှိပါတယ်။ အောက်ထပ်အ၀င်ဝက အထူးခန်းထဲမှာတော့ ညွှန်မှုး ဦး။ သူတို့ဘေးမှာ ဖျော်ဖြေရေးဌာမှ မသီတာ။ ပြီးရင် ငွေစာရင်းဌာမှ ကိုဖိုးခွားနဲ့ မမြင့်သန်းမော်။ ဒီဖက်သတင်းခန်းထဲမှာတော့ ကိုမိုးအေး၊ ကျနော်၊ မခင်နှင်းထက်နဲ့ နန်းခမ်းကယောက်တို့ရှိပါတယ်။) ကိုဆင်းလာပြီး မာမားခေါက်ဆွဲ ပြုတ်သောက်ရင်းနဲ့ ထမင်းစားခန်းက အဖြစ်အပျက်ကို ဟာသအဖြစ် သတင်းအယ်ဒီတာ ကိုမိုးအေးကို ပြောပြဖြစ်ပါတယ်။ ကျနော်စိတ်ထဲမှာ ဒီကိစ္စအပေါ် ဘာမှအလေး အနက်မရှိပါ။ ရီရီမောမော၊ နောက် နောက် ပြောင်ပြောင်ပါပဲ။

(၂၀၀၈ ခုနှစ်အတွက် RSF ဆုရစဉ်ကတွေ့ရတဲ့ သတင်းအယ်ဒီတာ ကိုမိုးအေးနှင့် ညွှန်ချုပ် ကိုအေးချမ်းနိုင်)

ဒါပေမယ့် နောက်တရက်ရုံးပြန်တက်လို့ ထမင်းစားချိန်ရောက်တော့ ကိုသန်းဝင်းထွဋ်နဲ့ ကိုနေဇော်နိုင်ကို မတွေ့မိ။ ဘာဖြစ်တာလဲဆိုပြီး ကိုဇော်မိုးဝေကိုမေးကြည့်တော့ မနေ့ကကိစ္စအပေါ် အဆူခံရလို့ ဦးစလုံး ဒီနေ့ ရုံးမလာဘူးလို့ဆိုပါတယ်။ ဒီကိစ္စ ဒီလောက်အထိ ဖြစ်စရာလား။ သူတို့ ဦးမလာတော့ ကွန်ထရိုး ခန်းအလုပ်တွေ၊ အက်ဒစ်လုပ်ရမဲ့အလုပ်တွေအတွက် ကိုဇော်မိုးဝေတဦးတည်း မနိုင်မနင်းဖြစ်ကုန်တာပေါ့။ သူတို့တာဝန်က ကွန်ထရိုးခန်းနဲ့ ပရီစန်တာကို ကူရတဲ့အပြင် ချင်းမိုင်ရုံးဖက်က ပို့လာသမျှ ရုပ်-သံ သတင်း တွေ၊ သတင်းဆောင်းပါးတွေ၊ စသဖြင့် အားလုံးကိုတည်းဖြတ်ပြီး တနာရီစာဝင်အောင် စက်ပေါ်တင်ပေးရ၊ လေလှိုင်းပေါ်ရောက်အောင် လုပ်ပေးရပါသေးတယ်။

ဒီလိုနဲ့ အဲဒီနေ့က TV အစီစဉ်မှာ မနိုင်မနင်းဖြစ်ပြီး နည်းနည်းပါးပါး ကိုးရိုးကားယားဖြစ်သွားခဲ့တယ်ဆိုပါ တော့။ နောက်နေ့တွေမှာတော့ ပုံမှန်ပါပဲ။ လူစုံတက်စုံရုံးပြန်တက်လာတာတွေ့ရပါတယ်။ ဒါပေမယ့် သတင်းအယ်ဒီတာကိုမိုးအေးက ရုံးမလာတာ ရက်ရှိနေပြီ။ ဒီလူ နေမကောင်းလို့လား။ ဒါမှမဟုတ် ကလေးနေမကောင်းလို့ ခွင့်ယူထားတာလား။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုမိုးအေးဟာ ထောင်ထဲက ဒဏ်ရာတွေကြောင့် ကျမ်းမာရေးမကောင်းတဲ့အတွက် တခါတလေ ကြိုမပြောပဲ လျောင်တခင်ခွင့်ယူလေ့ရှိတော့ အထူးအဆန်းအဖြစ် ထင်မထားခဲ့ပါ။

