လူ့အခွင့်အရေးကဆိုး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက တိုး
မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့
မတ်လ ၁၃ ရက်နေ့ဟာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်း (၂၇) နှစ်ပြည့်နေ့ သို့မဟုတ် ဒီမိုကရေစီ အင်အားစုတွေက သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ ၈ လေးလုံး အရေးတော်ပုံကြီး ဖြိုခွဲခံရတာ ၂၇ နှစ် ကြာသွားပြီ ဖြစ်ပေမယ့် အဲဒီကာလအတွင်း အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ၊ သေဆုံးသူ ဘယ်လောက်ရှိခဲ့သလဲ၊ ပစ်ခတ်ဖို့အတွက် အမိန့်ပေးခဲ့သူ၊ ပါဝင်ခဲ့သူတွေကို ဘယ်လိုအရေးယူခဲ့သလဲ ဆိုတာတွေကိုတော့ အခုချိန်ထိ အစီရင်ခံစာ မထုတ်ပြန်နိုင်သေးပါ။
(လွန်ခဲ့သောနှစ်တွေက ရန်ကုန်မှာကျင်းပတဲ့ ဖုန်းမော်နေ့ အခန်းနားတခု) ဓာတ်ပုံ- RFA.
စစ်အစိုးရခေတ်မှာ ပြောရေးဆိုခွင့်မရလို့ ထုတ်မပြောနိုင်ခဲ့တာကိုတော့ ထားလိုက်ပါတော့။ အခုလို ရွေးကောက်ခံ အစိုးရသစ်နဲ့ လွှတ်တော်သစ်တွေ ရှိနေချိန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပေးထားချိန်မှာ လူ့အခွင့်အရေးအဖွဲ့တွေ၊ (လူ့အခွင့်အရေးကော်မရှင် အပါအဝင်) အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့တွေက ဒီကိစ္စကို ထုတ်ပြောသင့်ပါတယ်။ တာဝန်ရှိသူတွေကို အရေးယူနိုင် မနိုင်ဆိုတာထက် အဲဒီအချိန်က အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကိုတော့ သမိုင်းမှန်အတိုင်း ရေးသားအတည်ပြုထားဖို့ လိုအပ်ပါတယ်။
တစ်ခါတိုက်ဆိုင်စွာနဲ့ ၂၇ နှစ် ကြာပြီးချိန်မှာ ကျောင်းသားဆန္ဒပြပွဲတွေ နိုင်ငံတစ်ဝန်း ပြန်ပေါ်လာတာ၊ အစိုးရဘက်က အင်အားသုံးဖြိုခွဲဖို့ ကြိုးစားလာနေတာတွေကလည်း လွန်ခဲ့တဲ့ ၂၇ နှစ်က အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ၊ အခုဖြစ်နေတာနဲ့ အရင်ဖြစ်ခဲ့တာ ဘာကွာသလဲ၊ ဘယ်လို သင်ခန်းစာယူသင့်သလဲ ဆိုတာတွေအတွက် ကိုဖုန်းမော် နှစ်ပတ်လည်နေ့မှာ ပြန်လည်သုံးသပ်သင့်ပါတယ်။
အစိုးရက ဖွဲ့ပေးထားတဲ့ လူ့အခွင့်အရေးကော်မရှင် ဆိုတာ ရှိနေပြီ၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေတောင် နေပြည်တော်မှာ ကျင်းပနေပြီ ဖြစ်ပေမယ် “မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့” ကို အစိုးရက လက်ခံဖို့ လိုနေဆဲဖြစ်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေဆဲ
ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) ရဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရဆိုရင် မြန်မာ့လူ့အခွင့်အရေး အခြေအနေဟာ နောက်ပြန်ဆုတ်လာနေပါတယ်။ နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ် ရပ်တန့်နေခြင်း၊ မီဒီယာတွေကို တိုက်ခိုက်လာခြင်း၊ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ခြင်းတွေဟာ ၂၀၁၄ အတွင်း ပိုဆိုးလာတယ်လို့ ဖော်ပြထားပါတယ်။
(မတ်လ ၁၀ ရက်နေ့ကဖြစ်ပွါးခဲ့တဲ့ လက်ပတန်းကျောင်းသားဆန္ဒပြပွဲ ဖြိုခွဲခံရစဉ်) ဓာတ်ပုံ-ဧရာဝတီ။
“ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ပုံမှန်တိုးတက်လာနေတဲ့ လူ့အခွင့်အရေး အခြေအနေဟာ ၂၀၁၄ ထဲမှာတော့ ရုတ်တရက် ရပ်တန့်သွားတယ်” လို့ အာရှဒေသဆိုင်ရာ ညွန်မှူးက ပြောပါတယ်။ ဒီလိုဖြစ်နေတာကို နိုင်ငံတကာ အလှူရှင်နိုင်ငံတွေ၊ သြဇာကြီးတဲ့ နိုင်ငံတကာအစိုးရတွေက မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရကို လုံလောက်တဲ့ ဖိအားပေးတားဆီးမှု မလုပ်နိုင်ဘူးလို့ ထောက်ပြထားပါတယ်။
