Thursday, April 14, 2016

နှစ် ၃၀ နီးပါးကြာပြီးမှ ပြိုင်ဘီး ပြန်စီးခြင်း...။

နှစ် ၃၀ နီးပါးကြာပြီးမှ ပြိုင်ဘီး ပြန်စီးခြင်း...။
...
၁၉၈၈ စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက ပြိုင်ဘီးနဲ့ကွဲကွာခဲ့တာ ဒီနေ့အထိ ဆို ၂၉ နှစ်ရှိပါပြီ။ သူများပြောမယ်ဆိုလည်းပြောချင်စရာ။ ၈ လေးလုံးကာလ ဆန္ဒပြပွဲတွေရှိနေစဉ်မှာတောင် မနက်ဖက်ဆန္ဒပြပြိး ညနေဖက် စက်ဘီးထွက် စီလို့ကောင်းတုန်း၊ အာဏာသိမ်းပြီးနောက်တရက် စက်တင်ဘာ ၁၉ မှာ တောင် စက်ဘီးလေ့ကျင့်ခန်းဆင်းဖို့ပြင်နေတုန်း။


ဒါပေမဲ့ အဲဒီနေ့ညနေကနေစပြီး ဘ၀ဟာ တဆစ်ချိုးပြောင်းသွားခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသား စက်ဘီးသမားဘ၀ကနေ တော်လှန်ရေးသမား လက်နက်ကိုင်စစ်သားဖြစ်သွားခဲ့ပေါ့။ တောထဲမှာ ၁၀ နှစ်လုံးလုံး စက်ဘီးနဲ့ လုံးဝ အဆက်ပြတ်သွားခဲ့ပါတယ်။
၁၉၉၈-၉၉ ဘန်ကောက်ရောက်တော့ ဟိုနားဒီနားစီးတဲ့ စက်ဘီးစုတ်လေး တစီး စီးခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ၁၀ နှစ်ကျော် အဆက်ပြတ်၊ လေ့ကျင့်မှုပြတ်၊ အာဟာရပြတ်ဆိုတော့ ထိုင်ခုံပေါ်တောင် ကြာကြာမထိုင်နိုင်ပါဘူး။
၂၀၀၁ ခုနှစ်မှာ နော်ဝေးရောက်တော့ ၀ါသနာက မပျောက်သေး။ ခရိုနာ ၁၀၀၀ ကျော်လောက်ပေးရတဲ့ စက်ဘီးတစီးဝယ်လိုက်ပါသေးတယ်။ ဒါပေမဲ့ အားလုံးစုနေတဲ့အခန်းနဲ့ DVB ရုံးက နီးနီးလေးဆိုတော့ အသေချာ မစီးဖြစ်ခဲ့ ပါဘူး။ 
၂၀၀၃ ၀န်းကျင်မှာတော့ ခရိုနာ ၁၅၀၀ လောက်ပေးရတဲ့ စက်ဘီးတစီးကို အဟောင်းဆိုင်ကနေ၀ယ်ခဲ့ပါတယ်။ ဒီဘီးက နည်းနည်းပိုကောင်းတဲ့အပြင် ကျနော်ပြောင်းသွားတဲ့အိမ်ကလည်း ရုံးနဲ့နည်းနည်းဝေးတဲ့အတွက် အဲဒီ ဘီးကိုတော့ ရုံးသွား-ရုံးပြန် အတော်လေးစီးဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ကံဆိုးစွာနဲ့ ၂၀၀၆ နှစ်ကုန်လောက်မှာ အဲဒီဘီး အခိုးခံလိုက်ရပါတယ်။ ဒီလိုနဲ့ ၄ နှစ်လောက် ဘီးမရှိပြန်ဘူး။ ၂၀၁၀ ဆောင်းဝင်ခါနီး စက်ဘီးတွေဈေးချနေချိန်မှာ (အရင်ပုံတွေထဲက တောင်တက်ဘီးကြီး) ခရိုနာ ၃၀၀၀ ပေးရတဲ့ တောင်တက်ဘီး ခပ်ညံ့တစီး ၀ယ်ဖြစ်ပါတယ်။ (နော်ဝေးမှာက တောင်တက်-အဆင်းများတဲ့အတွက် ပုံမှန် အားဖြင့် ၅၀၀၀ ကနေ အထက်ပေးရတဲ့ဘီးတွေမှ တော်ကာကျပါတယ်)။