‘’ကျုပ်ကို ရုံးမလာပါနဲ့ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့က အရေးယူထားတယ်ဗျ’’ ဆိုပြီး ကိုမိုးအေးဆီက အီးမေးလ် ၀င်လာမှ ကျနော် ထိပ်ထိပ်ပြာပြာဖြစ်သွားပါတယ်။ ဒါတွေကို ကျနော်က ဘာမှမသိ။ ‘’ဒီလောက်အရေးကြီး တဲ့အချိန်ကျမှ ခင်ဗျားက ခွင့်ယူထားရသလား’’ ဆိုပြီး အပြစ်တင်တဲ့လေသံနဲ့ အီးမေးလ်ပို့မိရာကနေ သူ့ဆီ က အခုလို အကြောင်းပြန်လာတာပါ။

ဘယ်လိုဖြစ်တာလဲဆိုပြီး စုံစမ်းကြည့်တော့ တနေ့က ထမင်းအိုးကွဲတဲ့ကိစ္စအပေါ် အယ်ဒီတာကိုမိုးအေးက ကိုနေဇော်နိုင်နဲ့ ကိုသန်းဝင်းထွဋ်တို့ကို တာဝန်အရ ဆူမိ၊ ပြောမိတယ်လို့သိရပါတယ်။ ဒါကို မကျေနပ်တဲ့ အတွက် နောက်တနေ့မှာ ဟိုဆရာသမား ဦးက ရုံးမလာပဲ ဆန္ဒပြကြပါတယ်။ ဆန္ဒပြမှုဟာ တနေ့တာ တင်မကပဲ ကိုမိုးအေး ရုံးမှာရှိနေရင် သူတို့ ဦး ရုံးမလာတော့ဘူးဆိုတဲ့အထိ ဆန္ဒပြကြတယ်လို့ဆိုပါတယ်။ သူတို့မလာတဲ့အတွက် TV အစီစဉ် ကိုးယိုးကားယားဖြစ်တော့ အဲဒီနေ့က ရုံးမှာတာဝန်အကြီးဆုံးဖြစ်တဲ့ သတင်းအယ်ဒီတာ ကိုမိုးအေးမှာ တာဝန်ရှိတယ်ဆိုပြီး အခုလို အရေးယူလိုက်တာလို့သိရပါတယ်။

ရှေ့ပိုင်းမှာတင်ပြဖို့တခုကျန်ခဲ့တာက ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာချိန်ဝန်းကျင်မှာ ညွန်ချုပ် ကိုအေးချမ်းနိုင်ရော၊ ဒုညွန်ချုပ် ကိုခင်မောင်ဝင်းပါ အော်စလိုမှာမရှိပဲ ခရီးလွန်နေကြပါတယ်။ ထမင်းအိုးကွဲ တဲ့ကိစ္စဖြစ်ပြီး နောက်တရက်မှာ ကိုခင်မောင်ဝင်း ပြန်ရောက်လာတာတွေ့ရပါတယ်။ ပြီးတော့ ကိုမိုးအေးနဲ့ အစည်းဝေးခန်းမှာ ဆွေးနွေးနေတာတွေ့မိပေမယ့် အဲဒီဆွေးနွေးမှုဟာ ကိုမိုးအေးကို အရေးယူတဲ့ဆွေးနွေး မှုမှန်း ကျနော်ကမသိ။ အရင်လည်း အဲဒီအခန်းမှာ သူတို့ကဆွေးနွေးနေကြဆိုတော့ ဘာမှမမေးဖြစ်ပါ။

နောက်ထပ် တိုက်ဆိုင်မှုတခုကတော့ ဒီလိုပြသာနာမဖြစ်ခင် သတင်း ပတ်၊ တလအလို ၀န်းကျင်ကလို့ ထင်ပါတယ်။ TV ကွန်ထရိုးခန်းကိုလည်း ရေဒီယိုကွန်ထရိုးခန်းလိုပဲ လူတိုင်းအလှည့်ကျ စက်ကိုင်နိုင်အောင် အားလုံးလေ့လာသင်ယူထားရမယ်။ ကွန်ထရိုးခန်းကလူတဦးဦး မအားလို့၊ နေမကောင်းလို့ရုံးမလာနိုင်ရင် ဒုက္ခများလိမ့်မယ်။ ဒါကြောင့် သတင်းခန်းကလူတွေအားလုံး တနေ့တယောက် ကွန်ထရိုးခန်းဆီသွားပြီး လေ့လာသင်ယူကြပါလို့ ကိုမိုးအေးက သတင်းအစည်းဝေးမှာ တိုက်တွန်းခဲ့တာကို ကျနော်အမှတ်ရနေ ပါတယ်။