သတင်းထောက်တစ်ဦး အသတ်ခံရတာ၊ သတင်းသမားတွေကို ဖမ်းဆီးပြီး စာနယ်ဇင်းတွေကို တရားစွဲထားတာ၊ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် အကျဉ်းထောင်တွေအတွင်း ကျန်နေသေးတာ၊ ဖမ်းဆီးမှုတွေ ထပ်လုပ်နေတာ၊ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းတာ၊ စစ်တပ်ကြီးစိုးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ခွင့် မပေးတာတွေကို အစီရင်ခံစာက ထောက်ပြထားပါတယ်။
ဒါ ဇန်နဝါရီလ ၂၉ ရက်နေ့က ထွက်ရှိတဲ့ အစီရင်ခံစာပါ။ အဲဒီနောက်ပိုင်း တစ်လကျော်ကာလအတွင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေက ဦးသိန်းစိန်အစိုးရ ငါးနှစ်တာကာလအတွင်း အဆိုးဝါးဆုံး အခြေအနေလို့တောင် ပြောနိုင်မယ် ထင်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေပြီး အရပ်သားတချို့ ပစ်သတ်ခံနေရတယ်။ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲ ထွက်ပြေးနေရတယ်လို့ မနေ့တစ်နေ့ကပဲ ရှမ်းလူ့အခွင့်အရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အတိုးတက်ဆုံးလို့ ပြောနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးပွဲလည်း ဒီနှစ်ထဲ နောက်ပြန်ဆုတ်သွားပါတယ်။
တစ်ခါ အခုရက်ပိုင်းတွေအတွင်း ဖြစ်ပေါ်နေတဲ့ ကျောင်းသားဆန္ဒပြပွဲတွေ၊ အလုပ်သမား ဆန္ဒပြပွဲတွေကို စွမ်းအားရှင်တွေသုံးပြီး အစိုးရဘက်က အကြမ်းဖက်ဖြိုခွဲလာနေတာကိုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် မြန်မာ့လူ့အခွင့်အရေး အခြေအနေဟာ ဦးသိန်းစိန် အစိုးရသက်တမ်း ငါးနှစ်အတွင်း အဆိုးဝါးဆုံး အခြေအနေမှာ ရောက်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာသင့်သလား။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေးသလား၊ တားဆီးသလား။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲက အခြေအနေတချို့ကို ကောက်နုတ်တင်ပြချင်ပါတယ်။
(ဇန်နာဝါရီလ ၂၇ ရက်နေ့က ကျင်းပတဲ့ လူ့အခွင့်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ) ဓာတ်ပုံ-ထက်အောင်ကျော်
Human Right: The Price for Investments လို့ အမည်ပေးထားတဲ့ အဲဒီဆွေးနွေးပွဲကို စီစဉ်သူကတော့ နော်ဝေ-မြန်မာ ကော်မတီ NBC နဲ့ အခြားအဖွဲ့နှစ်ခု ဖြစ်ပါတယ်။ တက်ရောက်ဆွေးနွေးသူတွေကတော့ နော်ဝေ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Morten Høglunde၊ နော်ဝေပါလီမန် နိုင်ငံခြားရေးကော်မတီမှ Trine Skei Grande၊ ငြိမ်းချမ်းရေးသုတေသီ Stein Tønnesson နဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဦးစိုးမြင့်အောင်တို့ ဖြစ်ပါတယ်။
“စီးပွားရေး တိုးတက်မှုကို ဖန်တီးပေးတာနဲ့ တစ်ပြိုင်တည်းမှာ ဒီမိုကရေစီ တိုးတက်မှုကိုလည်း အားပေးမှု ဖြစ်စေရမယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ ရင်းနှီးမှုလုပ်သူ တစ်ဦးတည်း အကျိုးခံစားဖို့ မဟုတ်ဘူး။ ပါဝင်ပတ်သက်သူ အားလုံး အပြန်အလှန် အကျိုးရှိစေရပါ့မယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးဖို့ လိုနေပါတယ်” လို့ Morten က ပြောပါတယ်။