အဲဒီ ဘီးကိုတော့ အတော်စီးဖြစ်ခဲ့ပါတယ်။ စီးဆို အလုပ်ပြုတ်တဲ့အချိန်နဲ့ တိုက်နေတာလဲ ပါမယ်ထင်ပါတယ်။ DVB မှာ တာဝန်ထမ်းနေစဉ်ကဆို ရုံး-သွားပြန် တနေ့ ၃-၄ ကီလို စီးတာမှအပ လေ့ကျင့်ခန်းဆင်းသလို ညနေတိုင်း ကီလို ၃၀-၄၀ စီး ဖို့ ဘယ်လိုမှ အချိန်မရနိုင်ပါ။
အခုတော့ အလုပ်လက်မဲ့ဆိုတော့ စက်ဘီးစီးတာကိုပဲ အလုပ်တခုအဖြစ် သဘောထား လိုက်တယ်ပြောရမလားပါပဲ။ ဘာမှမသေချာတဲ့ အနာဂတ်အတွက် လောလော ဆယ်သေချာအောင်လုပ်ထားဖို့က ကျန်းမာရေးပဲ မဟုတ်ပါလား။ 
ဒီတော့ စက်ဘီးဦးထုပ်တွေ၊ လက်အိတ်တွေ၊ ဘောင်းဘီတွေဝယ်ပြီး နွေရောက်တိုင်း စီးလိုက်တာ တာယာနှစ်လုံး စလုံးပေါက်ပြဲတဲ့အထိ၊ တလုံး ၆၀၀ ကျော်တန် အထူး တာယာတွေ လဲထည့်လိုက်ရတဲ့အထိပါပဲ။ ဒါပေမဲ့ အသက်က မငယ်တော့ဘူးလေ။ ၁၉၈၈ မှာ ၂၄ နှစ်ဆိုတော့ အခု ၂၀၁၆ မှာ ၅၀ ကျော်နေပြီပေါ့။
အဲဒီတော့ ဘာဖြစ်လဲ။ လမ်းမှာတွေ့သမျှစက်ဘီးသမားလူငယ်တွေက ကိုယ့် ကိုကျော်ကျော်သွားခဲ့ပေါ့။ လူငယ်တွေက လေ့ကျင့်ရေးလည်းကောင်း၊ စက် ဘီးလည်းကောင်းတော့ ကိုယ့်ကိုကျော်သွားတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ကိုယ့်ထက်အသက်ကြီးပုံရတဲ့ အဖိုးကြီးတွေကပါ ကိုယ့်ကိုကျော်သွားတဲ့ အခါ မှာတော့ စိတ်ထဲ သိပ်မကျေနပ်ချင်။ (နော်ဝေအဖိုးကြီးတွေက အတော်သန်ပါ တယ်)။

ဘာကြောင့် ဒီလူတွေ ကိုယ့်ကိုကျော်နိုင်တာလဲဆိုပြိး အဖြေလိုက်ရှာတော့ သူတို့စီးနေတဲ့ဘီးတွေက ၃၀၀၀၀ (သုံးသောင်း) လောက်တန်တဲ့ ဘီးတွေ၊ ကိုယ်စီးနေတာက ၃၀၀၀ (သုံးထောင်)တန်။ တာယာအချိုးအစားကလဲ ကိုယ် ဘီးက ၂၆ လက်မ၊ သူတို့ ဘီးတွေက ၂၉ လက်မ။ ကိုယ်ဘီးက သံထည်ကြီး၊ သူတို့ဘီးတွေက ကာဘွန်တွေ၊ အလူမီဒီယံတွေ။
ဒီလိုနဲ့ ဒီနှစ်နွေဦးမှာတော့ ဖြစ်ညှစ်ပြီး ၁၅၀၀၀ (တသောင်းခွဲ) တန် ပြိုင်ဘီး အသေးတစီးဝယ်မြှုဖစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တသောင်းခွဲဆို မြန်မာ ငွေ ၁၅ သိန်းကျော်ရှိတယ်ဆိုပေမဲ့ ဒီမှာက ငွေသားချက်ချင်းပေးစရာမလို။ အကြွေးဝယ်ကတ် Credit Card နဲ့ဝယ်တာဆိုတော့ တလ ၁၀၀၀ ကျော် ဆပ်သွားရင် တနှစ်လောက်အတွင်းတော့ ပြေလောက်ပါတယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ 
တသောင်းကျော်တန် စက်ဘီးစီးပြီဆိုတော့ လမ်းလျောက်ဖိနပ်နဲ့ စီးနေလို့ မဖြစ်၊ ရန်ကုန်မှာတုန်းကလို ကျော်စိန်ဘောကန်ဖိနပ်ကို ဘားတွေဖြုတ်ပြီး စက်ဘီးဘား တပ်ထည့်လို့လဲမဖြစ်။ ဒီတော့ ၁၀၀၀ ကျော်ပေးရတဲ့ စက်ဘီးစီး ဖိနပ်ကိုလည်း ဆင်မြန်းရပါသေးတယ်။ ဦးထုတ်တွေ၊ ၀တ်စုံတွေလည်း အသစ် ၀ယ်ချင်ပေမဲ့ လောလောဆယ်တော့ မတတ်နိုင်သေး။
ဒါပေမဲ့ ဒီနိုင်ငံမှာက ရာသီအလိုက် ၀တ်စုံတွေမရှိရင် မလွယ်ဘူး။ အခုက နွေ ဦးဆိုတော့ ဒီရာသီမှာဝတ်တဲ့ လေတိုးခံစက်ဘီးစီး အကျီ၊ ဘောင်းဘီတွေ သီး ခြားရှိပါတယ်။ ဒါပေမဲ့ ဈေးက အကျီ ၁၉၀၀၊ ဘောင်းဘီ ၁၂၀၀ ဆိုတော့ မတတ်နိုင်။ ဒီတော့ မြန်မာ့နည်းမြန်မာ့ဟန် ရှိတဲ့အ၀တ်ကိုပဲ ၂ ထပ်၊ ၃ ထပ် ၀တ်ပြီးစီးနေရပေါ့။
ပြိုင်ပွဲဝင်ဖို့လဲမဟုတ်ပဲနဲ့ ဘာကြောင့် တသောင်းကျော်တန်ဘီးကိုသွားဝယ်နေ သလဲဆိုပြီး အပြစ်တင်ဖို့ဆန္ဒမစောပါနဲ့။ ဒါဟာ ဈေးအပေါ်ဆုံး ပြိုင်ဘီးလို့ဆိုနိုင် ပါတယ်။ အဲဒီ Sport 1 Storgata ဆိုင်မှာ ပြထားတဲ့ တခြားပြိုင်ပွဲဝင်ဘီးတွေဆို ၅ သောင်းကျော်၊ ၆ သောင်းအထိ ရှိပါတယ်။ မြန်မာငွေနဲ့ဆို သိန်း ၈၀ လောက်ရှိသွားနိုင်တာပေါ့။