ဒါပေမယ့် အံ့သြဖို့ကောင်းတာကတော့ DVB က သတင်းသမားတိုင်း All in One ဖြစ်ရမယ်။ အားလုံး လုပ်တတ်နေရမယ်ဆိုပြီး အမြဲတန်းကြွေးကြော်လေ့ရှိတဲ့ ဒုညွှန်မှုးကိုခင်မောင်ဝင်းက ဒီတခါမှာတော့ ဒီအစီစဉ်ကို လက်မခံပါဘူး။ TV ကွန်ထရိုးခန်းက စက်တွေကို ကိုဇော်မိုးဝေနဲ့အဖွဲ့ကပဲ ကိုင်ရမယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။ အဲဒီကာလကတော့ ဒီအချက်ကို အလေးအနက်မစဉ်းစားဖြစ်ခဲ့ပါ။ စက်မကိုင်ရတော့ လည်း သက်သာတာပေါ့ဆိုပြီး ခပ်ပေါ့ပေါ့ပါပဲ။

ဒါပေမယ့် အခုလိုပြသာနာတက်လာတဲ့အခါမှာတော့ TV ကွန်ထရိုးခန်းကဆရာတွေနေရာမှာ ကျနော်တို့ သတင်းခန်းကလူတွေ လူစားထိုးဝင်လုပ်ဖို့အဆင်သင့်ဖြစ်မနေခဲ့ပါ။ ဒါကိုကောင်းကောင်းသိတဲ့ ဟိုဆရာ ဦးက ကိုမိုးအေးရှိနေရင် သူတို့ရုံးမလာဘူးဆိုပြီး ဆန္ဒပြတာပေါ့။ သတင်းအယ်ဒီတာတွေ၊ သတင်းသမား တွေထက် စက်ဆရာတွေက ပိုအရေးပါသွားတဲ့ အခြေနေတခု DVB သမိုင်းမှာ အမှန်တကယ်ရှိခဲ့ဖူးတယ် ဆိုပါတော့။

အဲဒီအချိန်ဟာ နိုဝင်ဘာလနှောင်းပိုင်းရောက်နေပြီဖြစ်ပါတယ်။ ဒီပြသာနာဖြစ်ပြီး တလလောက်အကြာ ဇန်နာဝါရီလထဲမှာ ကျနော်တို့ကို အလုပ်ထုတ်ဖို့ဆင့်ခေါ်စာရောက်လာတယ်ဆိုတော့ ဒါတွေဟာ တိုက်ဆိုင် မှု သက်သက်ဟုတ်ရဲ့လားဆိုပြီးတောင် သံသယ၀င်မိပါတယ်။ ဒါက အခုမှ ပြန်စဉ်းစားမိတာပါ။ အဲဒီအချိန် တုန်းကတော့ ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝထင်မထားတဲ့အတွက် နောက်ခံအချက်လက်တွေကို ဘာမှ ထည့်သွင်းမစဉ်းစားမိပါဘူး။

ဒါပေမယ့် ကျနော်တို့အလုပ်ထုတ်ခံရပြီး နောက်ပိုင်း (ကျနော်၊ မခင်နှင်းထက်နဲ့ နန်းခမ်း ကယောက်တို့ ဦးကို ၂၀၁၁ ခုနှစ် ဖေဖေါ် ၀ါရီမှာ အလုပ်ထုတ်ပေမယ့် ကိုမိုးအေးကိုတော့ ၂၀၁၂ ခုနှစ် နှောင်းပိုင်းမှ ထုတ် ပါတယ်။) ကိုမိုးအေးကိုယ်တိုင်ရဲ့ ပြောပြချက်အရဆိုရင် အော်စလိုသတင်းခန်းတခုလုံးကို ဖြုတ်-ထုတ်-ရှင်း လုပ်ဖို့အတွက် သတင်းအယ်ဒီတာဖြစ်သူ သူ့ကို အရင်ဆုံးအရေးယူတာလို့ သိရပါတယ်။ ကျနော်တို့ ဦးကို မထုတ်ခင်ကတည်းက သူကို သတင်းအယ်ဒီတာ  တာဝန်ကနေဖြုတ်ချပြီး ‘’လှုပ်ခတ်နေသောမှတ်စုများ’’ ဆိုတဲ့ နိုင်ငံတကာမှတ်တန်း ရုပ်-သံ ထုတ်လှုပ်ရေးမှုးအဆင့်နဲ့ တနှစ်ခန့် ဆက်လက်တာဝန်ပေးခဲ့ပါသေး တယ်။

ဒါတွေဟာ ကျနော်သိသမျှကိုရေးထားခြင်းသာဖြစ်တဲ့အတွက် လွဲချော်မှုတွေ၊ မပြည့်စုံမှုတွေ ရှိကောင်းရှိနေ နိုင်ပါတယ်။ တစုံတရာလွဲနေတယ်ဆိုရင် တာဝန်ရှိသူတွေဖက်က ထပ်ဖြည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ DVB ရဲ့ သမိုင်းကြောင်းနဲ့ အနာဂတ်လားရာတွေအတွက် အရေးကြီးတာကြောင့် အချက် အလက်အမှန်အတိုင်း မှတ်တမ်းတင်ထားဖို့ အထူးလိုအပ်လှပါ တယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More