ဒီအတွက် နော်ဝေနိုင်ငံဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ဝင်လုပ်နေပါတယ်။ ဒီလုပ်ငန်းတွေအတွက် နော်ဝေကုမ္ပဏီတွေဘက်ကရော၊ မြန်မာအစိုးရဘက်ကပါ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါ့မယ်လို့လည်း သူက ဆိုပါတယ်။ ပြီးတော့ နော်ဝေက ပေးခဲ့တဲ့ ဖွံ့ဖြိုးရေး အကူအညီဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ခရိုနာ ၁၉၃ သန်း (အမေရိကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင်) သာရှိပြီး ပုဂ္ဂလိကကုမ္ပဏီ တယ်လီနော်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ခရိုနာ ၆ ဘီလီယံလောက်တောင် ရှိနိုင်တယ်လို့ သူက တွက်ပြပါတယ်။
နော်ဝေကပေးတဲ့ ဖွံ့ဖြိုးရေး အကူအညီတွေဟာ အဓိကအားဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အရပ်ဘက်အဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု၊ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပါအဝင် အခန်းကဏ္ဍ ၁၂ ခုအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုထဲမှာတော့ ဆက်သွယ်ရေး၊ ရေနံနဲ့ဓာတ်ငွေ့၊ စွမ်းအင်၊ (Clean Energy) ရအောင် အဓိက ကြိုးစားပေးနေပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အခုချိန်ထိ လျှပ်စစ်မီး မရသေးလို့ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ဒုတိယ ဆွေးနွေးသူ လစ်ဘရယ်ပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ပါလီမန် နိုင်ငံခြားရေးဌာန အဖွဲ့ဝင်လည်း ဖြစ်တဲ့ Trine Skei Grande ကတော့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ စည်းကမ်းရှိသော ဒီမိုကရေစီ ဆိုတာနဲ့ တကယ့်ဒီမိုကရေစီ ဘယ်လောက်အထိ ကွာနေသလဲ ဆိုတာကို နော်ဝေဘုရင်မင်းမြတ် မန္တလေးကို ရောက်စဉ်က အဖြစ်အပျက်ကိုကြည့်ရင် သိသာနိုင်ပါတယ်လို့ ထောက်ပြပါတယ်။ “ဆင်းရဲသားတွေကို ဒီလိုအတင်းအဓမ္မ ရွှေ့ပြောင်းလိုက်တာဟာ အာဏာရှင်ရဲ့ လုပ်ရပ်ပါပဲ” လို့ သူမက ပြောပါတယ်။
တတိယဆွေးနွေးသူ ငြိမ်းချမ်းရေးသုတေသီ ပါမောက္ခ Stein Tønnesson ကတော့ “လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ထဲမှာပဲ ရှိနေပါသေးတယ်။ ဒီမိုကရေစီစနစ်ဆီ မရောက်သေးပါဘူး၊ ဒါဟာ စစ်တပ်က ခန့်အပ်ထားသူတွေက အုပ်ချုပ်နေတဲ့ စနစ်တစ်ခုမျှသာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးအကြောင်း ပြောတဲ့အခါမှာတော့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေးအတွက် အင်တိုက်အားတိုက် လုပ်နေတယ် ဆိုပေမယ့် ၁၉၉၀ ဝန်းကျင်ကစပြီး အပစ်ရပ်ထားတဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်ကျမှ တိုက်ပွဲပြန်ဖြစ်တာဟာ ထူးခြားနေတယ်။ တစ်ခါ ရခိုင်ဘက်က ရိုဟင်ဂျာ ပဋိပက္ခနဲ့ ဘာသာရေး ပြဿနာတွေဟာလည်း ဒီအစိုးရလက်ထက်ကျမှ ပေါ်လာတာ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
နောက်ဆုံးဆွေးနွေးသူ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းမှ ဦးစိုးမြင့်အောင်ကတော့ လက်ရှိအစိုးရဟာ ရွေးကောက်ခံ အရပ်သားအစိုးရလို့ ပြောနေပေမယ့် အများစုဟာ စစ်ဘက်က လူတွေချည်း ဖြစ်နေတယ်လို့ ထောက်ပြပါတယ်။ အရင် နအဖခေတ်က ထိပ်တန်းစစ်ဗိုလ်ခြောက်ဦးမှာ ဦးသန်းရွှေနဲ့ ဦးမောင်အေးတို့ အနားယူသွားတယ် ဆိုပေမယ့် တတိယလူ ဦးသိန်းစိန်က သမ္မတ၊ စတုတ္ထလူ ဦးရွှေမန်းက လွှတ်တော်နာယက၊ ပဉ္စမ လူကတော့ သေသွားပြီး ဆဌမလူ ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်နေပါတယ်။