ဒါပေမဲ့ ဘားမားလက်ရွေးစဉ်တွေ စီးနေတဲ့ ဘီးတွေကလည်း သိန်း ၅၀ ကျော် တယ်လို့သိရပါတယ်။ ခေတ်က အရင် ၁၉၈၈ လိုအပိတ်အဆို့ခံ ကာလမဟုတ် တော့။ ၂၅ လမ်းက စက်ဘီးဆိုင်တွေနဲ့ အား-ကာ က ထုတ်ပေးမဲ့အချိန်ကို ချည်းစောင့်နေစရာမလိုတော့ပါ။ ပြိးတော့ စက်ဘီးကုပ္ဗဏီတွေကလည်း စပွန် ဆာပေးနေပြီမဟုတ်ပါလား။
စပွန်ဆာမရှိတဲ့ ကျနော်ကတော့ ၂၉ နှစ်ကြာပြီးမှ ပြိုင်ဘီး (ဘီး စကောစက၊ လမ်းချော၊ လမ်းကြမ်း ၂ ခုစလုံးစီးနိုင်) တစီးကို ၀ယ်လိုက်ပါပြီ။ ပြီးခဲ့တဲ့အပတ် က မိုးရွာနေလို့ ကောင်းကောင်းမစီးလိုက်ရ။ ဒီတပတ်မှာတော့ နေသာစပြုလာ ပြီ (နေသာတယ်ဆိုပေမဲ့ အပူချိန်က ၁၀ ဒီဂရီဝန်းကျင်သာရှိပါသေးတယ်) ဖြစ် တဲ့အတွက် နေ့စဉ်မပျက်စီးနိုင်ဖို့ ပြင်ဆင်နေပါတယ်။
အသက် ၅၀ ကျော် ကျနော်က ဒီလိုညည်းနေပေမဲ့ ကျနော်တို့ရဲ့ ၈၈ တုန်းက မဟာပြိုင်ဖက်ကြီး မော်လမြိုင်မှ ကိုဖိုးအောင်ကတော့ ၆၀ နီးတဲ့အထိ စီးလို့ ကောင်းတုန်း။ ရန်ကုန်က ကိုမောင်မောင်စိုးကလည်း မောင်းတိန်ဘိုက် အကောင်းစားနဲ့ စီးလို့ကောင်းတုန်း။ 
တခြားပြိုင်ဖက်ဟောင်းတွေကော ဘယ်လိုစီးနေကြသလဲ။ လူငယ်ခြေတက် တွေကော ဘယ်လိုလဲ။ ဒီတခေါက် ရန်ကုန်ပြန်ရောက်ရင် ၈၈ တုန်းက မဟာ ပြိုင်ဖက်တွေနဲ့ အတူစီးချင်ပါကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။ 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More