အလားတူပဲ ဝန်ကြီးဌာနတွေကို ကြည့်မယ်ဆိုရင်လည်း ဝန်ကြီးတွေ အားလုံးက စစ်ဗိုလ်ဟောင်း၊ ဒုဝန်ကြီးတွေက အရပ်သား။ တစ်ခါ ဌာနဆိုင်ရာတွေမှာ ဆိုရင်လည်း ညွန်မှူးတွေ အားလုံးက စစ်ဗိုလ်ဟောင်း၊ ဒုညွန်မှူးတွေက အရပ်သား ဖြစ်နေတယ်။ ဒါကြောင့် စစ်ဘက်ကလူတွေ ဆက်အုပ်ချုပ်နေတဲ့ သဘောဖြစ်နေတယ်လို့ ထောက်ပြသွားပါတယ်။
ပရိသတ်ရဲ့ မေးခွန်းများ
ပရိသတ်တွေ မေးမြန်းတဲ့အထဲမှာတော့ မကြာခင် ရွေးကောက်ပွဲ လာတော့မယ်။ တကယ်လို့ ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရရင် အစိုးရတစ်ရပ်အဖြစ် အုပ်ချုပ်နိုင်တဲ့လူတွေ NLD မှာ အဆင်သင့်ရှိရဲ့လား ဆိုပြီး နော်ဝေ ပရိသတ်တစ်ဦးက မေးပါတယ်။ ဒီမေးခွန်းကို ဦးစိုးမြင့်အောင်က ဖြေတဲ့အခါမှာ NLD မှာ လုပ်နိုင်ကိုင်နိုင်တဲ့ လူတချို့ ရှိနိုင်ကြောင်း၊ ဒါပေမဲ့ အုပ်ချုပ်ရေးစွမ်းရည်နဲ့ ပတ်သက်ပြီး NLD ဘက်က အများသိအောင် ဆွေးနွေးတာ၊ ထုတ်ပြောတာ သိပ်မတွေ့ရသေးဘူးလို့ ဖြေပါတယ်။
(မြန်မာပရိတ်သတ်တဦးမှ မေးခွန်းထုတ်နေစဉ်) ဓာတ်ပုံ- ကိုညို Facebook
ဒုတိယမေးခွန်းကတော့ နော်ဝေရဲ့ အကူအညီတွေကို မြန်မာအစိုးရဆီ တိုက်ရိုက်ပေးသလား၊ ဒီအကူအညီတွေ အလွဲသုံးမခံရအောင် ဘယ်လို မော်နီတာလုပ်သလဲ ဆိုတာပါ။ ဒီမေးခွန်းကိုတော့ နိုင်ငံခြားရေး ဒုဝန်ကြီးက မြန်မာအစိုးရကို တိုက်ရိုက်ပေးတာ လုံးဝမရှိကြောင်းနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကနေ တစ်ဆင့်သာ အများပြည်သူကို ပေးတာဖြစ်တယ်။ အလွဲသုံးမှုရှိရင် အချိန်မရွေး တိုင်ကြားနိုင်တယ်။ နော်ဝေဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်တာကြောင့် ဘာမှကွယ်ဝှက်ထားစရာမရှိ၊ အားလုံး ပွင့်လင်းမြင်သာမှု ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။
မြန်မာပရိသတ်နှစ်ဦးဆီက ထွက်လာတဲ့ မေးခွန်းထဲမှာတော့ နော်ဝေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အရင်က ဒီမိုကရေစီ အင်အားစုတွေကို အင်တိုက်အားတိုက် ကူညီနေရာကနေ အခုတော့ ရွေးကောက်ခံ အစိုးရမဟုတ်တဲ့ ဦးသိန်းစိန်အစိုးရကို အဓိက သွားကူညီနေတယ်။ ဒါကြောင့် ဒီမိုကရေစီ အင်အားစုတွေရဲ့ လှုပ်ရှားမှု အားနည်းသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရခင်းတဲ့ လမ်းကြောင်းအတိုင်း လိုက်အောင် နိုင်ငံတကာဘက်က တွန်းပို့နေတယ်။ ဒါကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို အသေအချာ ပြန်သုံးသပ်ဖို့ လိုနေတယ်ဆိုပြီး မေးခွန်းထုတ်သွားပါတယ်။
နိဂုံးချုပ်အနေနဲ့ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက ပြောတဲ့အခါမှာ အဲဒီနေ့ ဝန်းကျင်က ထုတ်တဲ့ နယူးယောက်တိုင်းမ် သတင်းစာ အယ်ဒီတာ့အာဘော်ကို ကိုးကားပြီး “မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လိုနေတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီမြှုပ်နှံမှုဟာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားတဲ့ မြှုပ်နှံမှု ဖြစ်ရပါ့မယ်။ သမ္မတဦးသိန်းစိန် အနေနဲ့လည်း လာဘ်စားမှုနဲ့ ခရိုနီပြဿနာကို အသေအချာ ကိုင်တွယ်ဖို့ လိုနေပါတယ်” ဆိုတဲ့ အချက်ကို ထုတ်နုတ်ထောက်ပြသွားပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment